အောင်ပန်းမြို့လယ်က ဗိုလ်မှူးကြီး ဗထူးနဲ့ အာဇာနည်တို့ရဲ့ ကျောက်တိုင်ကို လမ်းချဲ့မလို့ဆိုပြီး ဖြိုလိုက်တယ်။ နေရာရွေ့မယ်ပေါ့။ လေးလမ်းသွားနဲ့ မလွတ်လို့ဆိုပဲ။ မေးခွန်းလေးတွေ မေးကြည့်တယ်။ ချရေးကြည့်တယ်။
၁) လမ်းနဲ့ မလွတ်လို့
လမ်းနဲ့ မလွတ်လို့ ဆိုပြီးပြောတယ်။ ဒီဇာတ်လမ်း လာမယ်ဆိုတာလည်း သိတယ်။ ဖျက်မယ်ကြားလိုက်ကတည်းက ဒီလမ်းချဲ့ဖို့ ကိစ္စပဲ ဖြစ်မယ်ဆိုတာ ဒက်ခနဲ သိပြီးသား။ ဘာလို့ဆို ကလော-တောင်ကြီး လေးလမ်းသွား လမ်းမကြီးကြွားလုံးတွေ အကြောင်း ကြားပြီးသားကိုး။
အောင်ပန်းမြို့လယ် လမ်းကျဉ်းတယ်ဆိုတာ သိတယ်။ ထားဝယ်ကလူမို့ ရှမ်းပြည်မရောက်ဖူးဘူးထင်လားမသိ။ အောင်ပန်းဈေးဆိုတာ ဆိုက်ကယ်တစ်စီးနဲ့ လက်ဖက်ရည်သွားသွားသောက်နေကြနေရာ။ ဈေး ဖုန်ထူပေမဲ့ ဈေးရှုခင်းကို ကြည့်ချင်လို့ သွားနေကြ။
လမ်းနဲ့ မလွတ်ရင် အကုန်ဖျက်ဆိုတာကတော့ ကလေးတောင် လုပ်တတ်သေး။ အစိုးရတောင် မလိုတော့။ အစိုးရဆိုတာ အဲလို ခက်တာတွေကို ပြေလည်အောင် စီမံခန့်ခွဲတတ်မှ အစိုးရခေါ်မှာပေါ့။ ခပ်လွယ်လွယ်ပဲ လုပ်တတ်တယ်ဆိုတာ ခပ်ညံ့ညံ့ အစိုးရတွေပဲ လုပ်တတ်တာမျိုး။
ဘယ်လို လုပ်မလဲ မေးရင် မေးလိမ့်မယ်။
လမ်းအကြောင်း မသိပါ။ လမ်းအင်ဂျင်နီယာလည်းမဟုတ်ပါ။ ဒါပေမဲ့ နည်းအမျိုးမျိုး စဉ်းစားရင်ရတယ်။
အဝေးပြေးလမ်းဆိုတာ မူလကတည်းက မြို့ထဲကနေ၊ ရပ်ရွာတွေ ထဲကနေ မဖြတ်သွားသင့်တဲ့ လမ်းမျိုး။ (လမ်းကို အမှီပြု ဆိုင်ရောင်းတဲ့သူတွေကတော့ ဆဲလိမ့်မယ်)။ ဆိုတော့ လမ်းချဲ့ရာမှာ မြို့ရှောင်ပြီး စဉ်းစားလို့ရတယ်။
မြို့ရှောင်လမ်းအူကြောင်းခက်လား၊ ဒါဆိုရင် မလွတ်တဲ့နေရာမှာ မိုးပျံတံတားနဲ့ ထိုးမလား၊ စဉ်းစားလို့ရတယ်။ နိုင်ငံတကာမှာ ဒီလိုပဲ လုပ်နေကြတာပဲ။
လေးလမ်းသွားဆိုပေမဲ့ လေးလမ်းလုံးလုံး အမြဲတတွဲတွဲ ပူးသွားနေမှ လေးလမ်းသွားမဟုတ်၊ မြို့ရွာတွေ ကျဉ်းရင် နှစ်လမ်းစီ ခွဲထုတ်လို့လဲ ရသလို၊ နှစ်လမ်းကတစ်ခု၊ တစ်လမ်းစီက တစ်ခုစီ။ ဒါမှမဟုတ် တစ်လမ်းစီ လေးလမ်း ခွဲထုတ်လိုက်လို့လည်းရတယ်။ ရွာတွေ မြို့တွေထဲမှာ ဒီလို ခွဲထုတ်လိုက်လို့ရတယ်။ မြို့ပြင်ရောက်မှ လေးလမ်းပြန်ပေါင်းထုတ်ချင်လည်း ထုတ်ပေါ့။
ဦးနှောက်ပါတယ်ဆိုတာ စဉ်းစားဖို့ပါ။ စီမံခန့်ခွဲမှုဆိုတာ မလွတ်ရင်ဖျက် အယူအဆ Concept သက်သက်မဟုတ်ဘူး။ ချင့်ချိန်တွက်ချက်ပြီး အသေးစိတ်စဉ်းစားဆုံးဖြတ် အကောင်အထည်ဖော်တတ်ဖို့ ဖြစ်တယ်။
ပိုက်ဆံမရှိဘူးပြောလိမ့်မယ်၊
အစိုးရရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ပြုန်းတီးသွားတဲ့ပိုက်ဆံတွေ၊ လာဘ်စားလို့ ပြုန်းသွားတဲ့ ပိုက်ဆံတွေ၊ ရန်ကုန်မှာ သုံးချင်သလို သုံးနေတဲ့ ပိုက်ဆံတွေနဲ့ နှိုင်းယှဉ်ရင် ဒါက ပါမွှားပါ။
အဓိကက အခုဖြစ်သွားတာက ပိုက်ဆံဆိုတဲ့ ဈေးနှုန်း (Price) ကိစ္စမဟုတ်၊ တန်ဖိုး (Value) ကိစ္စ။
၂) မြို့ခံတွေ သဘောတူလို့၊ အမတ်တွေ သဘောတူလို့
ဒီလိုလုပ်တာ မြို့ခံနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိပြီး သဘောတူလို့ လုပ်တာလို့ ပြောတယ်။ ဒါဟာ မြို့တစ်မြို့တည်းပိုင် ပစ္စည်းမှ မဟုတ်တာ။
ရွှေတိဂုံဘုရားကို ဗဟန်းမြို့သားတွေ သဘောတူရုံနဲ့ လုပ်ချင်သလို လုပ်လို့ရလား။ တာဝါလိန်းလမ်းနေအိမ်ကိုကော ဗဟန်းမြို့နယ်က ပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ သဘောတူရုံနဲ့ လုပ်ချင်သလို လုပ်လို့ရလား။
ဆိုတော့ ဒီကိစ္စကိုလည်း အောင်ပန်းမြို့ခံနဲ့ ကလောမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တွေ သဘောတူရုံနဲ့ ပြီးမလား
ဒီကိစ္စအတွက် တစ်နိုင်ငံလုံး ဆန္ဒခံယူပွဲ လုပ်ရမယ်လို့ ဆိုလိုချင်တာမဟုတ်၊ အခြားသူတွေ၊ ပတ်သက်ဆက်နွယ်ရာကြောင်း ရှိသူတွေရဲ့ ခံစားချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်ဆိုလိုချင်တာ။
၃) တန်ဖိုးကိစ္စ
အဲဒီနေရာမှာ ဆိုရင် ဗိုလ်မှူးဗထူး မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ဘယ်လို စီမံမလဲ စဉ်းစားမိတယ်။
အဲဒီမှာ ပထမပိုင်းမှာ ပြောခဲ့တဲ့ တန်ဖိုးထားမှု ကိစ္စဆိုတာ ပါလာတယ်။ အရာရာကို ရုပ်ဝတ္တုတွေနဲ့ တိုင်းတာ လူရိုင်းတွေတောင် မလုပ်တတ်ကြဘူး။ သူတို့မှာတောင် ခံစားတွယ်တာတတ်မှု ရှိတယ်။ ညကပဲ Revenant ကြည့်ထားတော့ အဲဒီခံစားမှုက အခုထိရှိနေသေးတယ်။
တိုးတက်ဖို့လိုတယ်၊ ဒီလောက်တော့ ရင်းရမယ်ဆိုပြီး ဂျင်းလာမထည့်နဲ့။
လမ်းလိုမျိုး ရုပ်ဝတ္တုတွေ ချဲ့ဖို့ လိုလာလို့ ဖျက်ကြေးဆို။ ရန်ကုန်မြို့လယ်က ပန်းခြံနဲ့ လွတ်လပ်ရေး ကျောက်တိုင်ကြီး နေရာမှာ ကွန်ဒိုကြီးဆောက်မယ်လေ၊ ဈေးဝယ်စင်တာကြီးဆောက်မယ်လေ၊ ပိုက်ဆံတွေ အများကြီးရမှာပေါ့။ ပြီးတော့မှာ ကျောက်တိုင်နဲ့ ပန်းခြံကို ဒလဘက် မြေနေရာပေါတဲ့ နေရာကို ရွေ့လိုက်တာပေါ့။
တာဝါလိန်းလမ်း အိမ်ဆိုလည်း ကွန်ဒိုကြီးဆောက်လိုက်ရင် တော်တော် ပိုက်ဆံရမှာ၊ အဲဒီနားက သံရုံးဝန်ထမ်းတွေ ဘာတွေကိုလည်း ရောင်းစား၊ ငှားစားလို့ရတယ်။ ဘယ်လောက်မိုက်လဲ။
အဲလိုဆို ပိုက်ဆံဘယ်လောက်ရရ ဘယ်လုပ်ကြမလဲ၊ ကျွန်တော်တို့ တန်ဖိုးထားတာကိုး။ အခုလည်း ဒီအတိုင်းပဲ။ ပိုက်ဆံကုန်မှာစိုးလို့၊ အကုန်အကျမခံနိုင်လို့ အလွယ်ဖြိုလိုက်တယ်ဆိုတာ တန်ဖိုးထားမရှိဘူးဆိုတဲ့ သဘောပဲ။
တန်ဖိုးဆိုတာ ကိုယ်ဘယ်လို တန်ဖိုးထားတယ်ဆိုတဲ့ ကိစ္စသက်သက်မဟုတ်၊ သူများတွေ၊ ပတ်သက်ရာ ပတ်သက်ကြောင်း လူထုတွေ ဘယ်လို တန်ဖိုးထားတယ်ဆိုတဲ့ ကိစ္စလည်း ပါတယ်။
ဘုရားချင်းတူတူတောင်မှ ဒို့ဘုရား ဒို့ဖူးမယ် ဆိုပြီး ဆရာ မောင်ကိုကို (အမရပူရ) ရေးခဲ့တာ တန်ဖိုးထားမှုကို ပြတာ။
ချောင်းဆုံက ဗိုလ်ချုပ်အောင်ဆန်း တံတား၊ ကယားမှာ ကြေးရုပ် တွေလည်း ဒီလိုပဲ။ တန်ဖိုးကိစ္စပဲ။ ကိုယ်တန်ဖိုးထားတဲ့ ကိစ္စမှ တန်ဖိုးရှိတယ် ထင်ကြတယ်။
အခြားအစုအဖွဲ့တစ်ခု၊ လူမျိုးစုတစ်ခု၊ လူတစ်စုက တန်ဖိုးထားတာဆို တန်ဖိုးလို့ မထင်ဘူး။ Value ရှိတယ်မထင်ဘူး။ အဲဒါများ ပြည်ထောင်စုကြီးထဲမှာ တူတူနေကြမတဲ့။ ဝေးပါသေးတယ်။
နိဂုံး
အခုတော့ မသာမာသူတွေ လက်ချက်ကြောင့်ဗထူး ထပ်မံကျဆုံးတယ်။ ၁၉၄၅ က ကျဆုံးခဲ့တဲ့ တယ်လူးစခန်းနဲ့ မိုင်ဆယ်ချီအကွာမှာပဲ ထပ်မံ ကျဆုံးရပြန်တယ်။
သူငယ်ချင်းတစ်ယောက်က ပြောတယ်။ ပြောလည်း ကျွဲပါးစောင်းတီးပဲတဲ့။ ဒါလည်း သိပြီးသား။ ပြောလည်း မထူးဘူးဆိုတာ သိတယ်။ မထူးမှန်း သိလို့ မပြော၊ မပြောတော့ ပိုပိုဆိုး၊ ဆိုးနေလို့ ပြောလည်း မထူးဘူးဆိုပြီး လွှတ်ထား၊ နောက်ဆုံး ပျက်ကရော ဖြစ်မှာစိုးလို့ ပြောမိလိုက်ပါတယ်။
ရင်ထဲ ဆို့လာလို့ ဖွင့်ထုတ်လိုက်တာလည်းပါတယ်။
လေသံကြမ်းသွားရင် ဆော်ရီးပါ။ မောင်ရင် အစွန်းရောက်လှချည်းလားဆိုပြီး ပြောရင်လည်း ပြောနိုင်ပါတယ်။
ဒီစာရေးရင်း ထားဝယ်က လောင်းလုံးမြို့ပေါ်မှာ ထမင်းဆိုင်ရောင်းနေတဲ့ ဗထူးသမီး အဘွားအိုရဲ့ မျက်နှာကို မြင်ယောင်လာတယ်။
အေးပေါ့လေ။ ဗထူးသမီးက ဘာရာထူးမှ မရှိတဲ့ ထားဝယ်ထမင်းဆိုင်ပိုင်ရှင်လေးကိုး။ ဘယ်တန်ဖိုးထားကြမလဲ။
တော်သေးပြီ။
လောင်းလုံးက ထမင်းဆိုင်က ကြီးကြီးဆီ ပြန်ရဦးမယ်။ သူလည်း မောင်ဆံရှည်တစ်ယောက် မလာတာကြာပြီ မျှော်နေရော့မယ်။
|ခွန်းသု|
(ဓာတ်ပုံကိုတော့ မူရင်း ရိုက်ထားသူကို လေးစားစွာ ခွင့်တောင်း အသုံးပြုပါတယ်)
(Edited ထမင်းဆိုင်ဖွင့်ထားတာ ဗထူးတူမ ဖြစ်ကြောင်း တစ်ဦးက ပြန်ပြင်ပေးလာပါတယ်)
No comments:
Post a Comment