မလေးမှာ အနေကြာခဲ့ပြီးမြန်မာပြည်ကိုကျနော်ပြန်ရောက်လာတော့
ကျနော့အိမ်ရဲ့ဘုရားဆောင်ပေါ်မှာ ကျနော်တစ်ခါမှ မမြင်ဖူးတဲ့ ကိုရင်လေးတစ်ပါးရဲ့ ဓာတ်ပုံတစ်ပုံ ရောက်နေပါတယ်
အမေကိုမေးကြည့်တော့ အဲဒါအလံတရာဆရာတော် (ဒေသအခေါ် ဘဘုရား) ဝင်စားတဲ့
ကိုရင်လေးလို့ပြောပါတယ်။ပြီးတော့ အမေက ကျနော့ကိုVCDတစ်ခွေဖွင့်ပြတယ်
အဲဒီအခွေမှာ စောစောက ဘုရားဆောင်ပေါ်ကကိုရင်လေးကို ခေါင်းမှာဒက်တွေအဖွေးသားနဲ့တွေ့
ရတယ်။အခွေမှာ ကိုရင်လေးဆွမ်းစားနေတာတွေ။ကိုရင်လေး ကားပေါ်ကဆင်းလာတာတွေ
ရယ်မောစကားပြောတာတွေ။ဖလားခွက်ကြီးမြှောက်ပြီး လူသူပရိသတ်ဘက်
ပိုက်ဆံကြဲတာတွေကို ရိုက်ပြထားပြီး သူ့ ပတ်ပတ်လည်မှာတော့ သူ့ကိုယုံကြည်သူ
ပအိုဝ်းတိုင်းရင်းသားအများအပြားကို အလွန်ရိုကျိုးကြဟန်နဲ့
လက်အုပ်ကလေးချီပြီး ယို့ယို့ကလေးရပ်နေကြတာတွေ့ရတယ်
တချိန်က သထုံ အလံတရာနယ်မှာဘဘုရားလို့သူတို့ခေါ်ကြတဲ့
အလံတရာဆရာတော်ဟာ အလံတရာတစ်ဝိုက်မှာသာမက မြန်မာပြည်အနှံ့အပြားမှာ ကိုးကွယ်ဆည်းကပ်သူအများအပြားနဲ့ အလွန်ထင်ရှားခဲ့သူဖြစ်တယ်
အဲဒီဘဘုရား ပျံလွန်တော်မူကြီး ၉နှစ်ကြာမှ ဘဘုရားဝင်စားတယ်ဆိုသူ
အနှီကိုရင်လေးက ပေါ်လာတာဖြစ်ပါတယ်။
အဲဒီအချိန်မှာ ကိုရင်လေးဆိုသူကလည်း အသက်၉နှစ်တိတိရှိနေပြီဖြစ်ပါတယ်
အရင်ဘဝဟောင်းကို ပြန်မှတ်မိတယ်။အရင်ဆွေမျိုးတွေကို နာမည်ကအစ
တစ်ယောက်ချင်း ခေါ်နိုင်တယ်။ဘဘုရားရဲ့ လူသိနည်းတဲ့ တစ်ချို့သောကိစ္စရပ်တွေကိုတောင် ပြောဆိုနိုင်စွမ်းရှိတယ်ဆိုပြီး ဘဘုရားဝင်စားသူအဖြစ် ဒေသခံတွေ လက်ခံယုံကြည်ကြတာဖြစ်ပါတယ်
အခွေကိုကြည့်ပြီး ကျနော်က"ဒီကိုရင်က တစ်ချက်မှ ငြိမ်ငြိမ်သက်သက်မရှိပါလား
မျက်နှာကလည်းစပ်ဖြဲဖြဲနဲ့ မျောက်လိုပဲ သူ့ဘာသူဘယ်သူပဲဝင်စားစား ဘုရားနဲ့တော့
တစ်နေရာတည်း ရှိမနေသင့်ဘူး"လို့အမေ့ကိုပြောပြီး ဓာတ်ပုံကို
ဘုရားဆောင်ပေါ်ကဖြုတ်ချလိုက်ပါတယ်။
ကျနော်တို့ဆီမှာ
အလံတရာဘက် သက္ကဘက် ဘုရားဖူးထွက်ဖူးကြသူ လူတိုင်းလောက်နီးနီးဟာ ဘုရားဖူးကပြန်လာတိုင်း အိမ်ရဲ့ ဘုရားဆောင်မှာ
ကိုရင်လေးပုံကို ယုံယုံကြည်ကြည် ချိတ်ဆွဲကိုးကွယ်လာနေကြတာဖြစ်ပြီး ကျနော့အိမ်မှာတော့ ကျနော်ရောက်လာပြီးမှ အဲဒီကိုရင်လေး
ချောင်တစ်ခုထဲ ပစ်ထည့်ခံလိုက်ရတာဖြစ်ပါတယ်
ဒီလိုနဲ့ နှစ်အနည်းကြာတော့
ကျနော်ရှမ်းပြည်ဘက်ရောက်သွားတယ်
အဲဒီမှာ သထုံဒေသခံတွေနဲ့ အလုပ်အတူတူလုပ်ရပြီး သူတို့မကြာခဏပြောတတ်တာကတော့ အရွယ်ရောက်လာပြီဖြစ်တဲ့ ကိုရင်လေး(ခေါ်)ခွန်တန်ဟာ သင်္ကန်းဝတ်လိုက်ဘောင်းဘီရှည်ဝတ်လိုက်နဲ့ တဖြည်းဖြည်း အထိန်းအကွပ်မရှိ ဆိုးသွမ်းလာနေကြောင်းတွေပဲဖြစ်ပါတယ်
ခွန်တန်ဟာ ဇာတ်လိုက်လို့ ကိုယ့်ကိုကိုယ်ခေါ်တဲ့ အရွယ်ရောက်နေတဲ့ ယောက်ျားလေးတွေချည်း စုထားတဲ့
အဖွဲ့ဖွဲ့ပြီး ကား ဆိုင်ကယ်တွေတရကြမ်းမောင်းတယ် အလှူခံတယ် ဘုရားတည်တယ်
တီးဝိုင်းထောင်ပြီး သီချင်းဆိုတယ်
တက်တူးထိုးတယ်။သေနတ်ကိုင်တယ်။စိတ်မထင်ရင် မထင်သလို
ကားတွေဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးတတ်တယ်။သူကားနဲ့တိုက်လို့ လူသေဖူးတယ်။
ငယ်ငယ်တုန်းကလည်းဘာစိတ်ကူးပေါက်တယ်မသိ။သူ့ထက်အသက်ရော ဝါရော
အများကြီးကြီးတဲ့ ဘုန်းကြီးတစ်ပါးရဲ့ခေါင်းပေါ် ခြေထောက်နဲ့တက်နင်းပြပြီးဓာတ်ပုံအရိုက်ခံဖူးပါတယ်။
ထူးဆန်းတာကတော့ သူဘယ်လောက်ဆိုးဆိုး
သူဘယ်လောက်ပဲ အကျင့်ပျက်ဖောက်ပြန်ပြီး လမ်းသရဲလိုနေနေ
သူ့ကိုယုံကြည်ကိုးကွယ်ကြသူ ဒေသခံတွေက သူ့အပေါ် တစ်စိုးတစ်စိမှ အကြည်ညိုမပျက်ကြတာပါပဲ။
ပညာရေးအခြေခံနည်းပါးပြီးရိုးအတဲ့ ပအိုဝ်းလူမျိုးတွေရဲ့
ကိုးလွန်းလို့ ကွယ်ကုန်ရကြတဲ့ အနေအထားလို့ပဲဆိုရပါတော့မယ်
အခုနောက်ပိုင်းကြားရတဲ့သတင်းကတော့ ပိုလို့တောင်ဆိုးလာနေပါတယ်
ခွန်တန်ဟာ ရိုးအပြီး အရွယ်မရောက်သေးတဲ့ ပအိုဝ်းတိုင်းရင်းသူအများအပြားကို ပန်းဦးလွှတ်တယ်
ဆိုတဲ့သတင်းတွေကြားလာနေရပြီး အဲလိုပန်းဦးလွှတ်တဲ့အလုပ်ကို အရင်အစိုးရလက်ထက်ကတည်းက အများအပြား ကျူးလွန်နေခဲ့တာလို့ဆိုပါတယ်
သူ့လုပ်ရပ်တွေဟာ ဘာသာသာသနာအတွက် ကြီးစွာသော အန္တရာယ်တွေဖြစ်စေပေမယ့်
လက်နက်ကိုင်အစောင့်အရှောက်ရှိပြီး
လူသူအင်အားလည်းတောင့်တင်းတဲ့သူတို့အဖွဲ့ကို အရင်အစိုးရတုန်းကမတို့ရဲ မထိရဲခဲ့ကြဘူးလို့ဆိုပါတယ်
(မတို့ရဲမထိရဲခဲ့တာလား ငါ့အကျိုးစီးပွားမထိခိုက်သရွေ့ သူ့ဘာသူ သာသနာပဲဖျက်ဖျက် ဘာသာပဲဖျက်ဖျက် ငါ့မှာအနေသာကြီးဆိုပြီး ပေယျာလကန်ပဲ ပစ်ထားခဲ့တာလားဆိုတာအရင် ကြံ့ဖွတ်အစိုးရရဲ့
လူမှုရေးဝန်ကြီးကိုယ်တိုင်မှပဲ သိပါတော့မယ်)
အဆိုးဆုံးကတော့ကျူးလွန်ခံရတဲ့ သမီးပျိုတို့ရဲ့ မိဘတွေကိုယ်တိုင်ကလည်း
အဲလိုပန်းဦးလွှတ်ခြင်းဟာ သိဒ္ဓိမြောက်တယ်ဆိုပြီး လိုလိုလားလား လက်ခံကျေနပ်လျှက်ရှိနေကြပြီးအဲဒီဒေသအုပ်ချုပ်ရေးမှူးကိုယ်တိုင်က
ဒီလိုကိစ္စတွေကို အလိုတူအလိုပါ ကာဗာပေးနေခြင်းပဲဖြစ်ပါတယ်
အမှုဖြစ်စဉ် ရာနဲ့ချီရှိပေမယ့်တိုင်သူကို သူတို့ဘက်ကနေ ရန်သူလို့သတ်မှတ်တဲ့အတွက် တိုင်ရဲသူမရှိတာ ဟာလည်း အစိုးရကို အရေးယူရန်ခက်ခဲစေတဲ့ ကိစ္စတစ်ခုပါပဲ
ဘာပဲပြောပြော အခုအခါမှာတော့အရင်အစိုးရအဆက်ဆက်
မထိရဲ မတို့ရဲ လွှတ်ပေးထားခဲ့ရတဲ့ဘာသာဖျက် သာသနာဖျက်
အရည်းကြီး မိစ္ဆာဝါဒကောင် မုဒိမ်းသမားခွန်တန်နဲ့NLDအမတ်တွေနဲ့ ထိပ်တိုက်တွေ့ကြပါတော့
မယ်
သထုံမြို့နယ်အမှတ် ၁ မဲဆန္ဒနယ် ကနေရွေးကောက်တင်မြှောက်ခံခဲ့ရပြီး
အမျိုးသမီးရေးရာ ကိစ္စရပ်တွေမှာ
အမြဲတမ်းတက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားနေလေ့ရှိတဲ့ ပြည်နယ်လွှတ်တော်အမတ်ဒေါ်ခိုင်ခိုင်လဲ့က
ဘာသာသာသနာညှိုးနွမ်းစေတဲ့
ဘာသာရေး အကြောင်းပြ ပန်းဦးလွှတ်မှု ပြုလုပ်နေတဲ့ကိစ္စကို တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး
နဲ့ ညှိနှိုင်းလုပ်ဆောင်နေပြီး အဖွဲ့ပေါင်းစုံဆီကလည်း အကူအညီတောင်းထားပြီလို့သိရပါတယ်
သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကလည်း ဒီအမှုကိုဖော်ထုတ်အရေးယူမယ်လို့ ဒီကနေ့ပြောလိုက်ပြီဖြစ်ပါတယ်။ကျူးလွန်ခံရသူ အသက်၁၄ ၁၅အရွယ်မိန်းကလေးငယ်တွေကိုလည်း
တရားမျှတမှုအတွက် ရင်ဆိုင်ရဲဖို့ဒေါ်ခိုင်ခိုင်လဲ့တို့ဘက်က စည်းရုံးနေပါတယ်
အဲဒါနဲ့တပြိုင်နက် ဒေါ်ခိုင်ခိုင်လဲ့ကိုMessageကနေ
အသက်အန္တရာယ်ခြိမ်းခြောက်လာနေတာတွေလည်း ရှိလာနေပါတယ်
မည်သို့ပင်ဆိုစေကာမူ ....
လူထုမဲနဲ့ တက်လာတဲ့ လူထုအစိုးရစစ်စစ်လက်ထက်မှာအရင်က ဘယ်သူမှ မတို့ရဲမထိရဲခဲ့ကြတဲ့
ဘာသာရေးအရေခြုံပြီး လူထုအပေါ် လှည့်ဖျားလိမ်လည် ယုတ်မာနေခဲ့တဲ့ ခေတ်သစ် ဒေဝဒတ်
သာသနာဖျက် ခွန်တန်ဇာတ်လိုက်ဂိုဏ်းတစ်ဂိုဏ်းမိုက်ဇာတ်သိမ်းရလေတော့မှာလား ဆိုတာကိုတော့....။
Linn eain thint
No comments:
Post a Comment