..................................................................
အောင်ဆန်းစုကြည် ကောက်ကြောင်း
ရှစ်လေးလုံးလူထုအုံကြွမှုကြီးရဲ့ အထွဋ်အထိပ်ကာလမှာ မိုးပေါ်က ကျလာသလို သူမ ပေါ်လာခဲ့တယ်။ ဦးနုရဲ့ စင်ပြိုင်အစိုးရကို သူမက မထောက်ခံသလို ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကိုလည်း ဖျက်ခဲ့တယ်။
ဗိုလ်အောင်ကြီး၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်လွင်၊ ဗိုလ်တင်ဦး စတဲ့ စစ်ဗိုလ်ဟောင်းတွေ၊ မဆလပြုတ်တွေနဲ့ ဒီချုပ်ကို စဖွဲ့တယ်။
နိုင်ငံရေးရေချိန်တက်နေတဲ့လူထုကြီးကို ရွေးကောက်ပွဲလမ်းကြောင်းဆီ ပထမအကြိမ် ဆွဲခေါ်သွားပြီး လူထုတော်လှန်ရေးကို ဇက်ခွံ့ခဲ့တယ်။ အဲ့ဒီနောက် နှစ်ပေါင်း ၃၀ ကြာအောင် မရေရာတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို တင်ပြီး လူထုနိုင်ငံရေးကို သားကြောဖြတ် သင်းကွပ်လိုက်တယ်။
အထွေထွေ ကြပ်တည်းမှုကြောင့် ၂၀၀၇ ရွှေဝါရောင် နဲ့ ၂၀၀၈ နာဂစ် ခြေဥဆန့်ကျင်ရေးတွေ ပေါ်လာတဲ့အခါ ဒီချုပ်ပါတီဟာ လူထုနဲ့ ပူးပေါင်းခြင်းမရှိခဲ့ရုံမက အဲ့တုန်းက ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်ဆိုရင် ရေဒီယိုအင်တာဗျူးကတဆင့် ဆန္ဒပြသူတွေကို အပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ကာလအတွင်း ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့နဲ့ တွေ့ဆုံတာတွေရှိပေမယ့် ဘာတွေဆွေးနွေးကြသလဲဆိုတာ ပြည်သူကို ပြောမပြဘဲ လျို့ဝှက်ထားပါတယ်။ အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်ပိုင်း သမ္မတသိန်းစိန်နဲ့ တွေ့ဆုံရာမှာလည်း အလားတူ လျှို့ဝှက်ထားခဲ့ ပြန်ပါတယ်။
သူမ အကျယ်ချုပ်က လွတ်မြောက်လာစအချိန်၊ အာရပ်ကမ္ဘာမှာ အာရပ်နွေဦးတော်လှန်ရေးကြောင့် အာဏာရှင်တွေအရေးမလှနေချိန်၊ မြန်မာပြည်မှာလည်း ရွှေဝါရောင်တော်လှန်ရေးနဲ့ နာဂစ်ကြောင့် ပြည်သူတွေ နိုင်ငံရေးရေချိန် မြင့်တက်နေချိန်မှာ အောင်ဆန်းစုကြည်က မြန်မာပြည်မှာ ဘားမားစပရင်း (ခေါ်) ဗမာ့နွေဦး မလိုအပ်ဘူးဆိုပြီး နိုင်ငံရေးအရ အညွန့်ချိုး သင်းကွပ်လိုက်ပြန်ပါတယ်။
အဲ့ဒီနောက် ပါတီကို မှတ်ပုံတင်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ြခင်းအားဖြင့် လူထုကို ရွေးကောက်ပွဲလမ်းကြောင်းဆီ ဒုတိယအကြိမ် ဆွဲခေါ်သွားပြန်ပါတယ်။ ဒီလုပ်ရပ်ဟာ စစ်အုပ်စုက အကောင်အထည်ဖော်နေတဲ့ လမ်းပြမြေပုံ ၇ ချက်ကို ပီပြင်အောင် ဝင်ရောက်အားဖြည့်တာ ဖြစ်သလို စစ်အုပ်စု စိတ်တိုင်းကျရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥကို သိဒ္ဓိတင်ပေးတာလည်း ဖြစ်ပါတယ်။
သူမရဲ့ ကြားဖြတ်ရွေးကောက်ပွဲကြေညာချက်မှာ ခြေဥပြင်ဆင်ရေးဟာ အဓိကအချက်တခုအနေနဲ့ ပါခဲ့ပေမယ့် သုံးနှစ်တိတိ အတိုက်အခံဘဝမှာ ခြေဥကို ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပါဘူး။ သူမရဲ့ မိတ်ဖက် သူရရွှေမန်းက နောက်အစိုးရလက်ထက်မှပဲ ခြေဥပြင်နိုင်တော့မယ်လို့ ကြေညာတဲ့အခါ အောင်ဆန်းစုကြည်က သူရရွှေမန်းရဲ့ ပြောကြားချက်ဟာ အချိန်အခါအရ မှန်တယ်လို့တောင် ထောက်ခံပြောကြားလိုက်ပါသေးတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကတော့ အောင်ဆန်းစုကြည်ကနေ လူထုကို တတိယအကြိမ်မြောက် ရွေးကောက်ပွဲဆီ ဆွဲခေါ်သွားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံက ပြောင်းလဲချိန်တန်ပြီ ပဲ ဖြစ်ပါတယ်။
အခု ရွေးကောက်ပွဲပြီးတာ ၂ နှစ်ကျော် ကြာပါပြီ။ ပြောင်းလဲခြင်းအရိပ်အယောင်ကို ပြည်သူတွေ အရိပ်အခြေတောင် မမြင်ရသေးပါဘူး။ တိုင်းရင်းသားပြည်သူအပေါင်းလည်း စစ်ဖိနပ်အောက်မှာ အနင်းခံနေရဆဲ၊ စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေလည်း ပန်းပန်နေဆဲ။
ခြေဥလည်း မပြင်နိုင်၊ တရားဥပဒေလည်း မစိုးမိုး၊ ပြည်တွင်းငြိမ်းချမ်းရေးကလည်း အလှမ်းဝေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုလည်း မကာကွယ်နိုင်၊ စီးပွားရေးဦးမော့အောင်လည်း မကြိုးစား၊ ဒီမိုကရေစီလည်း မဖော်ဆောင်နိုင်ဘဲ အခြေအနေတွေက တနေ့ထက်တနေ့ ပျက်ယွင်းလို့သာ လာပါတယ်။
ဒါပေမယ့် အောင်ဆန်းစုကြည်ကတော့ ခရိုနီများ၊ စစ်ဗိုလ်ချုပ်များခြံရံပြီး ဗိုလ်ခင်ညွန့်တန်ခိုးထွားစဉ်ထက်ကတောင် ပိုကဲတဲ့ အဆောင်အယောင်တွေကို ခံစားရင်းနဲ့ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲကို မျက်ကွယ်ပြုပြီး စစ်အုပ်စုနဲ့ခရိုနီတွေရဲ့ အကျိုးစီးပွားကို အားကြိုးမာန်တက် ကာကွယ်လျက်ပါ။
အရင်ကတော့ တိုင်းပြည်ကို ဖျက်ဆီးခဲ့တာဟာ စစ်အုပ်စုနဲ့ခရိုနီတွေလို့ ပြောခဲ့ရပေမယ့် အခုအချိန်ကစပြီး ဒေါ်စုနဲ့ဒီချုပ်ကိုပါ တိုင်းပြည်ဖျက်ဆီးသူများ စာရင်းမှာ ထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။
Aung Naing Moe
https://www.facebook.com/aung.naingmoe.58/posts/10155887209519723
No comments:
Post a Comment