ျမန္မာနိုင္ငံတြင္ ဘုရားဆင္းတုေတာ္ ပူေဇာ္မႈကို လြန္ခဲ့ေသာႏွစ္ေပါင္း ၂၀၀၀-ခန႔္ကပင္ စတင္ခဲ့သည္။ ဗုဒၶဘာသာဝင္တို႔သည္ ဘုရားဆင္းတုေတာ္ကို ေရႊ၊ ေငြ၊ ေၾကး၊ ေက်ာက္၊ သစ္သား၊ အဂၤေတ၊ ႏွီး စသည့္ပစၥည္းမ်ားျဖင့္ ရပ္ေတာ္မူပုံ၊ ထိုင္ေတာ္မူပုံ၊ ေလ်ာင္းေတာ္မူပုံ တို႔ကို ထုလုပ္ကိုးကြယ္ ခဲ့ၾကသည္။ ယင္းတို႔တြင္ `ပုလင္းဘုရား´သည္ ထူးျခားလွသည္။
ပုလင္းဘုရား ဆိုသည္မွာ ဆင္းတုေတာ္၊ ပလႅင္၊ တံကဲ၊ ျပာသာဒ္ စသည့္ အစိတ္အပိုင္းမ်ားကို သစ္သား(ကၽြန္းသား)ျဖင့္ အေသးစိတ္ ထုလုပ္ၿပီး၊ ေက်ာင္းေဆာင္ႏွင့္ တကြ ေလးေထာင့္ပုလင္း ထဲသို႔ ထည့္သြင္း၍ ကိုးကြယ္ေသာ ဘုရားပင္ျဖစ္သည္။
ပုလင္းဘုရား ထုလုပ္ငန္းမွာ အျခားပန္းပု႐ုပ္မ်ား ထုလုပ္ျခင္းထက္ ပို၍ ခက္ခဲသည္။ ထုလုပ္ရာတြင္ လက္ဝင္သည္။ ဇြဲေကာင္းေကာင္းျဖင့္ အခ်ိန္ယူလုပ္ရသည္။ ပုလင္းထဲၾကည့္လၽွင္ ဆင္းတုေတာ္ႏွင့္ ေက်ာင္းေဆာင္မွာ ပစၥည္းမ်ားကို တစ္ခုႏွင့္တစ္ခု အစီအစဥ္က်ေအာင္ ဆက္ထားျခင္း ျဖစ္သည္။
ပုလင္းမွာ အျမင့္ ၁၀-လက္မ၊ အက်ယ္(အနံ) ၃-လက္မခန႔္ႏွင့္ လုံးပတ္ ၁၂-လက္မရွိ ေလးေထာင့္ ပုလင္းျဖစ္သည္။ ေက်ာင္းေဆာင္တြင္ ဘုရားရွင္ႏွင့္ ရဟႏၲာရွစ္ပါး( ျမန္မာအေခၚ ဘုရားကိုးဆူ) ပါရွိသည္။ ဘုရားဆင္းတုမွာ ဉာဏ္ေတာ္ ၂-လက္မခြဲမွ ၃-လက္မအထိ ရွိသည္။ အျမင့္ ၁-လက္မ၊ အက်ယ္၂-လက္မခြဲခန႔္ရွိ၍ ပလႅင္ေပၚတြင္ ဘုရားရွင္အား ရဟႏၲာမ်ား ၿခံရံလ်က္ ရွိသည္။ ပုလင္း၏ ေထာင့္ေလးေထာင့္တြင္ ထီးေလးလက္လည္း စိုက္ထူထားသည္။
ထို႔ျပင္ ေက်ာင္းေဆာင္ေပၚတြင္ ေစတီတစ္ဆူလည္း ပူေဇာ္ထားသည္။ ဘုရားထီးေတာ္ကို ပုလင္းဗူးဆို႔ျဖင့္ ခိုင္မာစြာ ခ်ိပ္ပိတ္ထားသည္။ ထိုသို႔ျပဳလုပ္ျခင္းမွာ ဘုရားေက်ာင္းေဆာင္ ယိုင္လဲျခင္း၊ လႈပ္ရွားျခင္း၊ ပ်က္စီးျခင္း မရွိေအာင္ ဗူးဆို႔က ထိန္းခ်ဳပ္ထားျခင္း ျဖစ္သည္။
ထုလုပ္နည္း
ပုလင္းဘုရား ထုလုပ္နည္းမွာ ေရွးဦးစြာ ပုလင္း၏ အတြင္းပိုင္းကို ေသခ်ာစြာ တိုင္းတာၿပီး အျပင္မွာ ပုံစံထုတ္ၾကည့္ရသည္။ ပုလင္းအဝမွာ ငါးမူးခန႔္သာ က်ယ္သည္။ ေက်ာင္းေဆာင္မွအပ ဆင္းတုေတာ္၊ ပလႅင္၊ တံကဲ၊ ျပႆဒ္ စသည့္ပစၥည္းမ်ားမွာ အျမင့္ ၂-လက္မခြဲႏွင့္ အက်ယ္(အနံ) လက္မဝက္ခန႔္သာ ရွိသည္။ ထိုအစိတ္အပိုင္းမ်ားကို ပုလင္းထဲ ဝင္သြားေအာင္ ထုလုပ္ရသည္။ ထုၿပီးေသာ ပစၥည္းမ်ား ပုလင္းထဲ မထည့္မီ အျပင္မွာ လက္ေတြ႕တပ္ဆင္ ၾကည့္ရသည္။ ပုံစံေပၚလာလၽွင္ ထိုပစၥည္းမ်ားကို ဇာကနာအရွည္ျဖင့္ တစ္ခုျခင္းယူကာ ပုလင္းထဲ ထည့္ၿပီး သူ႔ေနရာႏွင့္သူ၊ ဆက္၍ဆက္၍ ေပးၿပီးေသာအခါ လက္ရာေျမာက္ေသာ ပုလင္းဘုရားတစ္ဆူ ျဖစ္လာသည္။(ပစၥည္းမ်ားကို ေကာ္ျဖင့္ မဆက္ရပါ။)
ပုလင္းဘုရားသည္ အျမင္ဆန္း၍ ၾကည္ညိဳဖြယ္ ေကာင္းသည္။ ေရွးေခတ္ ပန္းပုဆရာတစ္ဦး၏ စိတ္ကူးႏွင့္ တီထြင္ဉာဏ္မွာ ခ်ီးက်ဴးဖြယ္ေကာင္းသည္။ ေရႊသကၤန္းကပ္လႉထားေသာ ပုလင္းဘုရားမ်ားမွာ ပို၍ ၾကည္ညိဳဖြယ္ ေကာင္းသည္။ ယခုအခါ ပုလင္းဘုရား ထုလုပ္သည့္ ပညာရွင္မ်ား မရွိေတာ့သျဖင့္ ပုလင္းဘုရားမ်ား ရွားပါးေနၿပီ ျဖစ္သည္။
ဖူးေတြ႕နိုင္သည့္ေနရာ
ရွားပါးေသာ ပုလင္းဘုရားမ်ားကို ရန္ကုန္ၿမိဳ႕၊ ေရႊတိဂုံဘုရားျပတိုက္၊ မႏၲေလးၿမိဳ႕၊ မဟာျမတ္မုနိဘုရားျပတိုက္၊ ပခုကၠဴၿမိဳ႕၊ သီဟိုဠ္ရွင္ဘုရားျပတိုက္ တို႔ႏွင့္ အျခား အျမတ္တနိုးပူေဇာ္ထားသူအခ်ိဳ႕တြင္ သာဖူးေတြ႕နိုင္သည္။ ထိုဘုရားမ်ားသည္ ေရွးဆရာေတာ္ႀကီးမ်ားႏွင့္ ဘိုးဘြားမိဘမ်ားမွ တဆင့္ သားစဥ္ေျမးဆက္ လက္ဆင့္ကမ္း ကိုးကြယ္ခဲ့ၾကသည့္ ဘုရားမ်ားျဖစ္ေၾကာင္း သိရွိရပါသည္။ အဆိုပါဘုရားမ်ားသက္တမ္းမွာ ႏွစ္ေပါင္း ၂၀၀-ခန႔္ ရွိမည္ဟု ခန႔္မွန္းရပါသည္။
Credit
...........
မြန်မာနိုင်ငံတွင် ဘုရားဆင်းတုတော် ပူဇော်မှုကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀-ခန့်ကပင် စတင်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဆင်းတုတော်ကို ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ်သား၊ အင်္ဂတေ၊ နှီး စသည့်ပစ္စည်းများဖြင့် ရပ်တော်မူပုံ၊ ထိုင်တော်မူပုံ၊ လျောင်းတော်မူပုံ တို့ကို ထုလုပ်ကိုးကွယ် ခဲ့ကြသည်။ ယင်းတို့တွင် `ပုလင်းဘုရား´သည် ထူးခြားလှသည်။
ပုလင်းဘုရား ဆိုသည်မှာ ဆင်းတုတော်၊ ပလ္လင်၊ တံကဲ၊ ပြာသာဒ် စသည့် အစိတ်အပိုင်းများကို သစ်သား(ကျွန်းသား)ဖြင့် အသေးစိတ် ထုလုပ်ပြီး၊ ကျောင်းဆောင်နှင့် တကွ လေးထောင့်ပုလင်း ထဲသို့ ထည့်သွင်း၍ ကိုးကွယ်သော ဘုရားပင်ဖြစ်သည်။
ပုလင်းဘုရား ထုလုပ်ငန်းမှာ အခြားပန်းပုရုပ်များ ထုလုပ်ခြင်းထက် ပို၍ ခက်ခဲသည်။ ထုလုပ်ရာတွင် လက်ဝင်သည်။ ဇွဲကောင်းကောင်းဖြင့် အချိန်ယူလုပ်ရသည်။ ပုလင်းထဲကြည့်လျှင် ဆင်းတုတော်နှင့် ကျောင်းဆောင်မှာ ပစ္စည်းများကို တစ်ခုနှင့်တစ်ခု အစီအစဉ်ကျအောင် ဆက်ထားခြင်း ဖြစ်သည်။
ပုလင်းမှာ အမြင့် ၁၀-လက်မ၊ အကျယ်(အနံ) ၃-လက်မခန့်နှင့် လုံးပတ် ၁၂-လက်မရှိ လေးထောင့် ပုလင်းဖြစ်သည်။ ကျောင်းဆောင်တွင် ဘုရားရှင်နှင့် ရဟန္တာရှစ်ပါး( မြန်မာအခေါ် ဘုရားကိုးဆူ) ပါရှိသည်။ ဘုရားဆင်းတုမှာ ဉာဏ်တော် ၂-လက်မခွဲမှ ၃-လက်မအထိ ရှိသည်။ အမြင့် ၁-လက်မ၊ အကျယ်၂-လက်မခွဲခန့်ရှိ၍ ပလ္လင်ပေါ်တွင် ဘုရားရှင်အား ရဟန္တာများ ခြံရံလျက် ရှိသည်။ ပုလင်း၏ ထောင့်လေးထောင့်တွင် ထီးလေးလက်လည်း စိုက်ထူထားသည်။
ထို့ပြင် ကျောင်းဆောင်ပေါ်တွင် စေတီတစ်ဆူလည်း ပူဇော်ထားသည်။ ဘုရားထီးတော်ကို ပုလင်းဗူးဆို့ဖြင့် ခိုင်မာစွာ ချိပ်ပိတ်ထားသည်။ ထိုသို့ပြုလုပ်ခြင်းမှာ ဘုရားကျောင်းဆောင် ယိုင်လဲခြင်း၊ လှုပ်ရှားခြင်း၊ ပျက်စီးခြင်း မရှိအောင် ဗူးဆို့က ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ထုလုပ်နည်း
ပုလင်းဘုရား ထုလုပ်နည်းမှာ ရှေးဦးစွာ ပုလင်း၏ အတွင်းပိုင်းကို သေချာစွာ တိုင်းတာပြီး အပြင်မှာ ပုံစံထုတ်ကြည့်ရသည်။ ပုလင်းအဝမှာ ငါးမူးခန့်သာ ကျယ်သည်။ ကျောင်းဆောင်မှအပ ဆင်းတုတော်၊ ပလ္လင်၊ တံကဲ၊ ပြဿဒ် စသည့်ပစ္စည်းများမှာ အမြင့် ၂-လက်မခွဲနှင့် အကျယ်(အနံ) လက်မဝက်ခန့်သာ ရှိသည်။ ထိုအစိတ်အပိုင်းများကို ပုလင်းထဲ ဝင်သွားအောင် ထုလုပ်ရသည်။ ထုပြီးသော ပစ္စည်းများ ပုလင်းထဲ မထည့်မီ အပြင်မှာ လက်တွေ့တပ်ဆင် ကြည့်ရသည်။ ပုံစံပေါ်လာလျှင် ထိုပစ္စည်းများကို ဇာကနာအရှည်ဖြင့် တစ်ခုခြင်းယူကာ ပုလင်းထဲ ထည့်ပြီး သူ့နေရာနှင့်သူ၊ ဆက်၍ဆက်၍ ပေးပြီးသောအခါ လက်ရာမြောက်သော ပုလင်းဘုရားတစ်ဆူ ဖြစ်လာသည်။(ပစ္စည်းများကို ကော်ဖြင့် မဆက်ရပါ။)
ပုလင်းဘုရားသည် အမြင်ဆန်း၍ ကြည်ညိုဖွယ် ကောင်းသည်။ ရှေးခေတ် ပန်းပုဆရာတစ်ဦး၏ စိတ်ကူးနှင့် တီထွင်ဉာဏ်မှာ ချီးကျူးဖွယ်ကောင်းသည်။ ရွှေသင်္ကန်းကပ်လှူထားသော ပုလင်းဘုရားများမှာ ပို၍ ကြည်ညိုဖွယ် ကောင်းသည်။ ယခုအခါ ပုလင်းဘုရား ထုလုပ်သည့် ပညာရှင်များ မရှိတော့သဖြင့် ပုလင်းဘုရားများ ရှားပါးနေပြီ ဖြစ်သည်။
ဖူးတွေ့နိုင်သည့်နေရာ
ရှားပါးသော ပုလင်းဘုရားများကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားပြတိုက်၊ မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားပြတိုက်၊ ပခုက္ကူမြို့၊ သီဟိုဠ်ရှင်ဘုရားပြတိုက် တို့နှင့် အခြား အမြတ်တနိုးပူဇော်ထားသူအချို့တွင် သာဖူးတွေ့နိုင်သည်။ ထိုဘုရားများသည် ရှေးဆရာတော်ကြီးများနှင့် ဘိုးဘွားမိဘများမှ တဆင့် သားစဉ်မြေးဆက် လက်ဆင့်ကမ်း ကိုးကွယ်ခဲ့ကြသည့် ဘုရားများဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါဘုရားများသက်တမ်းမှာ နှစ်ပေါင်း ၂၀၀-ခန့် ရှိမည်ဟု ခန့်မှန်းရပါသည်။
No comments:
Post a Comment