ကျွန်မဖေဖေ၏ သေဆုံးမှုတွင် ရက်စက်စွာ ပါဝင် ဆင်နွဲခဲ့ကြသောသူများသည်လည်း မိဘ၊ မိသားစုဘဝ၊ မျှော်လင့်ချက် ၊ အနာဂတ်ဘဝ ဆိုတာ ရှိကြမှာပါ။သို့သော် လူသားချင်းစာနာစိတ် ကိုယ်ချင်းစာစိတ် ကင်းမဲ့စွာ ဖေဖေ အပါအဝင် လူပေါင်းများစွာ၏ အသက်၊ မိသားစုဘဝ၊ အနာဂတ်ပေါင်း များစွာ ကိုရက်ရက်စက်စက် ဖျက်ဆီးခဲ့ကြပါသော လူတစ်စုသည် အမှန်တကယ် ရှိခဲ့ပါသည်။ထိုလူတစ်စု၏ လုပ်ကြံစွပ်စွဲမှု ကို ခံခဲ့ရသော အမှန်တကယ်နစ်နာ သူများစွာထဲက တစ်ဦး ဖြစ်သည့် ကျွန်မဖေဖေ၏ ဘဝ အကြောင်းကို ပြောပြလိုပါတယ်။
ဖေဖေဦးစိန် ကို ၁၉၄၄ ခု မတ်လ ၂၈ ရက်နေ့ မှာ ပဲခူးတိုင်း စစ်ကွင်းမြို့တွင် မွေးဖွားခဲ့ပါတယ်။ဦးသန်း+ ဒေါ်စောညွန့်တို့၏ သားသမီး ၆ယောက်တွင် အငယ်ဆုံးသားပါ။
ကျွန်မအဖွား မေမေကြီး ဒေါ်စောညွန် ကျွန်မကို ပြောပြခဲ့တဲ့ စကား တစ်ခွန်း ရှိပါတယ်။ "ငါ အချစ်ဆုံး နဲ့ အမုန်းဆုံး က တစ်ယောက်တည်း " ဟုပါ။ ထိုသူမှာ ဖေဖေ ဦးစိန် ပဲ ဖြစ်ခဲ့ပါတယ်။
ပညာတတ် ရှားပါးသော လယ်သမား မိသားစုဘဝ အတွင်းမှ ဥာဏ်ပညာ ထက်မြက် သော ခေတ်ပညာတတ်သားငယ် ကို ရန်ကုန်မြို့ ကြီးမှာ တင့်တောင့်တင့်တယ် နေစေလိုခဲ့ သည်မှာ မေမေကြီး၏ဆန္ဒ ပင်ဖြစ်ပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ကျောင်းသား ဘဝ မှစ၍ ယုံကြည်ရာ လုပ်ယင်း အမေ ၊ ဇနီးမယား ၊ သားသမီး များကို ထားခဲ့ ပြီး ထွက်သွား ရာမှ နောက်ဆုံး ပြန်မဆုံနိုင်ခဲ့ ခြင်းအတွက် ဝမ်းနည်းဒေါသမှန်း ကျွန်မ နားလည်ခဲ့ပါတယ်။
ဖေဖေငယ်စဉ် က အထက( စစ်ကွင်း)တွင် ပညာသင်ယူခဲ့ပါတယ်။ ထိုခေတ် ပညာရေးစနစ်အရ ဥာဏ်အလွန်ကောင်းသောဖေဖေ သည် နဝမတန်း နှင့် တက္ကသိုလ်တန်းကို တစ်နှစ် တည်းဖြင့်ဖြေဆို အောင်မြင် ခဲ့ပြီး ၁၉၆၀ တွင် တက္ကသိုလ်ပညာရေးကို စတင်သင်ကြားခွင့်ရခဲ့ပါတယ်။
တက္ကသိုလ် စတင်တက်ရောက်ပြီး( 7 ဇူလှိုင်) အရေးတော်ပုံ မှ အစပြုကာ ဖေဖေသည် သူ ယုံကြည်ရာလမ်း ကို လျှောက်ခဲ့သူဖြစ်ပါတယ်။
၁၉၆၃-၆၄ တွင် လသာမြို့နယ်အတွင်းရှိ ကျောင်းတစ်ခုတွင် ကျောင်းဆရာ လုပ်နေရာမှ စက္ကူ စက် ပညာတော်သင်လျှောက်ရာ ရွေးချယ်ခံရပြီး ၁၉၆၅ မှ ၁၉၆၇ အတွင်း တရုတ်ပြည် တွင် ၂ နှစ်ကြာ စက္ကူ စက်ပညာတော်သင် သွားရောက်ခဲ့ပါတယ်။
ပညာတော်သင် မှ ပြန်ရောက်လာပြီး ပထမဦးစွာ လမ်းနီလေး သုသေတနရုံး၊ ထို့နောက် စစ်တောင်း စက္ကူ စက်တွင် လက်ထောက်ဖိုမင်တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။
၁၉၆၇ တွင် ကျွန်မမေမေဒေါ်ကျင်အေး နှင့် အိမ်ထောင်ပြုခဲ့ပါတယ်။ကျွန်မ ဖေဖေ ဟာ ယောက္ခမ ချစ်အောင်နေတတ်ခဲ့တဲ့ သားမက်တစ်ယောက်ပါ။ ကျွန်မ၏ ကြီးတော် ( မေမေ့ အစ်မ) က အခုချိန်ထိ စကားစပ်မိတိုင်း ပြောတတ်ပါတယ်။" မောင်စိန့် ကို အမေ ( မေမေ့ အမေ)က ကိုသိန်းထွန်း (ကျွန်မ ကြီးတော် ယောက်ျား) ထက်ပိုချစ်တယ်။ အမေ့ရွာ ( ဝေါမြို့နယ် ထဲက မေမေ တို့ ဇာတိ ရွာ) ကို သွားလိုက်လည်လျင် ငါးတွေမျှား အမျိုးတွေအိမ် လျှောက်သွား အမေ ချက်ကျွေးတာတွေကို ကောင်းလိုက်တာ ဆိုပြီးတော့ စား။ အမေ သဘောကျ အောင် နေတတ်တယ်" ဟု ပြောလေ့ရှိပါတယ်။
ကျွန်မဖေဖေ က သားသမီးတွေအပေါ်မှာလည်း ရည်ရွယ်ချက် ကြီးမားသော အဖေမျိုးပါ။ သမီးဦး ဖြစ်တဲ့ ကျွန်မအစ်မ ကိုလည်း ချောအိမန် ကို အားကျလို့ ငယ်စဉ် က ချောအိမန် လို့ ခေါ်ခဲ့ပြီး ကျောင်းအမည်ကို စာရေးဆရာမ ခင်မာသစ် ကို သဘောကျ ၍ ခင်မာသစ် လို့ ပေးခဲ့ပါတယ်။
သားသမီး ၅ ယောက်စလုံးကို ခေတ်ပညာတတ် ထူးခူးချွန်ချွန် တွေ ဖြစ်စေချင်ခဲ့တယ်။ နယ်မှာ တွဲဖက် ကျောင်းဆရာ လုပ်နေစဉ် အိမ်ကိုစာရေးတိုင်း ကျွန်မတို့ မောင်နှမ တစ်တွေ၏ပညာရေးအတွက် အမြဲလှမ်းပြီးဆုံးမ တတ်ပါတယ်။ ဒါ့ကြောင့်ပင် ဖေဖေ ထွက်သွားစဉ်က (၄)နှစ် အရွယ် အငယ်ဆုံး ညီမလေး အပါအဝင် မောင်နှမ ၅ ယောက်စလုံးကို ကျွန်မမေမေ က ဆင်းရဲဒုက္ခ ပေါင်းများစွာခံကာ ပညာဖြင့် ရပ်တည်နိုင်သော ဘဝ မျိုးရောက်အောင် မေမေ ကြိုးစားခဲ့ပါတယ်။
ဖေဖေ မရှိဘဲ ဖေဖေ့ ကိုယ်စား သားသမီး များကို ကြိုးစား ထူထောင် ပေးခဲ့ ရတဲ့ မေမေ့ရဲ့ ဆင်းရဲ ဒုက္ခ များက အလွန်များခဲ့ပါတယ်။
ဖေဖေသည် စစ်တောင်း စက္ကူ စက်တွင် တာဝန်ထမ်းဆောင် နေရာမှ ၁၉၇၀ တွင် အတွင်းဝန်ရုံးပတ်လည်တွင် အလုပ်သမား ဆန္ဒပြ မှုဖြင့်အလုပ်ပြုတ်ခဲ့ပါတယ်။ ထို့နောက် ဒလ သင်္ဘော ကျင်းတွင် ဘွဲ့ ရ အလုပ်သင် အဖြစ် အလုပ်ဝင်ခဲ့ပါတယ်။
၁၉၇၆တွင် မီးမောင်း စာဆောင် ထုတ်ဝေမှု ၊မှိုင်းရာပြည့် အရေးတော်ပုံ လှုပ်ရှုား မှုများအတွက် ပေါင်းပြီး ထောင်ဒဏ်(၁၈)နှစ် ကျခံခဲ့ရပါတယ်။အဲ့ဒီအချိန် စစ်အစိုးရ ရဲ့ စစ်ကြောရေး ဒါဏ် ကိုဖေဖေ့ သူငယ်ချင်း တွေပြောပြလို့ ကျွန်မရင်နာစွာ နားထောင်ခဲ့ဖူးပါတယ်။ ၁၉၈၀ မှာ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ဖေဖေ ပြန်လည်လွတ်မြောက်လာခဲ့ပြီး စစ်ကွင်းမြို့တွင် မေမေကြီနဲ့ အတူ လယ်လုပ်ငန်းကိုပြန်လည် လုပ်ကိုင်ခဲ့ပါတယ်။
သို့သော် ရန်ကုန်မြို့  တွင် ပြန်လည်နေထိုင်စေချင်သော ဖေဖေ၏ မိတ်ဆွေသူငယ်ချင်းများ၊ နိုင်ငံရေး လှုပ်ရှားဖက်များ၏ တိုက်တွန်းမှု့ကြောင့် ဖေဖေသည် ၁၉၈၂ တွင် ရန်ကုန်မြို့  တွင်ပြန်လည်နေထိုင်ခဲ့ပါတယ်။
ထို့နောက် ဇလွန်မြို့နယ် တွဲဖက် အထက(ကော့ကပ်)၊ မြောင်းမြမြို့နယ် တွဲဖက် အထက(မြင်းကဆိပ်)တွင်ကျောင်းဆရာ လုပ်ခဲ့ပါတယ်။ ဖေဖေ နဲ့ အတူကျောင်းဆရာ လုပ်ခဲ့ဖူးသော ဖေဖေ့ သူငယ်ချင်းများက ကျွန်မတို့ အိမ်ရောက်တိုင်း ကိုစိန် စာသင်တုန်းကလေဟု အစချီကာ ဖေဖေနဲ့စာသင်ခန်း အတွေ့အကြုံ များကို ကျွန်မတို့ကို ဖောက်သည်ချ တတ်ပါတယ်။
ဖေဖေ အိမ်က စတင် ထွက်သည့် ၁၉၈၉ ဇူလိုင် ၁၄ ရက်နေ့ ကတော့ ကျွန်မတို့ မိသားစု အတွက် မှတ်မှတ်ရရ ပါပဲ။ ကျွန်မ မွေးနေ့ လည်းဖြစ်သလို လပြည့်လို့ ခေါ်တဲ့ ဝါဆိုလပြည့်နေ့မွေးသည့် ကျွန်မမောင်လေး မွေးနေ့ နဲ့ ရက်ကပ်နေလို့ပါပဲ။
မေမေ က ကျွန်မတို့မောင်နှမ မွေးနေ့ အတွက် မုန့်ဖက်ထုပ်များလုပ်ပြီး အိမ်နီးနားချင်း များကို ဝေခဲ့ပါတယ်။ ကျွန်မတို့ မောင်နှမ တွေက ဖေဖေ နဲ့ မေမေ့ အတွက်ဟုဆိုကာ မုန့်ဖက်ထုပ် အကြီးကြီး ၂ ခုလုပ်ထားခဲ့ပါတယ်။ မေမေ့အတွက် မုန့်ကို မေမေ က စားခဲ့ပြီး အပြင်ထွက်သွားသော ဖေဖေ့ အတွက်မုန့်ကို ဘုရားစင် မှာတင်ထားပြီး သိမ်းထားခဲ့ပါတယ်။
ညရောက်သည့်တိုင် ပြန်မလာခဲ့သော ဖေဖေ့ အတွက် အိပ်ရာခင်းပြီး ကျွန်မစောင့်နေခဲ့ပေမဲ့ ထိုည မှ စ၍ ဖေဖေ ပြန်မလာခဲ့သည်မှာ ယနေ့ တိုင်အောင်ပါ။
၁၉၉၂ ဇူလိုင် တွင် ဖေဖေ ဆုံးပြီဆိုသည့်သတင်း ကြားသည့်တိုင် ကျွန်မတို့အတွက် တော့ မယုံကြည်နိုင်ခဲ့။ဒါတောင် အဲ့ဒီ အချိန်က ကျွန်မတို့ သိခဲ့သော ဖေဖေသေဆုံးရသည့် ပုံစံသည် ၂၀၁၂ ဖေဖေါ်ဝါရီ မှ သိရသော အဖြစ်မှန်ကဲ့သို့ အလွန်ဆိုးဝါးသော အခြေအနေ ဖြစ်နေခဲ့ မှန်း ကျွန်မတို့ သားအမိတွေ မသိခဲ့ပါ။
ဖခင်ပြန်အလာ ကိုစောင့်မျှော် နေသော တခြားသော မိသားစုတွေလိုပဲ ကျွန်မတို့သည် ဖေဖေ များပြန်လာမလား။ ဆက်သွယ်လာမလား။ ဘယ်တော့လောက် ဖုန်းဆက်မလဲ ဆိုတာမျိုးသည်လည်း ပြန်မလာနိုင်မှန်း သေချာနေသည့် ယခု အချိန်ထိ လည်းရှိနေဆဲပါ။
ကျွန်မတို့ မောင်နှမတွေမှ မေမေ့ ကို အနိုင်ရချင်လျှင် " မေမေ ~ဖေဖေ က နောက်အိမ်ထောင်ပြုပြီး ဇာတ်မြှုပ်နေတာနော် ။ မေမေဘာသိလို့ လဲ " ဟုနောက်တတ်သလို မေမေ မှလည်း ကျွန်မတို့ မောင်နှမတတွေ ကို အနိုင်ရချင်လျှင် " နင်တို့ အဖေတူ အမေကွဲ မောင်နှမ တွေ ပေါ်လာအုံးမယ်နော် " ဟု အနှစ် ၂၀ ကျော်ကြာခဲ့ပေမဲ့ ပြန်လာနိုး မျှော်တတ်ခဲ့သော ကျွန်မ တို့ မိသားစု အတွေးသည် မဖြစ်နိုင်မှန်း သေချာနေသည့် ယခု အချိန်မှာတော့ စကားအဖြစ်သာ ကျန်နေခဲ့ပါတယ်။
ကျွန်မ၏ အစ်မ နှင့်ညီမ (၂)ယောက် အိမ်ထောင်ကျ ပြီး သားလေးတွေမွေးထားရာ ထိုကလေးတွေ၏ အမူအကျင့် စရိုက် လက္ခဏာ သည် ဖေဖေ နှင့် တချို့ အချက်တွေ တူတတ်ရာ တခါတရံ ဖေဖေ ဝင်စားလားဆိုကာ ကလေးတွေကို ကိုစိန်လေးလား မေးမိသည်မှာ လည်း ကျွန်မတို့ မိသားစု အလုပ်တစ်ခု ပါ။ သူတို့ တွေ မှာလည်း သူတို့သားတွေထဲမှ တစ်ယောက်ယောက် သည် ဖေဖေ ဝင်စားတာအဖြစ် ဂုဏ်ယူချင်ကြပါတယ်။ ကျွန်မတို့ မိသားစု မှာ ဖေဖေ ၏ သေဆုံးမှုကို သိပေမဲ့ လည်း စိတ်ထဲက လက်မခံ နိုင်ခဲ့ကြပါ။
မည်ကဲ့သို့သော လူအမျိုးအစားဖြစ်ပါစေ။ ထိုသူကို ချစ်ခင်တွယ်တာသော သူ၊ မိဘ၊ ညီအစ်ကို မောင်နှမ ၊ သားသမီး ၊ သူငယ်ချင်း မိတ်ဆွေ ဆိုတာ ရှိစမြဲပါ။ နောက်ဆုံး တိရစ္ဆာန် များတွင်ပင် တစ်ကောင် နှင့်တစ်ကောင် တွယ်တာ စိတ်ဆိုတာ ရှိကြပါပေတယ်။
သို့သော် ဖေဖေ အပါအဝင် အေဘီ တပ်ဖွဲ့ဝင်များကို မဟုတ်တန်းတရား စွပ်စွဲ ကာ ရက်ရက်စက်စက် သတ်ခဲ့ကြသော ပြစ်မှု ကိုကျူး လွန်ခဲ့ကြသော လူတစ်စု သည် မိသားစုဘဝဆိုတာကို နားမလည် လူစိတ်ကင်းမဲ့စွာဖြင့်အမှားကြီးကို ကျူးလွန်ရဲခဲ့ကြသည်။
No comments:
Post a Comment