Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 19, 2018

ဘုရားပွင့်တယ် ၊ ပန်းပွင့်တယ် ၊ အောင်ဆန်းပွင့် ခဲ့တယ်


က ဗျာ ရှ ည် စ / ဆုံး

(၁)

ဟော့ ဟိုရှေ့က
ပန်းသည်မလေးရွက်လာတဲ့ ပန်းခင်းကြီးလို
ဒီမှာရှင့် နှစ် ၁၀၀ ရာက်ပြီ
ရောက်လာတယ် အလွမ်းတွေနိုင်းချင်းနဲ့။

အမြောက်ကန်တင်လိုက်တဲ့ လပြည့်ညကြီး
ကိုယ့်ရှေ့ဂွမ်းကနဲကျကွဲလိုက်သလိုပေါ့
နှစ် ၁၀၀ ဟာ ဒိန်ခဲလိုလိုနဲ့ သွေးခဲကြီး
ဟုတ်ပ၊ လရောင်ဟာ ငါတို့ အပေါ်
သွေးလို အရည်ပျော် စီးဆင်းလာခဲ့ပေါ့ ခု နှစ် ၁၀၀။

နေမင်းကြီးလို
ကျွန်တော်တို့ ခေါင်းပေါ် လင်းထိန်ခဲ့တဲ့ ထိန်လင်းရဲ့ နှစ် ၁၀၀။

ဝမ်းနည်းခြင်းဟာ
ဝိတ်မကျပဲ ပိုပိုဝလာတယ် နှစ် ၁၀၀။

(၂)

နယ်ရုပ်လေးတစ်ရုပ်
နယ်ချဲ့ကို
ပွန်းလေးတစ်ကောင်လိုတိုက်ထုတ်ခဲ့တဲ့
အညာမြို့လေးက
အမျိုးချစ်စိတ်မြောက်ကြွသူ ဗိုလ်မင်းရောင်ရဲ့သွေး
ပညာညာဏ်ကြီးသူ ရှေ့နေ ဦးဖာနဲ့
ပါးစပ်က သံဗုဒ္ဓေရွတ်ပြီး
လက်က ဓားကိုကိုင်ထားတတ်သူ မိခင် ဒေါ်စုရဲ့သား
သူ အစ်ကို အောင်သန်းပြီးတော့
အောင်ဆန်းဖြစ်လာတဲ့ အထွေးဆုံး
နတ်မောက်ရဲ့ ဂုဏ်သရေအရှိဆုံးယောက်ျား
သူ ကျွန်တော်တို့ရဲ့အမျိုးသားခေါင်းဆောင်
လွတ်လပ်ရေးပိသုကာ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
၁၉၁၅ မှသည် ၂၀၁၅ ၊ နှစ် ၁၀၀ ပြည့်သွားပြီ။

(၃)

ငါတို့အတွက် သမိုင်းရဲ့ အမွေ
နယ်ချဲ့စစ်ဘီလူးတွေအတွက်တော့ မြွေ ပေါ့။

ကျောင်းသားလူငယ် ကြယ်ညီလာခံကြီးမှာ
အလျှံညီးညီး အထူးတလည်တောက်ပခဲ့သောကြယ်။
ညိုမြရဲ့ငရဲခွေးကြီးကိုလွတ်ပေးလိုက်ပြီး
နယ်ချဲ့ အင်္ဂလိပ်ကို စတင်အစွယ်ထုတ်ပြခဲ့တဲ့
အိုးဝေမဂ္ဂဇင်းရဲ့ အယ်ဒီတာကိုအာင်ဆန်း။

ဟေ့ သူကြိုက်ခဲ့တဲ့ကဗျာက အနိုင်မခံ။

သူဝတ်ခဲ့တဲ့ အ၀တ်အစားက
သူ့ကိုယ်ပိုင်စွတ်ကျယ်ဇကာပေါက်နဲ့
သူများ(နေရူးကြီး)ပေးလိုက်တဲ့ ကုတ်အင်္ကျီကြီး။

သူစားခဲ့တဲ့ အစားအစာက ပဲပြုတ်နဲ့ နံပြား။

ဟေ့ သူချစ်ခဲ့တာက စကြ၀ဋာကြီးလောက်
ဟေ့ သူရင်းခဲ့တာက သူ့တစ်ဘ၀စာလုံးလုံး
ဟေ့ သူပေးခဲ့တာက ငရဲချွတ်ဆေး နိဗ္ဗာန်တေး ကဲဆိုကြ။

(၄)

နှစ် ၁၀၀ ပြည့်ပြီ
ပြည့်သွားတဲ့ နှစ် ၁၀၀ မှာ
သူ့စကားတွေက ပေါင်ချိန်ပြည့်နေတုန်း
သူ့အတွေးအခေါ်တွေက ကျည်ဆန်ရထားလိုမြန်နေတုန်း။
သူ့အမည်နာမနဲ့ဂုဏ်သိက္ခာက
လူတွေရင်ထဲမှာဟုန်းဟုန်းတောက်ထနေတုန်း။

(၅)

ဟေ့ သူ အင်္ဂလိပ်ကိုတိုက်တယ် နိုင်တယ်
ဟေ့ သူ ဂျပန်ကိုတိုက်တယ် နိုင်တယ်
ဟေ့ သူ အင်္ဂလိပ်ကိုထပ်ပြီးတော့တိုက်တယ် နိုင်ခဲ့ပေါ့။

ဟေ့ သူ အင်္ဂလိပ်ရဲ့သေနတ်နဲ့ အူပွင့်မသေပဲ
ဟေ့ သူ ဂျပန်ရဲ့ဓားနဲ့ ဇက်ပြတ်မသေပဲ
ဟေ့ သူ ဗမာအချင်းချင်းသတ်လို့ သေခဲ့တယ်။ ဟေ့ သေခဲ့တယ်
၁၊ ၂၊ ၃၊ ဒက် ဒက် ဒက်
၎၊ ၅၊ ၆ ဒက် ဒက် ဒက်
၇၊ ၈၊ ၉ ၊ ဒက် ဒက် ဒက်
၁၀၊ ၁၁၊ ၁၂ ၁၃ ဒက် ဒက် ဒက် ဒက် ကျည်ဆန်တွေ တ၀ုန်းဝုန်းနဲ့…

“တစ်ထောင် ကိုးရာ လေးဆယ့် ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့် ကိုး” မှာ အဲ့ဒီလို ကျည်ဆန် ၁၃ ချက်နဲ့ သေခဲ့တယ်

ဦးစောရေ…
ဒီကမ္ဘာမြေကြီးမှာ

ဘုရားပွင့်တယ်
ပန်းပွင့်တယ်
အောင်ဆန်းပွင့်ခဲ့တယ်

ဒါကိုတော့ ခင်ဗျား လက်ခံရလိမ့်မယ်။

(၆)

ဟေ့ သူ ဗယာကြော်ကြိုက်တယ်။
ဟေ့ သူ စာရေးဆရာဖြစ်ချင်တာကိုကြိုက်တယ်
ဟေ့ သူဟာ နာ့စ်မလေးဒေါ်ခင်ကြည်ကိုကြိုက်ပြီး လက်ထပ်ခဲ့တယ်။
ဒါ သူ့ကိုယ်ရေးကိုယ်တာပဲ
ဒါ သူ့စိတ်ကြိုက်သုံးစွဲမှုပဲ
ဒါဟာ သူ့ရဲ့ constitution ပဲ။

ဟေ့ သူ ဂျပိုးများတဲ့ အိပ်ရာမှာအိပ်ခဲ့တယ်
ဟေ့ သူပြား ၅၀ တန်းက ရုပ်ရှင်ကိုကြည့်ပြီး
သူ့သီလကိုစောင့်၊ သူ့ကိုယ်ကျင့်တရားကိုကျင့်ခဲ့တယ်
ဟေ့ သူ့အနားမှာ ဘယ်သူမှ မလိုဘူး၊ လိုနေတာ လွတ်လပ်ရေးပဲ။

ဟေ့ သူ ဟိုင်နန်းကျွန်းမှာ စစ်ပညာသင်လို့ ဒုက္ကာရစရိယကိုကျင့်
ဟေ့ သူနဲ့ သူ့သူငယ်ချင်းတို့ လက်မောင်းသွေးဖေါက်
သစ္စာရေသောက်ပြီးပြန်လာခဲ့
ဂျပန်စစ်ဗိုလ်ချုပ်ကြီး ဗိုလ်မှူးကြီးဆူဇူကီးနဲ့။

ဟေ့ သူလေ ပင်လုံစာချုပ်ကိုချုပ်ခဲ့
ဟေ့ သူလေ အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ခဲ့
ပြီးတော့ ကဲရော့ဆိုပြီး လွတ်လပ်ရေးကို ပေးခဲ့။

(၇)

ဘယ့်နှယ့် ၃၂ နှစ်သားရယ်
ခင်ဗျားသေတ္တာထဲ ရွှေ,ငွေ ကြောက်သံ ပတ္တာမြားတွေမရှိပဲ
ဘာလို့ ချစ်ခြင်းမေတ္တာတွေချည်းနဲ့ပဲ ပြည့်လျှံခဲ့ရတာလည်းကွယ်။

(၈)

နှစ် ၁၀၀ ပြည့်ပြီ

ဒီ နှစ် ၁၀၀ ထဲမှာ
ရောင်စုံသူပုန်တွေ ထကြွ
ဒီနှစ် ၁၀၀ ထဲမှာ
ကျောင်းသမဂ္ဂ အဆောက်အအုံဖြိုခွဲ
ဒီ နှစ် ၁၀၀ ထဲမှာ
ဦးသန့်အရေးအခင်း
ဒီနှစ် ၁၀၀ ထဲမှာ
မှိုင်းရာပြည့် အရေးအခင်း
ဒီနှစ် ၁၀၀ ထဲမှာ
ရှစ်လေးလုံးအရေးတော်ပုံနဲ့ သံဃာ့အရေးအခင်း။

နှစ် ၁၀၀ ပြည့်ပြီ။

ဒီ နှစ် ၁၀၀ ထဲမှာ
9/11 ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံကြီးပြိုဆင်းသလို
ကျွန်တော်တို့နိုင်ငံကြီး ပြုတ်ကျ။

ဒီနှစ် ၁၀၀ ထဲမှာ
တိုင်းတန်းနစ်သင်္ဘောကြီးစိုက်ဆင်းသွားသလို
ကျွန်တော်တို့တို့တိုင်းပြည်ကြီဲးမြုပ်ကျ။

ဒီ နှစ် ၁၀၀ ထဲမှာ
ရောမမြို့ကြီး မီးထလောင်သလို
ကျွန်တော်တို့ တမျိုးသားလုံး ပြာကျ။

(၉)

ဒီ နှစ် ၁၀၀ ထဲမှာ
မပြည့်တဲ့အိုးတွေ ဘောင်ဘင်ခတ်ကြ။
ဒီနှစ် ၁၀၀ ထဲမှာ
ဝံပုလွေများရဲ့ တယောထိုးသံတွေညံလို့

ဒီ နှစ် ၁၀၀ ထဲမှာ
မိစ္ဆာတွေအူမြူး သွေးစုပ်သံတွေတဗွက်ဗွက်ညံလို့
ဒီ နှစ် ၁၀၀ ထဲမှာ
မထေမဲ့မြင် ကောင်းဘွိုင်တွေလူသတ်သလို သေနတ်သံတွေညံလို့။

ဒီနှစ် ၁၀၀ ထဲမှာ
သေနတ်သံတွေပြီးတော့ ခြေပြတ် လက်ပြတ်တွေ
ဒီနှစ် ၁၀၀ ထဲမှာ
သေနတ်သံတွေပြီးတော့ ကလေးစစ်သားအလောင်းတွေ
ဒီ နှစ် ၁၀၀ ထဲမှာ
သေနတ်သံတွေပြီးတော့ ကျောင်းမတက်နိုင်တဲ့ ကလးတွေ။

ဒီနှစ် ၁၀၀ ထဲမှာ
သေနတ်သံတွေပြီးတော့ သေနတ်သံတွေ
မုဆိုးမတွေပြီးတော့ အိုးမဲ့အိမ်မဲ့တွေ ။

ဒီနှစ် ၁၀၀ ထဲမှာ
သေနတ်သံတွေပြီးတော့ သေနတ်သံတွေ
လူကုန်ကူးမှုတွေပြီးတော့ လိင်ကျွန်အဖြစ်နဲ့ မိန်းမတွေ။

ဒီနှစ် ၁၀၀ ထဲမှာ
သေနတ်သံတွေပြီးတော့ သေနတ်သံတွေ
ဆင်းရဲမှုကြီးထွားလာပြီးနောက် လယ်မဲ့ ယာမဲ့တွေ။

ဒီနှစ် ၁၀၀ ထဲမှာ
သေနတ်သံပြီးတော့ သေနတ်သံတွေ
ခရိုနီတွေဝင်စီးပြီးတဲ့နောက် နင်းပြားတွေ ဆင်းရဲသားတွေ။

ဒီ နှစ် ၁၀၀ ထဲမှာ
ကြောင်ကြည့်သွားနိုင်လောက်တဲ့ ကျိကျိတက်ချမ်းသာမှုတွေနဲ့
သူတို့ရဲ့ သောက်ဖေါ်စားဖက်များ။
ဒီ နှစ် ၁၀၀ ထဲမှာ
တောမီးကို ကိုယ်တိုင်ရှို့ခဲ့တဲ့ တောကြောင်များ
ငတေမာရင်ပြီးရောနဲ့ ခေတ်ပျက်သူဌေးများ။

(၁၀)

ဒီနှစ် ၁၀၀ ထဲမှာ
ဘန်ကာတွေ ကတုတ်ကျင်းတွေအကူအညီနဲ့ သစ်ခုတ်သူများ။
ဒီနှစ် ၁၀၀ ထဲမှာ
ဘန်ကာတွေ ကတုတ်ကျင်းတွေအကာအကွယ်နဲ့ မြစ်ကိုသတ်သူများ။
ဒီနှစ် ၁၀၀ ထဲမှာ
ဘန်ကာတွေ ကတုတ်ကျင်းတွေကိုယ်ရှိန်ကိုယ်ဝါနဲ့ တောင်ကိုဖြိုသူများ။

ဒီနှစ် ၁၀၀ ထဲမှာ
ပြည်ထောင်စုကြီး အစိပ်စိပ်အမွှာမွှာ
ပြည်ထောင်သားများ အထိတ်ထိတ်အပြာပြာ ဒီ နှစ် ၁၀၀ အတွင်းမှာ။

(၁၁)

ဟေ့ နှစ် ၁၀၀ ပြည့်ပြီ
ဟေ့ သူ ကားတတန် လှေတတန် ခြေလျှင်ဆန့်ကာ
မြေပြန့်နဲ့ တောင်တန်းတွေကိုစည်းရုံးခဲ့တဲ့ နှစ် ၁၀၀ ပြည့်ပြီ။

သူ့ကိုယ်သူလေချွန်ဖို့
ဇိမ်ခံရွက်လှေတစ်စီပေါ်တင် ပင်လယ်ရဲ့နိဗ္ဗာန်လှိုင်းတွေပေါ်
ဆည်းဆာနဲ့ တစ်စက္ကန့်မျှပရောပရီခရီးနှင်ဖို့ကိုတော့
သူ့ကိုယ်သူ မစည်းရုံးနိုင်ခဲ့ဘူး။

(၁၂)

ဟေ့ အတိုက်အခံတွေနဲ့ တိုက်ပွဲများစွာ တိုက်ပွဲတွေနွဲခဲ့။

မြားတစ်စင်းလို ပစ်မှတ်ဆီ ဖြောင့်တန်းသူ
မြေကြီးလိုသတ္တိနဲ့ ကောင်းကင်လို အမြင်ကျယ်ခဲ့သူ
သူ့ကတိသစ္စာဟာ
နွယ်မြက်သစ်ပင်အားလုံးကို ဆေးဖက်ဝင်စေခဲ့
ဒီလို (ငါတို့တိုင်းပြည်)
လူနာဟာ သေရာကပြန်ထလာခဲ့တယ်။

(၁၃)

ဟေ့ ရန်သူကလေးစားရတဲ့သူ
ရန်သူကိုပြန်လည်လေးစားသူဟာလည်း သူပါပဲ။

ငါ့ဆီက အခွင့်အရေးကိုမင်းတို့ယူ
မင်းတို့ဆီကအခွင့်အရေးကိုမယူသူဟာလည်း သူပါပဲ။

(၁၄)

ဟေ့ စိတ်ချ ပွဲပြီးရင် ငါသွားမယ်
တနိုင်လယ်တောလေးနဲ့ ဥယျာဉ်ခြံမြေတစ်ခုဆီ။
ဟေ့ စိတ်ချ ပွဲပြီးရင် ငါသွားမယ်


ဒီထက်ကျယ်ပြန့်တဲ့ စားကျက်ကြီးရှိရာမှာ
ငါ့ဦးခေါင်းကိုထွန်ယက်
ငါ့အတွေးအခေါ်တွေကြဲပက်
ငါ့စကားလုံးတို့ ဖူးရာပွင့်ရာ စာရေးဆရာဆိုတဲ့ အဲ့ဒီကမ္ဘာ။

ပွဲပြီး မီးမသေတဲ့နိုင်ငံရေး ငါသိတာပေါ့
ငါသိတာက
ငါနဲ့အာဏာမတည့်တာ၊ ငါ့မှာအလာ့ဂျစ်ရှိတယ်ဆိုတာ။

ဟေ့ စိတ်ချ
စိတ်မချတာက
ပြည်သူရယ် ကျုပ်သမီးရယ်ပဲ။

(၁၅)

အို ဗိုလ်ချုပ် အလုပ်လုပ်သူ၊ စစ်တိုက်သူ ၊ တွေးခေါ်နိုင်သူကြီးရဲ့။
အို ဗိုလ်ချုပ် အမှောင်ကိုထွင်း အလင်းကိုကဲ့ ရေနစ်သူတွေကို ကယ်တင်ခဲ့သူကြီးရဲ့။
အို ဗိုလ်ချုပ် အရိုးဆုံးရဲ့ အဆန်းပြားဆုံး ဘ၀နေနည်းအနုပညာကို လမ်းပြပေးခဲ့သူကြီးရဲ့။
အို ဗိုလ်ချုပ် ဘယ်တော့မှ မိုးမချုပ်သွားလေတဲ့ ဗိုလ်ချုပ်
အို ညမှာ ကြယ်ရောင် လရောင်အဖြစ်နဲ့ လူဖြစ်ရခြင်းရဲ့အဓိပ္ပါယ်ကို ရှင်းပြနေဦးမယ့် တို့ဗိုလ်ချုပ်
ရွှေထုပ်တဲ့ မြပုဝါ ကမ္ဘာမှာ မြန်မာဟေ့လို့ ထည်ဝါလွင့်ပါးနေဦးမယ့် တို့ဗိုလ်ချုပ်
ခင်ဗျား ကျွန်တော် တမျိုးသားလုံးရဲ့ဗိုလ်ချုပ်။ အဲ့ဒီလို အောင်ဆန်းလို့ခေါ်လေတဲ့ ကျွန်တော်တို့ခင်ဗျားတို့ရဲ့အချစ်တော်ဗိုလ်ချုပ်။

(၁၆)

ဟေ့ ဟေ့လူတို့ သူ နှစ် ၁၀၀ ပြည့်ပြီ

သွေးစွန်းနေရင်းနဲ့ ဂုဏ်ယူကြ
မျက်ရည်တွေရွှဲစိုနေရင်းနဲ့ကပဲ ဂုဏ်ပြုကြ
ထိုင်နေ ထနေ ဂျွမ်းထိုးနေတာကိုရပ်ပြီး အလေးပြုကြ။

သူ့ကိုသတ်သူရဲ့အဆက်တွေရှိသေးတယ်ဆိုတာကိုလည်း တလက်စထဲ သတိရကြ။

နှစ် ၁၀၀ မှာ ငါတို့ ရှိနေတယ်
နှစ် ၂၀၀ မှာ ငါတို့မရှိလည်း သူကရှိနေမယ်
ဒီကြားထဲ လူပြန်ဖြစ်ရင်လည်း လာကြည့်ကြ
နှစ် ၁၀၀၀ မှာလည်း သူကတော့ရှိဦးမှာပ၊ဲ ဒီထက်ဆို
ဗြဟ္မာကြီးလို အနှစ်ရှစ်သောင်းမက သူကတော့ ကမ္ဘာကြီးမှာရှိနေဦးမှာပဲ။ ။

ခရမ်းပြာထက်လူ
၂ ၀ ၁ ၎
၂၀၁၅ ၊ ပိတောက်ပွင့်သစ် မဂ္ဂဇင်း မှ

No comments:

Post a Comment