CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 17, 2018
လောကမှာ အောင်မြင်ချင်ရင် ဘာပဲလုပ်လုပ် နှလုံးသွင်းမှန်မှန်နဲ့ ပီပီပြင်ပြင် လုပ်ရတယ်.
မျက်တွင်းဟောက်ပက်နဲ့ အိပ်ရေးပျက်နေတဲ့
ကျွန်တော့်ကို Star Light Company ပိုင်ရှင်
ဦးအောင်ဇော်ဝင်းက ဘာဖြစ်တာလဲ လို့မေးတယ်.
"ညဘက်တွေ အိပ်မရဘူး ဦးဇော်..
စိတ်ညစ်ညူးစရာ ပြဿနာတစ်ချို့အကြောင်း
ခေါင်းထဲရောက်နေတယ်.."
ကျွန်တော့်စကားကိုနားထောင်ပြီး
ဦးဇော် ရယ်ပါတယ်..
"မှတ်ထား သားရဲ့..
မင်းကိုစကားတစ်ခု လက်ဆောင်ပေးမယ်..
လောကမှာ အောင်မြင်ချင်ရင် ဘာပဲလုပ်လုပ်
နှလုံးသွင်းမှန်မှန်နဲ့ ပီပီပြင်ပြင် လုပ်ရတယ်..ကွ.."
"အဲဒီစကားရဲ့ အဓိပ္ပါယ်ကို
ရှင်းပြပါလား ဦးဇော်.."
"Ok..လူတစ်ယောက်ဟာညဘက် အိပ်ရာပေါ်မှာ
လုပ်စရာ နှစ်ခုပဲ ရှိတယ်..
မင်းက အိမ်ထောင်သည်နော်..
အဲဒါဆို ညဘက် မင်း အိပ်ရာပေါ်ရောက်ရင်
အိပ်ချင် အိပ် ၊
မအိပ်ချင် သား မိန်းမနဲ့ ချစ်ကြပေါ့ကွ..
ဟားဟား...
ဒါပဲသားရဲ့..
အိပ်ရာပေါ်ရောက်ရင် လုပ်စရာနှစ်ခုပဲရှိတာကို
မင်းက ပီပီပြင်ပြင် မလုပ်ဘဲ
အိပ်ရာပေါ်မှာ ပြဿနာတွေ ရှင်းနေတာကိုး.."
ဦးဇော်စကားနားထောင်ပြီး
ကျွန်တော် ရယ်ပါတယ်..
ဦးဇော်က ကျွန်တော်ကို ဆက်ပြောတယ်..
"ဦးဇော် ငယ်ငယ်က တအား ဆင်းရဲတာကွ..
လမ်းဘေးမှာ အိပ်ရတယ်..
လမ်းဘေးမှာ စားရတယ်..
အလုပ်သမားတွေ ပျံကျတွေ
လမ်းဘေးက သူတောင်းစားတွေ ၀ယ်စားကြတဲ့
ထမင်းဆိုင် သေးသေးလေးမှာ
ဦးဇော် ထမင်းစားခဲ့ရတယ်..
အဲဒီတုန်းကလည်း ဘာမှ မစဉ်းစားဘဲ
ထမင်းကို ပီပီပြင်ပြင်စားတယ်..
ငါဗိုက်ပြည့်ဖို့ကလွဲပြီး ဘာမှ မစဉ်းစားဘူး..
အခု ဦးဇော် ချမ်းသာသင့်သလောက်
ချမ်းသာတဲ့ အချိန်မှာ မနေ့က
သွားစားတဲ့ Sea Food တစ်ပွဲက
၁၀ သိန်း ကျော်တန်တယ်..
အဲဒါမျိုး ဟင်းတစ်ပွဲကို ၁၀ သိန်း တန်
သိန်း ၂၀ တန်တွေ စားတဲ့အခါလည်း
ဗိုက်ပြည့်ဖို့ပဲ စဉ်းစားတယ်..
ဒီလိုဟင်းပွဲမျိုးစားရလို့ ဂုဏ်ယူတာတွေ
ဘာတွေ ညာတွေ အပိုကိစ္စတွေ
ဦးဇော် ဘာမှ မစဉ်းစားဘူး..
ဦးဇော် ငယ်ငယ်က လမ်းဘေးမှာ
၅ ပြားတန် ထမင်းစားတုန်းကစိတ်နဲ့
အခု တစ်ပွဲ ၁၀သိန်းတန် စားရတဲ့ စိတ်နဲ့
အတူတူပဲ..
ဗိုက်ပြည့်ဖို့သာ အဓိက .."
(ကျွန်တော် ရော ထမင်းစားတဲ့အခါ
ဘယ်လိုစိတ်မျိုးနဲ့စားလဲ ပြန်စဉ်းစားမိတယ်..
အိုး..အတွေးပေါင်းစုံနဲ့ ထမင်း စားခဲ့တဲ့
ရက်တွေချည်းပါဘဲ..)
"ဦးဇော်က အရက် အရမ်းသောက်ခဲ့ဖူးတယ်..
ငယ်ငယ်က လမ်းဘေးမှာ သောက်တယ်..
မူးအောင်သောက်တယ်..
ချမ်းသာလာတဲ့အခါ အရက်တစ်ပုလင်း
သိန်း ၃၀ တန်လောက်ကို
အိမ်မှာ ၀ယ်သောက်တယ်..
တစ်ခါသောက်ရင် တစ်ပုလင်းလုံး
ကုန်အောင်သောက်တယ်..
အတူတူပဲ..
လမ်းဘေးက အရက်သောက်တုန်းက စိတ်နဲ့
အခု အရက်အကောင်းစား သောက်တဲ့စိတ်
အတူတူပဲ..
မူးအောင်ကို သောက်တာ.."
"အခုချိန်မှာ ဦးဇော်ဟာ တရားအားထုတ်တဲ့အတွက်
မကောင်းတာတွေ ဘာမှ မလုပ်ဘူး..
အရက်လည်း မသောက်တော့ဘူး..
ဖဲလည်း မရိုက်တော့ဘူး..
တရားကိုပဲ ပီပီပြင်ပြင် နှလုံးသွင်းတယ်..
ရင်ထဲမှာ ဗုဒ္ဓရဲ့ တရားတော်တွေသာ
အမြဲမပြတ် ဆင်ခြင်တယ်..
ကုသိုလ်ကောင်းမှုတွေသာ ပြုတော့တယ် သားရေ..
အဲဒီတော့ ဦးဇော် ပြောချင်တာက
မင်းဘာလုပ် နေတာလည်း ..
မင်းလုပ်နေတဲ့အလုပ်ကို ပီပီပြင်ပြင်လုပ်စမ်းဘာ.
အရက်သောက်နေတာလား ..
ပီပီပြင်ပြင် မူးအောင်သောက်လိုက်ကွာ..
ထမင်းစားနေတာလား..
ပီပီပြင်ပြင် ၀ အောင် စားကွာ..
ပရဟိတလုပ်မလို့လား..
ပီပီပြင်ပြင်လုပ်စမ်းကွာ..
တရားအားထုတ်မလုပ်လား..
ပီပီပြင်ပြင် အားထုတ်ကွာ...
အိပ်မလို့လား
အိပ်ရာပေါ်မှာ မိန်းမကို ပီပီပြင်ပြင် ချစ်ပြီး
ဘာမှ မစဉ်းစားဘဲ
ပီပီပြင်ပြင် အိပ်ချလိုက်စမ်းပါကွာ....
ဟား..ဟား..ဟား.."
ကျွန်တော် ဦးဇော်ကိုကြည့်ပြီး သဘောကျစွာ
မှတ်ချက်တစ်ခုချ မိတယ်..
" ဒီလိုစိတ်မျိုးကြောင့် သူဟာ လမ်းဘေးကနေ
သူကြွယ်တစ်ယောက်ဖြစ်သွားတာကိုး.."
ဦးဇော်က ကျွန်တော့်ကို မေးတယ်..
"နေပါအုံးကွ ..မောင်စိုးထိုက်ရ..
မင်းညည အိပ်မပျော်အောင်ဖြစ်နေရတဲ့
ကိစ္စကို ပြောပြပါအုံး.."
"ဒီလိုပါဦးဇော်..သားကို လူတစ်ယောက်က
အပုပ်ချ မကောင်းပြောနေလို့ပါ.."
"ဟေ..ငါ့သား..
မင်းကွာ..ကျေးဇူးရှင်တစ်ယောက်ပေါ်လာတာဟ..
မင်း ၀မ်းသာရမယ့် ကိစ္စကို ဘယ့်နှယ်ကြောင့်
စိတ်ညစ်နေရတာတုန်း.."
"ဟာဗျာ..ဦးဇော်ကလည်း..
ကိုယ့်ကို အပုပ်ချ မကောင်းပြောတဲ့သူပေါ်လာတာကို
ဘာဖြစ်လို့ ကျေးဇူးရှင်လို့ သတ်မှတ်ပြီး
ဝမ်းသာရမှာလဲ.."
ဦးဇော် က သူထိုင်နေတဲ့ ခုံကို ကျွန်တော့်ဘက်ကို
ရွှေ့လိုက်ပြီး..
"ဒီမှာ ငါ့သား..မှတ်ထားဟ..
ပါရမီ ၁၀ ပါးမှာ ခန္တီပါရမီကလွဲလို့
ကျန်တဲ့ ပါရမီတွေက ကိုယ်တစ်ယောက်ထဲနဲ့
ဖြည့်လို့ရတယ်..
ခန္တီပါရမီက ပါရမီဖြည့်ဘက်လိုတယ်ဟ..
အဲဒီပါရမီဖြည့်ဘက်က
ကိုယ့်ကို ရန်စရမယ်..
ကိုယ့်ကို မကောင်းတာ လုပ်ရမယ်..
ကိုယ့်ကို မကောင်းတာကြံရမယ်..
အဲဒီအခါ ကိုယ်က သည်းခံရတယ်..
ကိုယ့်ကို အဲဒီလို မကောင်းတာ
လာလုပ်လို့ သူဟာ ကုသိုလ်မရဘူးနော်..
သူလည်း အကုသိုလ်ပဲရတာ..
ဒါကြောင့် ကိုယ့်ကို အဲဒီလိုလာလုပ်တဲ့
လူတွေနဲ့ကြုံတိုင်းကြုံတိုင်း
သူဟာ အကုသိုလ်အဖြစ်ခံပြီး ငါ့ကို
ခန္တီပါရမီလာဖြည့်ပေးနေတဲ့ ကျေးဇူးရှင်လို့
သဘောထားလိုက်ရင် သားဟာ
နှလုံးစိတ်ဝမ်း အေးချမ်းမယ် သားရေ..."
အို...
ရင် ထဲ မှာ ရှင်း သွား လိုက် တာ..
ရင် ထဲ မှာ လင်း သွား လိုက် တာ..
ရင် ထဲ မှာ အေး သွား လိုက် တာ..
ရင် ထဲ မှာ ငြိမ်း သွား လိုက် တာ..
ဦးအောင်ဇော်ဝင်းကို နှုတ်ဆက်ပြီး
ကျွန်တော်ဟာ ဘ၀ကို နှလုံးသွင်းမှန်ကန်စွာနဲ့
ပီပီပြင်ပြင် လျောက်လှမ်းဖို့
ခွန်အား အပြည့်နဲ့ အိမ်ကို ပြန်လာခဲ့တယ်
ကိုစိုးထိုက်(ဖဒို)
လောကမှာ အောင်မြင်ချင်ရင် ဘာပဲလုပ်လုပ် နှလုံးသွင်းမှန်မှန်နဲ့ ပီပီပြင်ပြင် လုပ်ရတယ်.
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment