ရခိုင်ပြည်နယ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့်ရဲတပ်ဖွဲ့ဝင်တဦးအားတွေ့ရစဉ်။
လွန်ခဲ့သော တလကျော်က ဘင်္ဂါလားဒေ့ရှ်သို့ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) ၄၀၀,၀၀၀ ကျော် ထွက်ပြေးသွားခဲ့သည်။ ယင်းသို့ ထွက်ပြေးမှုဖြစ်ပေါ်စေခဲ့သည့် လူမျိုးရေးပဋိပက္ခများတွင် ရိုဟင်ဂျာများအပေါ် အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်ပုံကို မကျေနပ်ဟုဆိုကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို အနောက်အုပ်စုနိုင်ငံများ၏ ပြစ်တင်မောင်းမဲမှုကြီးထွားလာနေသည်။ Freedoom of the City Oxford ဆုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ သူမ ပညာသင် ယူခဲ့သည့် အောက်စဖို့ဒ်တက္ကသိုလ်နံရံပေါ်ရှိ သူမ၏ ပုံတူပန်းချီကားကို ဖယ်ရှားခဲ့သည်။ ပညာရှင်များ၊ ဂျာနယ်လစ်များနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အပါအ၀င် လူ ၄၀၀,၀၀၀ ကျော်က သူမ၏ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပြန်ရုပ်သိမ်းရန် နိုဘယ်ဆုကော်မတီသို့ တောင်းဆိုခဲ့ကြသည်။ သို့ဖြစ်ရာ ဒီမိုကရေစီစံပြုပုဂ္ဂိုလ်တဦးအဖြစ် အနောက်အုပ်စုက အမွှမ်းတင်ခဲ့သည့် သူမ၏ ပုံရိပ်ပြိုလဲတော့မည့်ပုံ ဖြစ်ပေါ်နေသည်။
ယင်းသို့ ပြစ်တင်ဝေဖန်မှု ကြီးမားနေသည့်ကြားမှပင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ကြုံတွေ့နေသည့် ဧရာမ စိန်ခေါ်မှုများကို ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အနောက်အုပ်စုက မမြင်ချင်၊ မသိချင်ယောင်ဆောင်နေကြသည်။ သူမသည် `ရှုပ်ထွေးခက်ခဲသည့် လူမျိုးရေးပဋိပက္ခများ ပြည့်နှက်နေသော လူမှုရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု အလွန်အမင်းအရေးကြီးလိုအပ်နေသော တိုင်းပြည်တပြည်ကို အုပ်ချုပ်ရန် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ အာဏာရပြီး နှစ်နှစ်ခန့် အချိန်အတွင်း သူမ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သည်။ လူမှုရေး၊ စီးပွားရေးနှင့် သံတမန်ရေးဆိုင်ရာ နယ်ပယ်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနှင့် ဒေသခံဗုဒ္ဓဘာသာများအကြား ပဋိပက္ခများကို ဒေါ်အောင်ဆန်းစုကြည် အမိန့်ပေးရုံသက်သက်ဖြင့် နေ့ချင်း ညချင်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ကံမကောင်းသည့်အချက်မှာ ဤကိစ္စနှင့်ပတ်သက်၍ သူမ၏ ကြိုးပမ်းအားထုတ်မှုများကို အနောက်အုပ်စုနိုင်ငံ များအနေနှင့် အသိအမှတ်မပြုခြင်း ဖြစ်သည်။ အနောက်အုပ်စုသည် လူ့အခွင့်အရေးဟု ၎င်းတို့ခေါ်ဆိုသော ကိစ္စအပေါ် မျက်စိမှိတ်ပြီး ဆက်လက်အော်ဟစ်နေသည်။ သို့သော် ၎င်းတို့သည် ရိုဟင်ဂျာအကျပ်အတည်း ပေါ်ပေါက်ရသည့် အကြောင်းအရင်းဇာစ်မြစ်ကို အနည်းငယ်မျှပင် နားလည်သဘောပေါက်ခြင်း မရှိကြပေ။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာများအကြား သမိုင်းကြောင်းအရ ပဋိပက္ခများကို အချိန်တိုအတွင်း ဖြေရှင်း နိုင်ရန် မဖြစ်နိုင်ပေ။ ယင်းပဋိပက္ခများကို ဖြေရှင်းရန် တည်ကြည်အေးဆေးသည့် စိတ်ဓာတ်ရှိသော ခေါင်းဆောင်တဦးလိုအပ်သည်။ အကြီးအကျယ် စိတ်ရှည်သည်းခံ မှုရှိရန်လည်း လိုအပ်သည်။ ကံကောင်း သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်ထိ အနောက်အုပ်စု၏ ပြစ်တင် ဝေဖန်မှုအား ကြံ့ကြံ့ခံရပ်တည်နေနိုင်ခြင်းဖြစ်သည်။ သူမသည် အကျပ်အတည်းကို ဖြေရှင်းရန် အလျင်စလို လုပ်ဆောင်နေ ခြင်းမျိုးလည်း မရှိပေ။
တရုတ်ပြည်သည် မြန်မာနိုင်ငံ၏ လူမျိုးစုဖွဲ့စည်းပုံကို အပြည့်အ၀ သတိပြုမိပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လည်း အပြည့်အ၀ ထောက်ခံပါသည်။ ယခု အကျပ်အတည်းအပေါ် မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုကို အကူအညီပေးသကဲ့သို့ ဒုက္ခသည်များအား အထောက် အပံ့ပေးခဲ့ပါသည်။ လူမျိုးစုပဋိပက္ခများကို တလုံးတခဲတည်းနှင့် ခိုင်ခိုင်မာမာဖြေရှင်းရန် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုအား တရုတ်ပြည်က ထောက်ခံပါသည်။ ယင်းကြိုးပမ်းမှုများသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလျင်အမြန်ဖြစ် ပေါ်စေလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။ ခွဲထွက်မှုသည် မြန်မာနိုင်ငံအတွက် လက်ခံနိုင်စရာမရှိကြောင်း တရုတ်ပြည်အနေနှင့် ကောင်းစွာ သဘောပေါက် နားလည်ပါသည်။
လောလောဆယ်တွင် နိုင်ငံတကာ အသိုက်အ၀ိုင်းသည် ဒေါ်အောင်ဆန်း စုကြည်အား တဖက်သတ်ပြစ်တင်ကြိမ်း မောင်းမှုမပြုကြရန် လိုပါသည်။ ယင်းသို့ ပြစ်တင်နေမည့်အစား ဆက်သွယ်ရေးနှင့် လူသားချင်းစာနာ ကယ်တင်မှုခိုင်မာအားကောင်းရေးအတွက် ဘင်္ဂါလားဒေ့ရှ်နိုင်ငံနှင့် မြန်မာအစိုးရ၏ လုပ်ဆောင်မှု အဆင်ပြေချောမွေ့စေရန် နိုင်ငံတကာအသိုက် အ၀န်းအနေနှင့် ကူညီသင့်ပါတယ်။ ထို့ပြင် သြဂုတ် ၂၅ ရက် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေခဲ့သည့် အကြမ်းဖက်သမားများအား တိုက်ဖျက်ရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကိုလည်း နိုင်ငံတကာမှ အကူ အညီပေးသင့်ပါသည်။ မြန်မာနိုင်ငံသည် မိမိတို့အကျိုးအတွက် မျှော်ကိုးကာ ပုဂ္ဂိုလ်ရေးဗန်းတင်မှုထက် စစ်မှန်သည့် ထောက်ခံမှုကို လိုအပ်ပါသည်။
SM(Ref; (Global Times))
ဓါတ်ပုံ-ခိုင်မင်းညို
Newswatch
http://newswatch-mm.com/?article_detail&id=138
No comments:
Post a Comment