CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 5, 2019
ကင်ဆာဒိုင်ယာရီ အပိုင်း (၂) ခင်မမမျိုး
ထိုင်းနိုင်ငံသို့ ဆေးကုသရန် သွားခြင်း
(၂၀၁၉) ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့။
နှစ်သစ်မှာ ဘ၀အတွက် အရေးကြီးသော ဆုံးဖြတ်ချက်တခုကို ချလိုက်ရတယ်။ ကင်ဆာကို ထိုင်းမှာပဲ ဆေးသွားကုဖို့ကိုပါ။ ဘယ်လိုစစ်ဆေးမှုမှ မပါပဲ ခွဲစိတ်ခန်းထဲသို့ နောက်တကြိမ် ထပ်မ၀င်နိုင်တော့ပါ။ အကျိတ်တွေ့တယ်။ ဘာမှ မစစ်ဆေးပဲ ခွဲတယ်။ ခွဲနေတုန်း နောက်ထပ်အကျိတ်တွေ့တယ်။ ခွဲထုတ်လိုက်တယ်။ စစ်ဆေးတယ်။ ကင်ဆာလို့ပြောတယ်။ PET CT ထပ်မလုပ်ဘူး။ ဘာမှလဲ မစစ်ဘူး။ ဘယ်သူတွေနဲ့မှလဲ ရလဒ်မတိုင်ပင်ဘူး။ ရင်သားတခုလုံးခွဲထုတ်လိုက်၊ ကီမိုသွင်းလိုက်ရင် ပြီးရော ဆိုတဲ့ ဆရာဝန်စကားကို မျက်စိမှိတ်လက်ခံပေးလိုက်ချင်ပါတယ်။ မြန်မာပြည်မှာတော့ ဆရာဝန်တွေပြောရင် လူနာတွေက လိုက်လုပ်ကြရတာပဲလေ။
ဒါပေမယ့် ကျမရဲ့ ဆင်ခြင်တုံတရားက ခွင့်မပြုဘူး။ ကင်ဆာကုတယ်ဆိုတာ အဲလောက်လွယ်ရင် oncologist တွေ၊ ကင်ဆာသုတေသနစင်တာတွေ ဘယ်ရှိတော့မလဲ။ လာသမျှလူကို ရင်သားခွဲထုတ်ပေးလိုက်ရင် ပြီးရော ဖြစ်သွားမှာပေါ့။ မဟုတ်သေးဘူး ထင်ပါတယ်။ ဒါနဲ့ပဲ ပြည်ပဆေးကုဖို့ ဆေးရုံစဉ်းစားတော့ ပရိုက်ဗိတ်ဆေးရုံလား၊ ပြည်သူ့ဆေးရုံလား ဆိုတာ ပြန်စဉ်းစားရတယ်။ ကျမလဲ သိပ်ချမ်းသာနေသူတော့ မဟုတ်ဘူး။ အခြေအနေကို သံသယဖြစ်လွန်းလို့သာ ပြည်ပထွက် ဆေးကုဖို့ ကြံစည်ရတာ။ ဒီတော့ ပြည်သူ့ဆေးရုံသွားမယ်ပေါ့။ နာမည်ကြီးနေတာက နှစ်ခု။ ချုလာလောင်ကွန်းနဲ့ ချူလာဘွန်း။ တခါက ချူလာဘွန်းသွားဖူးတာရယ်၊ ဒွန်မောင်းလေဆိပ်နဲ့ မိနစ်နှစ်ဆယ်မို့သွားလာရ အဆင်ပြေတာကြောင့် ချူလာဘွန်းကို ရွေးချယ်လိုက်တယ်။ လေယာဉ်လက်မှတ်ဝယ်တော့ ဒွန်မောင်းဆင်းတဲ့ လေယာဉ်တွေက ပြည့်နေပြီ။ ဒါကြောင့် ဘန်ကောက်လေကြောင်းလိုင်းကိုပဲ ၀ယ်လိုက်တယ်။ မနက် ၅ နာရီခွဲလေယာဉ်ဆိုတော့ ဈေးလဲသက်သာတယ်။
အမေက မိတ်ဆွေဆရာဝန်တချို့နဲ့ ခေါင်းချင်းရိုက်နေတယ်။ ဘာလို့ အကျိတ်တွေ့တိုင်း အရင်ခွဲကြရတာလဲ။ Mammogram ရိုက်၊ အသားစထုတ်၊ လိုအပ်တာတွေ ဆက်လက်စစ်ပြီးတော့မှ ကုထုံးတွေ သတ်မှတ်ရွေးချယ်ကြရတာ လို့ သူတို့အချင်းချင်းပြောနေကြတော့ ကျမမှာလဲ မျက်စိသူငယ်၊ နားသူငယ်ပေါ့။ ကျမတွေ့ဖူးသမျှ မိတ်ဆွေတွေတုန်းကလဲ အကျိတ်ဆိုတာနဲ့ ခွဲထုတ်၊ ဆေးစစ်ချက်ယူ၊ ကင်ဆာဆိုရင် ရင်သားလှီးထုတ်လိုက်တာတွေပဲ ကြားဖူးတာကိုး။ ဘာက အမှန်လဲ။ ကျမလဲ မသိဘူး။ ပထမနှစ်တုန်းက ဖားလေးတွေ ခွဲခဲ့ရတယ်။ ခုကျမကိုယ်တိုင် အဲလို ဖားလေး ဖြစ်နေတာလား။
(၂၀၁၉) ခုနှစ်၊ ဇန်န၀ါရီလ (၂) ရက်နေ့။
မနက်စောစော ဘန်ကောက်ကို ရောက်လာခဲ့တယ်။ လိပ်စာကို Airport link က အမကြီးကို ပြတော့ သုဝဏ္ဏဘူမိလေဆိပ်ကနေ Airport Link ရထားကို အဆုံးထိ စီးဖို့ ပြောတယ်။ ၄၅ ဘတ်ပေးရတယ်။ ပြီးတော့ ရထားလိုင်းပြောင်းစီးရတယ်။ ဒီလိုနဲ့ ဘတ် ၃၀ နဲ့ Mo Chit ကို ဆက်စီးရတယ်။ အဲဒီကမှ ဆေးရုံကို ကားငှားသွားတော့ ၉၇ ဘတ်ပဲ ကုန်တော့တယ်။ လေဆိပ်ကနေ တက္ကစီ တောက်လျှောက်ဆို ဘတ် ၇၀၀ လောက် ကုန်မှာ။ ဒီတခေါက်ကလဲ ဒွန်မောင်းလေဆိပ်ကို ဆင်းတဲ့ လေယာဉ်မရလို့ပါ။ ဒွန်မောင်းလေဆိပ်ကဆိုရင် ဘတ် ၁၀၀ လောက်ဆို ဆေးရုံရောက်ပြီ။ တည်းခိုမယ့် နေရာကိုတော့ အင်တာနက်က ကြိုလုပ်လာတော့ ဈေးသက်သာတယ်။
ဒါနဲ့ပဲ ဆေးရုံသွားတော့ Breast Surgery Clinic မှာ ပြဖို့ ညွှန်ပြပေးတယ်။ ပထမထပ်မှာ ရှိတဲ့ clinic ကို သွားတော့ သူနာပြုဆရာမတယောက်က history taking လုပ်တယ်။ သြော်- ခွဲစိတ်တာတောင် ပြီးသွားပြီပေါ့တဲ့။ မဟုတ်ဘူး။ ဒါက ဘာကျိတ်မှန်း မသိပဲ အရင်ခွဲတာ။ အကျိတ်ထုတ်ပြီး၊ ဆေးစစ်တာလို့ ပြောပြရတယ်။ အကျိတ်ကို ဆေးစစ်ဖို့ ခွဲစိတ်တာ၊ ဟုတ်လားတဲ့၊ ပြန်မေးတယ်။ needle နဲ့အသားစယူတာ မဟုတ်ဘူးလား။ မဟုတ်ဘူး ဆိုတော့ နင်ဘယ်နိုင်ငံကလဲ။ မြန်မာလို့ ဂုဏ်ယူစွာ ပြန်ပြောလိုက်ပါတယ်။ သြော်တဲ့။ ဒါဆို mammogram ရိုက်ထားတဲ့ စီဒီပေးတဲ့။ မရှိဘူး။ ရိုက်ဖို့ မလိုဘူးပြောတယ်ဆိုတော့ operation without mammo results လို့ မျက်လုံးပြူးပြီး ရွတ်တယ်။ သူ့မျက်နှာလေး ငယ်သွားလို့၊ ကျမလဲ သူအားရှိအောင် ရီပြလိုက်ရတယ်။ သူက သနားကြင်နာတဲ့ မျက်နှာလေးနဲ့ နက်ဖြန်ကျရင် အထူးကုဆရာဝန်တယောက်နဲ့ ပြဖို့၊ appointment လုပ်ပေးမယ်။ ဒီနေ့တော့ ပြန်နားနော်။ cashier မှာလဲ ငွေရှင်းစရာ မလိုဘူးနော် ဆိုပြီး၊ ငွေရှင်းရတဲ့ ကတ်လေး ပြန်သိမ်းလိုက်တယ်။ အမျိုးသားဆရာဝန်နဲ့ အမျိုးသမီးဆရာဝန် ဘယ်သူနဲ့ ပြချင်လဲမေးတယ်။ ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိကြောင်း ပြောလိုက်တယ်။
(၂၀၁၉) ခုနှစ်၊ ဇန်န၀ါရီလ (၃)ရက်နေ့။
မနက် (၈) နာရီထဲက ဆေးရုံရောက်တယ်။ ဧည့်ကြိုမှာ appointment letter သွားပေးပြီးတာနဲ့ အပေါ်ထပ်က Breast Surgery Clinic ကို ဆက်သွားရတယ်။ သူနာပြုဆရာမတယောက်က history taking ကို အသေအချာ ယူတယ်။ ထိုင်းလို မပြောတတ်ဘူးဆိုတော့ အင်္ဂလိပ်လို နားလည်တဲ့ သူနာပြုဆရာမတယောက်ကို ရှာပေးထားတာ။ ဇာတ်လမ်းက စပြန်ပါပြီ။ operation လုပ်တာ၊ ဘာလို့ mammogram မရိုက်ထားတာလဲ။ ငါ့ဆရာဝန်ကြီးက မလိုဘူးဆိုပြီး ခွဲတာ ဆိုတော့ ဘယ်က ဆရာဝန်လဲ။ မြန်မာပြည်က။ သြော်..မြန်မာလား။ ဟုတ်တယ်လို့ ဂုဏ်ယူစွာ ပြောလိုက်တယ်။ မြန်မာပါဆို။ ခဏခဏပဲ မေးနေကြတယ်။ တော်တော်ဆိုးတဲ့ လူတွေ။ Timeline ကို ပြန်ရွတ်ပြရတယ်။ ဒီဇင်ဘာ ၈ ရက်မှာ တွေ့တယ်။ ၂၁ ရက်မှာ ဆရာဝန်နဲ့တွေ့တယ်။ သွေးစစ်တယ်။ ၂၄ ရက်မှာ ခွဲတယ်။ ၂၈ ရက်မှာ အဖြေရတယ်။ အဖြေက ဒီစာရွက်လား ဆိုတော့ Histopathology report လေးပေးလိုက်တယ်။ အဲဒါဆိုရင်တော့ ပြန်စစ်ရမယ်။ tissue ဘလောက်တုန်းလေးပါလား။ အကျိတ်ထုတ်ပြီးတုန်းက lab ကို ပို့လိုက်တာဆိုတော့ စစ်ဆေးတဲ့ lab ကနေ ပြန်တောင်းလို့ရတယ်တဲ့။ ဒီမှာလဲ stage 2 ပြောပြီးသားလေ ဆိုတော့ အဲလောက်နဲ့ မပြည့်စုံပါဘူး။ ပြန်စစ်ရမှာတဲ့။ အယ်...
ဒီလိုနဲ့ပဲ အထူးကုဆရာဝန်နဲ့ တွေ့ရတယ်။ ဒီစာရွက်တရွက်နဲ့ treatment လုပ်ဖို့ မပြည့်စုံပါဘူးတဲ့။ ကင်ဆာကုတယ်ဆိုတာ Diagnosis, Staging, Treatment ဘယ်လို အဆင့်ဆင့် လုပ်ရကြောင်း ရှင်းပြတယ်။ ပုံမှန်လုပ်လေ့ရှိတာက mammogram ရိုက်၊ အသားစ ထုတ် (အဲဒါက အကျိတ်ကို ခွဲထုတ်ခြင်းကို ဆိုလိုတာမဟုတ်)၊ tissue diagnosis လုပ်၊ ကျန်တဲ့ ဆေးစစ်ချက်များအားလုံးပြီးမှ ကင်ဆာအတွက် treatment plan လုပ်ရကြောင်း ရှင်းပြတယ်။ ခုကျတော့ အကျိတ်ခွဲထုတ်လိုက်ပြီး ဖြစ်သွားတော့ mammogram ပြန်ရိုက်ရင်တောင် ရောဂါရဲ့ အတိုင်းအဆကို ရှင်းရှင်းလင်းလင်းမသိနိုင်တော့ကြောင်း၊ တတ်နိုင်သမျှတော့ ပြန်ကြိုးစားကြည့်မည်ဖြစ်ကြောင်း၊ အသားစလဲ မစစ်နိုင်တော့တဲ့အတွက် အကျိတ်ကို စစ်ဆေးထားတဲ့ မြန်မာပြည် lab ကနေ သွားတောင်းလာပြီး၊ သူတို့ဆီမှ ထပ်စစ်ဆေးဖို့ လိုကြောင်း၊ အခြားဆေးစစ်ဖွယ်ရာများကိုလည်း အဲဒီ နှစ်ခုပြီးရင် ထပ်မံလုပ်ဆောင်ရမှာ ဖြစ်ကြောင်း အချိန်ယူ ရှင်းပြလိုက်ပါတယ်။
ဆရာဝန်နဲ့ အဲလိုတွေ့ပြီးချိန်မှာတော့ သူနာပြုဆရာမလေးများက mammogram ရိုက်ဖို့ အချိန်ကို ရွေးချယ်သတ်မှတ်ပေးလိုက်ကြပါတယ်။ ခွဲစိတ်ပြီးစဖြစ်နေတော့ ချက်ချင်းရိုက်ဖို့ကလဲ အဆင်မပြေ၊ tissue စလိုက်လေးကိုလဲ ရွှေမြို့တော်သို့ ပြန်ယူရဦးမည်ဆိုတော့ ၂ ပတ်ခန့် ရက်ခွာချိန်းပေးလိုက်ပါတယ်။ မြန်မာပြည်ပြန်ရောက်ရင်တော့ ကိုယ့်အကျိတ်လေးကို စစ်ဆေးဖို့ လုပ်ဆောင်ထားတဲ့ tissue ဘလောက်လေးပြန်ရဖို့ ဘယ်လောက်ထိ ကြိုးပမ်းရဦးမည်လဲ မသိပါ။ သူနာပြုဆရာမလေးက နောက်တခါလာရင် စစ်ဆေးဖို့ ထိုင်း ဘတ်ငွေ နှစ်ထောင် (မြန်မာငွေ ကိုးသောင်းခန့်) ယူခဲ့ဖို့ သနားစရာ မျက်နှာလေးနဲ့ ပြောပါတယ်။ ဒီနေ့အတွက်လဲ cashier ဆီရှင်းဖို့ ကတ်လေးပေးလိုက်တာမို့ ဆေးရုံ ၂ လွှာမှာ ရှိတဲ့ ကောင်တာလေးဆီ သွားဖြစ်ပါတယ်။ နိုင်ငံခြားသား (foreigner) လို့လဲ ကတ်လေးမှာက ပါတာကိုး။ သူကပြောတယ်။ ၁၀၀ တဲ့။ ဒေါ်လာ ထင်တာနဲ့ ထုတ်မယ် လုပ်တော့ ဘတ် ၁၀၀ တဲ့။ ကင်ဆာကုဖို့ အထူးကု ဆရာဝန်ကြီးနဲ့ အချိန်ယူပြီး စနစ်တကျ ဆွေးနွေးခွင့် ရခဲ့ခြင်းအတွက် မြန်မာငွေကျပ် (၄၈၀၀) ကျပ်တိတိ ကုန်သွားကြောင်းပါ။
ခုတော့ ခွဲစိတ်ထားပြီးစ mammogram လဲ ရိုက်လို့ မရသေး၊ တစ်ရှူးဘလောက်လဲ ပြန်ယူရမှာမို့ တခါ မြန်မာပြည်ပြန်၊ တခါ ထပ်လာနဲ့ အလုပ်တွေ ပိုသွားပြန်ပြီ။ တကယ်လို့များ အကျိတ်တွေ့စဉ်ကတည်းက တန်းလာခဲ့လို့ရှိရင် mammogram ရလဒ်ကောင်းကောင်းလဲ သိရမယ်။ ဘယ်လောက်ထိ ပျံ့နှံ့သက်ရောက်မှု ရှိလဲဆိုတာကို သေချာသိရမယ်။ ခွဲစိတ်ဖို့ လိုမလိုဆိုတာလဲ သိရမယ်။ ကုထုံးများကိုလည်း ရွေးချယ်ခွင့် ရှိခဲ့မယ်။ ခုတော့လဲ အသွားမတော်တလှမ်း။ ဘုမသိ၊ ဘမသိနဲ့ အခွဲခံခဲ့ရတာပါလား။ တာမထွက်ရသေးဘူး။ ခြေထောက်ရိုက်ချိုးခံလိုက်ရသလိုပဲ။ ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး။ လွဲတဲ့အခါလဲ လွဲပေမှပေါ့။
ခင်မမမျိုး (3/1/2019)
ကင်ဆာဒိုင်ယာရီ အပိုင်း (၂) ခင်မမမျိုး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 05, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment