CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, April 22, 2019
အမွှေးတိုင်ရနံ့တွေ မွန်းကြပ်လွန်းသဖြင့် ကျောင်းဆောင်တံခါးကို ဝုန်းခနဲ ဖွင့်လိုက်မိသောအခါ…
အမွှေးတိုင်ရနံ့တွေ မွန်းကြပ်လွန်းသဖြင့် ကျောင်းဆောင်တံခါးကို ဝုန်းခနဲ ဖွင့်လိုက်မိတော့ အပြင်ဖက်တွင် ငုတ်တုတ်ကလေး ထိုင်နေသော အဘ ဘိုးဘိုးအောင်ကို တွေ့လိုက်ရသည်..။
” ဟယ်… အဘ၊ ဒါကဘယ်လိုဖြစ်တာလဲ”
အဘက မြနန်းနွယ်ကို ဘာမျှပြန်မပြော မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် သာကြည့်နိုင်သည်..။
အတော်မောနေဟန်တူသည်..။
“အမလေး…လုပ်ကြပါဦး၊ အစ်မတော်တို့၊ အဘတို့ရဲ့”
“ဟင်…ဟိုဟာ.. .ဟိုဟာ…ကိုတင့်တယ်မဟုတ်လားဘယ်နှယ့် ဖြစ်လာပါလိမ့်”
ကိုတင့်တယ်ခမျာ တောင်ရှည်ကို အနိုင်နိုင်ပိုက်ရင်း ပြေးလာပုံရသည်..။
“လုပ်ပါဦးအစ်မတော်ရဲ့…ကျွန်တော့်ကိုဆက်ထားတဲ့
အုန်းသီးကိုစွန့်၊ ထုံးတွေနဲ့ကွင်းပြီး အဆောင်အဖြစ် ယူသွားမလို့တဲ့၊ စာမေးပွဲမှာပါမယ့် မေးခွန်းလေးဘာလေးအိပ်မက်ပေးပါတဲ့၊ တဂျီဂျီလာဆုတောင်းနေကြတာ၊ ဘယ်လိုမှ နားမခံသာတော့တာနဲ့ ထွက်ပြေးလာရတော့တာပဲ အကြံပေးပါဦးအစ်မရဲ့”
“ဟဲ့…ဘယ်သူကလဲ”
“ဆယ်တန်းကလေးတွေရှိတဲ့ မိဘတွေပေါ့”
“ဟယ်…ဒုက္ခပဲ၊ ငါ့ဆီမလဲ…မိုးမလင်းသေးဘူးအမွှေးတိုင်တွေ၊ နွားနို့တွေ၊ အုန်းပွဲတွေလာပို့ထားလိုက်ကြတာ အသက်ရှူတွေတောင် ကြပ်နေပါပြီဟယ်၊ ပုဝါတွေလာလာခြုံပေးကြလို့လည်း ပူလှအိုက်လှပါပြီ”
ကိုတင့်တယ်နှင့် မြနန်းနွယ်တို့ ပြောနေသည်ကို နားထောင်နေသည့် အဘကဝင်ပြောသည်..။
“အေး…ငါ့လည်း နာမည်မှာအောင်ပါတယ်ဆိုပြီး ဆယ်တန်းအောင်အောင် လာဆုတောင်းနေလိုက်ကြတာ၊ အိပ်ကောင်းခြင်း မအိပ်ရ နားကောင်းခြင်း မနားရနဲ့ပါကွာ”
“အဘရေ…အဘ….အမေဂျမ်းကို မတွေ့ကြဘူးလားဗျာ၊ လုပ်ကြပါ၊ ဒင်းတို့ကို..ကလော်တုတ်တတ်တာ အမေပဲရှိတာ၊ ဒီလောက်တောင် ဒုက္ခပေးတဲ့ဟာတွေ အဆဲခံရမှအေးမှာ”
“နို့…မင်းကရော ဘာဖြစ်လာပြန်တာတုန်း”
“ကျွန်တော့်ဆီလည်း ဆယ်တန်းကျောင်းသားမိဘတယောက်ရောက်လာပြီး ဆုတောင်းတယ်လေ”
” ဟ…ဆယ်တန်းကိစ္စက မင့်နဲ့လားလားမှမဆိုင်တာ၊ မင့်ဘာသာတောင် မူးနေတာ သူတို့မသိကြဘူးလား”
“ဆိုင်ပါသောကောဗျာ၊ ကျွန်တော်ကအရက်သမားမဟုတ်လား၊ အဲဒီအော်ဂဲနစ်ဆိုလား ဘာဆိုလားမှာ အယ်လ်ကိုဟောအကြောင်းပါသတဲ့၊ အဲဒါသူ့ကလေးက အဲဒီအပိုင်းမရလို့ အယ်လ်ကိုဟောစပယ်ရှယ်လစ်ဖြစ်တဲ့ ကျွန်တော့်ကို လာကိုးတာတဲ့”
“ငှယ်”
အားလုံး မျက်လုံးအဝိုင်းသား ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်..။
“အဘ…အဲဒါဆို အမေ့လှမ်းခေါ်မှပဲ၊ ဒီလူတွေ လွန်လွန်းနေပြီ”
အဘက… မည်သို့မည်ပုံဆက်သွယ်လိုက်သည်မသိ..။ အမေတယောက်.. ပလွတ် ခနဲပေါ်လာသည်..။ အကြောင်းစုံသိတော့ အမေတင်းလေပြီ..။
“အမေဂျမ်းတဲ့….တဂျမ်းတည်းရှိတယ်၊ သောက်ကောင်မတွေ..ကောင်ထီးတွေ အစတည်းက စာအသေအခြာမကျက်ကြဘဲ နတ်စိမ်းနတ်ကျက်မကျန် အပူလာတိုက်နေကြတယ်၊
ငါတို့ဆီ…ငှက်ပျောသီးတွေအုန်းသီးတွေလာလာပို့ပြီး ဘာသာစုံဂုဏ်ထူးတို့ ဘာတို့ မတန်တဆဆုမတောင်းကြနဲ့ဟဲ့၊ နင်တို့အဲလိုလုပ်တော့…ဗေဒင်မတောက်တခေါက်နဲ့ ဆရာယောင်တွေအကြိုက်ပေါ့၊ ယတြာခြေခပဲနည်းလား၊ အဲဒီဟာတွေဆီအချိန်ကုန်နေမဲ့အစား စာကျက်ကြပါလား မေးခွန်း၅စုံဆိုပြီး လုပ်စားတဲ့ဟာတွေလည်းကြပ်ကြပ်သတိထားနေကြ၊ ငါ အကုန်လုံးကိုပတ်ကြမ်းတိုက်ပစ်လိုက်လို့ မီးပွင့်သွားမယ်၊ သွားကြစမ်း”
အမေဂျမ်းကတော့ ကလော်တုတ်လေပြီ..။
အမေဂျမ်း စွေ့စွေ့ခုန်နေသည်ကို မမြင်ကြ မကြားကြသော..လူသားတို့ကတော့ တတွတ်တွတ် ဆုတောင်းမြဲ..။
အုန်းပွဲငှက်ပျောပွဲ ကန်ထရိုက်များကား တပြုံးပြုံးဗေဒင်ဆရာများရှေ့တွင်လည်း လူတအုံးအုံးဖြစ်မြဲပင်…။
အမွှေးတိုင်နံ့ ဖယောင်းတိုင်နံ့များမခံနိုင်လွန်းသော အဘတို့အဖွဲ့မှာတော့ mask ကိုယ်စီဖြင့်။
ရယ်မောခြင်းသည် သွားပေါ်စေ၏
ယူဇက်
အမွှေးတိုင်ရနံ့တွေ မွန်းကြပ်လွန်းသဖြင့် ကျောင်းဆောင်တံခါးကို ဝုန်းခနဲ ဖွင့်လိုက်မိသောအခါ…
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 22, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment