Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 9, 2019

ေဖာ္ျပပါ ပစၥည္း ေတြ ထဲကမွ ….အနည္းဆုံး တစ္ခုေလာက္ …..သုံးဖူးတယ္ဆို ရင္…


ေဖာ္ျပပါ ပစၥည္း ေတြ ထဲကမွ ….အနည္းဆုံး တစ္ခုေလာက္ …..သုံးဖူးတယ္ဆို ရင္… ဒီပို႕ကို… ဆုံးေအာင္ဖတ္ေစခ်င္တယ္ဗ်ာ…

လိပ္ေရႊေရႊ စားဖူးလား ။ အုန္းေမႊးလံုး စုပ္ဖူးလား ။ M ကြန္ပါဗူးတစ္ဗူးကိုေရာ ေက်ာင္းသား ၆၀ ေလာက္ မဲႏိႈက္ယူရတဲ့ေခတ္ကို မင္း ၾကံဳဖူးလိုက္သလား ။

အဲ့ဒီေခတ္က ေဟာင္းပါတယ္ ။ ႏိုင္ငံေရးလြတ္လပ္မႈဆိုတာလည္း ဇစ္အေသပိတ္ထားတဲ့ ပါးစပ္ေတြလို

တီးတိုးတီးတိုးေတာင္ သဖန္းပိုးလို႔မရခဲ့ဘူး ။ ပညာေရးသိုး ၊ အိပ္မက္သိုး ၊ ကုန္ကုန္ေျပာရရင္ အနာဂါတ္ေတြေတာင္ သြန္မပစ္ရရံုတမယ္ သိုးလုသိုးခင္ ျဖစ္ခဲ့တယ္ ။

အဆိုးထဲက အေကာင္းေလးရွာေျပာပါဆိုရင္ေတာ့ အဲဒီ့ေခတ္ ကေလးတစ္ေယာက္ရဲ႕ အခ်ိန္လက္တံဟာ အေရြ႔ေနွးခဲ့တာပဲ ။

အခုေခတ္အခုအခါလို မိုးစုံးစံုးခ်ဳပ္ေအာင္ထိ ဘယ္ကေလးမွ က်ဴ႐ွင္ေတြ မတက္ၾကရဘူး ။ အလြန္ဆံုးတက္ရ တစ္တန္းတစ္ေလေပါ့ ။

နာရီဝက္ ၊တစ္နာရီေပါ့ ။ ဒါၿပီးရင္ ေဆာ့ပါေလ့ ။ ေယာက်္ားေလးေလး မိန္းကေလးေလး အရြယ္ငယ္ေသးရင္ စြပ္က်ယ္ နဲ႔ ေဘာင္းဘီတိုဝတ္

၊ သြား တစ္ခုခုပူပူေႏြးေႏြးစားၿပီး လူစံုရာ ေဆာ့ေခ်ပဲ ။

လက္မွာလည္း သားေရကြင္းေတြဆိုတာ အထပ္လိုက္ ။ ေဘာင္းဘီအိပ္ထဲမွာလည္း ပိုလိုကားေတြဆိုတာ အထပ္လိုက္နဲ႔ ကေလးေတြက်တဲ့

ေခြၽးဟာ ေဆာ့လြန္းလို႔ က်တဲ့ေခြၽးပဲ ျဖစ္တယ္ ။ ခုလိုက်ဴ႐ွင္ကူးေနရလို႔ က်တဲ့ေခြၽး မဟုတ္ဘူး ။

ရာသီခ်ိန္အလိုက္ အဲဒီ့တုန္းက မိုးေတြလည္း ရြာတယ္ ။ ေနေတြလည္း သာတယ္ ။ က်ယ္ေျပာတဲ့ေကာင္းကင္မွာ ရြယ္တူေတြ

လႊတ္တင္ထားတဲ့ စြန္ေရာင္စံုေတြရွိတယ္ ။ မက်ဥ္းေသးတဲ့ ရပ္ကြပ္ထိပ္ေတြမွာ ဇြန္းတစ္ေခ်ာင္းနဲ့ တူးထားတဲ့ ေပသီးႂကြင္းေတြ႐ွိတယ္ ။

“ဝမ္းဂ်င္.. စြပ္” ဆိုတာ ညေန ေက်ာင္းဆင္းၿပီးရင္ ၾကားရတဲ့ အသံေတြပဲ ။ မနက္လင္းရင္ လက္ဖက္ရည္သြားဝယ္မယ္ ။ အီၾကာေကြးနဲ႔ တို႔စားမယ္ ။

တစ္ခါတစ္ခါ အေဖေခၚသြားရင္ လက္ဖက္ရည္ဆိုင္မွာ ပန္ကန္ျပားထဲ လက္ဖက္ရည္ထည့္ ေသာက္ရမယ္ ။ ေန႔ခင္းေန႔လယ္

အိမ္မျပန္ခ်င္ေတာ့တဲ့ေန႔ေတြဆို အေမထည့္ေပးလိုက္တဲ့ လက္သုပ္ပုဝါစည္း ဒန္ထမင္းဘူးေလးကို ေက်ာင္းမွာ သူငယ္ခ်င္းေတြနဲ႔ ဖြင့္စားျဖစ္မယ္ ။

အဲ့တုန္းက သူရဲေကာင္းဟာ ရပ္ကြက္ရံုက ပါဝါရိန္းဂ်ားအျပင္ အပိုမ႐ွိဘူး ။ အိမ္ႏွစ္ဆယ္ေလာက္မွ တစ္လံုးေလာက္႐ွိတဲ့ T.V ထဲက စြန္းဝူခံုးအျပင္ အပိုမ႐ွိဘူး ။

သၾကၤန္မွာ စတီးေရႁပြတ္ကိုင္ႏိုင္ရင္ အေကာင္ပဲ ။ သီတင္းကြၽတ္မွာ ေျဗာက္အိုး ခိုးေဖာက္ႏိုင္ရင္ အေဂၚပဲ ။

မိသားစုလက္စံုစားတဲ့ ထမင္းဝိုင္းေလးေတြဟာ အဲဒီ့ေခတ္ရဲ႕ ၾကည္ႏူးဖြယ္ပံုရိပ္ ။ဟင္းခ်က္လို႔ င႐ုတ္သီးပါရင္

‘ ေညႇာ္ဗ်ိဳ႕’ ဆိုၿပီး တေလးတစားျပဳတတ္တာဟာ အဲဒီ့ေခတ္ရဲ႕ ႏွစ္လိုဖြယ္နီတိ ။

ေလးဆင့္ထိုး သစ္သားစင္တန္းေလးေတြနဲ႔ စာအုပ္ဆိုင္ေလးေတြ႐ွိတယ္ ။ ေႏြရာသီဆို လက္ညႇပ္ကတ္ေၾကးႀကီး

‘တဂတ္ဂတ္’ နဲ႔ ေ႐ွ႕ဆံပင္ ေနာက္ဆံပင္ ေျပာင္ေနေအာင္ ညႇပ္ေပးတဲ့ ဆံသဆိုင္ေလးေတြ ႐ွိတယ္ ။

အခုေတာ့ ေခတ္ဟာ ပန္ကာတစ္လက္လို တရစပ္ လည္သြားခဲ့ၿပီ ။ ကေလးေတြရဲ႕ ပခံုးႏွစ္ဘက္ဟာ ေက်ာပိုးအိတ္အေလးခ်ိန္ကို

မိဘအတၱေတြဆင့္ၿပီး လြယ္ထားတတ္ၾကၿပီ ။ ရီထိုးတမ္း ၊ သိုင္းခ်တမ္း ၊ ထုတ္ဆီးထိုးတမ္း ၊ ကုကၠဳသီးနဲ႔လွမ္းထုတဲ့ စစ္တိုက္တမ္းဆိုတာေတြကို

သူတို႔ေလးေတြ သိမွာမဟုတ္ေတာ့ ။ ‘ရတနာပန္းခင္း’တို႔ ၊ ‘တြတ္ပီတို႔ ဒီေန႔ကံမေကာင္းပါလား’ တို႔ ၊ စံုေထာက္ႀကီးဦးစံရွားရဲ႕

‘မွားတဲ့အခါလည္း မွားေပမေပါ့’ ေတြကို သူတို႔ေလးေတြ မက္စက္တတ္မွာ မဟုတ္ေတာ့ ။

ဒီေခတ္မွာ တိုးတက္ရာေတြ႐ွိတာ ျငင္းမရပါဘူး ။ ကိုယ္တိုင္ စီးေမ်ာေနခဲ့လို႔ လြယ္ကူေခ်ာေမြ႔ရာ ေရလ်ဥ္တခ်ိဳ႕ကိုလည္း မကြယ္မဝွက္ဘဲ လက္ခံႀကိဳဆိုပါတယ္ ။

အခုက ေျပာင္းလဲေနတဲ့ ေခတ္အသစ္ကို အျပစ္တင္ေနတာမဟုတ္ဘဲ ေျပာင္းလဲသြားတဲ့ ကေလးေတြရဲ႕ တစ္စံုတစ္ရာေလးကို ႏွေမ်ာမိရံုေလးပါ ။

ေျပာင္းလဲခဲ့ၿပီျဖစ္တဲ့ လူႀကီးေတြရဲ႕ အတိတ္အစအနေတြကို ခဏတျဖဳတ္ေလး ျပန္ေကာက္ၾကည့္ခ်င္ရံုပါ ။

ဆိုင္လား မဆိုင္လားေတာ့ မသိေပမယ့္ ဒိီစာေလးေရးေနရင္း ဦးထီးရဲ႕ “ေပ်ာက္ဆံုးသြားတဲ့ နိဗၺာန္ဘံု’ကို သတိရမိပါရဲ႕ ။

သီခ်င္းစာသားေလးကိုဖြဖြၾကားေယာင္မိေတာ့ လြမ္းတဲ့စိတ္ေလးေတာင္ “နင့္ခနဲ”ေလး ျဖစ္မိရတယ္ ။

“ငယ္စဥ္က ကေလးတို႔ဘဝမွာ

ေပ်ာ္ပါးဖို႔ရာ လြယ္ပါတယ္

ကိုယ္ရတာနဲ႔ တင္းတိမ္ေရာင့္ရဲ

စားခ်ိန္မွာ ဝင္စားမယ္

အိပ္ခ်ိန္မွာ ဝင္အိပ္မယ္ …အပူအပင္ကင္းတဲ့ ကေလးေလးဘဝသာ”

မူရင္းေလးစားလ်ွက္ပါ…

————-

credit-ေအးရိပ္

Unicode Version
လိပ်ရွှေရွှေ စားဖူးလား ။ အုန်းမွှေးလုံး စုပ်ဖူးလား ။ M ကွန်ပါဗူးတစ်ဗူးကိုရော ကျောင်းသား ၆၀ လောက် မဲနှိုက်ယူရတဲ့ခေတ်ကို မင်း ကြုံဖူးလိုက်သလား ။

အဲ့ဒီခေတ်က ဟောင်းပါတယ် ။ နိုင်ငံရေးလွတ်လပ်မှုဆိုတာလည်း ဇစ်အသေပိတ်ထားတဲ့ ပါးစပ်တွေလို

တီးတိုးတီးတိုးတောင် သဖန်းပိုးလို့မရခဲ့ဘူး ။ ပညာရေးသိုး ၊ အိပ်မက်သိုး ၊ ကုန်ကုန်ပြောရရင် အနာဂါတ်တွေတောင် သွန်မပစ်ရရုံတမယ် သိုးလုသိုးခင် ဖြစ်ခဲ့တယ် ။

အဆိုးထဲက အကောင်းလေးရှာပြောပါဆိုရင်တော့ အဲဒီ့ခေတ် ကလေးတစ်ယောက်ရဲ့ အချိန်လက်တံဟာ အရွေ့နှေးခဲ့တာပဲ ။

အခုခေတ်အခုအခါလို မိုးစုံးစုံးချုပ်အောင်ထိ ဘယ်ကလေးမှ ကျူရှင်တွေ မတက်ကြရဘူး ။ အလွန်ဆုံးတက်ရ တစ်တန်းတစ်လေပေါ့ ။

နာရီဝက် ၊တစ်နာရီပေါ့ ။ ဒါပြီးရင် ဆော့ပါလေ့ ။ ယောကျ်ားလေးလေး မိန်းကလေးလေး အရွယ်ငယ်သေးရင် စွပ်ကျယ် နဲ့ ဘောင်းဘီတိုဝတ်

၊ သွား တစ်ခုခုပူပူနွေးနွေးစားပြီး လူစုံရာ ဆော့ချေပဲ ။

လက်မှာလည်း သားရေကွင်းတွေဆိုတာ အထပ်လိုက် ။ ဘောင်းဘီအိပ်ထဲမှာလည်း ပိုလိုကားတွေဆိုတာ အထပ်လိုက်နဲ့ ကလေးတွေကျတဲ့

ချွေးဟာ ဆော့လွန်းလို့ ကျတဲ့ချွေးပဲ ဖြစ်တယ် ။ ခုလိုကျူရှင်ကူးနေရလို့ ကျတဲ့ချွေး မဟုတ်ဘူး ။

ရာသီချိန်အလိုက် အဲဒီ့တုန်းက မိုးတွေလည်း ရွာတယ် ။ နေတွေလည်း သာတယ် ။ ကျယ်ပြောတဲ့ကောင်းကင်မှာ ရွယ်တူတွေ

လွှတ်တင်ထားတဲ့ စွန်ရောင်စုံတွေရှိတယ် ။ မကျဉ်းသေးတဲ့ ရပ်ကွပ်ထိပ်တွေမှာ ဇွန်းတစ်ချောင်းနဲ့ တူးထားတဲ့ ပေသီးကြွင်းတွေရှိတယ် ။

“ဝမ်းဂျင်.. စွပ်” ဆိုတာ ညနေ ကျောင်းဆင်းပြီးရင် ကြားရတဲ့ အသံတွေပဲ ။ မနက်လင်းရင် လက်ဖက်ရည်သွားဝယ်မယ် ။ အီကြာကွေးနဲ့ တို့စားမယ် ။

တစ်ခါတစ်ခါ အဖေခေါ်သွားရင် လက်ဖက်ရည်ဆိုင်မှာ ပန်ကန်ပြားထဲ လက်ဖက်ရည်ထည့် သောက်ရမယ် ။ နေ့ခင်းနေ့လယ်

အိမ်မပြန်ချင်တော့တဲ့နေ့တွေဆို အမေထည့်ပေးလိုက်တဲ့ လက်သုပ်ပုဝါစည်း ဒန်ထမင်းဘူးလေးကို ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ဖွင့်စားဖြစ်မယ် ။

အဲ့တုန်းက သူရဲကောင်းဟာ ရပ်ကွက်ရုံက ပါဝါရိန်းဂျားအပြင် အပိုမရှိဘူး ။ အိမ်နှစ်ဆယ်လောက်မှ တစ်လုံးလောက်ရှိတဲ့ T.V ထဲက စွန်းဝူခုံးအပြင် အပိုမရှိဘူး ။

သြင်္ကန်မှာ စတီးရေပြွတ်ကိုင်နိုင်ရင် အကောင်ပဲ ။ သီတင်းကျွတ်မှာ ဗြောက်အိုး ခိုးဖောက်နိုင်ရင် အဂေါ်ပဲ ။

မိသားစုလက်စုံစားတဲ့ ထမင်းဝိုင်းလေးတွေဟာ အဲဒီ့ခေတ်ရဲ့ ကြည်နူးဖွယ်ပုံရိပ် ။ဟင်းချက်လို့ ငရုတ်သီးပါရင်

‘ ညှော်ဗျို့’ ဆိုပြီး တလေးတစားပြုတတ်တာဟာ အဲဒီ့ခေတ်ရဲ့ နှစ်လိုဖွယ်နီတိ ။

လေးဆင့်ထိုး သစ်သားစင်တန်းလေးတွေနဲ့ စာအုပ်ဆိုင်လေးတွေရှိတယ် ။ နွေရာသီဆို လက်ညှပ်ကတ်ကြေးကြီး

‘တဂတ်ဂတ်’ နဲ့ ရှေ့ဆံပင် နောက်ဆံပင် ပြောင်နေအောင် ညှပ်ပေးတဲ့ ဆံသဆိုင်လေးတွေ ရှိတယ် ။

အခုတော့ ခေတ်ဟာ ပန်ကာတစ်လက်လို တရစပ် လည်သွားခဲ့ပြီ ။ ကလေးတွေရဲ့ ပခုံးနှစ်ဘက်ဟာ ကျောပိုးအိတ်အလေးချိန်ကို

မိဘအတ္တတွေဆင့်ပြီး လွယ်ထားတတ်ကြပြီ ။ ရီထိုးတမ်း ၊ သိုင်းချတမ်း ၊ ထုတ်ဆီးထိုးတမ်း ၊ ကုက္ကုသီးနဲ့လှမ်းထုတဲ့ စစ်တိုက်တမ်းဆိုတာတွေကို

သူတို့လေးတွေ သိမှာမဟုတ်တော့ ။ ‘ရတနာပန်းခင်း’တို့ ၊ ‘တွတ်ပီတို့ ဒီနေ့ကံမကောင်းပါလား’ တို့ ၊ စုံထောက်ကြီးဦးစံရှားရဲ့

‘မှားတဲ့အခါလည်း မှားပေမပေါ့’ တွေကို သူတို့လေးတွေ မက်စက်တတ်မှာ မဟုတ်တော့ ။

ဒီခေတ်မှာ တိုးတက်ရာတွေရှိတာ ငြင်းမရပါဘူး ။ ကိုယ်တိုင် စီးမျောနေခဲ့လို့ လွယ်ကူချောမွေ့ရာ ရေလျဉ်တချို့ကိုလည်း မကွယ်မဝှက်ဘဲ လက်ခံကြိုဆိုပါတယ် ။

အခုက ပြောင်းလဲနေတဲ့ ခေတ်အသစ်ကို အပြစ်တင်နေတာမဟုတ်ဘဲ ပြောင်းလဲသွားတဲ့ ကလေးတွေရဲ့ တစ်စုံတစ်ရာလေးကို နှမျောမိရုံလေးပါ ။

ပြောင်းလဲခဲ့ပြီဖြစ်တဲ့ လူကြီးတွေရဲ့ အတိတ်အစအနတွေကို ခဏတဖြုတ်လေး ပြန်ကောက်ကြည့်ချင်ရုံပါ ။

ဆိုင်လား မဆိုင်လားတော့ မသိပေမယ့် ဒီစာလေးရေးနေရင်း ဦးထီးရဲ့ “ပျောက်ဆုံးသွားတဲ့ နိဗ္ဗာန်ဘုံ’ကို သတိရမိပါရဲ့ ။

သီချင်းစာသားလေးကိုဖွဖွကြားယောင်မိတော့ လွမ်းတဲ့စိတ်လေးတောင် “နင့်ခနဲ”လေး ဖြစ်မိရတယ် ။

“ငယ်စဉ်က ကလေးတို့ဘဝမှာ
ပျော်ပါးဖို့ရာ လွယ်ပါတယ်
ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ
စားချိန်မှာ ဝင်စားမယ်
အိပ်ချိန်မှာ ဝင်အိပ်မယ် …အပူအပင်ကင်းတဲ့ ကလေးလေးဘဝသာ”

မူရင်းလေးစားလျှက်ပါ…

credit-အေးရိပ်

No comments:

Post a Comment