အမေရိကန်နိုင်ငံက တက္ကသိုလ်ဆရာ အန်ထော်နီဘားဂျက်စ် (Anthony Burgess) ဟာ အသက် ၄၀ ပြည့်တဲ့နှစ်မှာပဲ သူရဲ့ဦးနှောက်မှာ အသားပို (Brain Tumor) ကင်ဆာဖြစ်တယ်။ သူနောက်ထပ် တစ်နှစ်ပဲ အသက်ရှင်တော့မယ်လို့ ဆရာဝန်တွေက ပြောကြတယ်။ သူ ပထမတော့ အရမ်းစိတ်ဓာတ်ကျသွားတယ်။ သူ့လက်ထဲမှာ စုဆောင်းထားတဲ့ ပိုက်ဆံမရှိလို့ သူသေသွားရင် သူ့မိန်းမ လင်းဘားဂျက်စ် (Lynn Burgess) ဘယ်လိုနေရှာမလဲလို့လည်း စိတ်ပူသွားတယ်။
သူဟာ အရင်က ဝတ္ထုစာအုပ် ရေးချင်တဲ့ ဆန္ဒရှိပေမယ့် အလုပ်များလို့ဆိုပြီး မရေးဖြစ်ခဲ့ဘူး။ အခုတော့ သူသေသွားရင် မိန်းမအတွက် ငွေကြေးတစ်ချို့ ချန်ထားနိုင်အောင်ဆိုပြီး လက်နှိပ်စက်အဟောင်းတစ်လုံးနဲ့ ဝတ္ထုကို စရိုက်လိုက်တယ်။ သူ့ဝတ္ထုကို ထုတ်ဝေသူရှိမလားဆိုတာ မသေချာဘူး။ ဒါပေမဲ့ သူ့မိန်းမအတွက် ပိုက်ဆံချန်ထားဖို့ ဒီနည်းတစ်ခုကိုပဲ စဉ်းစားမိတယ်။
သူက အဲဒီအကြောင်းကို ခုလိုပြန်ပြောပြတယ်။ "အဲဒီအချိန်က ၁၉၆၀ ခုနှစ် ဇန်နဝါရီလပါ။ ဆရာဝန်တွေက ပြောကြတယ်။ ကျွန်တော် နောက်နှစ် နွေဦးပေါက်ကာလ သစ်ရွက်တွေကြွေချိန်ဟာ ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်ပဲတဲ့"
သူ့မှာ အချိန်တစ်နှစ်ပဲ ကျန်တော့တယ်ဆိုတာကို သိတဲ့ ဘားဂျက်စ်ဟာ နေ့ရောညပါ ဝတ္ထုတွေ တွန်းရေးတယ်။ တစ်နှစ်ပြည့်ချိန်မှာ ဝတ္ထုရှည်စာအုပ် ၅ အုပ်နဲ့ တစ်ဝက်ပြီးသွားတယ်။ (အဲဒီစာအုပ်အရေအတွက်ဟာ အဲဒီအချိန်က နာမည်ကြီး စာရေးဆရာ E. M. Foster ရဲ့ တစ်သက်လုံးရေးခဲ့တဲ့ စာအုပ်အရေအတွက်နဲ့ တူသလို နောက်နာမည်ကြီး စာရေးဆရာ J. D. Salinger ရေးတဲ့ စာအုပ်ထက် နှစ်ဆများပါတယ်)။
ဒါပေမဲ့ ဘားဂျက်စ်ဟာ တစ်နှစ်ပြည့်ချိန်မှာ အသက်ရှင်နေဆဲပါ။ သူ့ရဲ့ ကင်ဆာဟာ တဖြည်းဖြည်း လျော့နည်းသွားပြီး နောက်ပိုင်းမှာ လုံးဝပျောက်သွားပါတယ်။ သူကွယ်လွန်ချိန် ၁၉၉၃ ခုနှစ်) အထိ ဝတ္ထုရှည်စာအုပ်ပေါင်း ၇၀ ကျော် ရေးသွားခဲ့ပါတယ်။ သူ့ဝတ္ထုစာအုပ်အားလုံးဟာ အလွန်ထင်ရှားကျော်ကြားပြီး ရောင်းကောင်းခဲ့ပါတယ်။
ဒါဟာ တကယ့်အဖြစ်အပျက်ပါ။
ဘားဂျက်စ်ဟာ တကယ်လို့ တစ်နှစ်ပဲ အသက်ရှင်ရတော့မယ်ဆိုတာကို မသိရင် သူဝတ္ထုစာအုပ်တွေ ရေးဖြစ်မှာ မဟုတ်ပါဘူး။ သူ့စာရေးချင်စိတ်ကို ရင်ထဲမှာပဲ သိမ်းဆည်းထားလိုက်မှာပါ။
သင်လည်း သင့်ကိုယ်သင် ဒီမေးခွန်းတစ်ခုကို မေးကြည့်ပါ။ "ငါ နောက်ထပ်တစ်နှစ်ပဲ လူ့လောကမှာ နေရတော့မယ်။ ငါ မသေခင် ဘာလုပ်ခဲ့ရမလဲ"။
ဗန်းမော်သိန်းဖေ Bamaw Thein Pe
၀၈-၀၂-၂၀၁၈
No comments:
Post a Comment