Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 15, 2019

သမီးလေးရဲ့လက်ချောင်းလေးတွေ ရှာပေးကြပါ အပိုင်း-၂



အပိုင်း-၁
https://www.facebook.com/100015987859439/posts/463410814201843?sfns=mo
http://www.themeltingpot4u.com/2019/05/blog-post_527.html
( အောက်ပါ အကြောင်းအရာများသည် ဖြစ်ရပ်မှန် မှုခင်းများကို ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသောကြောင့် စိတ်မခိုင်သူများနှင့် အသက် ၁၈ နှစ် အောက်များ ဖတ်ရန်မသင့်ကြောင်း သတိပေးအပ်ပါသည်။)
ကင်မ်နှင့် ဘာ့ခ်အကြောင်း စုံစမ်းရာမှ တောင်ကိုရီးယားမှ ကျောင်းသားကျောင်းသူအချို့သည် ဟမ်းဖုန်းထဲမှ လျှို့ဝှက်ကမ္ဘာတစ်ခုတွင် နေထိုင်ကြသည်ကို ထိတ်လန့်အံ့သြဖွယ် စုံစမ်းသိရှိရလေသည်။

အသက် ၁၇ နှစ်အရွယ် ကင်မ်ဟူသော လူသတ်သမားကျောင်းသူ နှင့် အသက် ၁၈ နှစ်အရွယ် လူသတ်သမား အားပေးသည့် ကျောင်းသူဘာ့ခ်တို့သည် ထိုလျှို့ဝှက်ကမ္ဘာထဲတွင် စတင်သိကျွမ်းခဲ့ကြသည်ဟုဆိုသည်။
*====*====*====*====*====*
၎င်းအက်ပလီကေးရှင်းသည် ဘ၀များစွာ သတ်ပစ်လိုက်ခြင်းဖြစ် လေသည်။ ထိုအက်ပလီကေးရှင်းသည် မည်သည့်အရာဖြစ်သနည်း။
ထိုအရာသည် ကျွန်မတို့ မထင်မှတ်ထားသော၊ ကျွန်မတို့ မသိသေးသော အသစ်တစ်ခု ဖြစ်နေလေသည်။ထိုအက်ပလီကေးရှင်းသည် လွယ်လွယ်ပြောရလျှင် ဖေ့စ်ဘွတ်ခ် Facebook ၊ ဗိုင်ဘာအစရှိသည်များကဲ့သို့ မိမိမသိသောသူများနှင့် စကားပြောဆက်သွယ်၍ရသော လူမှုကွက်ယက်တစ်ခု ( Social Network ) ဖြစ်သည်။
*====*====*====*====*====*
အစပိုင်းတွင်မူ ရိုးရိုးလေးနှင့် စတင်ခဲ့ခြင်းဖြစ်သည်။
ဗစ်တိုရီထရီး ( Victory Tree ) ဆိုသော ဖုန်း သို့မဟုတ် ကွန်ပျူတာဖြင့် ပုံဆွဲ၍ရသော ( drawing application ) အပလီကေးရှင်းတစ်ခုရှိသည်။
ထိုသို့ပုံဆွဲရင်း အာလာပသလ္လာ ပ မက်ဆေ့ပို့၍ ချက်တင်း(chatting) လည်း လုပ်၍ရသည်။
ထိုအခါ ပုံဆွဲဝါသနာအိုး အွန်လိုင်းသူငယ်ချင်းများ ဖြစ်ပေါ်လာသည်။ ထိုကဲ့သို့ ပုံရေးဆွဲသူများထဲမှ ကာတွန်းဇာတ်ကောင် များကို ရေးဆွဲကြသူများ အုပ်စုသပ်သပ် ဖွဲ့မိသည်။
ပုံဆွဲရင်း ရုပ်ရည်ချောမောလှပ၍ စိတ်ဓာတ် ရက်စက်ကြမ်းကြုတ်သော ကာတွန်းဇာတ်ကောင်များ ရေးဆွဲခြင်းများ ပြုလာကြသည်။
ထိုဇာတ်ကောင်များစု၍ ဇာတ်လမ်းတစ်ခုလုပ်ပြီး ဂိမ်းတစ်ခုဖန်တီးကြရအောင်ဟု စဉ်းစားမိကြပြန်သည်။၎င်းကို လျှို့ဝှက်ကြောက်စရာဇာတ်ကောင် လူမှုကွန်ယက် (Serious Character Community) ဟု ခေါ်လိုက်ကြသည်။
ထိုအဖွဲ့သည် လူများအား ရက်ရက်စက်စက်သတ်ဖြတ်သော စိတ်ကူးယဉ်ဇာတ်ကောင်များ စုစည်းထားသည်။
လူသတ်ဂိမ်း စတင်လေပြီ။
*====*====*====*====*====*
ထို လူမှုကွန်ရက် အက်ပလီကေးရှင်းကို ဦးစီးသူ ( president ) ရှိ သည်။ သူက အစပထမတွင် အုပ်စုအဖွဲ့များ ခွဲလိုက်သည်။
- သာမန်ကွန်ပျူတာဂိမ်းအုပ်စု
- နေ့စဉ် သာမန် စားဝတ်နေရေး အထွေထွေအုပ်စု
- လျှို့ဝှက်ကြောက်စရာ ဇာတ်ကောင်များအုပ်စု (အထက်ဖော်ပြ
ပါ ပုံဆွဲအုပ်စု)

- လိင်စိတ်ဝင်စားသောသူများအုပ်စု

- ယောဂကျင့်စဉ်အုပ်စု

စသည် စသည်ဖြင့် ...

*====*====*====*====*====*

၎င်းတို့အထဲမှ လျှို့ဝှက်ကြောက်စရာဇာတ်ကောင်များ လူမှုကွန်ယက် အဖွဲ့သည် လူကြိုက်အများဆုံး ဖြစ်လာသည်။

ဦးစီးစီမံခန့်ခွဲသူက အွန်လိုင်းအဖွဲ့ဝင်များကို ပုံများဆွဲ၍ တင်ပြခိုင်းသည်။ သူက ဇာတ်ကောင်ကို အကြမ်းဖျဉ်း သတ်မှတ်ပေးသည်။

ဥပမာ - လူသတ်ကောင် ...
အသက် ၁၇ နှစ်။ ချောသည်။ အရပ်ရှည်သည်။ ဗလတောင့်သည် စသည်ဖြင့် ...
ထိုအခါ အသင်းဝင်များက ပုံများရေးဆွဲ၍ ပို့ကြသည်။

မိမိဇာတ်ကောင်၏ စိတ်နေစိတ်ထား စွမ်းဆောင်နိုင်ပုံများကို ရေးသားတင်ပြရသည်။
၎င်းင်းအထဲမှ လူအများဆုံးကြိုက်သည့် ဇာတ်ကောင်သည် ဇာတ်လိုက်ဖြစ်လာသည်။

ဂိမ်းဦးစီးသူက (like ) အများဆုံးရသော ဇာတ်လိုက်ကို ရွေးချယ်လိုက်သည်။

*====*====*====*====*====*

ဂိမ်းဦးစီးသူသည် လူသတ်ကောင်၊ ဓားစာခံ၊ သားကောင်၊ ရဲ၊ မိဘ စသည်ဖြင့် ထပ်ရွေးချယ်လိုက်သည်။

သူတို့သည်လည်း သူတို့ဇာတ်ကောင်အတိုင်း သရုပ်ဆောင်၍ မက်ဆေ့ခ်ျအပြန်အလှန် ပို့ကြသည်။

သို့သော် ထိုဂိမ်းတွင် လူသတ်ကောင်က ဇာတ်လိုက်ဖြစ်သည်။

ရဲက ဇာတ်လိုက်မဟုတ်ပါ။
ထိုလူသတ်ကောင်တွင် fan များစွာရှိသည်။ သူက စကားတစ် ခွန်းပြောလိုက်လျှင် အောင်မြင်သော ပါဝါရှိသည်။

ထို့နောက် အရွေးချယ်ခံရသော သူတို့သည် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖွဲ့၍ ပထမအဖွဲ့အနေနှင့် အခြားသူများနှင့် ခွဲထွက်သွားလေတော့သည်။ ကျန်သူများ အားကျ၍ ကျန်ရစ်သည်။

ကျန်သူများသည်လည်း အခြားဂိမ်းအသစ်တစ်ခုဖန်တီးရန် ပုံများထပ်ဆွဲ၍ တင်ကြပြန်သည်။ ဦးစီးသူက ခွဲထွက်သွားသောလျှို့ဝှက်အုပ်စု၏ ဇာတ်ကောင်များနှင့် ဂိမ်းကို သည်လိုစသည်။

*====*====*====*====*====*

ကျွန်တော်တို့ဂိမ်း စပါပြီ။
ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြပါ။ ဂိမ်းမပြီး
ခင် မထွက်ကြပါနဲ့။ ဦးစီးသူက သူရွေးချယ်ထားသောဇတ်လမ်းကို ချပြသည်။

“ကျွန်တော်တို့ဟာ ကျူရှင်ကျောင်းတစ်မှာ ပိတ်မိနေပါပြီ။ ထွက်ပေါက်ရှာကြပါ ... ထွက်ပေါက်ရှိပါတယ်။ထွက်ဖို့ကြိုးစားတဲ့ လူတွေကို လူသတ်ကောင်က သတ်ပစ်ကြပါ
မယ်။ ကိုယ်ကြိုက်တဲ့လက်နက်ကို အသုံးပြုပြီး ကြိုက်တဲ့နည်းနဲ့ ပြန်သတ်လို့ရပါတယ်။ နောက်ဆုံး တစ်ယောက်ယောက်က အသက်ရှင်ပြီး ကျူရှင်အခန်းထဲက ထွက်နိုင်ရင် ဂိမ်းပြီးပါပြီ”

*====*====*====*====*====*

ထို့နောက် မိမိတို့သည် မိမိတို့ဆွဲထားသော ဇာတ်ကောင်၏ စိတ် ဓာတ်အပြုအမူ အပြောအဆိုအတိုင်း အချင်းချင်း စကားပြောကြရသည်။

“ငါ့နာမည် မစ်ကီကွ။ သွေးနည်းတဲ့ကောင်တွေဆို ငါ့ကို မနှုတ်ဆက် နဲ့ကွာ”

ထိုသူသည် ဂိမ်း အစအဆုံး မစ်ကီကဲ့သို့ သရုပ်ဆောင်ပြောဆိုသည်။

ဂိမ်းကစားရင်း တစ်ယောက်နှင့်တစ်ယောက် အထင်ကြီးစေရန် အဆဲမျိုးစုံ ယုတ်ယုတ်မာမာ ရက်ရက်စက်စက် မက်ဆေ့ခ်ျ အပြန်အလှန် ရေးကြတော့သည်။ အပြင်လောကတွင် အနှိမ်ခံရသူများ၊ အပယ်ခံရသူများ ထိုအထဲတွင်သူရဲကောင်းဖြစ်ကြတော့သည်။

အပြင်၌ မဆဲရဲသူတို့က ဂိမ်းတွင် ဆဲဆိုကြ သည်။ သူတို့သည် ဇာတ်ကောင်ပုံများ ပိုမိုရက်ရက်စက်စက် အပြိုင်ရေးဆွဲ ကြတာ့သည်။

*====*====*====*====*====*

မည်သို့သော သတ်ဖြတ်နည်းက ပို၍ရက်စက်မည်ဟု အပြိုင်အဆိုင် စဉ်းစားကြသည်။ ဂိမ်းတစ်ခုပြီးသွားရန် ၃ လ မှ ၆ လ၊ တစ်နှစ်အထိ ကြာ သည်။

ထိုအခါ ဂိမ်းကစားခဲ့သူများအချင်းချင်း အွန်လိုင်းတွင် ရင်းနှီးကုန်
ကြသည်။

*====*====*====*====*====*

ထို့နောက် စိတ်ဝင်စားသူအချင်းချင်း love character ဟု ဇာတ်ကောင်ရည်းစားများဖြစ်ကြကာ ခွဲထွက်ပြီး လျှို့ဝှက်မက်ဆေ့ခ်ျ အပြန်အလှန် ပို့ကြပြန်သည်။ ဖုန်းနံပါတ်များ အပြန်အလှန်ပေးကြသည်။

တစ်ဆင့်တက်၍ အပြင်မှာ တွေ့ ကြသည်။ သူငယ်ချင်းဖြစ်သွားကြသည်လည်း ရှိသည်။ သို့သော် လူနည်းစုဖြစ်သည်။

ကျောင်းသားကျောင်းသူများ အချင်းချင်းတွေ့ကြကာ ဂိမ်းထဲမှလူမိုက်ပုံစံဖြင့် ဆက်ဆံပြောဆိုကြသည်။ အရက်သောက် ဆေးလိပ်သောက်ကြသည်။ လိင်ဆက်ဆံကုန်ကြသည်။

အချင်းချင်းရိုက်နှက်ခြင်း စသည်တို့ လည်း များစွာ ဖြစ်ပေါ်လာတော့သည်။

ထိုဇာတ်ကောင် လူမှုကွန်ယက် အပလီကေးရှင်းအား အသက် ၁၀ နှစ်မှ အသက် ၂၀ အထိ ကျောင်းသူများအများဆုံး အသုံးပြု ပါဝင်နေကြသည်။

ဆေးကျောင်းသား/သူ၊ အင်ဂျင်နီယာကျောင်းသား/သူ ကဲ့သို့ စာတော်သော ကလေးများမှစ၍ အထက်တန်း၊ အလယ်တန်းကျောင်းမှ ကျောင်းသူ များစွာ ပါဝင်နေသည်ကို တုန်လှုပ်ချောက်ချားဖွယ် တွေ့ရှိရလေသည်။

ထိုသူတို့သည် များသောအားဖြင့် အပြင်လောကတွင် လူမ၀င်ဆံ့သောသူများ ဖြစ်ကြသည်။

သူတို့၏ ဖြစ်ချင်သောဘ၀ကို ဂိမ်း၏ဇာတ်ကောင်အဖြစ် စိတ်ကူးယဉ်လိုက်ကြခြင်းဖြစ်သည်။
ထိုဂိမ်းသည် ဟမ်းဖုန်းဂိမ်း ကွန်ပျူတာဂိမ်းတို့နှင့် လုံးဝမဆိုင်သော ဂိမ်းအသစ်ဖြစ်သည်။

*====*====*====*====*====*

ကင်မ်ဆိုသောမိန်းကလေး၏ သည် ပုံဆွဲတော်၍ character community များတွင် နာမည်ကြီးသူဖြစ်သည်။ အမြဲလိုလို ဇာတ်လိုက်ဖြစ်သည်။

သူမသည် အမည်အမျိုးမျိုးဖြင့် ဂိမ်းအသီးသီးတွင် ဇာတ်လိုက်လုပ်နေသည်။ ထို့နောက် ကင်မ်သည် မိန်းကလေးများအား ရည်းစားအဖြစ် ကမ်း လှမ်းသည်။

မိန်းကလေးများက ကင်မ်အား ယောက်ျားလေးတစ်ယောက်ဟု ထင်နေကြသည်။

ကင်မ်သည် မိန်းကလေးတို့၏ စိတ်ကူးယဉ်မင်းသားလေးဖြစ်လာသည်။

မိန်းကလေးများအား ကင်မ်သည် သူ ယောက်ျားလေးတစ်ယောက်ဟု လိမ်ပြောထားသည်။

ရည်းစားအဖြစ် လက်ခံမိရာမှ အပြင်လောကတွင် လာတွေ့သည်မှာ မိန်းကလေးဖြစ်နေ၍ အံသြသွားကြသည်။ ထိုအခါ ရှောင်ပြေးကြတော့သည်။

*====*====*====*====*====*

အားနာတတ်သော မိန်းကလေးအချို့သာ ကင်မ်အား ထပ်မံတွေ့ဆုံကြသည်။

“ငါတို့ဂိမ်းကစားတုန်းက ဇတ်လမ်းထဲမှာ နင်က ငါ့ကို လာကူတယ်လေ။ အဲဒီကစပြီး နင့်ကို ချစ်မိတာ”

ထိုအခါ မိန်းကလေးများက မိန်းကလေးအချင်းချင်း ရည်းစားမဖြစ်လိုသော်လည်း ဂိမ်းတွင် ဆရာကြီးဖြစ်နေသော ကင်မ်နှင့် မိတ်မပျက်လို၍ အလိုက်သင့်ပြောကြသည်။

*====*====*====*====*====*

သို့သော် ကင်မ်က ဖုန်းခဏခဏဆက်သည်။ ဖုန်မကိုင်လျှင် ဒေါသ တကြီးဆဲဆို၍ မက်ဆေ့ခ်ျပို့သည်။ ဟိုကလာစောင့် ဒီကလာစောင့်နှင့် သူမလက်ထဲမှ ပြေးလွတ်ရန် ခက်ခဲလှလေသည်။

အခြားမိန်းကလေး သူငယ်ချင်းများနှင့်တွေ့လျှင် သ၀န်တိုသည်။စာများရေး၍ စာတိုက်မှပို့သည်။ ထိုအခါ မိန်းကလေးတို့သည် ကြောက်လန့်၍ ရှောင်ပြေးကြလေတော့သည်။

အသက်မပြည့်၍ တရားမ၀င်သော်လည်း ကင်မ်သည် အရက် လည်း သောက်သည်။ မူး၍ရစ်သည်။

နောက်ဆုံး သူမနှင့် ရည်းစားဖြစ်သော မိန်းကလေးမှာ ဘာ့ခ်ဖြစ်သည်။

ထိုကျောင်းသူနှစ်ယောက် နမ်းကြသည့်အကြောင်းများကိုလည် ဖုန်း မက်ဆေ့ခ်ျတို့တွင် ရေးထားကြသည်။

ကင်မ်သည် ဘာ့ခ်အထင်ကြီးစေရန် ရက်စက်ကြမ်းကြုတ်သောပုံများကို ပို၍ ရေးဆွဲလာသည်။ သူမကိုယ် သူမလည်း သူရဲကောင်းဟီးရိုးဟု ထင်လာသည်။

ဘာ့ခ်ဟူသော အွန်လိုင်းဂိမ်းပေါ်မှ ချစ်သူမိန်းကလေးအား သူမအစွမ်းအစကို သိစေရန်၊ အထင်ကြီးစေရန် အသက် ၈ နှစ်အရွယ် ရီဆိုသော ကလေးမလေးအား ရက်ရက်စက်စက် သတ်ပြလိုက်ခြင်းဖြစ်သည်။

ထောက်လှမ်းရေးတို့က ကင်မ်နှင့်ဘာ့ခ်ဖုန်းများအား စစ်ဆေးသောအခါ သူတို့နှစ်ဦးအား တောင်ကိုရီးယားပြည်သူတို့ ပို၍ စိတ်နာကုန်ကြသည်။

ကလေးမလေးရီကို မသတ်ခင်ည ...

ကင်မ်နှင့်ဘာ့ခ်တို့သည် ညဖက် မအိပ်ဘဲ ၂ နာရီ ၁၀ မိနစ်ကြာ ဖုန်းပြောခဲ့ကြသည်။

*====*====*====*====*====*

၂၀၁၇ ခုနစ် မတ်လ ၂၉ ရက်နေ့ (မနက် ၁၀ နာရီ ၅၀ မိနစ်)

ကင်မ်သည် သူမမိခင်၏ နေကာမျက်မှန်အင်္ကျီတို့ကိုဝတ်၍ သူမကိုယ်သူမ ဓာတ်ပုံရိုက်သည်။

ထို့နောက် ကင်မ်က ဘာ့ခ်ထံ သူမဓာတ်ပုံ ပို့လိုက်သည်။

*====*====*====*====*====*

ထို့နောက် ဖုန်းမက်ဆေ့တစ်ခု ထပ်ပို့လိုက်သည်။

“အမဲလိုက်ထွက်တော့မယ်”

ရက်စက်လေခြင်း။
လူလူချင်း အမဲလိုက်သည်တဲ့လား။

“နင် အမဲလိုက်လို့ရတဲ့အသားတချို့ ငါ့ကိုလက်ဆောင်ပေး”

ဘာ့ခ်က မက်ဆေ့ခ်ျ ပြန်ပို့သည်။

“စိတ်ချ ... ပေးမှာပေါ့”

*====*====*====*====*====*

ကင်မ်က ဘာ့ခ်ထံ မက်ဆေ့ခ်ျ ထပ်ပို့လိုက်သည်။

“ဟယ် ... ကစားနေတဲ့ ကလေးမလေးတွေထဲမှာ ဟိုတစ်ယောက် ဆံပင်အရှည်လေးနဲ့ သိပ်လှတယ်။ သေလို့ရပြီဟေ့ တော်တော်ချစ်ဖို့ကောင်း တာ။ သနားစရာဟယ် ဘယ်လိုလုပ်ရမလဲ ... ဟား ...”

ဘာ့ခ်က ...
“ကျွတ် ... ကျွတ် ... သနားစရာ”

ကင်မ် ပစ်မှတ်သားကောင် တွေ့လေပြီ။
ကံဆိုးလှသော သမီးလေးရီက ကင်မ်ထံ တန်းတန်းမတ်မတ်လျှောက်လာ၍ ဖုန်းလာငှားတော့ အတော်ပဲဖြစ်သွားသည်။

*====*====*====*====*====*

“ဖမ်းလာပြီ ... အခြေအနေပေးလို့ လွယ်လွယ်ရခဲ့တယ်”

“အသက်ရှင်နေသေးလား။ ဃဃွှဠ သေချာရှောင်ရဲ့လား”

“အသက်ရှင်သေးတယ်ဟ ... ခုနကပြောတဲ့ မိန်းကလေး”

“လည်ပင်းကို ကြိုးနဲ့ပတ်ထားတယ်”

“ကောင်မလေးရဲ့ လက်လေးတွေ လှရဲ့လား”

“အင်း ... လက်လေးတွေ သိပ်လှတယ်”

၁၇ နှစ်အရွယ် ကင်မ်သည် ၈ နှစ်အရွယ် ကလေးမလေးရီ၏ လည်ပင်းအား ကြိုးဖြင့်ပတ်၍ သတ်လိုက်သည်။

*====*====*====*====*====*

သတ်ပြီးသောအခါ သူမ အလွန်တုန်လှုပ်သွားသည်။

သူမက ...
“ငါ နေလို့မရတော့ဘူး။ အန်ချင်တယ်”

ဘာ့ခ် ...
“စိတ်ငြိမ်ငြိမ်ထားစမ်း။ အစစ အရာရာ သေသေသပ်သပ်ဖြေရှင်း”

ထို့နောက် ကလေးမလေးရီ၏ ခန္ဓာကိုယ်တို့ကို ပိုင်းဖြတ်၍ ပလပ်စတစ်အိတ်နှစ်အိတ်နှင့် ခွဲထည့်သည်။

ကလေးမလေး ရီ၏လက်အားဖြတ်၍ အသားတချို့အား လူသားလက်ဆောင်လိုချင်နေသည့် ဆိုးလ်မြို့ရှိ ဘာ့ခ်အား နေ့ချင်းသွားပေးလိုက်သည်။

*====*====*====*====*====*

သူတို့နှစ်ယောက် ကော်ဖီဆိုင်မှာတွေ့ကြ၍ ဘာ့ခ်က အိမ်သာထဲ သွားကာ သမီးလေးရီ၏ လက်ချောင်းလေးများ၊ အသားအပိုင်းအစများ၊ အဆုတ်များပါသည့် အိတ်ကို ဖွင့်ကြည့်ခဲ့သည်။

“ဟယ် ... လက်ချောင်းလေးတွေက လှလိုက်တာ”

ဘာ့ခ်က ပြောခဲ့သည်။ သူမတို့နှစ်ယောက်လုံး ဆန်္ဒပြည့်ဝ၍ ပျော်ရွှင်နေခဲ့ကြသည်။ ထိုအသားတို့ကို ယခုအထိ ရှာမရ။

*====*====*====*====*====*

ဘာ့ခ်က ထိုအသားစတို့ကို သေးသေးလေးတွေလှီး၍ အစားအစာအမှိုက်ထုပ်ထဲ ထည့်ပစ်ခဲ့သည်။

အမှိုက်သိမ်းကားထဲပါသွားသည်ဟု ပြောသည်။

တချို့က ဘာ့ခ်သည် ထိုအသားတို့ကို စားလိုက်သည်ဟု ခန့်မှန်းကြပြန်သည်။

ထောင်ထဲဝင်ခါနီးအထိပင် သူမ၏ ဂိမ်းကစားဖက်တို့အား ...

“ငါ ရက်အနည်းငယ် နင်တို့နဲ့ ကစားဖြစ်မှာမဟုတ်ဘူး။ ပြန်ဆုံကြ မယ်နော်” ဟု ဂိမ်းထဲဝင်၍ နှုတ်ဆက်သွားသေးသည်။

သူမသည် ကလေးမလေး၏ အသက်ဆုံးရှုံးမှုကို ၀မ်းနည်းဖို့နေနေ သာသာ အရေးပင်မလုပ်။

ထောင်ထဲတွင်နေစဉ် ကင်မ်က သူမအားစစ်သောထောက်လှမ်းရေးက ချောသည်ဟု အမှုစစ်ရန်လာခေါ်တိုင်း အလှပြင်သည်။

ထို့ကြောင့် ကျန်အကျဉ်းသားမိန်းမများက ၀ိုင်းရိုက်ကြသည်။

*====*====*====*====*====*

ထို့အပြင် ကင်မ် မျက်ရည်ကျနေသည်ကိုတွေ့၍ အမှုစစ်ထောက်လှမ်းရေးအရာရှိက မေးမြန်းရာ ...

“ပန်းတွေ ပွင့်နေလောက်ပြီ။ ဒီေ-ာက်ပြဿနာတက်နေလို့ ပန်းတွေတောင် မကြည့်ဖြစ်ဘူး။ ၀မ်းနည်းလိုက်တာ” ဟု ပြောသည်။

တရားခွင်တွင် တောင်းပန်ပါတယ်ဟု အော်ဟစ်ငိုယိုခြင်းသည် သူမ အပြစ်ပေါ့ရန်အတွက်ဖြစ်သည်။

သမီးလေးရီ သေဆုံးခဲ့သည်ကို သနားကြင်နာ၍ နောင်တရမှုမရှိဟု စိတ်ပညာရှင်တို့က အတည်ပြုခဲ့သည်။

“ကျွန်မတောင် ထောင်ကျရမှာမို့ စိတ်ညစ်နေရတဲ့အထဲ ကျန်ရစ်သူ မိသားစုတွေဘာတွေ လာပြောမနေနဲ့ စိတ်မ၀င်စားဘူး”

*====*====*====*====*====*

ထိုကဲ့သို့ character community တစ်မျိုးကို အပျော်အနေဖြင့် စတင်လိုက်သော ဂိမ်းသည် မထင်မှတ်ပဲ ကျောင်းသားလူငယ်တို့ စိတ်ဓာတ်များအား အဖတ်ဆယ်မရအောင် ပြောင်းလဲပစ်လိုက်လေသည်။

ထိုမိန်းကလေးနှစ်ယောက်သည် သမီးလေးရီအား သတ်ဖြတ်ခဲ့ သည့်အတွက် တစ်စက်ကလေးမှ နောင်တရမှုမရှိခြင်းသည် တောင်ကိုရီးယား ပြည်သူတို့အား ထိတ်လန့်စေသည်။ စိတ်နာစေသည်။

*====*====*====*====*====*

တရားသူကြီးသည် ထိုကျောင်းသူနှစ်ယောက်အား အလုပ်ကြမ်းနှင့် မသေမချင်းထောင်ထဲတွင် နေစေရန် အပြစ်ဒဏ် ချမှတ်သင့်သော်လည်း အသက်မပြည့်သော လူငယ်ဥပဒေ အရ အသက်မပြည့်သောကင်မ်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ သာ ချမှတ်ခဲ့ရသည်။

*====*====*====*====*====*

တောင်ကိုရီးယား အသက်မပြည့်လူငယ်များအထဲတွင် သူမသည် အပြင်းထန်ဆုံး အပြစ်ပေးခံရခြင်းဖြစ်သည်။

အသက်ပြည့်သော ဘာ့ခ်အား အလုပ်ကြမ်းနှင့် မသေမချင်း ထောင်ထဲတွင်နေရန်ဟူသော ကိုရီးယားနိုင်ငံ၏ အကြီးလေးဆုံးအပြစ်ဒဏ် ချမှတ် လိုက်သည်။

တရားခံများသည် မသေမချင်းထောင်ဒဏ်ဟု တရားသူကြီးအမိန့်ကို ကြားလျှင် မေ့လဲကြသူများလည်းရှိသည်။

အနည်းဆုံးတော့ မျက်ရည်ကျကြသည်။
ထိတ်လန့်ဖွယ်ကောင်းသည်မှာ ထိုကျောင်းသူနှစ်ယောက်သည် တရားသူကြီး၏အမိန့်ကို ကြားရသည့်တိုင် မျက်နှာတစ်ချက်မပျက်ပေ။

*====*====*====*====*====*

ကမ်းကုန်အောင် ရက်စက်ယုတ်မာ၍ သနားကြင်နာမှုကင်းမဲ့သော၊ အကြောက်တရားကင်းမဲ့သော ဆယ်ကျော်သက်မိန်းကလေးများ သည်နိုင်ငံတွင် ရှိနေလေပြီ။

*====*====*====*====*====*

“တရားသူကြီးမင်းရှင့် ... ဒီမှာကြည့်ပါဦး။ သမီးလေးမသိအောင် သမီးလေးရီအတွက် ၀ယ်ထားတဲ့ဟမ်းဖုန်း။ ဟမ်းဖုန်းကိုင်ရင် ပျက်စီးမှာစိုးလို့ မပေးသေးဘဲ သိမ်းထားမိတာပါ။ အခုတော့ ကျွန်မသမီးလေးဟာ ဟမ်းဖုန်းမရှိလို့ သူမချစ်တဲ့ အမေဖြစ်တဲ့ ကျွန်မကို ဖုန်းဆက်ချင်လို့ သေဆုံးခဲ့ရပြီ။ သေတဲ့အထိ ဖုန်းဆက်ခွင့်မရခဲ့ပါဘူး”

သမီးလေးရီ၏ မိဘများသည် သမီးလေးရီနှင့်အတူနေခဲ့သော ထိုနေရာတွင် ဘယ်လိုမှ ဆက်နေထိုင်၍မရတော့။ ရူးသွပ်မတတ် ကြေကွဲနေရတော့သည်။ အိမ်ပြောင်းရန် ဆုံးဖြတ်လိုက်ကြသည်။

*====*====*====*====*====*

မိဘများထက် သားသမီးများက အရင်သေဆုံးသွားကြလျှင် မိဘများသည် သူတို့သားသမီးများအား မြေ၌မမြှုပ်၊ ရင်၌မြှုပ်သည်ဆိုသည့်စကား မှန်လှပေသည်။

*====*====*====*====*====*

အိမ်ပြောင်းရန် အိမ်ပြောင်းဌာနမှ ပစ်္စည်းများအားလုံးတင်ပြီးသည် အထိ သမီးလေးရီအခန်းထဲတွင် မိဘနှစ်ပါး ငိုယိုနေကြသည်။
နောက်ဆုံး မိဘများက တိုက်ခန်းပေါ်မှ ဆင်းလာကြစဉ် ...

သူတို့မထင်ထားသည့် ရာနှင့်ချီသော လူအုပ်ကြီးသည် ပန်းများကိုင်၍ စောင့်နေကြလေသည်။

“မင်းတို့နဲ့ထပ်တူ ၀မ်းနည်းပါတယ်ကွာ”

ရီ၏မိဘများ အိမ်ပြောင်းသွားသည်ကို လူအုပ်ကြီးက ၀မ်းနည်းစွာ မျက်ရည်ကျ၍ ကားနောက်မှ ပြေးလိုက် နှုတ်ဆက်ကြသည်။

*====*====*====*====*====*

ကင်မ်၏မိဘများကတော့ လူမသိ သူမသိ ညဖက်တွင် ခိုး၍ပြောင်းပြေးကြသည်။

သို့သော် ရပ်ကွက်ထဲမှ သိသွား၍ ကြက်ဥများ၊ ဆားများဖြင့် ပစ်ပေါက်ကြသည်။

သူတို့ ဘယ်ပြောင်းသွားသည်ကို သိထားလို၍ ကားများ တစ်စီ တစ်တန်းကြီးလိုက်သွားပြီး လိုက်ကြည့်ထားကြလေသည်။

ကင်မ့်မိဘများ ကြောက်လွန်း၍ ကားအပြင်သို့ မထွက်ရဲကြ။ ရဲစခန်းမှ လာရောက်ကူညီသည်အထိ ဖြစ်ရသည်။

ထိုဖြစ်ရပ်ဖြစ်ပြီး မိဘများ၏စိုးရိမ်မှုသည် အထွတ်အထိပ် ရောက်ခဲ့သည်။ လူသတ်ကောင်သည် ယောက်ျားရင့်မကြီးမဟုတ်။ မိန်းကလေး ငယ်ငယ်ရွယ်ရွယ်။

မိန်းကလေးအချင်းချင်း ကျောင်းသူအချင်းချင်းတောင် ယုံကြည်၍ မရသောခေတ်။

ယခုအခါ မိဘများ ရင်းနှီးသူအချင်းချင်း အုပ်စုသပ်သပ်ဖွဲ့၍ ကိုယ့်အုပ်စုမှကလေးများကို အလှည့်ကျ ကျောင်းလွှတ်ချိန်တွင် စောင့်ကြည့်ကြတော့သည်။

*====*====*====*====*====*

ကြောက်စရာကောင်းသော လောကကြီး ...

မိမိအား အန္တရာယ်ပြုမည့်သူသည် ဆယ်ကျော်သက်အရွယ် မိန်းမငယ်လေးလည်း ဖြစ်နိုင်လေသည်။

ထို ဆယ်ကျော်သက်တို့၏ စိတ်ဓာတ်အား ပြောင်းလဲပစ်လိုက်သော တရားခံ မည်သူဖြစ်သနည်း။

*====*====*====*====*====*

ဟမ်းဖုန်း ...
သမီးလေးရီကတော့ ဟမ်းဖုန်းမရှိ၍ အသတ်ခံရလေသည်။

ကင်မ်ကတော့ ဟမ်းဖုန်းရှိသောကြောင့် လူသတ်သမားဖြစ်တော့သည်။

ဟမ်းဖုန်းသည် မရှိလျှင်လည်းမဖြစ်။
ရှိလျှင်လည်း သုံးတတ်မှ အသုံးဝင် တန်ဖိုးရှိပါမည်။

*====*====*====*====*====*

ယခု သင့်လက်ထဲမှ ဟမ်းဖုန်းသည် သင့်အတွက် မည်သည့်အရာဖြစ်သနည်း။

စီးပွားရေး၊ ပညာရေး၊ လူမှုရေး အကျိုးပြုအလုပ်များကို တစ်ထောင့်ထောင့်မှ ကူညီလုပ်ဆောင်ပေးသော အသုံးဝင်သောအရာတစ်ခု ဖြစ်ပါ သလား။

ဟန်းဖုန်းသည် သင်၏ တန်ဖိုးရှိသော အချိန်များအား ၀ါးမျိုနေသော သင့်အား ထိန်းချုပ်ထားသော သင်၏အရှင်သခင် ဖြစ်နေလေပြီလား ...

အဖြေကို ရှာနိုင်ကြပါစေ။
အသုံးပြုတတ်ကြပါစေ။

မရွှေမိုး ( ကိုရီးယား )
May 14th, 2019.

"Online ပေါ်မှ လူသတ်သမားများ"
မရွှေမိုး ( ကိုရီးယား ) စာအုပ်မှ

References
자캐 커뮤니티
최근 수정 시각: 2017-12-19 02:20:57

Trial begins in gruesome Incheon murder case by Korea Joongang Daily
June 16,2017

TEENAGER WHO MURDERED AND DISMEMBERED 8 YEAR OLD GIRL IN INCHEON GETS 20 YEARS IN PRISON
SEPTEMBER 25, 2017GIKOREA

Teenagers get 20-year, life sentences in kidnapping and murder of 8-year-old girl by Yonhapnews Agency
2017-09-22 15:44

인천 동춘동 초등학생 유괴 살인사건
최근 수정 시각: 2017-12-18 16:55:31

(LEAD) Teens get maximum sentences for kidnapping, murder of young girl on 2017-09-22 17:16 By Yonhap news

No comments:

Post a Comment