CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 17, 2018
မသိရင် ရန်ကုန်မှာမနေနဲ့ ။
စစ်အာဏာရှင်စနစ်လည်ပါတ်ပုံမှာ ပြည်ထဲရေးက အတော်အရေးပါသဗျ ။ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့အသိုင်းအ၀ိုင်းတွေ အခွင်းထူးခံဘို့ စီစဉ်ပေး ကာကွယ်ပေးရေး သူ့နေရာနဲ့သူ အဓိကထောက်တိုင် အဖြစ် ရပ်ပေးနေကြတာပဲ ။
အဲ့အထဲက ရန်ကုန်တိုင်းယာဉ်ထိန်းရဲတွေ နဲ့ ကျနော်ထဲထဲဝင်ဝင်ပါတ်သက်ခဲ့ရဘူးတယ် ။ အရင်ပြောပြဘူးသလို ကျနော်အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီပိုင်ရှင်က ဌာနဆိုင်ရာတွေနဲ့ပါတ်သက်တဲ့ ဆောက်လုပ်ရေးကိစ္စတွေကို (ပစ္စည်းပေးရတာဖြစ်ဖြစ် လူအင်အားနဲ့သွားလုပ်ပေးရတာပဖြစ်ဖြစ်)
ကျနော်နဲ့လွှဲထားတယ် ။
မော်တော်ပီကယ်ရဲမှူးကြီးက ဦးအောင်နိုင် ။ သူ့အိမ်ကို ဆေးသုတ် ခြင်ဇကာတပ် သံပန်းတပ်တွေအပြင် ရွှေပြည်သာက ခြံအလွတ်ကိုပါ မြေဖို့ပေးတာ ကျနော်လုပ်ရတယ် ။ အဲ့အတွက် ရဲတံဆိပ်နဲ့ သူ့လက်မှတ် သူ့ဖုန်းနံပါတ်တွေပါတဲ့ကဒ်တကဒ် ကျနော်ရထားတယ် ။ ရန်ကုန်က ဘယ် မော်တော်ပီကယ်က ဘာကိစ္စနဲ့ဖမ်းဖမ်း အဲ့ကဒ်ထုတ်ပြလိုက်ရင် Sorry ပါဆရာ မသိလို့ တားမိတာပါဆိုပြီး အပြောခံရအောင် အာဏာရှင်စနစ်က ဖန်တီးပေးထားတယ် ။
ကျနော်က ကျနော့လက်အောက်က Construction Material သယ်ပို့တဲ့ကားတိုင်းကို အဲ့ကဒ်ကိုစကင်န်ဖတ် ပွားပေးထားလိုက်တယ် ။ ရဲဖမ်းတိုင်း အဲ့ကဒ်ထုတ်ပြ ပြန်လွတ် သူတို့ပေးရမဲ့ ငါးရာတထောင်မထွက်တော့ဘူးဆိုတော့ ကားသမားတွေလည်း ဟန်ကျနေရော ။
တရက်ကျ သာကေတသဲကွင်းကနေ သဲတိုက်လာတဲ့ ကိုစိုးပိုင်ဆိုတဲ့သူမောင်းလာ တဲ့ ကားတစီးကို နယ်မြေ၄ နယ်မြေမှူး ရဲအုပ်ကျော်မျိုးမြင့်ကိုယ်တိုင်ပါတဲ့ လှည့်ကင်းအဖွဲ့ကဖမ်းရော ။ ကဒ်ထုတ်ပြတော့ မင့်ဟာက ပွားထားတဲ့ကဒ်ပဲဆိုပြီး ကဒ်ရော လူလိုင်စင်ရောသိမ်းထားလိုက်ရော ။
ကိုစိုးပိုင်က ကားမောင်းထွက်မလာပဲ နီးရာဖုန်းဆိုင်ကနေ ကျနော့ဆီဖုန်းလှန်းဆက်တယ် ။ ဘယ်နေရာမှာ ဘယ်လိုဖမ်းထားတယ် ပေါ့ ။ ကျနော်က ဦးအောင်နိုင် ဆီဖုန်းလှန်းဆက်လိုက်တယ် ။ ကျနော်ဖုန်းဆက်တော့ အကြောင်းရာပြောင်းပြောရတာပေါ့ ။ ရဲမှူးကြီးခြံကိုပို့မဲ့သဲကားကို
နယ်မြေ၄ ကဖမ်းထားပြီး ရဲကဒ်ရော လူလိုင်စင်ရောသိမ်းသွားတယ် လုပ်ပါဦးပေါ့ ။
ချက်ချင်းပဲ ။ ဖုန်းထဲမှာကြားလိုက်ရတယ် ။ သူ့ PSO ကိုခိုင်းတာထင်တယ် ။ ဟေ့ ကျော်မျိးမြင့်ကို ခုချက်ခြင်းပြောစမ်း ဖမ်းထားတဲ့ _ ကုမ္ပဏီသဲကားကို ချက်ခြင်းပြန်လွှတ်ပေးလိုက်လို့ ။ ပြီးတော့ မသိရင် ရန်ကုန်မှာမနေနဲ့ ဆိုတာပါ သတိပေးလိုက် တဲ့ ။ ပြီးတာနဲ့ ဘာမှမပူနဲ့ ။ ကျနော်ပြောလိုက်ပြီ ။ ဆိုပြီးပြောတယ် ။
အဲ့မှာ စကြားဘူးတာ ။
မသိရင် ရန်ကုန်မှာမနေနဲ့ ။
မော်တော်ပီကယ်က ရနိကုန်တိုင်းကို ၇ ပိုင်းပိုင်းပြီး နယ်မြေ ၁၂၃၄၅၆၇ ဆိုပြီးခွဲထားတယ် ။ ဥပမာ မင်္ဂလာဒုံ အင်းစိန် ရွှေပြည်သာစတဲ့မြို့နယ်တွေက နယ်မြေ၁ ။ တောင်/မြောက်ဥက္ကလာ အောင်မင်္ဂလာ နယ်မြေ၇ ။ တောင်/မြောက်/ အရှေ့ဒဂုံမြို့သစ်တွေက နယ်မြေ၆။ သင်္ဃန်ကျွန်းသာကေတ တာမွေ နယ်မြေ ၄ ။ ရန်ကင်း မရမ်းကုန်း နယ်မြေ၂ ။ လှည်းတန်း ကြည့်မြင်တိုင် နယ်မြေ၃ ။ ဗိုလ်တထောင်ပုဇွန်တောင် နယ်မြေ၅ စသည်ဖြင့်ပေါ့ ။ မော်တော်ပီကယ်တွေရဲ့ရင်ဘတ်မှာ နယ်မြေနံပါတ်တွေပါတယ် ။ ၇၀၃၆ ၄၀၅၅ စသည်ဖြင့်ထိပ်ဆုံးဂဏန်းဟာ ဘယ်နယ်မြေတာဝန်ကျဆိုတာကိုပြပါတယ် ။ ၈ ဒါမှမဟုတ် ၉ နဲ့စရင်တော့ ၅၁ လမ်းယာဉ်ထိန်းရဲရုံးနဲ့ဆိုင်တဲ့ ဌာနခွဲတွေကပါ ။ ကိုယ့်ကားကိုတားရင် ဘယ်စခန်းကရဲလဲဆိုတာ ရင်ဘတ်နံပါတ်ကြည့်လိုက်ရင် တန်းသိရပါတယ် ။
အဲ့ဒီနယ်မြေတွေကဖမ်းလိုက် ကျနော်က သွားပြန်လိုက်ထုတ်လိုက်နဲ့ သံသရာလည်နေတော့ သူဌေးကိုကျနော်တင်ပြတယ် ။ ကျနော်တို့က သူကြီးနဲ့ပေါင်းပြီး ဆယ်အိမ်ခေါင်းတွေကို ရီးထင်တဲ့အပေါက်ချိုးသလိုဖြစ်နေတယ် ။ ဆယ်အိမ်ခေါင်းတွေကိုလည်း ပေါင်းသင့်တယ်ဆိုတော့ အဲ့ဒါ အရင်က မန်နေဂျာကိုမြင့်စိုးတို့ ကိုစိုးလွင်ထွန်းတို့ လုပ်ထားတာရှိတယ် ။ ဆက်လုပ်လိုက်လေဆိုတော့ ထုံးစံအတိုင်း
နယ်မြေမှုးတွေဆီကို အရက်ပုလင်းလက်ဆောင်သွားပေးပြီး မိတ်ဆက် ဘစ်စင်းတင်းကဒ်ယူလုပ်ပြီး ကုမ္ပဏီကကားတွေကို ကူညီပေးဘို့ တောင်းပန်ပါတယ်ပြောဆိုရတာပေါ့ ။
နယ်မြေ ၁ ၂ ၄ ၆ ၇ မော်တော်ပီကယ်စခန်းတွေ တခုမှကျနော်တို့ကုမ္ပဏီနဲ့မကင်းဘူး ။တံခါးလေးလာပြင်ပေးပါဦး ။လမ်းခင်းပေးပါ ။ဘိလပ်မြေအလှုခံပါတယ်။ ပြူတင်းမှန်လဲချင်လို့စသည်ဖြင့်ပေါ့လေ ။ စိန်ပန်းမြိုင်ရဲရိပ်သာနဲ့ သီရိမြိုင်ယာဉ်ထိန်းသင်တန်းကျောင်းတောင်ပါသေးတယ် ။ သူတို့က နိုင်ငံတော်ဘတ်ဂျက်ကနေ ပြင်/ထိန်းစရိတ်ထုတ်စား ကုမ္ပဏီကfree လုပ်ပေး အဲ့လိုလည်ပါတ်ခဲ့တာ ။
အဲ့ဒါကြောင့် ကျနော်စီးတဲ့ကား န/ ၈၀၇၄ လင့်ရိုဘာအင်ဂျင် ပါတ်ဖိုင်နာဘော်ဒီဆိုလား မာဇဒါဂျစ်ယောင်ဆောင်ထားတဲ့ကား ။ ဘာဝိတက်ဘာစာရွက်စာတမ်းမှမရှိ ။ လူလည်းလိုင်စင်မရှိ ။ ကျနော့ကို စစ်မေးမဲ့သူလည်းမရှိ ။ အေးဆေးပဲ ။
စစ်အာဏာရှင်စနစ်ယန္တယားထဲ လည်ပါတ်နေတဲ့သူတွေက ရာထူးဌာန နေရာပေါ် မူတည်ပြီး တံစိုးလက်ဆောင်ရယူတဲ့နည်း ။ အာဒါးအာဒါးဆိုပြီး အကျိုးမြတ်ရှယ်ယာ ခွဲဝေယူတဲ့နည်းတွေနဲ့ ပြည်သူအပေါ်ဖောက်ပြန်ပြီးကိုယ်ကျိုးရှာချမ်းသာသွားကြသလို နိုင်ငံကိုဆောင်သင့်တဲ့အခွန်မဆောင် လိုက်နာရမဲ့စည်းကမ်းတွေမလိုက်နာပဲ အာဏာပိုင်တွေနဲ့ပေါင်း အမြတ်စွန်းရရေးသက်သက်လုပ်ခဲ့တဲ့ကုမ္ပဏီတွေ အများကြီးဆိုတာ ကိုယ်တွေ့ဖြတိသန်းသိခဲ့ရတဲ့ သက်သေတွေပါပဲ ။
ခုန မူရင်းအကြောင်းရာပြန်ဆက်ရရင်
တရက်ကျတော့ ကျနော်ကကိစ္စတခုနဲ့ နယ်မြေ ၇ ရုံးရှိရာ ကျောက်ရေတွင်းကုန်းဆင်း စိန်ပန်းမြိုင်ရဲရိပ်သာကိုရောက်သွားတယ် ။
ယာဉ်ထိန်းရဲစခန်းရှေ့ အလံတိုင်ကွင်းမှာ စခန်းတခုလုံးရှိသမျှ မော်တော်ပီကယ် တွေ ၀တ်စုံပြည့်နဲ့ ဖွေးဖွေးဖြူနေတယ် ။
သူတို့ရှေ့အလံတိုင်မှာ White Board တခုကပ်ထောင်ထားတယ် ။ နယ်မြေမှူး ရဲအုပ်ဇော်ဖေက တုတ်တချောင်းနဲ့ အဲ့ White Board ကိုထောက်ထောက်ပြပြီး စကားပြောဘို့ လုပ်နေတာတွေ့တော့ ဘေးကနေ အသာရပ်နားထောင်နေ လိုက်တယ် ။
White Board မှာ ရေးထားတာက
မသိရင် ရန်ကုန်မှာ မနေနဲ့ ။
သူပြောနေတဲ့အကြောင်းရာက အဲ့မတိုင်ခင်ရက်က တိုင်းရုံးမှာသူအစည်းဝေးသွားတက်ခဲ့တဲ့အကြောင်း ။ အစည်းဝေးတက်တဲ့အရာရှိမှန်သမျှကို ပရိုဂျက်တာနဲ့ စာတန်းထိုးပြထားတာက
မသိရင်ရန်ကုန်မှာမနေနဲ့ ။
ဦးဇော်ဖေလက်အောက်က ဒုရဲအုပ်အပါ ယာဉ်ထိမ်း၈ ယောက် အဖမ်းခံထားရတယ် ။ ဖြူနီကြားမှာ ရပ်ထားတဲ့ကားကို လိုင်စင်သွားတောင်းမိလို့ ။ ကားက သမီးတော်လို့ခေါ်တဲ့ သန်းရွှေသမီးကား ။ လိုင်စင်ထုတ်မပေးပဲ ဒီကားဘယ်သူ့ကားမှန်းမသိတဲ့ကောင် နင့်တို့ကိုပညာသင်လွှတ် မယ်ပြောသွားတာခံလိုက်ရတယ် ။ နောက်က ကိုယ်ရံတော်လိုက်လာတဲ့ကားက ငါနဲ့လာကိုင်တုတ်ဆဲပြီး အဲ့ဒါအဖိုးကြီးသမီးဟဆိုမှ ဘယ်သူမှန်းသိကြတယ် ။ မကြာဘူး စက်နဲ့လှန်းခေါ်လို့ စခန်းပြန်ရောက်တော့ အချုပ်ထဲတန်းဝင်ကြရတယ် ။
နောက်တမှုက ကူညီပါရစေ ရဲသီးချင်းဆိုတဲ့ ဒုရဲမှုးထင်လင်း နယ်မြေ၂ နယ်မြေမှူး ကိုယ်တိုင်ဖြစ်တာ ။ နယ်မြေ၂ ရုံးက ကုက္ကိုင်းမီးပွိုင့် ဒေါ်စုလမ်းထိပ်ကရုံး ။ အဲ့ရုံးရှေ့မှာ ဒုရဲမူးထင်လင်းကိုယ်တိုင်ထွက်ရပ်နေတုန်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကတော်ကြီးစီးလာတဲ့ကားက မီးပွိုင့်မလွတ်ဖြစ်တာ ။ ၀င်ဒါမီယာထဲကထွက်လာတာ စက်နဲ့လှန်းပေါက်မဲ့သူမရှိလိုက်တော့ မသိလိုက်ကြဘူး ။ မမြင်တော့ အလေးလည်းမပြုဖြစ်ဘူး ။ ဗိုလ်ချုပ်ကတော်ကြီးအမျက်တော်ရှတော့ နယ်မြေမှူး သာမညမဟုတ်တဲ့သူတောင် နယ်ပြောင်း ရာထူးတိုးရပ် ထိသွားတယ် ။
လူကြီးတွေအိမ်တွေက ကားတွေက အမြဲ ပြောင်းနေနိုင်တယ် ။ လူကြီးကတော်တွေ ၊ လူကြီးသားသမီးတွေရဲ့ကားတွေ အမြဲပြောင်းနေနိုင်တယ် ။ ကိုယ့်နယ်မြေထဲမှာ ဘယ်လူကြီးအိမ်ရှိလဲ ။ ဘာနံပါတ်တွေလဲ သိအောင်လုပ်ကြ ။ မသိရင် ရန်ကုန်မှာ မနေနဲ့ ။
လမ်းရှင်းပေးရမယ် ။ ဘယ်လိုမောင်းမောင်း ဘယ်လိုရပ်ရပ် ဘာဖြစ်ဖြစ်မတားဆီးရဘူး ။ တခြားသူနဲ့ဖြစ်ရင် မှားမှားမှန်မှန် ဘက်လိုက်ကူညီပေးရမယ် ။ လူကြီးပါသည်ဖြစ်စေမပါသည်ဖြစ်စေ လူကြီးအိမ်ကကားမြင်တာနဲ့ တန်းအလေးပြုရမယ် ။မသိရင် ရန်ကုန်မှာမနေနဲ့ ။
တန်းဖြုတ်ပြီး ကျနော်နဲ့စကားပြောတော့
ဦးဇော်ဖေက ခုန ကျနော်တို့ပြောတာတွေ ကြားမှာပေါ့ ။ ကျနော်ကတော့ ပင်စင်ယူရတော့မှာဆိုတော့ သူများတွေလို အပြစ်ကြီးကြီးမထိဘူး ။ Extension တော့ မရတော့ဘူး ။ ရက်ပိုင်းအတွင်းပဲ ပင်စင်သွားရတော့မယ် လို့ တခါထဲနှုတ်ဆက်စကားဆိုတယ် ။ တကယ်လည်း နောက်တလမပြည့်ခင် သူအနားယူလိုက်ရတယ် ။
မသိရင် ရန်ကုန်မှာမနေနဲ့ ။ ဆိုတော့
ရန်ကုန်က ဘာလဲ ။ ရန်ကုန်မှာ မနေရတော့ရောဘာဖြစ်လဲ ။ မော်တော်ပီကယ် အတွက်ကတော့ လိုင်းကား ။ အငှားယာဉ် ။ သဲကျောက်သစ်ဝါးကုန်ပစ္စည်းကား ။
ဖြူနီကြားရပ် ။ ပွိုင့်ဖြတ်မောင်း ။ ဆက်ကြေးလိုင်းကြေးတောင်းလို့ အကောင်းဆုံး ဧရာမ စိမ်းစိမ်းစိုစိုစားကျက်မြေကြီးလေ ။
ယာဉ်တိုက်မှုဖြစ်လေ ပိုက်ဆံရလေ ။ ရာထူးအနိမ့်ဆုံးတရစ်နဲ့သူ(ရနိကုန်မော်တော်ပီကယ်က ရဲဘော်မရှိ)တောင် လစာအပြင် တနေ့ငါးထောင်အထက် နေ့စဉ်
ဝင်ငွေရှိနေတော့ နယ်မပြောင်းချင်ကြဘူး ။ အဲ့အပေါ်ကနေ သူတို့လည်း ခြိမ်းခြောက်ခံကြရတယ် ။ မသိရင် ရန်ကုန်မှာမနေနဲ့လို့ ။
စစ်အာဏာရှင်စနစ်က စစ်ဗိုလ်ချုပ်အသိုင်းဝိုင်း ချမ်းသာရေးသက်သက်မဟုတ်ဘူး ။ သူတို့သားသမီးမြေးမြစ်တွေထိ ဥပဒေမဲ့ ထင်ရာစိုင်းနေနိုင်ရေးပဲ ။ ပြည်ထဲရေးက အာဏာရှင်တွေရဲ့ချုပ်ကျုင်မှုအောက်မှာရှိပြီး ဥပဒေတွေ တရားသဖြင့်ဖြစ်ရေးတွေအားလုံးဟာ ခြိမ်းခြောက်ခံနေရသေးသမျှ တိုင်းပြည်ကပျက်နေဦးမှာပဲ ။
စစ်အာဏာရှင်စနစ်ကို မတိုက်ဖျက်နိုင်မချင်း ။ စစ်အာဏာရှင်စနစ်ခိုင်မြဲရေးအတွက် ဒေါက်ထောက်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအပါအ၀င် စစ်တပ်ရဲ့အခွင်အာဏာတွေကိုမဖျက်နိုင်မချင်း ။ ဦးပိုင်အပါအ၀င် စစ်ဗိုလ်ချုပ်တွေရဲ့အကျိုးစီးပွားတွေကို မဟန့်တားနိုင်မချင်း ကြီးနိုင်ငယ်ညှင်းမတရားမှုတွေနဲ့ တိုင်းပြည်ကစုတ်ချာနေဦးမှာဖြစ်သလို ပြည်တွင်းငြိမ်းချမ်းရေးဆိုတာလည်း ဝေးသထက်ဝေးနေဦးမှာပါပဲ ။
သုံညသစ်
မသိရင် ရန်ကုန်မှာမနေနဲ့ ။
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment