Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 7, 2018

အံ့ဘွယ်ထူးခြား စွန်းလွန်းတရား

ဆရာစန္ဒြ

၁၉၅၁ခုနှစ်လောက်က ~~~~~~ ရဟန္တာဟုကျော်ကြားသော ဆရာတော်ကြီးတပါးသည် မြန်မာရေဒီယိုမှ

တရားတော်တပုဒ်(အသံသွင်းထားသောဓာတ်ပြား)လွင့်ခဲ့ရာ ထိုတရားတော်ထဲတွင် ဗုဒ္ဓဘာသာဝင်များ

နိဗ္ဗာန်နှင့်ဝေးရခြင်းအကြောင်းကို ဤကဲ့သို့ ဟောတော်မူခဲ့၏။

ဒကာကြီးတို့၊ ဒကာမကြီးတို့…. နိဗ္ဗာန်နဲ့ (ဘာကြောင့်)ဝေးနေတယ်ဆိုတာ သိကြရဲ့လား?

သင်တို့မှာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိမဟုတ်ဘဲ

သား သရဏံ ဂစ္ဆာမိ၊ သမီး သရဏံ ဂစ္ဆာမိ၊ ခင်ပွန်း သရဏံ ဂစ္ဆာမိ ဖြစ်နေသောကြောင့်

နိဗ္ဗာန်နှင့် ဝေးနေတာဖြစ်ကြောင်းဟောတော်မူ၏။

ထိုခေတ်အချိန်အခါက ဒါန သီလ သမထအားကောင်း၍ ၀ိပဿနာပွားများသူအရေအတွက်နည်းသေးရကား

ထို တရားတော်ကိုဟောသူဆရာတော်ကြီးမှာ ရဟန္တာမထေရ်ကြီးဖြစ်ကြောင်း လူအချို့ သံသယရှိကြ၍

ဦးနုအစိုးရက ၀ါဒဖြန့်ခြင်းဖြစ်သည်ဟု ထင်မြင်ယူဆကြသူများလည်း မနည်းပေ၊

အဘယ့်ကြောင့်ဆိုသော် ရဟန္တာဖြစ်ဘို့ရန် အလွန်ခဲယဉ်းသည် ဟု ယူဆသော အချိန်အခါ ဖြစ်သောကြောင့်ဖြစ်၏။

၎င်းတရားကိုဟောကြားသူမှာ ကမ္ဘာကျော်စွန်းလွန်းဆရာတော်ကြီးဖြစ်၏။ ထိုတရားတော်ကို နာကြား၍

သဒ္ဓါပသန္နဖြစ်ကာ ဖူးမျှော်လိုသူကား နိုင်ငံကျော်လက္ခဏာပညာရှင်ဆရာစန္ဒြဖြစ်၏။

လွတ်လပ်ရေးရပြီးကာစ ခရီးသွားလာရခက်ခဲပြီး ရောင်စုံသူပုန်များနေရာအနှံ့  သောင်းကြမ်းနေသော အချိန်တွင်

ဆရာစန္ဒြသည် ဆရာတော်ကြီးအားဖူးမျှော်ရန် မြင်းခြံသို့ အရောက်သွားလေ၏။

နံနက်ပိုင်း(၈)နာရီလောက်ကပင် အညာနွေသည်ပူပြင်းလျက်ရှိရာ စွန်းလွန်းဆရာတော်ကြီး၏

ကျောင်းဝင်းအတွင်း ရောက်သောအခါ ခန္ဓာကိုယ်တခုလုံး အလွန်အေးမြသော အအေးဓာတ်ကို ခံစားရ၍

သူတော်ကောင်းတို့၏ မေတ္တာဓာတ်ကို နှလုံးသားထဲမှ ခံစားသိရှိလေတော့၏။

နံနက်(၉)နာရီအချိန်လောက်တွင် ဆရာတော်ကြီးသည် ဓမ္မာရုံအတွင်းသို့ကြွရောက်ပြီး တရားပလ္လင်ပေါ်တွင် သီတင်းသုံးနေတော်မူ၏။

ဆရာစန္ဒြသည် ဆရာတော်ကြီးအားကပ်လှူရန် ယူဆောင်လာသော ပရိက္ခရာရှစ်ပါးနှင့်တကွ ရန်ကုန်သို့ပြန်ရန်ခရီးစရိတ်သာချန်၍

ပါလာသောငွေများကို န၀ကမ္မအဖြစ် ဆရာတော်ကြီးအား လှူဒါန်းပြီးသောအခါ–

“ဆရာတော်ဘုရား.. တပည့်တော်အား သနားတော်မူ၍ တပည့်တော်လှူသည့် တိစီဝရိတ်သင်္ကန်းကို ယခုပင်လျှင် ၀တ်ရုံတော်မူပါဘုရား” ဟု လျောက်ထားလေ၏။

ထိုအခါဆရာတော်ကြီးက ကပ်လှူသော သင်္ကန်းများကိုဝတ်ရုံတော်မူပြီး.. “သူတော်ကောင်းလုပ်ရတာ အောက်ဆုံးကဘဲ” ဟု မိန့်တော်မူလေ၏။

ဆရာတော်၏ စကားကိုကြားရသောအခါ ဆရာစန္ဒြက.. “ဆရာတော်ဘုရား တပည့်တော်သည် သွားလာရခက်ခဲ၍ဆူပူနေသောခေတ်ကြီးတွင်

ဝေးလံသောရန်ကုန်မြို့မှ ဆရာတော်ကြီးကို ဖူးမျှော်ကန်တော့ရန်လာခဲ့ခြင်းဖြစ်ပါတယ်ဘုရား” ဟု ၀မ်းနည်းစွာလျောက်ထားလေ၏။

ထိုအခါ ဆရာတော်ကြီးက.. “အေးလေ.. ယခုသင်္ကန်းကို ၀တ်ပါဆိုတဲ့အတိုင်း ငါဝတ်ပြီးပြီမဟုတ်လား? သူတော်ကောင်းဆိုတာ သူများအလိုကို လိုက်ရတယ်၊

အစစ သည်းခံရတယ်၊ မင်း ခြင်,သတ်ရဲလား? ဟု မေးလေ၏၊

“မသတ်ရဲပါဘုရား” ဟု ပြန်လျောက်ထားသောအခါ..

“သိတယ်မဟုတ်လား? သူတော်ကောင်းဆိုတာ ခြင်, ကိုတောင်အရှုံးပေးရတယ်၊ အောက်ဆုံးကဘဲမဟုတ်လား” ဟု မိန့်တော်မူ၏၊ အလွန်ရှင်းသောတရားဖြစ်၏။

ဆရာတော်ကြီး၏ လက္ခဏာတော်ကို နှိပ်ယူခွင့်ပြုရန်လျောက်ထားသောအခါ ခွင့်ပြုတော်မူ၏။

ထို့နောက်ဆရာတော်ကြီးက.. “မင်းဂူထဲကိုသွား၊ အာနာပါနအားထုတ်၊ ထိတဲ့နေရာအမြဲသိနေ၊ ဂူထဲသွားအားထုတ်ပါ” ဟု မိန့်တော်မူသောကြောင့်

ဂူထဲဝင်ပြီးတရားအားထုတ်စဉ် (၁၅)မိနစ်ခန့်ကြာသောအခါ အလွန်ထူးခြားမှုတခုကို တွေ့လေတော့၏။

ကြီးမား၍ အလွန်ကြည်လင်သော အဖြူလုံးကြီးတလုံးသည် နဖူးတွင်ကပ်နေသည်ဟုထင်ရ၏၊ မှောင်နေသောဂူထဲတွင်လည်း လင်းထိန်လျက်တွေ့ရ၏။

အတန်ကြာတရားအားထုတ်ပြီး၍ ဆရာတော်ကြီးအား သွားရောက်ကန်တော့သောအခါ ဆရာတော်ကြီးက.. “မင်း ဘာတွေတွေ့ခဲ့သလဲ” ဟု မေးလေ၏။

အလွန်ထူးခြားသော အလင်းဓာတ်ကြီးကို တွေ့ခဲ့ကြောင်း လျောက်ထားသောအခါ.. “မင်းက ပါရမီထူးတဲ့သူဘဲ၊

ငါ့ကျောင်းမှာ တလအားထုတ်၊ တရားထူးတရားမြတ်ရနိုင်သည်” ဟု မိန့်သောအခါ

ငယ်ရွယ်သူလည်းဖြစ် ဘာသာရေးအသိဥာဏ်လည်း နည်းသောကြောင့် ဘာမှ စဉ်းစားမနေတော့ဘဲ..

“တပည့်တော် ပညာဓိကဘုရားဆုပန်ထားပါသည်ဘုရား၊ ဒီဘ၀မှာ မဂ်တရား ဖိုလ်တရားများမလိုချင်သေးပါဘုရား” ဟုလျောက်ထားလေ၏၊

“မင်း သတ္တိကောင်းတဲ့ကောင်ဘဲ၊ ခံပေဦးတော့” ဟု မိန့်လေ၏။

“တို့ကတော့ အေးရာအေးကြောင်းကို မြန်မြန်သွားချင်ပြီ၊ အေးတဲ့နေရာအကောင်းဆုံးဘဲ” ဟု ဆက်လက်မိန့်တော်မူ၏။

ဆရာတော်ကြီးနေ့ဆွမ်းဘုဉ်းပေးပြီးနောက် စံကျောင်းတော်သို့ကြွသောအခါ တယောက်ထဲလိုက်သွားပြီး သိလိုသည်များကို မေးလျောက်ခွင့်ရလေ၏။

“ဆရာတော်ဘုရား နိဗ္ဗာန်ဆိုသည်မှာ အိုခြင်း နာခြင်း သေခြင်းကင်းရာ နိဗ္ဗာန်ဟု တပည့်တော် ငယ်ငယ်ထဲက ကြားဘူးပါသည်၊

လက်တွေ့အားဖြင့် မည်ကဲ့သို့ရှိသည်ကို မိန့်တော်မူပါဘုရား”

“မင်းလက်ပေးစမ်း” ဟု မိန့်တော်မူပြီးလျင် လက်မောင်းကို ညင်သာစွာ ဆိတ်လေ၏။

“နာသလား?

“နာပါတယ်ဘုရား”

ထို့နောက် ညင်သာစွာဆိတ်ထားသောလက်ကို လွတ်လိုက်ပြီးနောက်..

“ကဲ..မင်းအခုနာသေးလား” ဟုမေးမြန်းလေ၏။ “မနာတော့ပါဘုရား” ဟု ပြန်လျောက်သောအခါ-

“အဲဒါ နိဗ္ဗာန်ဘဲ” ဟု အမိန့်ရှိလေ၏။

ဆရာတော်ကြီး၏တရားကိုနာရသောအခါ အံ့သြလောက်အောင် တခဏခြင်းနားလည်သွားလေတေတာ့၏။

အဘယ့်ကြောင့်ဆိုသော် နာခြင်းဟူသောဒုက္ခခမ်သိမ်းတို့မှ ကင်းငြိမ်းသွားခြင်းသည် နိဗ္ဗာန်ဟု နားလည်သွား၏၊ ၀ိမုတ္တရသ လွတ်မြောက်ခြင်း၊

ဒုက္ခဟူသမျှ ချုပ်ငြိမ်းခြင်းသည် နိဗ္ဗာန်ဖြစ်ကြောင်း သဘောပေါက်လေတော့၏။

“ဆရာတော်ဘုရား… ရှေးကဆရာတော်ကြီးများက ရဟန္တာဖြစ်ဘို့ဆိုသည်မှာလွယ်သည်မဟုတ်၊ ၀ိသုဒ္ဓိခုနှစ်ပါးတွင်

စိတ္တ၀ိသုဒ္ဓိလို့ခေါ်တဲ့ စိတ်စင်ကြယ်ဘို့ရန်ခက်ခဲကြောင်း ဟောပြောကြပါတယ်ဘုရား၊

ဝိသုဒ္ဓိခုနှစ်ပါးနှင့်ပြည့်စုံနိုင်ပါသလားဘုရား” ဟု လျောက်ထားသောအခါ

ဆရာတော်ကြီးက… “ကဲ.. မင်း အာနာပါနအားထုတ်စမ်း၊ ထိုင်၊မျက်စိကိုမှိတ်၊ထိတဲ့နေရာမှာသိမှတ်နေ၊ ကဲ လုပ်စမ်း” ဟု မိန့်လေ၏။

ဆရာတော်ကြီ်းအမိန့်ရှိသည့်အတိုင်း ထိသောနေရာလေးကို သိမှတ်နေရသည်၊ ထိုအချိန်တွင် သိမှတ်နေသောစိတ်မှတပါး အခြားသောစိတ်များ မလာတော့ပေ၊

ငါးမိနစ်ခန့်ကြာသောအခါ ဆရာတော်ကြီးက မေး၏၊ “မင်း အခု အာနာပါနအားထုတ်တော့ ထိတဲ့နေရာလေးသိမှတ်နေတော့

မင်းမျက်စိက ကြည့်ချင်တဲ့စိတ်ရှိသေးလား၊ နားကလည်းနားထောင်ချင်သေးလား၊ မင်းစိတ်ထဲကရော စားချင်တဲ့စိတ်၊

သွားချင်တဲ့စိတ်၊လိုချင်တဲ့စိတ်ရှိသေးလား၊ စက္ခု သောတာ ဃာနစတဲ့အာရုံငါးပါးမရှိ၊ ငါးပါးအာရုံပိတ်နေသည်၊စိတ်လုံခြုံနေသည်၊

လောဘစိတ်၊ဒေါသစိတ်၊မောဟစိတ်တွေ မဖြစ်တော့ဘူး၊ အဲဒီလို အာရုံငါးပါးမှလုံခြုံနေခြင်းကိုပင် ဣန္ဒြိယသံဝရသီလလုံခြုံနေခြင်းဖြစ်သည်၊

ထို့ကြောင့်စိတ္တ၀ိသုဒ္ဓိဖြစ်သည်၊ အဲဒီလို ဆက်လက်ကြိုးစားလျှင် ၀ိသုဒ္ဓိခုနှစ်ပါးပြည့်စုံပြီး မဂ်ဖိုလ်သို့ရောက်နိုင်ကြောင်း” မိန့်လေ၏။

တသက်လုံး မကြားဘူးသောတရားများကို နာကြားရသဖြင့် ကံကောင်းလှပေတော့၏။

“ဆရာတော်ဘုရား.. နိရောဓသမာပတ်အကြောင်း ဟောပြတော်မူပါဘုရား” ဟု လျောက်ထားသောအခါ..

“ နိရောဓသမာပတ်ဆိုတာ အစိုးရလခစားများ အလုပ်ပင်ပန်းသောကြောင့် ခွင့်ယူပြီးလျှင် အိမ်မှာအနားယူသကဲ့ဖြစ်သည်၊

ဒီခန္ဓာကိုယ်ကြီး၏တာဝန်မှာ အလွန်ပင်လေးလံသည်၊ ရောဂါအမျိုးမျိုးတို့ဖြင့်နှိပ်စက်သည်၊ ဆာလောင်မှု ရေချိုးချင်မှုမှစ၍ ဒုက္ခအမျိုးမျိုးပေးသည်၊

ခန္ဓာကိုယ်ဒုက္ခမှခေတ္တသက်သာရာရစေရန်ရည်စူးပြီး နာမ်သာရှိပြီးရုပ်မရှိသော နေ၀သညာနာသညာရတနဘုံသို့ စိတ်ကလေးသွား၍အနားယူခြင်းဖြစ်သည်။

ခန္ဒာကိုယ်ကြီးကို အနားပေးထားခြင်းဖြစ်ကြောင်း” ရှင်းပြတော်မူ၏။

အလွန်ထူးဆန်းသောတရာတော်များကို နာကြားရသဖြင့်လည်းကောင်း၊ သိလိုသည်များကို လျောက်ထားခွင့်ရသဖြင့်လည်းကောင်း ၀မ်းသာကျေနပ်လျက်ရှိချေတော့၏။

ဒီခေတ်တရားအားထုတ်လို့ တရားထူးမရနိုင်၊ စာတတ်မှတရားအားထုတ်လို့ရတယ်စသည်ဖြင့် ထင်မြင်ယူဆကြ၍

ဒါန၊သီလလောက်သာ တွင်တွင်ပြုလုပ်လေ့ရှိသော ခေတ်အခါသမယတွင် စာမတတ်သော စွန်းလွန်းဆရာတော်ကြီးက တရားထူးရနိုင်ကြောင်း သက်သေထူခဲ့၏။

“အာနာပါနအားထုတ်ရတာလွယ်ပါတယ်၊ ထွက်လေ ၀င်လေကိုသတိနဲ့ မှတ်နေရုံသာဖြစ်သည်၊ ဒါကိုဘဲ ကြိုးစားမှတ်ပါ” ဟု

ချည်စက်စာရေးကြီးဦးဘစံ၏ညွှန်ကြားချက်တိုတိုလေးဖြင့် စတင်တရားအားထုတ်ခဲ့ရာမှ ရဟန္တာဖြစ်ဖြစ်သည်အထိ ကြိုးစားအားထုတ်သွားတော်မူသော

မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းဆရာတော်ကြီးကား မြန်မာ့သမိုင်းတွင် ကြည်ညိုဘွယ်ရာ အံ့သြဘွယ်ရာ ထူးခြားသော ဆရာတော်ကြီးတပါးအဖြစ် သာသနာ့မော်ကွန်းထိုးခဲ့လေပြီတကား။ ။

ဘ၀ခရီးနှင့်အတွေ့အကြုံများ (ဆရာစန္ဒြ)
မေတ္တာဖြင့် မျှဝေပါသည် – သစ္စာ၏ လျှောက်လမ်း

No comments:

Post a Comment