ဟော...ညွန့်ညွန့်စိန်က စလိုက်တယ်ပဲဆိုကြပါတော့။
တစ်သောင်းတန်ဈေးကွက်တဲ့ခင်ဗျ။
"တစ်သောင်းတန်လိုချင်ရင် ပြန်ရောင်းမယ်ဟေ့။
တစ်သောင်းကိုမှ ကိုးထောင့်သုံးရာ့ငါးဆယ်ပဲပေး။
ဒါဆို နင်တို့ တစ်သောင်းကို ခြောက်ရာ့ငါးဆယ်မြတ်မယ်။"
လက်ထဲမှာ တစ်သောင်းတန်အထပ်လိုက်ကိုကိုင်ထားရင်း
ညွန့်ညွန့်စိန်တစ်ယောက် သူငယ်ချင်းတသိုက်ကို
ကြေငြာမောင်းခတ်လိုက်တဲ့စကားပါ။
ဘယ့်နှယ်ဗျာ...တစ်သောင်းတန်ကိုများ အရောင်းအဝယ်
လုပ်နေရတယ်လို့။ ဒေါ်လာတို့၊ ဘတ်တို့၊ ယူရိုတို့ဆိုလည်းထား။
အခုဟာက မြန်မာငွေကို မြန်မာငွေနဲ့ အရှုံးခံပြီး ရောင်းဝယ်ကြသတဲ့။
ဒါတောင် ညွန့်ညွန့်စိန်က ဈေးကွက်ကို ဒီလိုလေး ခွဲထားပါသေးတယ်။
"ဒီလိုဟ၊ တစ်သောင်းတန်ကို ကိုးထောင့်သုံးရာ့ငါးဆယ်နဲ့
ရောင်းတဲ့နေရာမှာ အကြွေများများပေးနိုင်ရင် ပိုလျှော့ပေးမယ်။
အကြွေများများပေးလေ နင်တို့အမြတ်များလေပေါ့ဟာ" တဲ့။
ညွန့်ညွန့်စိန်ရဲ့သူငယ်ချင်းတွေ တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်ပြီး ကြောင်နေကြတယ်။
အဲ့ဒီမှာ ညွန့်ညွန့်စိန်က ထပ်ဆက်တယ်။
"ငါးထောင်တန်မပါလေကောင်းလေ၊ တစ်ထောင်တန်၊ ငါးရာတန်၊
နှစ်ရာတန်၊ တစ်ရာတန်၊ ငါးဆယ်တန် စသဖြင့်ပေါ့ဟာ။ အကြွေတွေ
များလေ မြတ်လေပဲ။"
အကျိုးအမြတ်ကို လိုလားတဲ့ သူငယ်ချင်းတချို့ကတော့
ညွန့်ညွန့်စိန်ဆီက တစ်သောင်းတန်တွေကို အလုအယက်နဲ့
အပြိုင်ဝယ်ယူကြပါတယ်။ အမြတ်က ကြမ်းတာကိုး။
ဒါတောင် တချို့သူငယ်ချင်းတွေက အကြွေပေးလေ
မြတ်လေဆိုလို့ ဘုရားဂေါပကတွေဆီက အကြွေတွေကို
အတန်ကြီးတွေနဲ့ တည့်(ဒဲ့) သွားလဲပြီး ညွန့်ညွန့်စိန်ဆီမှာ
တစ်သောင်းတန်တွေ လာဝယ်ကြပါတယ်။
သို့သော် တချို့ကျတော့လည်း ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ
"ခက်သားလား ညွန့်ညွန့်စိန်ရယ်။ ညည်းနှယ်..." ဟုသာ
မှတ်ချက်ပေးနိုင်ကြပါတယ်။
ဒါဆို ဒီနေရာမှာ မေးစရာက ရှိလာတယ်။
ညွန့်ညွန့်စိန်က ဘာလို့များ တစ်သောင်းတန်ကို အလကားနေရင်း
လျှော့ပေးပြီး ရောင်းနေရတာလဲပေါ့။
ဖြစ်ပုံကတော့...
တလောက သတင်းတစ်ပုဒ်မှာ တစ်သောင်းတန်အတုတွေ
ကိုင်တယ်ဆိုပြီး လူတချို့ကို သက်ဆိုင်ရာက ဖမ်းဆီးထားတဲ့
သတင်းတွေ တက်လာပါတယ်။
တကယ်တော့ ဒီလူတွေဟာ အဲ့ဒီတစ်သောင်းတန်တွေကို
အတုမှန်း၊ အစစ်မှန်း သိပုံမရကြပါဘူး။ သူတို့တစ်တွေ နည်းမျိုးစုံနဲ့
သမ္မာအာဇီဝကျကျ ရှာဖွေထားတဲ့ ပိုက်ဆံတွေကို ပိုက်ဆံလို့သာ
မြင်ပြီး ရောင်းဝယ်ဖောက်ကားကြရင်း အခုလို အဖမ်းခံကြရရှာတာပါ။
ဗဟိုဘဏ်ရဲ့ဥပဒေတွေအရ အတုလက်ထဲမိရင် ဖမ်းခွင့်ရှိတယ်၊
ဖမ်းခွင့်မရှိဘူးနဲ့ ငြင်းကြခုံကြရင်း အပြစ်မဲ့တဲ့ပြည်သူအချို့တော့
ဘုမသိဘမသိနဲ့ အချုပ်ထဲရောက်နေကြတော့တာပါပဲ။
ဒါတောင် ကိုယ့်အိမ်မှာ ငွေအတုထုတ်တဲ့စက်နေ ရိုက်ထုတ်ပြီး
ခပ်တည်တည်နဲ့ သုံးစွဲမိလို့ အဖမ်းခံရတဲ့ တရားခံတွေလို အရှေ့မှာ
တစ်သောင်းတန်လေးတွေ ဖြန့်ခင်းရင်း အူကြောင်ကြောင်နဲ့
ဓာတ်ပုံအရိုက်ခံပြီး လိုင်းပေါ်အထိ အတင်ခံရပါသေးတယ်။
သမ္မာအာဇီဝကျကျ ရှာဖွေစားသောက်ကြရင်း ပိုက်ဆံရကြတဲ့အခါ
တစ်သောင်းတန်တွေများ ရခဲ့သည်ရှိသော် ပြည်သူတွေခင်ဗျာ
ပျော်ကြပါတယ်၊ ဂုဏ်ယူကြပါတယ်။ ဘာလို့လဲဆိုတော့
တစ်သောင်းတန်ဆိုတာ မြန်မာပြည်မှာတော့ တန်ဖိုးအမြင့်ဆုံး
ပိုက်ဆံပဲမလား။ တစ်သောင်းတန် များများရလေ ပျော်လေပေါ့။
အခုတော့ အမျိုးယုတ်တချို့ရဲ့ကောက်ကျစ်တဲ့ အကြံဆိုးတွေကြောင့်
တစ်သောင်းတန်အတုတွေ မြန်မာ့ငွေကြေးဈေးကွက်ထဲ
ပြန့်နေကြတဲ့အခါ အပြစ်မဲ့တဲ့ ညွန့်ညွန့်စိန်တို့ ပြည်သူတွေမှာ...
"အမ ဝင်မှာဆိုလည်း ဝင်လေဗျာ ဘာလုပ်နေတာလဲ"
ဘဏ်လုံခြုံရေးဝန်ထမ်းက ပိုက်ဆံထုပ်လေးပိုက်ပြီး
ဟိုကြည့် ဒီကြည့်နဲ့ ဘဏ်ရှေ့မှာ ယောင်ပေပေလုပ်နေတဲ့
ညွန့်ညွန့်စိန်ကို မေးလိုက်တဲ့စကားပါ။
မနေ့ညက အွန်လိုင်းမှာ ပိုက်ဆံတုမိတယ်ဆိုပြီး အဖမ်းခံရတဲ့
သတင်းတွေ ဖတ်ထားတာမှ လတ်လတ်ဆတ်ဆတ်ရှိသေး၊
ဟောအခု မနက် အရောင်းအဝယ်တစ်ခုကနေ ပိုက်ဆံလာပေးတော့
တစ်သောင်းတန်တွေ အုပ်လိုက်ဖြစ်နေတဲ့အခါ ညွန့်ညွန့်စိန်တို့
နေရင်းထိုင်ရင်း အရူးမီးဝိုင်းရပါပြီ။
ဒါတောင် ညွန့်ညွန့်စိန်က တစ်သောင်းတန်လာပေးတဲ့သူကို
မယုံသင်္ကာနဲ့ အကဲခတ်လိုက်ရပါသေးတယ်။
"ဒီကောင် ငါ့ကို မကျေနပ်လို့များ တစ်သောင်းတန်တွေ
တမင်ပေးတာများလား။"
လှည့်ပတ်တော့ ပြောကြည့်ဦးမှပဲဆိုပြီး
"ဟိုလေ ကထိန်မှာ ငွေပဒေသာပင်သီဖို့ရှိလို့ ဖြစ်နိုင်ရင်
အကြွေလေးတွေ ပေးလို့မရဘူးလား ဟီး။"
"ဟာဗျာ၊ အကြွေဆို သယ်ရတာလေးကလေးနဲ့၊
အမ သိမ်းရတာ၊ ရေရတာ အဆင်ပြေအောင် တမင်ကို
တစ်သောင်းတန်တွေ ထည့်လာတာဗျ။ သိရဲ့လား"
"အဲ့တော့ ကျမက ရှင့်ကို ထိုင်တောင်ရှိခိုးရဦးမှာလား"
ဒီစကားကတော့ ညွန့်ညွန့်စိန်စိတ်ထဲကနေ ရေရွတ်လိုက်တဲ့
စကားပါ။ ညွန့်ညွန့်စိန်ရဲ့အကျင့်ကိုး။
အဲ့ဒီမှာတင်ပဲ တစ်သောင်းတန်တွေကို ထိုင်ကြည့်ရင်း
ညွန့်ညွန့်စိန်တစ်ယောက် ကယောင်ချောက်ချားနဲ့
သံသယပွားရတော့တာပါပဲ။
"ငါများ ဘဏ်သွားအပ်ရင် အတုတွေပါဆိုပြီး ဖမ်းကြလေးမလား။
ဒီပိုက်ဆံတွေနဲ့အတူ ဓာတ်ပုံရိုက်ခံရပြီး လိုင်ပေါ်တင်ကြမလား။
ထောင်များ ဘုမသိဘမသိနဲ့ ကျသွားလေမလား။"
ဒါတောင် ညွန့်ညွန့်စိန်က ပိုက်ဆံတွေကို တတ်သလောက်
မှတ်သလောက် အတုအစစ်ခွဲကြည့်ပါသေးတယ်။
ဓာတ်မီးနဲ့ထိုးကြည့်တယ်၊ ပွတ်ကြည့်တယ်၊ နေရောင်မှာ
ဖြန့်ကြည့်တယ်။ မထူးပါဘူး။ အတူတူပါပဲ။
တူမှာပေါ့ အစစ်တွေကို။
အစကတော့ ညွန့်ညွန့်စိန်တို့ ပြည်သူတွေဟာ ပိုက်ဆံဆိုရင်
တစ်သောင်းတန်ကိုပဲ မက်ကြတာပါ။ ရေရတာသက်သာတယ်။
ပိုက်ဆံအိတ်ပေါ့တယ်။ ကိုယ်ပိုက်ဆံရှိမှန်း လူသိစေတယ်။
များများသယ်လို့ရတယ် စသဖြင့်ပေါ့။
ဟောအခုတော့ လူယုတ်မာတချို့ရဲ့လက်ချက်ကြောင့်
(လူယုတ်မာဆိုတာ ပိုက်ဆံတုထုတ်တဲ့လူကို ပြောတာနော်)
တစ်သောင်းတန်ကို မသတီကြတော့ပါဘူး။
တစ်သောင်းပေးရင်ပဲ မယုံသင်္ကာမျက်လုံးနဲ့ ကြည့်ချင်လာပါတယ်။
တစ်သောင်းကိုင်ထားရင်ပဲ တရားခံတစ်ယောက်လို မြင်ချင်
လာကြပါတယ်။
ဒီလိုနဲ့ပဲ ညွန့်ညွန့်စိန်လည်း တစ်သောင်းတန်အုပ်လေးတွေပိုက်လို့
ဘဏ်မအပ်ရဲတော့ဘဲ ရဲစခန်းကို ငိုကြီးချက်မနဲ့ ပြေးရတော့တာပါ။
"ကျမကို ကယ်ကြပါဦးရှင်။ ကျမကို ကယ်ကြပါဦး" ဆိုပြီး
ညွန့်ညွန့်စိန်က ရဲစခန်းရှေ့မှာ အော်လိုက်တဲ့အခါ လက်နက်ကိရိယာ
အပြည့်အစုံ တပ်ဆင်ထားတဲ့ ပြည်သူ့ရဲတွေဟာ သေနတ်ကို
မောင်းတင်ပြီး အသင့်အနေအထားနဲ့ ပြေးထွက်လာကြပါတယ်။
"ညီမ ဘာမှစိတ်မပူနဲ့။ အကိုတို့ ငါ့နှမကို ကာကွယ်ပေးမယ်။
လာ...လာ"
အိမ်...အပြင်မှာတော့ မသိဘူး။ အခုတော့ ရေးရတာကို
အရသာရှိလိုက်တာ။
"စိတ်ကိုအေးအေးထား ညီမလေး။ ညီမလေး ဘာဖြစ်လာသလဲ။
အကြမ်းဖက်ခံရတာလား၊ အနုကြမ်းစီးခံရတာလား။ အကိုတို့ကိုပြော"
အဟင့်....အဟင့်...အီး...
ပြည်သူ့ရဲကြီးတွေရဲ့ အရိပ်အာဝသမှာ ညွန့်ညွန့်စိန်တစ်ယောက်
ပျော်ဝင်သွားရှာပါပြီ။ သူစငိုပါတယ်။
"ညီ...ညီမကို သူ...သူတို့..."
"ဟုတ်ပြီ ညီမလေး ဖြည်းဖြည်းပြော၊ သူတို့ဘာလုပ်သွားလဲ"
"သူ...သူတို့...ညီ...ညီမကို တစ်သောင်းတန်တွေ ပေးသွားတယ်
အဟင့်...အဟင့်..."
ဒီတော့မှပဲ ရဲတွေလည်း ဖြစ်ကြောင်းကုန်စင်သိသွားပြီး
ညွန့်ညွန့်စိန်နဲ့အတူ ဘဏ်လိုက်သွားကာ ပိုက်ဆံအပ်ပေးရပါတယ်။
အဲ့ဒီနောက်တော့ ညွန့်ညွန့်စိန်က ပိုက်ဆံအပ်သွားတိုင်း ရဲခေါ်သွားလို့
ညွန့်ညွန့်စိန်အမေက "ကြာရင် ညည်းလည်း ရဲတွေနဲ့ အကြောင်းပါ
တော့မယ်" လို့တောင် ပြောယူရပါတယ်။
အဲ...ရဲဆိုတာကလည်း တာဝန်နဲ့မို့လို့ သူခေါ်သွားတိုင်း
မလိုက်နိုင်တော့တဲ့အခါ ညွန့်ညွန့်စိန်မှာ တမျိုးပြောင်းကြံရင်းအခုလို
တစ်သောင်းတန် ဝယ်ရောင်းလုပ်တဲ့ ဈေးကွက်တစ်ခု ဖြစ်လာပါတော့တယ်။
"အပြင်မှာ ဈေးဝယ်ရင်း တစ်သောင်းတန်ပေးတော့လည်း
ဈေးသည်တွေက မယူချင်ကြတော့ဘူးဟ။ အကြွေပါရင်
အကြွေပဲပေးပါတဲ့။ ကဲ မခက်ပေဘူးလား။"
တကယ်တော့ ဈေးသည်တွေဟာ ဈေးဦးမပေါက်သေးလို့
ညွန့်ညွန့်စိန်ပေးတဲ့ တစ်သောင်းတန်ကို မယူနိုင်ဘဲ အကြွေ
တောင်းကြခြင်းဖြစ်ပါတယ်။
ဒါပေမဲ့ ဒါဟာ ဖိုးဘီးယားပါပဲ။
Phobia - (တစ်စုံတစ်ရာနှင့်ပတ်သက်၍) ကြောက်စိတ်လွန်ကဲမှု။
တစ်သောင်းတန်အတုတွေ ငွေကြေးဈေးကွက်ထဲ အမြစ်တွယ်နေပုံ၊
တာဝန်ရှိသူတွေရဲ့ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ညွန့်ညွန့်စိန်တို့လို
ပြည်သူအချို့ခံစားနေရတဲ့ တစ်သောင်းတန် ဖိုးဘီးယားပေါ့။
သို့သော် အဆိုပါ တစ်သောင်းတန် ဖိုးဘီးယားနဲ့ ပတ်သက်ပြီး
မျက်နှာပွင့်သူတချို့လည်း ရှိနေပြန်ပါတယ်။
သူတို့ကတော့ ဘဏ်ဝန်ထမ်းတွေပါ။
"ငါ နင့်မင်္ဂလာဆောင်မှာလေ လက်ဖွဲ့လက်ခံမယ့်နေရာမှာ
ငါ့သူငယ်ချင်း ဘဏ်ဝန်ထမ်းတွေကို ထိုင်ခိုင်းထားတယ်သိလား"
ညွန့်ညွန့်စိန်ရဲ့အထက်ပါစကားကြောင့် မင်္ဂလာဆောင်တော့မယ့်
သူငယ်ချင်းတစ်ယောက်ခင်ဗျာ မိတ်ကပ်လိမ်းနေရင်းတန်းလန်း
တွေသွားပါတယ်။
"ဘယ်လို ဘယ်လို"
"ဒီလိုဟ။ လက်ဖွဲ့ပေးမယ့်သူတွေထဲမှာ တစ်သောင်းတန်တွေနဲ့
ပိုက်ဆံလက်ဖွဲ့မယ့်သူတွေလည်း ပါလာမှာပဲမဟုတ်လား။
အေး အဲ့ဒီအခါကျရင် အဲ့ဒီတစ်သောင်းတန်တွေဟာ
စစ်သလား၊ တုသလားဆိုတာကို တန်းခွဲဖို့ဆိုတာက ဘဏ်က
ဝန်ထမ်းတွေကမှ ကျွမ်းကျင်ကြတာမဟုတ်လား ဟဲ့"
"အေး...အေး...နင်ပြောမှပဲ ငါလည်းတွေးမိတော့တယ်ဟယ်"
"ဒါတင် မကသေးဘူးဟ၊ လိုရမယ်ရဆိုပြီး ငါ့မိတ်ဆွေ
ရဲနှစ်ယောက်ကိုလည်း တိုက်ပုံဝတ်စုံတွေနဲ့ အဲ့ဒီနားမှာ
စောင့်ကြည့်ခိုင်းထားတယ်ဟ" ဆိုပြီး
သူငယ်ချင်း သတို့သမီး ဘာမှပြန်မပြောနိုင်သေးခင်မှာတင်
ညွန့်ညွန့်စိန်ကတော့ ချာကနဲ့ လှည့်ထွက်သွားပါတော့တယ်။
သြော်...တစ်သောင်းတန် ဖိုးဘီးယား...
Wai Phyo Maung
Dec 20, 2018
No comments:
Post a Comment