ကျနော်က အိမ်ကို ဘယ်နေရာကြည့်ကြည့် သက်တောင့်သက်သာလေး ဖြစ်နေတာ လိုချင်တာ၊ အိမ်က ကိုယ့်ကို ဘယ်လို နေ၊ ဘယ်လိုထိုင်၊ ဘယ်လို ထိမ်းသိမ်းဆိုပြီး ကိုယ့်ကိုတောင်းဆိုနေတဲ့အိမ်မျိုး မဖြစ်စေ့ချင်ဘူး၊ ကိုယ်နေချင်သလိုနေဖို့ အလိုက်သင့်လေးဖြစ်နေတဲ့ အိမ်မျိုး ဖြစ်စေ့ချင်တာ၊ ဘယ်နေရာမဆို လွယ်လွယ်ကူကူပဲ လုပ်ထားတာမျိုး ဖြစ်ချင်တာ၊ သိပ်ပြီး ညီညာ ပြောင်လက် တောက်ပနေတာမျိုးလည်း မဖြစ်ချင်ဘူး၊ အိမ်ကို ခပ်ပျော့ပျော့လေး ဖြစ်ချင်တာ၊ စကာတင်လည်း မတပ်ချင်ဘူး ကောနစ်လည်း မတပ်ချင်ဘူး၊ နောက် မျက်နှာကျက်လည်း မတပ်ချင်ဘူး၊ အားလုံးကို မညီ မညီတဲ့အလျောက်၊ အပွန်းအပဲ့ရှိ ရှိတဲ့အလျောက် ဒီအတိုင်းလေးပဲ ဖော်ထားချင်တာ၊
အစပိုင်းတော့ အလုပ်သမားတွေနဲ့ တော်တော်ညှိယူရတယ်၊ ကျနော်က သစ်တွေဆိုလည်း ရွေဘော် မထိုးချင်ဘူးလေ၊ သစ်တွေကလည်း အဟောင်းတွေဆိုတော့ သူ့ဆီမှာပါလာတဲ့ ဒဏ်ရာဒဏ်ချက်လေးတွေ၊ လွှ သွားရာတွေကိုမှ ကိုယ်က ကြိုက်နေမိတာ၊ ဒါပေမယ့် လက်သမားတွေကလည်း ချောမွတ်သွားတော့မှ ကောင်းတယ်လို့ထင်တာ၊ သစ်တွေကို ပြီးရင်ရွေဘော်ထိုးမှာပဲ ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း ကိုင်ကြတယ်၊ သစ်တုံးတွေ တခုပေါ်တခု ပွတ်ဆွဲတယ်၊ သစ်ပေါ်မှာ မှတ်ဖို့ နည်းနည်းလေးလိုတာကို သံတွေ၊ ဆော့ပင်တွေနဲ့ အရှည်ကြီးတွေ မှတ်တယ်၊ ကျနော်က အစင်းတွေ ထင်ကုန်မယ်နော် ဆိုပြီး ခနခနတားရတယ်၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ သစ်အဟောင်းတွေပေါ်မှာ အစင်းတွေထင်မှာ စိုးနေတဲ့ ကျနော့်ကို သူတို့ဘယ်နားလည်နိုင်ပါ့မလဲ၊
ကျနော်က ရေချိုးခန်းထဲက ရေချိုးကန်ကို ဖိုင်ဘာကန်တွေ ဝယ်မတပ်ပဲ အင်္ဂတေနဲ့ လုပ်ချင်တယ်၊ ပန်းရံကို ကိုယ်လိုချင်တာပြောပြတော့ ဖိုင်ဘာကန်တွေက ဈေးပေါပါတယ် ဆရာရယ်တဲ့၊ အားလုံး ဝယ်ပြီး တပ်နေကြတာပဲတဲ့၊ ကျနော်က မဟုတ်ဘူး ငယ်ငယ်တုန်းက ရေချိုးရတဲ့ အုတ်ရေကန်လေးလိုမျိုး လိုချင်လို့ပါလို့ ပြောတော့ ပန်းရံဆရာက ဟာာ ဘယ် ကျက်သရေ ရှိပါ့မလဲ ဆရာရယ် တဲ့၊ ဘယ်လှပါ့မလဲ လို့ ပြောရင်တောင် တော်ပါသေးတယ်၊ တခါတည်း မလုပ်ချင်တော့လောက်အောင်ကို ပြောတာ၊ ဒါနဲ့ ဟာ... ရပါတယ် အကိုရယ်၊ ကျနော်က ဒီလိုမျိုးလေးပဲ လုပ်ချင်တာ၊ လုပ်ပါအကိုရယ် ဆိုပြီး ပြောရတာပေါ့၊
နောက်ပြီး ရေဆိုလည်း မိုးရေနဲ့ ပြန်သုံးရေကို သုံးချင်တယ်၊ ပြန်သုံးရေဆိုတာ ချိုးလိုက်တဲ့ရေတွေကို သဘာဝနည်းနဲ့ ပြန်စစ်ပြီးမှ ပြန်သုံးတာပါ၊ ဒါကို ရေပိုက်ဆရာက ဘာလုပ်ဖို့လဲ ရေတွေပေါနေတာပဲ ဘာထူးမှာမို့လို့လဲတဲ့၊ မဟုတ်ဘူး ကျနော်က ရေကိုချွေတာချင်လို့ပါဆိုတော့ လုပ်ရမှာ ခက်တော့ ခက်တယ်နော်တဲ့၊
အဲလို အစပိုင်းမှာ ကိုယ်လိုချင်တဲ့ ပုံစံရအောင် ညှိရနှိုင်းရတာ တော်တော်လေးခက်ခဲခဲ့တယ်၊ သူတို့နားလည်အောင် အတော်ရှင်းပြရတာပေါ့၊ သဘာဝဘေးတွေ အကြောင်း၊ သစ်တွေ လောင်စာတွေ ရေတွေ ချွေတာဖို့ လိုတဲ့အကြောင်း၊ အများစုက သိပ်တော့ စိတ်ဝင်စားပုံ မရပါဘူး၊
အိမ်ဆောက်ဖို့ လိုအပ်တဲ့ ငြမ်းတွေ၊ တီတိုင်တွေဆိုလည်း တခြားဆိုက်က သုံးပြီးသွားတဲ့ ဝါးတွေ၊သစ်တွေကို ပြန်ဝယ်ပြီးသုံးတယ်၊ ပြန်သုံးမရတဲ့ ဘိလပ်မြေ၊ သဲ၊ သံနဲ့ ဝါယာကြိုးတွေကအပ တတ်နိုင်သမျှ သုံးပြီးသားအဟောင်းတွေကိုပဲ ပြန်ရှာသုံးတာ၊ အဲလို အဟောင်းတွေ ပြန်သုံးနေတာကို အလုပ်သမားတွေက နားမလည်နိုင်ဘူး၊ သူတို့အတွက် တခါတလေ လက်ဝင်တာလည်း ပါတာပေါ့လေ၊
သူတို့ကို တွေးကြည့်တော့လည်း အလုပ် လုပ်လာတာ ဆယ်နှစ် ဆယ့်ငါးနှစ်လောက် ရှိပြီ၊ တနေ့ တနေ့ ဒီအလုပ်ပဲ၊ ကိုယ်ကမှ တခါတရံ အပြောင်းအလဲလေးတွေ ရှိသေးတယ်၊ သူတို့က ဒီအတိုင်းပဲ၊ ဒီအိမ်ပြီးရင်လည်း နောက်တအိမ်ပေါ့၊ ဒီတော့လည်း အလုပ်ကို ငြီးငွေ့နေမှာပဲလေ၊ ကိုယ်သာဆို ပိုတောင် ဆိုးဦးမှာ၊ တချို့တွေဆို လွှ ဖြတ်တဲ့သူက လွှသာ ဖြတ်နေရတာ ဘာကို ဖြတ်နေတယ်ဆိုတာလည်း တခါတလေ သိပုံတောင်မရဘူး၊ တချို့ပန်းရံတွေလည်း စီသာ စီနေတာ၊ ဘယ်အထိ စီမှာလည်း၊ ဖြောင့်ရဲ့လား၊ ကျင်တွယ် ကိုက်ရဲ့လား၊ ပြန်မကြည့်ကြဘူး၊
ကျနော်ကတော့ နေ့တိုင်းနေ့တိုင်း အလုပ်သမားတွေ မရောက်ခင်
ဆိုက်ထဲကိုရောက်ပြီး ညနေ သူတို့ပြန်သွားပြီးမှ ကိုယ်က ပြန်တာ၊
မနက်လင်းအားကြီးလည်း ထ လာတယ်၊ ဘယ်အချိန်လောက် နေထွက်တာလဲ၊ အိမ်ရဲ့ ဘယ်ထောင့်ကနေ ထွက်တာလဲ၊ ဘယ်နှစ်နာရီမှာ ဘယ်လောက်မြင့်သွားပြီး ဘယ်နေရာကို နေထိုးသလဲ၊ အဲဒါတွေ သွားသွားကြည့်တယ်၊ ပထမ ကိုယ်က အခန်းလုပ်မယ်လို့ စိတ်ကူးထားတဲ့နေရာဟာ မနက်စောစော သွားကြည့်လိုက်တော့ နေရောင်လေးတွေ ဖြာပြီးဝင်လာတာ နွေးနေတာနဲ့ အဲဒီနေရာကို အခန်းမလုပ်တော့ပဲ ဝရံတာလေး ပြောင်းလုပ်လိုက်တယ်၊ တချို့ နံရံစီထားတဲ့နေရာမှာ နေရောင်လေးတွေ ဝင်လာစေချင်လို့ ပြတင်းပေါက် ပြန်ဖောက်လိုက်ရတာလည်း ရှိတယ်၊ တခါတလေ ပြတင်းပေါက်ဖောက်မယ်လို့ စိတ်ကူးထားတဲ့နေရာမှာ ဘေးအိမ်က အိမ်နံရံအဖြူကို နေထိုးပြီး ကိုယ့်ဆီမှာ နေလာစူးနေလို့ မဖောက်ဖြစ်တော့ပဲ နံရံကာလိုက်ရတာတွေလည်း ရှိတယ်၊ မူလအိမ်မဆောက်ခင်က စာရွက်ပေါ်မှာ စဉ်းစားပြီး သေသေချာချာ နေရာတွေချထားပေမယ့် တကယ် စလက်တွေလောင်းပြီး အဲဒီအထပ် အဲ့ဒီနေရာကို ကိုယ်တကယ်ရာက်တော့ ကိုယ့်ရဲ့အိမ် ကိုယ့်ရဲ့ပါတ်ဝန်းကျင်အရ ပြတင်းပေါက်ဖောက်လို့ကောင်းမယ့်နေရာ ဖောက်လို့ မသင့်တော်တဲ့နေရာတွေ မြင်လာတော့တယ်၊ ကိုယ့်အိမ်ပါတ်ဝန်းကျင်မှာလည်း လှတဲ့နေရာ မလှတဲ့နေရာဆိုတာ ရှိတာပဲလေ၊ ဒါကြောင့် တချို့ကပြောတာ၊ အိမ်တို့ အခန်းတို့ ဝယ်တယ်ဆိုတာ အဓိကက ပါတ်ဝန်းကျင်ကို ဝယ်ရတာတဲ့၊ ကိုယ့်အိမ် ကို့ယ်အခန်းကို ကိုယ်ကြိုက်သလိုပြင်လို့ ရပေမယ့် ဘေးအိမ် ကိုယ့်ပါတ်ဝန်းကျင်ကိုတော့ ပြင်လို့မရဘူးတဲ့၊
နေ့ခင်းဖက်တွေဆိုလည်း လေဘယ်ဖက်က တိုက်သလဲဆိုတာ ပိတ်စလေးချည်ပြီး စောင့်ကြည့်ရတယ်၊ ဘယ်အချိန်မှာ ဘယ်နေရာက ဘယ်လို တိုက်တာလည်းပေါ့၊ အဲဒါကို ကြည့်ပြီး ကိုယ့်အိမ်ထဲ လေဝင်လေထွက်ကောင်းအောင် ဘယ်နားမှာ တံခါးပေါက်တွေကို ဘယ်လိုထားမလဲ စဉ်းစားရတယ်၊ မူလပုံကို ပြင်ဆင်စရာရှိလည်း ပြင်ပေါ့၊ အိမ်ရဲ့ ကြံ့ခိုင်အားကို မထိခိုက်အောင်လည်း ကိုယ်ဖြစ်ချင်တာတွေကို အင်ဂျင်နီယာနဲ့ ညှိရတယ်၊ အဲလို ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ဆောက်ရင်း ပြင်ယူသွားရင်းပေါ့၊
အင်ဂျင်နီယာရော အလုပ်သမားတွေကိုရော တကယ် ကျေးဇူးအများကြီးတင်ပါတယ်၊ ကိုယ်လိုချင်တာကို မဖြစ် ဖြစ်အောင် ကြိုးစားပြီး လိုက်လုပ်ပေးလို့ပါ၊ သူတို့ကိုလည်း ပြောပြထားရတယ်၊ ဒီအိမ်ကို လာဆောက်ပေးနေတာ ပိုက်ဆံရလို့ လုပ်ပေးနေတာလို့ မယူဆဘူးလို့၊ ကျနော်တို့ စိတ်ကူးတွေ ယဉ်ပြီး ကျနော်တို့ နေချင်တဲ့အိမ်လေးကို ကျနော်တို့နေရအောင် လာဆောက်ပေးတယ်လို့ သဘောထားတယ်၊ အဲဒီ့အတွက် ကျေးဇူးတင်ပါတယ်လို့၊ ဒီအိမ်မှာဆောက်နေတုန်း ဝတ်ထားတဲ့ အကျႌလေးတွေကို လက်ဆောင်အဖြစ် ကျနော့်ကို ပေးပါ၊ ကျနော်က အကျႌအသစ် တထည်စီ လက်ဆောင် ပြန်ပေးမယ်၊ အဲဒီ့အကျႌလေးတွေကို တချိန်မှာ တခုခုလုပ်ပြီး အိမ်မှချိတ်ထားဖို့ စိတ်ကူးထားပါတယ်လို့ ပြောပြပြီး အကျႌလေးတွေ သိမ်းထားတယ်၊
အိမ်မှာ ရေကိုချွေတာနိုင်ဖို့အတွက်ကျတော့ မြန်မာပြည်က မိုးများတဲ့ဒေသဆိုတော့ မိုးရေကိုလှောင်ပြီးသုံးဖို့ လုပ်ထားပါတယ်။ နောက်တခု ရေပြန်သုံးတဲ့စနစ်ကတော့ ခုနကပြောသလို ကိုယ်ချိုးလိုက်တဲ့ ရေတွေကို သဘာဝနည်းနဲ့ ပြန်စစ်ပြီး အိမ်သာရေဆွဲချဖို့၊ ခြံထဲက သစ်ပင်ပန်းပင်တွေ ရေလောင်းဖို့ ၊ ကားဆေး ကြမ်းဆေးဖို့ သုံးတာပါ၊ အဲဒီလိုစနစ်ကို ပိုက်ဆရာတွေက တခါမှ မဆင်ဖူးလို့ နည်းနည်းတော့ အခက်အခဲရှိတယ်၊ ကိုယ့်ကို မလိုတာတွေ လုပ်နေတယ်ဆိုပြီး အထင်လွဲ စိတ်ပျက်သွားမှာကိုလည်း စိုးရသေးတယ်၊
လျှပ်စစ်ကိုချွေတာတဲ့အနေနဲ့ အိမ်မှာ ဆိုလာ တပ်ထားတယ်။ ဆိုလာက အစပိုင်းမှာ စရိတ်စကကြီးတယ်ထင်ရပေမယ့် ရေရှည်မှာတော့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရာရောက်သလို ကိုယ့်အိမ်စရိတ်ကိုလည်း ချွေတာပြီးသား ဖြစ်စေပါတယ်။ အခု မီးပျက်တယ်ဆိုရင် ကျနော်တို့က ဆိုလာပြောင်းလိုက်နိုင်တော့ ဘေးအိမ်တွေက မီးစက်တွေ နှိုးထားသလို ဆူညံမနေတော့ဘူးပေါ့၊ ဆီလည်း သက်သာတယ်၊ မီးပျက်တဲ့ အချိန် ဒီပတ်ဝန်းကျင်မှာ ကျနော်တို့အိမ်တခုထဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ မီးလင်းနေတာပေါ့၊ မီးလုံးတွေဆိုရင်လည်း ဝပ်အားနည်းတဲ့ LED မီးလုံးတွေသုံးထားတယ်၊ မီးစလောင်းတွေကိုတော့အိမ်တအိမ်က ပြန်ရောင်းတာကိုဝယ်ပြီး တပ်ထားတယ်၊ ဝရံတာက မီးဆိုင်းတချို့ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြို့ထဲက ဟော်တယ်တခုဖျက်လို့ အဲဒီက မီးဆိုင်းတွေ ရလိုက်တာနဲ့ တပ်ထားတာ၊ မီးအပြင် အဲကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် အားလုံးကို မီးအားတော်တော်သက်သာတဲ့ Inverter type တွေသုံးထားတယ်၊ ဒီဟာတွေက ဝယ်ရတာဈေးနည်းနည်းကြီးပေမယ့် ကြာရင် မီတာခအများကြီး သက်သာလာမယ်၊
မိလ္လာစနစ်မှာတော့ ဘိုင်အိုတဲန့်ကို သုံးပါတယ်၊ အဓိကအကြောင်းကတော့ အဲဒါက ပတ်ဝန်းကျင်ညစ်ညမ်းမှုကို နည်းစေလို့ပါ။ သူက အဖတ်တွေကို စက်ထဲမှာပဲ ချေဖျက်ပစ်ပြီး အနံ့ကင်းစင်တဲ့အရည်အနည်းငယ်ကို မြောင်းထဲကို စွန့်ပစ်ပေးတယ်။ ကျန်းမာရေးအတွက်ရော ပတ်ဝန်းကျင်အတွက်ရော ကောင်းတာပေါ့၊
မီးဖိုချောင်နားမှာလဲ အော်ဂဲနစ်ဂါးဒင်း ထားချင်ပါသေးတယ်။ အခု သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေက အမြင်ကောင်းအောင် ဆေးတွေသုံးထားတော့ ကိုယ့်ကျန်းမာရေးအတွက် စိုးရိမ်ရတာပေါ့၊ ဖြစ်နိုင်ရင်တော့ သဘာဝအတိုင်း ဓါတုဆေးဝါးတွေ မသုံးတဲ့ အော်ဂဲနစ်ဟင်းသီးဟင်းရွက်တွေကို စားချင်တာ။ ဒါကြောင့် မီးဖိုချောင်နားမှာ တနိုင်တပိုင် အော်ဂဲနစ်စိုက်ခင်းလေး လုပ်ထားပြီး စားချင်တဲ့အချိန် လတ်လတ်ဆတ်ဆတ် ချက်ချင်းခူးစားနိုင်အောင် လုပ်ရဦးမယ်၊ ခုချိန်မှာ အိမ်က အားလုံးတော့ မပြီးသေးပါဘူး၊ လုပ်စရာလေးတွေ နည်းနည်းပါးပါး ကျန်နေသေးတယ်၊
အမှိုက်တွေရဲ့ ပြသနာကလည်း ခုဆို တော်တော်လေး အရေးကြီးလာပါပြီ၊ တနေ့တနေ့ အိမ်တွေ ဆိုင်တွေ စက်ရုံအလုပ်ရုံတွေက ထွက်လာတဲ့ အမှိုက်တွေကို ဘယ်လို ရှင်းပစ်ရမလဲဆိုတာ တော်တော်လေး အကြပ်ရိုက်နေကြပြီဆိုတာ ကြားကြားနေရတယ်။ ဒါနဲ့ပဲ ကိုယ့်အိမ်ကထွက်တဲ့ အမှိုက်တွေကို တတ်နိုင်သလောက် နဲနဲပဲထွက်ဖို့၊ မြေသြဇာဖြစ်အောင်လုပ်လို့ရတာတွေကို မြေသြဇာပြန်လုပ်ဖို့ စီစဉ်ရပါဦးမယ်၊ နောက်ပြီး ကိုယ် တကယ်မလိုတဲ့ ပစ္စည်းတွေ ထပ်မဝယ်ဖို့၊ ရှိတဲ့ ပစ္စည်းအဟောင်းတွေကိုအလွယ်တကူ လွှင့်မပစ်ပဲ ပြန်သုံးဖို့ ကြိုးစားရပါတယ်၊ ဈေးဝယ်ရင်လည်း အိတ်တွေ အထပ်ထပ်နဲ့ ထည့်ပေးတာတွေ မယူဖို့၊ တော်တော်နဲ့ မကျေပျက်နိုင်တဲ့ ကျွတ်ကျွတ်အိတ်တွေ မသုံးဖို့၊ ကိုယ့်အိတ်လေး တလုံးထားပြီး ဈေးဝယ်တိုင်းယူသွားဖို့ သတိထားရတယ်၊ ဈေးကိုလည်း ဖြစ်နိုင်ရင် ကိုယ်နဲ့ အနီးဆုံးနေရာက ဈေးကို သွားဝယ်ဖို့၊ အလုပ်သမားတွေကိုမတရားခိုင်းစေပြီး ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဆို မဝယ်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိအမြဲပေးရပါတယ်၊
ဒါနဲ့ ကြုံတုန်း ပြောပြရဦးမယ်၊ ကျနော်က သံတို သံစတွေ ဝယ်တဲ့လှည်းတွေ့ရင် သိပ် စိတ်ဝင်စားတာ၊ လမ်းမှာတွေ့ရင် ကားပေါ်ကနေ ဘာတွေပါလည်း ဆိုပြီး တချက်တော့ လှမ်းကြည့်မိတယ်၊ ကိုယ်ကြိုက်တဲ့ ဟာလေးတွေပါရင် ဆင်းဝယ်လိုက်တာပဲ၊ တခါတလေ လမ်းမှာတွေ့တဲ့လှည်းနောက် နောက်ယောင်ခံလိုက်ပြီး သူတို့သွားသွင်းတဲ့ ဒိုင်ကို အရောက်သွားရသေးတယ်၊ တနေ့တော့ မိတ်ဆွေတွေနဲ့ လမ်းဘေးထမင်းဆိုင်တခုမှာ ထမင်းစားနေတုန်း ခပ်လှမ်းလှမ်းမှာ လက်တွန်းလှည်းတခု လာနေတယ်၊ တွန်းတဲ့သူက အဝေးကြီးထဲက ကိုယ့်ကို ကြည့်လာတာ၊ အနားရောက်တော့လည်း ကြည့်၊ ကျော်သွားတော့လည်း နောက်ပြန်လှည့်ကြည့်နဲ့၊ ကိုယ်ကတော့ သူကြည့်နေတာ မသိချင်ယောင် ဆောင်ထားတာပေါ့၊ အဝေးကြီးရောက်မှ ပြန်လှည့်လာပြီး ကျနော့်မျက်နှာကို လက်ညှိုးနဲ့ထိုးပြီး တွေ့ဘူးတယ်... တဲ့၊ ကျနော်လည်း အဲ့တော့မှ သူ့ကို ပြန်မှတ်မိသွားပြီး ကျနော် ဆိုင်လာဖူးတယ်လေ ဆိုတော့မှ ဘာတွေ ရှိကြောင်း ဘာညာပြောပြီး နှုတ်ဆက်ပြန်ထွက်သွားတယ်၊
ခြံထဲမှာတော့ သိပ်ယုယစရာ မလိုတဲ့အပင်လေးတွေ၊ ရေသိပ်လောင်းစရာ မလိုပဲ ပစ်ထားလို့ရတဲ့ အပင်လေးတွေ စိုက်ထားတယ်၊ လမ်းဘေးမှတွေ့နေကျ ပုဏ္ဏရိတ်၊ ခေါင်ရမ်း၊ တိုက်ပန်း၊ ထားဝယ်မှိုင်းနဲ့ ပဲပန်းတွေများတယ်၊ အပင်ကြီးတွေကတော့ နဂိုရှိပြီးသားအပင်တွေပါပဲ၊ တပင်မှ မခုတ်ဘူး၊ အိမ်ဆောက်နေတုန်းကဆို အပင်တွေကို ခုတ်တာ ထစ်တာ သံရိုက်တာတွေ မလုပ်ဖို့၊ အလကားနေရင်း အရွက်တွေကို မဆိတ်ဖို့ အလုပ်သမားတွေကို တောင်းပန် ထားရသေးတယ်၊ ပိုးကောင်လေးတွေနေဖို့ ခြုံပုတ်လေးတွေလည်း ထားရဦးမယ်၊ ပိုးကောင်လေးတွေက ကိုယ့်ခြံရဲ့ ဂေဟစနစ်ကို မျှတစေတယ်လေ၊ ပြီးတော့ ကိုယ့်အိပ်ခန်းနားမှာ မွှေးတဲ့အနံ့ရချင်လို့ အနံ့မွှေးတဲ့ပန်းပင်လေးတွေကို အိပ်ခန်းနားမှာ စုပြီးစိုက်ထားတယ်။ စကားဖြူ၊ စကားဝါ၊ စကားစိမ်း၊ စံပယ်၊ ဇီဇဝါ၊ ဇွန်၊ တတိုင်းမွှေး၊ အားလုံးသာ တခါတည်းပွင့်ရင်တော့ မတွေးဝံ့စရာဘဲ။
နောက်ပြီး ကျနော်က အိမ်ကို စရိတ်စက ကြီးကြီးနဲ့ အမြဲ သနေရမယ့်အိမ်မျိုး မဖြစ်စေချင်ဘူး။ အဲဒီအတွက် အိမ်ကို နှစ်တိုင်းနှစ်တိုင်း ဆေးပြန်သုတ်နေရတာ၊ သန့်ရှင်းရေးလုပ်ရ၊ ဂရုစိုက်ထိမ်းသိမ်းရတာ နည်းနိုင်သမျှ နည်းတဲ့အိမ်ဖြစ်အောင်လည်း စဉ်းစားရပါသေးတယ်၊ ဆေးခနခန မသုတ်ရအောင် အကောင်းဆုံးကတော့ အိမ်အပြင်နံရံမှာ နွယ်ပင်လေးတွေ တင်လိုက်တာပေါ့၊ စိမ်းစိုပြီး လှလည်းလှတယ်၊ နေအပူရှိန်နဲ့ မိုးရေကိုလည်း အကာအကွယ်ပေးတယ်။ အိမ်ထဲမှာကျတော့ နံရံတွေကို ထုံးရည်ကြည်ပဲ သုတ်ထားတာ၊ ထုံးကို ကော်နဲ့ရော၊ ရေကျဲကျဲနဲ့ စပ်ပြီး ပါးပါးလေး အထပ်ထပ် သုတ်ထားတာပါ၊ ထုံးက သဘာဝပစ္စည်းကိုအခြေခံတာဖြစ်လို့ ဓာတုပစ္စည်းတွေပါတဲ့ တခြားအိမ်သုတ်ဆေးတွေထက်စာရင် ကျန်းမာရေးအတွက် ပိုကောင်းတယ်၊ နောက် ထုံးက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ပေးလို့ ကိုယ့် အိမ်ခန်းထဲက လေလည်း သန့်စင်စေတယ်၊ ထုံးရဲ့ ဖြူတဲ့ အရောင်ကလည်း သိပ်ကြည့်ကောင်းတယ်၊
အိမ်အတွက်စဉ်းစားပြီးတဲ့အခါ ကိုယ်တွေရဲ့ နေနည်းထိုင်နည်း အကျင့်စရိုက်တွေကိုပါ သတိထားပြုပြင်ဖို့ ကြိုးစားရတယ်၊ နေ့စဉ်ကိစ္စတွေမှာ အမှုမဲ့အမှတ်မဲ့နဲ့ စွမ်းအင်နဲ့အရင်းအမြစ်တွေ ဖြုန်းတီးပစ်ရာ မရောက်အောင်၊ ကိုယ်လည်း သက်တောင့်သက်သာရှိပြီး ကျန်းမာရေးနဲ့လည်းညီညွတ်အောင် အတွက်ပါ၊ အဓိကကတော့ သဘာဝနဲ့ လိုက်လျောညီထွေနေနိုင်ဖို့ ကြိုးစားရတာပါဘဲ။ ကျနော်ဆို အရင်က အဲကွန်း သိပ်ကြိုက်တယ်၊ အခု ကိုယ့်ကိုယ်ကိုယ် ကျင့်ပြီးနေတာ အဲကွန်းမရှိပဲ တော်တော်နေလို့ ရသွားပြီ၊ အရင်တုံးက သွားတိုက်နေတုန်း ရေတွေဖွင့်ထားတတ်တာကနေ အခုဆို ရေပိတ်ဖို့သတိရသွားပြီ၊ အရင်က မီးခလုတ်တွေမှာ ပလပ်တွေ ပြန်ဖြုတ်လေ့မရှိဘဲ အမြဲထိုးထားတတ်ပေမဲ့ အခုဆို အားသွင်းပြီးတာနဲ့ ပလပ်တွေ အားလုံးဖြုတ်တတ်လာပြီ။ အစားအစာဆိုလည်း ဟိုးနိုင်ငံခြားကလာတဲ့ မာလကာသီးကို စားမယ့်အစား ကိုယ့်အနီးအနားဆိုင်လေးက မာလကာသီးကို စားပြီး ကျေနပ်တတ်လာပြီ၊
အိမ်အသုံးအဆောင်ပစ္စည်းတွေကိုတော့ အဟောင်းလေးတွေပဲ ရှာစုထားတယ်၊ စုဖြစ်ရတဲ့အကြောင်းတွေထဲက တချက်က ပရိဘောဂ အဟောင်းရောင်းတဲ့ဆိုင်တွေကို ကျနော်တို့ မကြာမကြာရောက်တယ်၊ ပထမ တပတ် ကိုယ်ရောက်ခဲ့တဲ့ဆီမှာ တခန်းလုံးအပြည့် ပစ္စည်းတွေရှိပေမယ့် နောက်တပါတ်ရောက်ရင် အဲဒီ့ပစ္စည်းတွေ အားလုံးမရှိတော့ဘူး၊ ဘယ်ရောက်သွားလဲဆိုတော့ တဖက်နိုင်ငံကို ပို့လိုက်တာတဲ့၊ ကိုယ်တွေဆီမှာက ဒီလိုပစ္စည်းတွေဆို ဘယ်သူမှ စိတ်မဝင်စားကြဘူးလေ၊ အဲ့ဒီဆိုင်တွေမှာဆိုလည်း နိုင်ငံခြားသားနဲ့ သံရုံးကားတွေပဲ များတာ၊ အဲလို ပစ္စည်းတွေ ပါပါသွားတာကို နှမျောလို့ နောက်ပိုင်း ကိုယ်တတ်နိုင်တဲ့ ပရိဘောဂအဟောင်းတွေဆို စု စု ထားဖြစ်တာ၊ ကျနော်တို့စုတဲ့ပစ္စည်းအဟာင်းဆိုတာ antique ရှေးဟောင်းပစ္စည်းကို ပြောတာ မဟုတ်ပါဘူး၊ သူများသုံးပြီးသား ပစ္စည်းတွေကိုပြောတာပါ၊
ကျနော် စာလေးတခုဖတ်ဖူးတယ်၊ ပစ္စည်းအဟောင်းလေးတွေကို လွှင့်ပစ်ခြင်းအားဖြင့် အဆုံးသတ်လိုက်မယ့်အစား သူတို့ကို ဒုတိယဘဝလေး ပြန်ပေးလိုက်ပါတဲ့... ဟုတ်တယ်၊ ဟောင်းနွမ်းသွားလို့ ဒါမှမဟုတ် မလိုအပ်တော့လို့ စွန့်ပစ်ခံလိုက်ရတဲ့ ပစ္စည်းအဟောင်းတွေကို အသုံးဝင်သွားအာင် ပြန်ပြုပြင်ဖန်တီးပြီး အသုံးချကြည့်ရင် အတော် ပျော်စရာကောင်းမယ်၊ သံသေတ္တာအဟောင်းလေးက ထိုင်ခုံလေးအဖြစ် ဘဝပြောင်းသွားတယ်၊ ပြတင်းပေါက် အဟောင်းလေးက စားပွဲအဖြစ် ဘဝပြောင်းသွားတယ်၊ တာယာ အဟောင်းလေးက ရေတိုင်ကီအဖြစ် ဘဝပြောင်းသွားတယ်၊ ရေခဲသေတ္တာအောက်ကခံတဲ့ ထင်းရူးခုံလေးက နံရံပေါ်ကစင်အဖြစ် ဘဝပြောင်းသွားတယ်၊ ကြည်နူးစရာပဲနော်၊
သဘဝပတ်ဝန်းကျင်မထိခိုက်အောင်၊ စွမ်းအင်သုံးစွဲမှုလျှော့ချအောင် လုပ်တဲ့အခါ နေရာတိုင်းမှာ ပစ္စည်းဟောင်းတွေကိုသုံးနေစရာ မလိုပါဘူး၊ အထူးသဖြင့် မော်ဒယ်နိမ့်တဲ့ လျှပ်စစ်ပစ္စည်းမျိုးဆို ပိုစဉ်းစားရတာပေါ့။ ပန်ကာဆို မီးအားစားတဲ့ အရင်က သံဒလက်ပန်ကာတွေ သုံးမယ့်အစား မီးအားသက်သာတဲ့ နောက်ပေါ် DC type ပန်ကာအသစ်ကို သုံးတာက ပို သင့်လျော်တယ်၊ ကားဆိုလည်း ဆီစားပြီး မီးခိုးတွေ ထွက်နေတဲ့ ကားအဟောင်းကို စီးနေမယ့်အစား ပါတ်ဝန်းကျင်ကို မထိခိုက်တဲ့ ကားအသစ်ကိုစီးတာ ပိုကောင်းတာပေါ့၊
ကျနော်တို့အိမ်ကိုတော့ တတ်နိုင်သလောက် ကိုယ့်အိမ်ကြောင့် စွမ်းအင်တွေ အများကြီးမကုန်ဆုံးရအောင်၊ သဘာဝအရင်းအမြစ်တွေ မပျက်စီး မဆုံးရှုံးရအောင် ကြိုးစား တည်ဆောက်ထားပါတယ်၊ ဒီလိုဆောက်တဲ့အတွက် သဘာဝပါတ်ဝန်းကျင်ကို စောင့်ရှောက်ပြီးဖြစ်သလို ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူပြုတယ်၊
ဒီလို သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းတဲ့အိမ်မျိုး ဆောက်တော့ ဆောက်ချင်တယ်၊ ပစ္စည်းအဟောင်းတွေတော့ ပြန်မသုံးချင်ဘူးဆိုလဲ အဆင်ပြေအောင်လုပ်လို့ရပါတယ်။ ပစ္စည်းအသစ်တွေနဲ့ ဆောက်လို့ပေါ့၊ အဓိက က သဘာဝပတ်ဝန်းကျင်ကို ထိမ်းဖို့ပါ၊ ပစ္စည်း အသစ်တွေနဲ့ မီးတွေ ရေတွေ လောင်စာတွေကို ချွေတာတဲ့ အိမ်မျိုးလည်း ဆောက်လို့ရတာပဲ၊ ဒါပေမယ့် အဟောင်းတွေ ပြန်သုံးတာလောက်တော့ ချွေတာရာ မရောက်ဖူးပေါ့၊ ပြီးတော့ ဒါတွေကို အကုန်လုပ်ရမယ်လို့လည်း မဟုတ်ဘူး၊ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ချင်တာလေးတွေပဲ ရွေးလုပ်လို့လည်း ရပါတယ်၊ ဥပမာ ရေတော့ မလုပ်ချင်ဘူးဆို မလုပ်နဲ့ပေါ့၊ ဒီမှာကလည်း Eco Friendly ဖြစ်တဲ့ ပစ္စည်းတွေက သိပ်ခေတ်မစားသေးတော့ ရှာရတာ တော်တော်ခက်တယ်၊ ရတာလေးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ရတာပဲ၊
အိမ်ဆောက်မှတင် မဟုတ်ပါဘူး၊ နေ့တိုင်းနေ့တိုင်း ကိုယ့်ကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရအောင် အိမ်မှာ ဘယ်လိုနေထိုင်မယ်၊ ဘယ်လို ရုံးတက်မယ်၊ ဘယ်လို ဈေးဝယ်ထွက်မယ်၊ ဘယ်လို ခရီးသွားမယ် ဆိုတာတွေပါ ဂရုစိုက်ရပါဦးမယ်၊ အိမ်ဖြစ်ဖြစ်၊ တိုက်ခန်းဖြစ်ဖြစ်၊ ဆိုင်ဖြစ်ဖြစ်၊ ဟော်တယ်ဖြစ်ဖြစ်၊ ကြီးကြီးသေးသေး ဘာကိုမဆို ဘယ်သူမဆို အခုလိုလုပ်လို့ရပါတယ်၊ နိုင်ငံခြားမှာ ဒီလို ဟော်တယ်မျိုးဆို ရိုးရိုးဟော်တယ်တွေထက် ဈေးအများကြီး ပိုပေးမှ တည်းလို့ရတာပါတဲ့။ ဒါပေမယ့် ကျနော်တို့အိမ်ကို လာလယ်ရင်တာ့ ကော်ဖီပါ တိုက်ဦးမယ်၊ :)
စိတ်ပါလက်ပါနဲ့ အခုလို အရှည်ကြီး ဖတ်ပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်၊
နေမျိုးဆေး
..........................
က်ေနာ္တို႔ ေဆာက္ထားတဲ့ အိမ္ေလးအေၾကာင္း (၂)
က်ေနာ္က အိမ္ကို ဘယ္ေနရာၾကည့္ၾကည့္ သက္ေတာင့္သက္သာေလး ျဖစ္ေနတာ လိုခ်င္တာ၊ အိမ္က ကိုယ့္ကို ဘယ္လို ေန၊ ဘယ္လိုထိုင္၊ ဘယ္လို ထိမ္းသိမ္းဆိုၿပီး ကိုယ့္ကိုေတာင္းဆိုေနတဲ့အိမ္မ်ိဳး မျဖစ္ေစ့ခ်င္ဘူး၊ ကိုယ္ေနခ်င္သလိုေနဖို႔ အလိုက္သင့္ေလးျဖစ္ေနတဲ့ အိမ္မ်ိဳး ျဖစ္ေစ့ခ်င္တာ၊ ဘယ္ေနရာမဆို လြယ္လြယ္ကူကူပဲ လုပ္ထားတာမ်ိဳး ျဖစ္ခ်င္တာ၊ သိပ္ၿပီး ညီညာ ေျပာင္လက္ ေတာက္ပေနတာမ်ိဳးလည္း မျဖစ္ခ်င္ဘူး၊ အိမ္ကို ခပ္ေပ်ာ့ေပ်ာ့ေလး ျဖစ္ခ်င္တာ၊ စကာတင္လည္း မတပ္ခ်င္ဘူး ေကာနစ္လည္း မတပ္ခ်င္ဘူး၊ ေနာက္ မ်က္ႏွာက်က္လည္း မတပ္ခ်င္ဘူး၊ အားလံုးကို မညီ မညီတဲ့အေလ်ာက္၊ အပြန္းအပဲ့ရွိ ရွိတဲ့အေလ်ာက္ ဒီအတိုင္းေလးပဲ ေဖာ္ထားခ်င္တာ၊
အစပိုင္းေတာ့ အလုပ္သမားေတြနဲ႔ ေတာ္ေတာ္ညႇိယူရတယ္၊ က်ေနာ္က သစ္ေတြဆိုလည္း ေ႐ြေဘာ္ မထိုးခ်င္ဘူးေလ၊ သစ္ေတြကလည္း အေဟာင္းေတြဆိုေတာ့ သူ႔ဆီမွာပါလာတဲ့ ဒဏ္ရာဒဏ္ခ်က္ေလးေတြ၊ လႊ သြားရာေတြကိုမွ ကိုယ္က ႀကိဳက္ေနမိတာ၊ ဒါေပမယ့္ လက္သမားေတြကလည္း ေခ်ာမြတ္သြားေတာ့မွ ေကာင္းတယ္လို႔ထင္တာ၊ သစ္ေတြကို ျပီးရင္ေ႐ြေဘာ္ထိုးမွာပဲ ဆိုၿပီး ၾကမ္းၾကမ္းတမ္းတမ္း ကိုင္ၾကတယ္၊ သစ္တံုးေတြ တခုေပၚတခု ပြတ္ဆြဲတယ္၊ သစ္ေပၚမွာ မွတ္ဖို႔ နည္းနည္းေလးလိုတာကို သံေတြ၊ ေဆာ့ပင္ေတြနဲ႔ အရွည္ႀကီးေတြ မွတ္တယ္၊ က်ေနာ္က အစင္းေတြ ထင္ကုန္မယ္ေနာ္ ဆိုၿပီး ခနခနတားရတယ္၊ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ သစ္အေဟာင္းေတြေပၚမွာ အစင္းေတြထင္မွာ စိုးေနတဲ့ က်ေနာ့္ကို သူတို႔ဘယ္နားလည္ႏိုင္ပါ့မလဲ၊
က်ေနာ္က ေရခ်ိဳးခန္းထဲက ေရခ်ိဳးကန္ကို ဖိုင္ဘာကန္ေတြ ဝယ္မတပ္ပဲ အဂၤေတနဲ႔ လုပ္ခ်င္တယ္၊ ပန္းရံကို ကိုယ္လိုခ်င္တာေျပာျပေတာ့ ဖိုင္ဘာကန္ေတြက ေဈးေပါပါတယ္ ဆရာရယ္တဲ့၊ အားလံုး ဝယ္ၿပီး တပ္ေနၾကတာပဲတဲ့၊ က်ေနာ္က မဟုတ္ဘူး ငယ္ငယ္တုန္းက ေရခ်ိဳးရတဲ့ အုတ္ေရကန္ေလးလိုမ်ိဳး လိုခ်င္လို႔ပါလို႔ ေျပာေတာ့ ပန္းရံဆရာက ဟာာ ဘယ္ က်က္သေရ ရွိပါ့မလဲ ဆရာရယ္ တဲ့၊ ဘယ္လွပါ့မလဲ လို႔ ေျပာရင္ေတာင္ ေတာ္ပါေသးတယ္၊ တခါတည္း မလုပ္ခ်င္ေတာ့ေလာက္ေအာင္ကို ေျပာတာ၊ ဒါနဲ႔ ဟာ... ရပါတယ္ အကိုရယ္၊ က်ေနာ္က ဒီလိုမ်ိဳးေလးပဲ လုပ္ခ်င္တာ၊ လုပ္ပါအကိုရယ္ ဆိုၿပီး ေျပာရတာေပါ့၊
ေနာက္ၿပီး ေရဆိုလည္း မိုးေရနဲ႔ ျပန္သံုးေရကို သံုးခ်င္တယ္၊ ျပန္သံုးေရဆိုတာ ခ်ိဳးလိုက္တဲ့ေရေတြကို သဘာဝနည္းနဲ႔ ျပန္စစ္ၿပီးမွ ျပန္သံုးတာပါ၊ ဒါကို ေရပိုက္ဆရာက ဘာလုပ္ဖို႔လဲ ေရေတြေပါေနတာပဲ ဘာထူးမွာမို႔လို႔လဲတဲ့၊ မဟုတ္ဘူး က်ေနာ္က ေရကိုေခၽြတာခ်င္လို႔ပါဆိုေတာ့ လုပ္ရမွာ ခက္ေတာ့ ခက္တယ္ေနာ္တဲ့၊
အဲလို အစပိုင္းမွာ ကိုယ္လိုခ်င္တဲ့ ပံုစံရေအာင္ ညႇိရႏႈိင္းရတာ ေတာ္ေတာ္ေလးခက္ခဲခဲ့တယ္၊ သူတို႔နားလည္ေအာင္ အေတာ္ရွင္းျပရတာေပါ့၊ သဘာဝေဘးေတြ အေၾကာင္း၊ သစ္ေတြ ေလာင္စာေတြ ေရေတြ ေခၽြတာဖို႔ လိုတဲ့အေၾကာင္း၊ အမ်ားစုက သိပ္ေတာ့ စိတ္ဝင္စားပံု မရပါဘူး၊
အိမ္ေဆာက္ဖို႔ လိုအပ္တဲ့ ျငမ္းေတြ၊ တီတိုင္ေတြဆိုလည္း တျခားဆိုက္က သံုးၿပီးသြားတဲ့ ဝါးေတြ၊သစ္ေတြကို ျပန္ဝယ္ၿပီးသံုးတယ္၊ ျပန္သံုးမရတဲ့ ဘိလပ္ေျမ၊ သဲ၊ သံနဲ႔ ဝါယာႀကိဳးေတြကအပ တတ္ႏိုင္သမွ် သံုးၿပီးသားအေဟာင္းေတြကိုပဲ ျပန္ရွာသံုးတာ၊ အဲလို အေဟာင္းေတြ ျပန္သံုးေနတာကို အလုပ္သမားေတြက နားမလည္ႏိုင္ဘူး၊ သူတို႔အတြက္ တခါတေလ လက္ဝင္တာလည္း ပါတာေပါ့ေလ၊
သူတို႔ကို ေတြးၾကည့္ေတာ့လည္း အလုပ္ လုပ္လာတာ ဆယ္ႏွစ္ ဆယ့္ငါးႏွစ္ေလာက္ ရွိၿပီ၊ တေန႔ တေန႔ ဒီအလုပ္ပဲ၊ ကိုယ္ကမွ တခါတရံ အေျပာင္းအလဲေလးေတြ ရွိေသးတယ္၊ သူတို႔က ဒီအတိုင္းပဲ၊ ဒီအိမ္ၿပီးရင္လည္း ေနာက္တအိမ္ေပါ့၊ ဒီေတာ့လည္း အလုပ္ကို ၿငီးေငြ႕ေနမွာပဲေလ၊ ကိုယ္သာဆို ပိုေတာင္ ဆိုးဦးမွာ၊ တခ်ိဳ႕ေတြဆို လႊ ျဖတ္တဲ့သူက လႊသာ ျဖတ္ေနရတာ ဘာကို ျဖတ္ေနတယ္ဆိုတာလည္း တခါတေလ သိပံုေတာင္မရဘူး၊ တခ်ိဳ႕ပန္းရံေတြလည္း စီသာ စီေနတာ၊ ဘယ္အထိ စီမွာလည္း၊ ေျဖာင့္ရဲ႕လား၊ က်င္တြယ္ ကိုက္ရဲ႕လား၊ ျပန္မၾကည့္ၾကဘူး၊
က်ေနာ္ကေတာ့ ေန႔တိုင္းေန႔တိုင္း အလုပ္သမားေတြ မေရာက္ခင္
ဆိုက္ထဲကိုေရာက္ၿပီး ညေန သူတို႔ျပန္သြားၿပီးမွ ကိုယ္က ျပန္တာ၊
မနက္လင္းအားႀကီးလည္း ထ လာတယ္၊ ဘယ္အခ်ိန္ေလာက္ ေနထြက္တာလဲ၊ အိမ္ရဲ႕ ဘယ္ေထာင့္ကေန ထြက္တာလဲ၊ ဘယ္ႏွစ္နာရီမွာ ဘယ္ေလာက္ျမင့္သြားၿပီး ဘယ္ေနရာကို ေနထိုးသလဲ၊ အဲဒါေတြ သြားသြားၾကည့္တယ္၊ ပထမ ကိုယ္က အခန္းလုပ္မယ္လို႔ စိတ္ကူးထားတဲ့ေနရာဟာ မနက္ေစာေစာ သြားၾကည့္လိုက္ေတာ့ ေနေရာင္ေလးေတြ ျဖာၿပီးဝင္လာတာ ေႏြးေနတာနဲ႔ အဲဒီေနရာကို အခန္းမလုပ္ေတာ့ပဲ ဝရံတာေလး ေျပာင္းလုပ္လိုက္တယ္၊ တခ်ိဳ႕ နံရံစီထားတဲ့ေနရာမွာ ေနေရာင္ေလးေတြ ဝင္လာေစခ်င္လို႔ ျပတင္းေပါက္ ျပန္ေဖာက္လိုက္ရတာလည္း ရွိတယ္၊ တခါတေလ ျပတင္းေပါက္ေဖာက္မယ္လို႔ စိတ္ကူးထားတဲ့ေနရာမွာ ေဘးအိမ္က အိမ္နံရံအျဖဴကို ေနထိုးၿပီး ကိုယ့္ဆီမွာ ေနလာစူးေနလို႔ မေဖာက္ျဖစ္ေတာ့ပဲ နံရံကာလိုက္ရတာေတြလည္း ရွိတယ္၊ မူလအိမ္မေဆာက္ခင္က စာ႐ြက္ေပၚမွာ စဥ္းစားၿပီး ေသေသခ်ာခ်ာ ေနရာေတြခ်ထားေပမယ့္ တကယ္ စလက္ေတြေလာင္းၿပီး အဲဒီအထပ္ အဲ့ဒီေနရာကို ကိုယ္တကယ္ရာက္ေတာ့ ကိုယ့္ရဲ႕အိမ္ ကိုယ့္ရဲ႕ပါတ္ဝန္းက်င္အရ ျပတင္းေပါက္ေဖာက္လို႔ေကာင္းမယ့္ေနရာ ေဖာက္လို႔ မသင့္ေတာ္တဲ့ေနရာေတြ ျမင္လာေတာ့တယ္၊ ကိုယ့္အိမ္ပါတ္ဝန္းက်င္မွာလည္း လွတဲ့ေနရာ မလွတဲ့ေနရာဆိုတာ ရွိတာပဲေလ၊ ဒါေၾကာင့္ တခ်ိဳ႕ကေျပာတာ၊ အိမ္တို႔ အခန္းတို႔ ဝယ္တယ္ဆိုတာ အဓိကက ပါတ္ဝန္းက်င္ကို ဝယ္ရတာတဲ့၊ ကိုယ့္အိမ္ ကို႔ယ္အခန္းကို ကိုယ္ႀကိဳက္သလိုျပင္လို႔ ရေပမယ့္ ေဘးအိမ္ ကိုယ့္ပါတ္ဝန္းက်င္ကိုေတာ့ ျပင္လို႔မရဘူးတဲ့၊
ေန႔ခင္းဖက္ေတြဆိုလည္း ေလဘယ္ဖက္က တိုက္သလဲဆိုတာ ပိတ္စေလးခ်ည္ၿပီး ေစာင့္ၾကည့္ရတယ္၊ ဘယ္အခ်ိန္မွာ ဘယ္ေနရာက ဘယ္လို တိုက္တာလည္းေပါ့၊ အဲဒါကို ၾကည့္ၿပီး ကိုယ့္အိမ္ထဲ ေလဝင္ေလထြက္ေကာင္းေအာင္ ဘယ္နားမွာ တံခါးေပါက္ေတြကို ဘယ္လိုထားမလဲ စဥ္းစားရတယ္၊ မူလပံုကို ျပင္ဆင္စရာရွိလည္း ျပင္ေပါ့၊ အိမ္ရဲ႕ ၾကံ့ခိုင္အားကို မထိခိုက္ေအာင္လည္း ကိုယ္ျဖစ္ခ်င္တာေတြကို အင္ဂ်င္နီယာနဲ႔ ညႇိရတယ္၊ အဲလို ျဖည္းျဖည္းခ်င္း ျဖည္းျဖည္းခ်င္း ေဆာက္ရင္း ျပင္ယူသြားရင္းေပါ့၊
အင္ဂ်င္နီယာေရာ အလုပ္သမားေတြကိုေရာ တကယ္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ကိုယ္လိုခ်င္တာကို မျဖစ္ ျဖစ္ေအာင္ ႀကိဳးစားၿပီး လိုက္လုပ္ေပးလို႔ပါ၊ သူတို႔ကိုလည္း ေျပာျပထားရတယ္၊ ဒီအိမ္ကို လာေဆာက္ေပးေနတာ ပိုက္ဆံရလို႔ လုပ္ေပးေနတာလို႔ မယူဆဘူးလို႔၊ က်ေနာ္တို႔ စိတ္ကူးေတြ ယဥ္ၿပီး က်ေနာ္တို႔ ေနခ်င္တဲ့အိမ္ေလးကို က်ေနာ္တို႔ေနရေအာင္ လာေဆာက္ေပးတယ္လို႔ သေဘာထားတယ္၊ အဲဒီ့အတြက္ ေက်းဇူးတင္ပါတယ္လို႔၊ ဒီအိမ္မွာေဆာက္ေနတုန္း ဝတ္ထားတဲ့ အက်ႌေလးေတြကို လက္ေဆာင္အျဖစ္ က်ေနာ့္ကို ေပးပါ၊ က်ေနာ္က အက်ႌအသစ္ တထည္စီ လက္ေဆာင္ ျပန္ေပးမယ္၊ အဲဒီ့အက်ႌေလးေတြကို တခ်ိန္မွာ တခုခုလုပ္ၿပီး အိမ္မွခ်ိတ္ထားဖို႔ စိတ္ကူးထားပါတယ္လို႔ ေျပာျပၿပီး အက်ႌေလးေတြ သိမ္းထားတယ္၊
အိမ္မွာ ေရကိုေခၽြတာႏိုင္ဖို႔အတြက္က်ေတာ့ ျမန္မာျပည္က မိုးမ်ားတဲ့ေဒသဆိုေတာ့ မိုးေရကိုေလွာင္ၿပီးသံုးဖို႔ လုပ္ထားပါတယ္။ ေနာက္တခု ေရျပန္သံုးတဲ့စနစ္ကေတာ့ ခုနကေျပာသလို ကိုယ္ခ်ိဳးလိုက္တဲ့ ေရေတြကို သဘာဝနည္းနဲ႔ ျပန္စစ္ၿပီး အိမ္သာေရဆြဲခ်ဖို႔၊ ျခံထဲက သစ္ပင္ပန္းပင္ေတြ ေရေလာင္းဖို႔ ၊ ကားေဆး ၾကမ္းေဆးဖို႔ သံုးတာပါ၊ အဲဒီလိုစနစ္ကို ပိုက္ဆရာေတြက တခါမွ မဆင္ဖူးလို႔ နည္းနည္းေတာ့ အခက္အခဲရွိတယ္၊ ကိုယ့္ကို မလိုတာေတြ လုပ္ေနတယ္ဆိုၿပီး အထင္လြဲ စိတ္ပ်က္သြားမွာကိုလည္း စိုးရေသးတယ္၊
လွ်ပ္စစ္ကိုေခၽြတာတဲ့အေနနဲ႔ အိမ္မွာ ဆိုလာ တပ္ထားတယ္။ ဆိုလာက အစပိုင္းမွာ စရိတ္စကႀကီးတယ္ထင္ရေပမယ့္ ေရရွည္မွာေတာ့ သဘာဝပတ္ဝန္းက်င္ကိုထိန္းသိမ္းရာေရာက္သလို ကိုယ့္အိမ္စရိတ္ကိုလည္း ေခၽြတာၿပီးသား ျဖစ္ေစပါတယ္။ အခု မီးပ်က္တယ္ဆိုရင္ က်ေနာ္တို႔က ဆိုလာေျပာင္းလိုက္ႏိုင္ေတာ့ ေဘးအိမ္ေတြက မီးစက္ေတြ ႏႈိးထားသလို ဆူညံမေနေတာ့ဘူးေပါ့၊ ဆီလည္း သက္သာတယ္၊ မီးပ်က္တဲ့ အခ်ိန္ ဒီပတ္ဝန္းက်င္မွာ က်ေနာ္တို႔အိမ္တခုထဲ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ မီးလင္းေနတာေပါ့၊ မီးလံုးေတြဆိုရင္လည္း ဝပ္အားနည္းတဲ့ LED မီးလံုးေတြသံုးထားတယ္၊ မီးစေလာင္းေတြကိုေတာ့အိမ္တအိမ္က ျပန္ေရာင္းတာကိုဝယ္ၿပီး တပ္ထားတယ္၊ ဝရံတာက မီးဆိုင္းတခ်ိဳ႕ကေတာ့ တိုက္တိုက္ဆိုင္ဆိုင္ပဲ ၿမိဳ႕ထဲက ေဟာ္တယ္တခုဖ်က္လို႔ အဲဒီက မီးဆိုင္းေတြ ရလိုက္တာနဲ႔ တပ္ထားတာ၊ မီးအျပင္ အဲကြန္း၊ ေရခဲေသတၱာ၊ အဝတ္ေလွ်ာ္စက္ အားလံုးကို မီးအားေတာ္ေတာ္သက္သာတဲ့ Inverter type ေတြသံုးထားတယ္၊ ဒီဟာေတြက ဝယ္ရတာေဈးနည္းနည္းႀကီးေပမယ့္ ၾကာရင္ မီတာခအမ်ားႀကီး သက္သာလာမယ္၊
မိလႅာစနစ္မွာေတာ့ ဘိုင္အိုတဲန္႔ကို သံုးပါတယ္၊ အဓိကအေၾကာင္းကေတာ့ အဲဒါက ပတ္ဝန္းက်င္ညစ္ညမ္းမႈကို နည္းေစလို႔ပါ။ သူက အဖတ္ေတြကို စက္ထဲမွာပဲ ေခ်ဖ်က္ပစ္ၿပီး အနံ႔ကင္းစင္တဲ့အရည္အနည္းငယ္ကို ေျမာင္းထဲကို စြန္႔ပစ္ေပးတယ္။ က်န္းမာေရးအတြက္ေရာ ပတ္ဝန္းက်င္အတြက္ေရာ ေကာင္းတာေပါ့၊
မီးဖိုေခ်ာင္နားမွာလဲ ေအာ္ဂဲနစ္ဂါးဒင္း ထားခ်င္ပါေသးတယ္။ အခု သစ္သီးေတြ ဟင္းသီးဟင္းရြက္ေတြက အျမင္ေကာင္းေအာင္ ေဆးေတြသံုးထားေတာ့ ကိုယ့္က်န္းမာေရးအတြက္ စိုးရိမ္ရတာေပါ့၊ ျဖစ္ႏိုင္ရင္ေတာ့ သဘာဝအတိုင္း ဓါတုေဆးဝါးေတြ မသံုးတဲ့ ေအာ္ဂဲနစ္ဟင္းသီးဟင္းရြက္ေတြကို စားခ်င္တာ။ ဒါေၾကာင့္ မီးဖိုေခ်ာင္နားမွာ တႏိုင္တပိုင္ ေအာ္ဂဲနစ္စိုက္ခင္းေလး လုပ္ထားၿပီး စားခ်င္တဲ့အခ်ိန္ လတ္လတ္ဆတ္ဆတ္ ခ်က္ခ်င္းခူးစားႏိုင္ေအာင္ လုပ္ရဦးမယ္၊ ခုခ်ိန္မွာ အိမ္က အားလံုးေတာ့ မၿပီးေသးပါဘူး၊ လုပ္စရာေလးေတြ နည္းနည္းပါးပါး က်န္ေနေသးတယ္၊
အမႈိက္ေတြရဲ႕ ျပသနာကလည္း ခုဆို ေတာ္ေတာ္ေလး အေရးႀကီးလာပါၿပီ၊ တေန႔တေန႔ အိမ္ေတြ ဆိုင္ေတြ စက္႐ုံအလုပ္႐ုံေတြက ထြက္လာတဲ့ အမိႈက္ေတြကို ဘယ္လို ရွင္းပစ္ရမလဲဆိုတာ ေတာ္ေတာ္ေလး အၾကပ္႐ိုက္ေနၾကၿပီဆိုတာ ၾကားၾကားေနရတယ္။ ဒါနဲ႔ပဲ ကိုယ့္အိမ္ကထြက္တဲ့ အမိႈက္ေတြကို တတ္ႏိုင္သေလာက္ နဲနဲပဲထြက္ဖို႔၊ ေျမၾသဇာျဖစ္ေအာင္လုပ္လို႔ရတာေတြကို ေျမၾသဇာျပန္လုပ္ဖို႔ စီစဥ္ရပါဦးမယ္၊ ေနာက္ၿပီး ကိုယ္ တကယ္မလိုတဲ့ ပစၥည္းေတြ ထပ္မဝယ္ဖို႔၊ ရွိတဲ့ ပစၥည္းအေဟာင္းေတြကိုအလြယ္တကူ လႊင့္မပစ္ပဲ ျပန္သံုးဖို႔ ႀကိဳးစားရပါတယ္၊ ေဈးဝယ္ရင္လည္း အိတ္ေတြ အထပ္ထပ္နဲ႔ ထည့္ေပးတာေတြ မယူဖို႔၊ ေတာ္ေတာ္နဲ႔ မေက်ပ်က္ႏိုင္တဲ့ ကၽြတ္ကၽြတ္အိတ္ေတြ မသံုးဖို႔၊ ကိုယ့္အိတ္ေလး တလံုးထားၿပီး ေဈးဝယ္တိုင္းယူသြားဖို႔ သတိထားရတယ္၊ ေဈးကိုလည္း ျဖစ္ႏိုင္ရင္ ကိုယ္နဲ႔ အနီးဆံုးေနရာက ေဈးကို သြားဝယ္ဖို႔၊ အလုပ္သမားေတြကိုမတရားခိုင္းေစၿပီး ထုတ္လုပ္ထားတဲ့ ပစၥည္းေတြဆို မဝယ္ဖို႔ ကိုယ့္ကိုယ္ကိုယ္ သတိအၿမဲေပးရပါတယ္၊
ဒါနဲ႔ ၾကံဳတုန္း ေျပာျပရဦးမယ္၊ က်ေနာ္က သံတို သံစေတြ ဝယ္တဲ့လွည္းေတြ႕ရင္ သိပ္ စိတ္ဝင္စားတာ၊ လမ္းမွာေတြ႕ရင္ ကားေပၚကေန ဘာေတြပါလည္း ဆိုၿပီး တခ်က္ေတာ့ လွမ္းၾကည့္မိတယ္၊ ကိုယ္ႀကိဳက္တဲ့ ဟာေလးေတြပါရင္ ဆင္းဝယ္လိုက္တာပဲ၊ တခါတေလ လမ္းမွာေတြ႕တဲ့လွည္းေနာက္ ေနာက္ေယာင္ခံလိုက္ၿပီး သူတို႔သြားသြင္းတဲ့ ဒိုင္ကို အေရာက္သြားရေသးတယ္၊ တေန႔ေတာ့ မိတ္ေဆြေတြနဲ႔ လမ္းေဘးထမင္းဆိုင္တခုမွာ ထမင္းစားေနတုန္း ခပ္လွမ္းလွမ္းမွာ လက္တြန္းလွည္းတခု လာေနတယ္၊ တြန္းတဲ့သူက အေဝးႀကီးထဲက ကိုယ့္ကို ၾကည့္လာတာ၊ အနားေရာက္ေတာ့လည္း ၾကည့္၊ ေက်ာ္သြားေတာ့လည္း ေနာက္ျပန္လွည့္ၾကည့္နဲ႔၊ ကိုယ္ကေတာ့ သူၾကည့္ေနတာ မသိခ်င္ေယာင္ ေဆာင္ထားတာေပါ့၊ အေဝးႀကီးေရာက္မွ ျပန္လွည့္လာၿပီး က်ေနာ့္မ်က္ႏွာကို လက္ညႈိးနဲ႔ထိုးၿပီး ေတြ႕ဘူးတယ္... တဲ့၊ က်ေနာ္လည္း အဲ့ေတာ့မွ သူ႔ကို ျပန္မွတ္မိသြားၿပီး က်ေနာ္ ဆိုင္လာဖူးတယ္ေလ ဆိုေတာ့မွ ဘာေတြ ရွိေၾကာင္း ဘာညာေျပာၿပီး ႏႈတ္ဆက္ျပန္ထြက္သြားတယ္၊
ျခံထဲမွာေတာ့ သိပ္ယုယစရာ မလိုတဲ့အပင္ေလးေတြ၊ ေရသိပ္ေလာင္းစရာ မလိုပဲ ပစ္ထားလို႔ရတဲ့ အပင္ေလးေတြ စိုက္ထားတယ္၊ လမ္းေဘးမွေတြ႕ေနက် ပုဏၰရိတ္၊ ေခါင္ရမ္း၊ တိုက္ပန္း၊ ထားဝယ္မႈိင္းနဲ႔ ပဲပန္းေတြမ်ားတယ္၊ အပင္ႀကီးေတြကေတာ့ နဂိုရွိျပီးသားအပင္ေတြပါပဲ၊ တပင္မွ မခုတ္ဘူး၊ အိမ္ေဆာက္ေနတုန္းကဆို အပင္ေတြကို ခုတ္တာ ထစ္တာ သံ႐ိုက္တာေတြ မလုပ္ဖို႔၊ အလကားေနရင္း အ႐ြက္ေတြကို မဆိတ္ဖို႔ အလုပ္သမားေတြကို ေတာင္းပန္ ထားရေသးတယ္၊ ပိုးေကာင္ေလးေတြေနဖို႔ ျခံဳပုတ္ေလးေတြလည္း ထားရဦးမယ္၊ ပိုးေကာင္ေလးေတြက ကိုယ့္ျခံရဲ႕ ေဂဟစနစ္ကို မွ်တေစတယ္ေလ၊ ၿပီးေတာ့ ကိုယ့္အိပ္ခန္းနားမွာ ေမႊးတဲ့အနံ႕ရခ်င္လို႔ အနံ႕ေမႊးတဲ့ပန္းပင္ေလးေတြကို အိပ္ခန္းနားမွာ စုၿပီးစိုက္ထားတယ္။ စကားျဖဴ၊ စကားဝါ၊ စကားစိမ္း၊ စံပယ္၊ ဇီဇဝါ၊ ဇြန္၊ တတိုင္းေမႊး၊ အားလံုးသာ တခါတည္းပြင့္ရင္ေတာ့ မေတြးဝံ႔စရာဘဲ။
ေနာက္ၿပီး က်ေနာ္က အိမ္ကို စရိတ္စက ႀကီးႀကီးနဲ႔ အၿမဲ သေနရမယ့္အိမ္မ်ိဳး မျဖစ္ေစခ်င္ဘူး။ အဲဒီအတြက္ အိမ္ကို ႏွစ္တိုင္းႏွစ္တိုင္း ေဆးျပန္သုတ္ေနရတာ၊ သန္႔ရွင္းေရးလုပ္ရ၊ ဂ႐ုစိုက္ထိမ္းသိမ္းရတာ နည္းႏိုင္သမွ် နည္းတဲ့အိမ္ျဖစ္ေအာင္လည္း စဥ္းစားရပါေသးတယ္၊ ေဆးခနခန မသုတ္ရေအာင္ အေကာင္းဆံုးကေတာ့ အိမ္အျပင္နံရံမွာ ႏြယ္ပင္ေလးေတြ တင္လိုက္တာေပါ့၊ စိမ္းစိုၿပီး လွလည္းလွတယ္၊ ေနအပူရွိန္နဲ႔ မိုးေရကိုလည္း အကာအကြယ္ေပးတယ္။ အိမ္ထဲမွာက်ေတာ့ နံရံေတြကို ထံုးရည္ၾကည္ပဲ သုတ္ထားတာ၊ ထံုးကို ေကာ္နဲ႔ေရာ၊ ေရက်ဲက်ဲနဲ႔ စပ္ၿပီး ပါးပါးေလး အထပ္ထပ္ သုတ္ထားတာပါ၊ ထံုးက သဘာဝပစၥည္းကိုအေျခခံတာျဖစ္လို႔ ဓာတုပစၥည္းေတြပါတဲ့ တျခားအိမ္သုတ္ေဆးေတြထက္စာရင္ က်န္းမာေရးအတြက္ ပိုေကာင္းတယ္၊ ေနာက္ ထံုးက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို စုပ္ေပးလို႔ ကိုယ့္ အိမ္ခန္းထဲက ေလလည္း သန္႔စင္ေစတယ္၊ ထံုးရဲ႕ ျဖဴတဲ့ အေရာင္ကလည္း သိပ္ၾကည့္ေကာင္းတယ္၊
အိမ္အတြက္စဥ္းစားၿပီးတဲ့အခါ ကိုယ္ေတြရဲ႕ ေနနည္းထိုင္နည္း အက်င့္စ႐ိုက္ေတြကိုပါ သတိထားျပဳျပင္ဖို႔ ႀကိဳးစားရတယ္၊ ေန႔စဥ္ကိစၥေတြမွာ အမႈမဲ့အမွတ္မဲ့နဲ႔ စြမ္းအင္နဲ႔အရင္းအျမစ္ေတြ ျဖဳန္းတီးပစ္ရာ မေရာက္ေအာင္၊ ကိုယ္လည္း သက္ေတာင့္သက္သာရွိၿပီး က်န္းမာေရးနဲ႔လည္းညီၫြတ္ေအာင္ အတြက္ပါ၊ အဓိကကေတာ့ သဘာဝနဲ႔ လိုက္ေလ်ာညီေထြေနႏိုင္ဖို႔ ႀကိဳးစားရတာပါဘဲ။ က်ေနာ္ဆို အရင္က အဲကြန္း သိပ္ႀကိဳက္တယ္၊ အခု ကိုယ့္ကိုယ္ကိုယ္ က်င့္ျပီးေနတာ အဲကြန္းမရွိပဲ ေတာ္ေတာ္ေနလို႔ ရသြားၿပီ၊ အရင္တုံးက သြားတိုက္ေနတုန္း ေရေတြဖြင့္ထားတတ္တာကေန အခုဆို ေရပိတ္ဖို႔သတိရသြားၿပီ၊ အရင္က မီးခလုတ္ေတြမွာ ပလပ္ေတြ ျပန္ျဖဳတ္ေလ့မရွိဘဲ အၿမဲထိုးထားတတ္ေပမဲ့ အခုဆို အားသြင္းၿပီးတာနဲ႔ ပလပ္ေတြ အားလံုးျဖဳတ္တတ္လာၿပီ။ အစားအစာဆိုလည္း ဟိုးႏိုင္ငံျခားကလာတဲ့ မာလကာသီးကို စားမယ့္အစား ကိုယ့္အနီးအနားဆိုင္ေလးက မာလကာသီးကို စားၿပီး ေက်နပ္တတ္လာၿပီ၊
အိမ္အသံုးအေဆာင္ပစၥည္းေတြကိုေတာ့ အေဟာင္းေလးေတြပဲ ရွာစုထားတယ္၊ စုျဖစ္ရတဲ့အေၾကာင္းေတြထဲက တခ်က္က ပရိေဘာဂ အေဟာင္းေရာင္းတဲ့ဆိုင္ေတြကို က်ေနာ္တို႔ မၾကာမၾကာေရာက္တယ္၊ ပထမ တပတ္ ကိုယ္ေရာက္ခဲ့တဲ့ဆီမွာ တခန္းလံုးအျပည့္ ပစၥည္းေတြရွိေပမယ့္ ေနာက္တပါတ္ေရာက္ရင္ အဲဒီ့ပစၥည္းေတြ အားလံုးမရွိေတာ့ဘူး၊ ဘယ္ေရာက္သြားလဲဆိုေတာ့ တဖက္ႏိုင္ငံကို ပို႔လိုက္တာတဲ့၊ ကိုယ္ေတြဆီမွာက ဒီလိုပစၥည္းေတြဆို ဘယ္သူမွ စိတ္မဝင္စားၾကဘူးေလ၊ အဲ့ဒီဆိုင္ေတြမွာဆိုလည္း ႏိုင္ငံျခားသားနဲ႔ သံ႐ုံးကားေတြပဲ မ်ားတာ၊ အဲလို ပစၥည္းေတြ ပါပါသြားတာကို ႏွေမ်ာလို႔ ေနာက္ပိုင္း ကိုယ္တတ္ႏိုင္တဲ့ ပရိေဘာဂအေဟာင္းေတြဆို စု စု ထားျဖစ္တာ၊ က်ေနာ္တို႔စုတဲ့ပစၥည္းအဟာင္းဆိုတာ antique ေရွးေဟာင္းပစၥည္းကို ေျပာတာ မဟုတ္ပါဘူး၊ သူမ်ားသံုးၿပီးသား ပစၥည္းေတြကိုေျပာတာပါ၊
က်ေနာ္ စာေလးတခုဖတ္ဖူးတယ္၊ ပစၥည္းအေဟာင္းေလးေတြကို လႊင့္ပစ္ျခင္းအားျဖင့္ အဆံုးသတ္လိုက္မယ့္အစား သူတို႔ကို ဒုတိယဘဝေလး ျပန္ေပးလိုက္ပါတဲ့... ဟုတ္တယ္၊ ေဟာင္းႏြမ္းသြားလို႔ ဒါမွမဟုတ္ မလိုအပ္ေတာ့လို႔ စြန္႔ပစ္ခံလိုက္ရတဲ့ ပစၥည္းအေဟာင္းေတြကို အသံုးဝင္သြားအာင္ ျပန္ျပဳျပင္ဖန္တီးၿပီး အသံုးခ်ၾကည့္ရင္ အေတာ္ ေပ်ာ္စရာေကာင္းမယ္၊ သံေသတၱာအေဟာင္းေလးက ထိုင္ခုံေလးအျဖစ္ ဘဝေျပာင္းသြားတယ္၊ ျပတင္းေပါက္ အေဟာင္းေလးက စားပြဲအျဖစ္ ဘဝေျပာင္းသြားတယ္၊ တာယာ အေဟာင္းေလးက ေရတိုင္ကီအျဖစ္ ဘဝေျပာင္းသြားတယ္၊ ေရခဲေသတၱာေအာက္ကခံတဲ့ ထင္း႐ူးခံုေလးက နံရံေပၚကစင္အျဖစ္ ဘဝေျပာင္းသြားတယ္၊ ၾကည္ႏူးစရာပဲေနာ္၊
သဘဝပတ္ဝန္းက်င္မထိခိုက္ေအာင္၊ စြမ္းအင္သံုးစြဲမႈေလွ်ာ့ခ်ေအာင္ လုပ္တဲ့အခါ ေနရာတိုင္းမွာ ပစၥည္းေဟာင္းေတြကိုသံုးေနစရာ မလိုပါဘူး၊ အထူးသျဖင့္ ေမာ္ဒယ္နိမ့္တဲ့ လွ်ပ္စစ္ပစၥည္းမ်ိဳးဆို ပိုစဥ္းစားရတာေပါ့။ ပန္ကာဆို မီးအားစားတဲ့ အရင္က သံဒလက္ပန္ကာေတြ သံုးမယ့္အစား မီးအားသက္သာတဲ့ ေနာက္ေပၚ DC type ပန္ကာအသစ္ကို သံုးတာက ပို သင့္ေလ်ာ္တယ္၊ ကားဆိုလည္း ဆီစားၿပီး မီးခိုးေတြ ထြက္ေနတဲ့ ကားအေဟာင္းကို စီးေနမယ့္အစား ပါတ္ဝန္းက်င္ကို မထိခိုက္တဲ့ ကားအသစ္ကိုစီးတာ ပိုေကာင္းတာေပါ့၊
က်ေနာ္တို႔အိမ္ကိုေတာ့ တတ္ႏိုင္သေလာက္ ကိုယ့္အိမ္ေၾကာင့္ စြမ္းအင္ေတြ အမ်ားႀကီးမကုန္ဆံုးရေအာင္၊ သဘာဝအရင္းအျမစ္ေတြ မပ်က္စီး မဆံုး႐ႈံးရေအာင္ ႀကိဳးစား တည္ေဆာက္ထားပါတယ္၊ ဒီလိုေဆာက္တဲ့အတြက္ သဘာဝပါတ္ဝန္းက်င္ကို ေစာင့္ေရွာက္ၿပီးျဖစ္သလို ကိုယ့္ရဲ႕က်န္းမာေရးကိုလည္း အမ်ားႀကီး အေထာက္အကူျပဳတယ္၊
ဒီလို သဘာဝပတ္ဝန္းက်င္ကို ထိမ္းသိမ္းတဲ့အိမ္မ်ိဳး ေဆာက္ေတာ့ ေဆာက္ခ်င္တယ္၊ ပစၥည္းအေဟာင္းေတြေတာ့ ျပန္မသံုးခ်င္ဘူးဆိုလဲ အဆင္ေျပေအာင္လုပ္လို႔ရပါတယ္။ ပစၥည္းအသစ္ေတြနဲ႔ ေဆာက္လို႔ေပါ့၊ အဓိက က သဘာဝပတ္ဝန္းက်င္ကို ထိမ္းဖို႔ပါ၊ ပစၥည္း အသစ္ေတြနဲ႔ မီးေတြ ေရေတြ ေလာင္စာေတြကို ေခၽြတာတဲ့ အိမ္မ်ိဳးလည္း ေဆာက္လို႔ရတာပဲ၊ ဒါေပမယ့္ အေဟာင္းေတြ ျပန္သံုးတာေလာက္ေတာ့ ေခၽြတာရာ မေရာက္ဖူးေပါ့၊ ၿပီးေတာ့ ဒါေတြကို အကုန္လုပ္ရမယ္လို႔လည္း မဟုတ္ဘူး၊ ကိုယ္လုပ္ႏိုင္တာ ကိုယ္လုပ္ခ်င္တာေလးေတြပဲ ေ႐ြးလုပ္လို႔လည္း ရပါတယ္၊ ဥပမာ ေရေတာ့ မလုပ္ခ်င္ဘူးဆို မလုပ္နဲ႔ေပါ့၊ ဒီမွာကလည္း Eco Friendly ျဖစ္တဲ့ ပစၥည္းေတြက သိပ္ေခတ္မစားေသးေတာ့ ရွာရတာ ေတာ္ေတာ္ခက္တယ္၊ ရတာေလးနဲ႔ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ရတာပဲ၊
အိမ္ေဆာက္မွတင္ မဟုတ္ပါဘူး၊ ေန႔တိုင္းေန႔တိုင္း ကိုယ့္ေၾကာင့္ သဘာဝပတ္ဝန္းက်င္ မထိခိုက္ရေအာင္ အိမ္မွာ ဘယ္လိုေနထိုင္မယ္၊ ဘယ္လို ႐ုံးတက္မယ္၊ ဘယ္လို ေဈးဝယ္ထြက္မယ္၊ ဘယ္လို ခရီးသြားမယ္ ဆိုတာေတြပါ ဂ႐ုစိုက္ရပါဦးမယ္၊ အိမ္ျဖစ္ျဖစ္၊ တိုက္ခန္းျဖစ္ျဖစ္၊ ဆိုင္ျဖစ္ျဖစ္၊ ေဟာ္တယ္ျဖစ္ျဖစ္၊ ႀကီးႀကီးေသးေသး ဘာကိုမဆို ဘယ္သူမဆို အခုလိုလုပ္လို႔ရပါတယ္၊ ႏိုင္ငံျခားမွာ ဒီလို ေဟာ္တယ္မ်ိဳးဆို ႐ိုး႐ိုးေဟာ္တယ္ေတြထက္ ေဈးအမ်ားႀကီး ပိုေပးမွ တည္းလို႔ရတာပါတဲ့။ ဒါေပမယ့္ က်ေနာ္တို႔အိမ္ကို လာလယ္ရင္တာ့ ေကာ္ဖီပါ တိုက္ဦးမယ္၊ :)
စိတ္ပါလက္ပါနဲ႔ အခုလို အရွည္ႀကီး ဖတ္ေပးလို႔ အားလံုးကိုေက်းဇူးတင္ပါတယ္၊
No comments:
Post a Comment