ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း
==========================
(သတင်းစဉ် ၂၉-၉-၂၀၁၇)
==========================
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ယနေ့တွင် မေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်-
မေး ။ ။ ဒီနေ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ရခိုင်ပြည်နယ် မောင်တောဒေသကိုသွားမယ့် နိုင်ငံတကာက သံတမန်
တွေရဲ့ ခရီးစဉ်ရွေ့ဆိုင်းလိုက်တယ်ဆိုတာ ဘာကြောင့်များ ပါလဲခင်ဗျာ။
ဖြေ ။ ။ ဟုတ်ပါတယ်။ကျွန်တော်လည်းပါပါတယ်။ကျွန်တော် တို့ ဒီနေ့နံနက် ၆ နာရီမှာ ထွက်ဖို့ စီစဉ်ထားတယ်။
သံတမန်တွေ အများကြီးပါတယ်။ အစိုးရဘက်က ပြည်ထောင်စု ဝန်ကြီး သုံးဦးပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ မြင့်ထွေးနဲ့ ကျွန်တော်ပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယ ဝန်ကြီးတစ်ဦးပါတယ်။ သံတမန်တွေကတော့ တော်တော်များများ ပါတယ်။ ကျွန်တော်တို့ ၈ နာရီအထိ စောင့်ဆိုင်းပေမယ့် ရခိုင်ဘက်မှာ ရာသီဥတုအခြေအနေက မကောင်းသေးတဲ့အတွက် အဆင်မပြေဘူး။ ဟိုဘက်ရောက်ရင် ရဟတ်ယာဉ်နဲ့ ဆက်သွား ရမှာဆိုတော့ ရာသီဥတုက ပိုအရေးကြီးတယ်။ ဒါကြောင့် သံတမန်တွေက လေယာဉ်ရော၊ ရဟတ်ယာဉ်ရော စိတ်မချ ရဘူး။ ရက်ရွှေ့ချင်ပါတယ်ဆိုပြီး သံတမန်အကြီးအကဲ စင်ကာပူသံအမတ်ကြီးက မေတ္တာရပ်ခံလာတယ်။ ဒါနဲ့ ကျွန်တော်တို့ လေယာဉ်ကွင်းမှာပဲ သံတမန်တွေရဲ့ သဘော တူညီချက်ကိုယူပြီး မသွားတဲ့ဘက်ကို ပိုများတဲ့အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန ကနေပြီး ရက်ရွှေ့ပေးလိုက်တယ်။ ဒါကြောင့် အခုလတ်တလော တော့ အောက်တိုဘာလ ၂ ရက် (တနင်္လာနေ့) သွားမယ်လို့ ရည်ရွယ်ထားတယ်။
မေး ။ ။ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်း တွေကို ဟိန္ဒူဘာသာ ဓလေ့ထုံးစံအရ
သင်္ဂြိုဟ်မယ်ဆိုတာကိုရော ရွှေ့ဆိုင်းလိုက်သလားဆိုတာ သိချင်ပါတယ် ခင်ဗျာ။
ဖြေ ။ ။ ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်းတွေကို ဟိန္ဒူဘာသာဝင်တွေရဲ့ ဆန္ဒအရ လုပ်တာ။ ရုပ်အလောင်းက ၄၅ လောင်းတော့တွေ့ပြီ။ ဒါပေမယ့် ဟိန္ဒူ ဘာသာဝင်တွေက ထပ်ရှိသေးတယ်။ ရှာချင်သေးတယ် ပြောတယ်။ ဒါတွေကို ရှာဖွေနေဆဲဖြစ်ပေမယ့် အခုတူးဖော် ထားတဲ့ အလောင်းတွေကိုတော့ ရက်ကြာနေပြီဖြစ်တဲ့အတွက် သူ့တို့ရဲ့ ဆန္ဒအရ စုပေါင်းပြီး သင်္ဂြိုဟ်ချင်တယ်ပြောတယ်။ ဒါကြောင့် ဟိန္ဒူဘာသာဝင်တွေ ရွေးချယ်ထားတဲ့ရက်မှာပဲ ဆက်လက်ဆောင်ရွက်တာပါ။ သံတမန်တွေလာကြည့်ခြင်း မကြည့်ခြင်းနဲ့ တိုက်ရိုက်ပတ်သက်မှုမရှိဘူး။ သံတမန်တွေက မောင်တောဒေသရဲ့ အခြေအနေကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်တယ်၊ တွေ့ချင်တယ်ဆိုလို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အခု ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်းတွေကို မတွေ့ခင်ကတည်းက စီစဉ်ခဲ့တာပါ။ ဒါပေမယ့် ဒီနေ့သွားဖြစ် ရင်တော့ ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်းတွေကို သွားကြည့်မယ့် အစီအစဉ်ပါတယ်။ အခု မသွားဖြစ်ဘူးဆိုတော့ ဒါမပါတော့ဘူး။ ဒါပေမယ့် အဲ့ဒီနေရာတွေကိုတော့ သွားကြည့်မှာပါ။
မေး ။ ။ ခမောင်းဆိပ်နဲ့ ရဲဘော်ကျ ကျေးရွာတွေမှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ARSA အစွန်းရောက် အကြမ်းဖက် သမားတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဟိန္ဒူ ဘာသာဝင် အမျိုးသမီးရှစ်ဦးနဲ့ ကလေးငယ်တွေကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ခေါ်သွားတယ်လို့ ဟိန္ဒူဘာသာဝင်တွေရဲ့ ပြောကြားချက်အရ သိရတယ်။ အဓိကသက်သေအဖြစ်ရှိနေတဲ့ သူတို့တစ်တွေကို ပြန်လည်ခေါ်ယူဖို့ လုပ်နေတယ်ဆိုတာလေး ဖြေကြားပေးပါခင်ဗျာ။
ဖြေ ။ ။ အဲ့ဒါကတော့ သံတမန်နည်းအရ ဆက်သွယ် ဆောင်ရွက်ထားတာ ရှိတယ်။ ဘယ်အခြေအနေအထိ ရောက်နေပြီဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဆောင်ရွက်မှု တွေတော့ ရှိပါတယ်။
မေး ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ပြန်ခေါ်ဖို့ ယာယီစခန်းနှစ်ခု ဖွင့်လှစ်ပြီး ပြန်ခေါ်သွားမယ်ဆိုတာ ဟုတ်ပါသလား။ ဘယ်နေရာ တွေမှာလဲဆိုတာနဲ့ ဘယ်တော့ စတင်လက်ခံမလဲခင်ဗျာ။
ဖြေ ။ ။ ကျွန်တော်တို့က သူတို့ကို ပြန်လည်လက်ခံမယ် ဆိုတာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပြောထားပြီးသား။ ၁၉၉၃ နှစ်နိုင်ငံ သဘောတူညီထားတဲ့ အချက်အလက်တွေအရပေါ့။ ဘယ်တော့ လက်ခံမလဲ ဆိုတော့ အမြန်ဆုံးတော့ ကြိုးစားနေပါတယ်။ နှစ်နိုင်ငံ ညှိနှိုင်းမယ်။ ဒီဘက်တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေက အကြမ်းဖျင်း စီစဉ် နေတယ်။ ကုန်းလမ်းကဆိုရင် တောင်ပြိုလက်ဝဲ ကောင်းတယ်။ ရေလမ်းဘက်ကဆိုရင် ငါးခူရ ကောင်းတယ်ဆိုပြီး စီစဉ်တယ်။ နောက်လက်ခံတဲ့ စခန်းတွေမှာ စိစစ်ပြီးတော့မှ နေရာချထားရေး ကိုတော့ အကြမ်းဖျင်းအားဖြင့် ဒါးကြီးဇားမှာ ဆောင်ရွက်မယ်။ ဒါတွေက အကြမ်းဖျင်းအဆိုပြုစီစဉ်နေတာမို့လို့ ပြန်အတည်ပြု ရဦးမယ်။ နောက် နိုင်ငံသားစိစစ်အတည်ပြုမှု (National Verification-NV) ကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်မယ်။
မေး ။ ။ မောင်တောဒေသမှာရှိတဲ့ မီးလောင်သွားခဲ့တဲ့ ရွာတွေ အတွက် ဘယ်လို ဆက်လက်ဆောင်ရွက်သွားမလဲ ဆိုတာ သိချင်ပါတယ်ခင်ဗျာ။
ဖြေ ။ ။ ဒါနဲ့ပတ်သက်ရင်တော့ ဒီကိစ္စက ပြန်လည်နေရာ ချထားရေးနဲ့ဆိုင်တဲ့ ကိစ္စတွေဖြစ်တယ်။ နောက်ပြီးတော့ မီးလောင်သွားတဲ့ နေရာတွေမှာလည်း အစိုးရရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ နယ်မြေဖြစ်တယ်ဆိုတဲ့ ဟိုတုန်းက ဥပဒေတွေ ရှိခဲ့တယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ ဥပဒေနဲ့အညီဆောင်ရွက်ဖို့ လိုတယ်ဆိုပြီး ဥပဒေနဲ့ပတ်သက်တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်တယ်။ အဲ့ဒီမှာ သူတို့ရဲ့ အကြံပေးချက်ထွက်ပေါ်လာတယ်။ လက်ရှိမှာတော့ မြေပြင်အခြေအနေနဲ့ ကိုက်ညီတာကတော့ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ ၂ဝ၁၃ ဆိုတာရှိတယ်။ နည်းဥပဒေ၂ဝ၁၅ ဆိုတာရှိတယ်။ အဲ့ဒီမှာ ဘေးအ္တရာယ် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာလည်း အကျုံးဝင်တယ်။ ဒါကြောင့် အဲ့ဒီဥပဒေတွေနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ။
မေး ။ ။ ရခိုင်ဒေသနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာမျိုး ဘာများရှိနေဦးမလဲခင်ဗျာ။
ဖြေ ။ ။ ရခိုင်ဒေသနဲ့ ပတ်သက်ရင် ဖြစ်ပွားနေတဲ့ ကိစ္စရပ် တွေဟာ နှစ်ရှည်လများ ဖြစ်ခဲ့တာဖြစ်တယ်။ အစိုးရသစ် အနေနဲ့ကလည်း စတက်လာကတည်းက အမြဲပြောနေ ပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်မယ်ဆိုပြီး ဆောင်ရွက်ခဲ့တယ်။ တိုင်းရင်းသားတွေနေထိုင်တဲ့ ဒေသတွေမှာလည်း ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးအလိုက် ဦးစားပေးဆောင်ရွက်ဖို့ နေရာတွေကို ကြည့်တော့ ချင်းနဲ့ ရခိုင်ကို တွေ့ရပါတယ်။ ရခိုင်ကတော့ ပိုပြီး ပဋိပက္ခများတော့ ဦးစားပေးဖြစ်သွားတာပေါ့။ ချင်းပြည်နယ်ကို လည်းပဲ ဆောင်ရွက်နေပါတယ်။ ရခိုင် ပြည်နယ်မှာ တည်ငြိမ် အေးချမ်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရသစ် စတက်တက်ချင်းမှာပဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီးတော့ ကော်မတီဖွဲ့ ဆောင်ရွက်ပါတယ်။ အဲ့ဒီမှာမှ ရေရှည်ပိုပြီး ဆောင်ရွက်နိုင်ဖို့ ဆိုပြီးတော့ မစ္စတာ ကိုဖီအာနန် ခေါင်းဆောင် တဲ့ အကြံပေးကော်မတီတွေလည်း ဖွဲ့တယ်။
နောက်တစ်ခါ ၂ဝ၁၆ အောက်တိုဘာ ၉ ရက် ဖြစ်စဉ်တွေ ကြောင့် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော ဒေသ စုံစမ်းစစ်ဆေးရေးကော်မတီလည်း ဖွဲ့တယ်။ အဲ့ဒီကော်မရှင် နှစ်ခုရဲ့ အကြံဉာဏ်တွေကို ကျွန်တော်တို့ ဖော်ဆောင်လိုက်ရင် ရေရှည်အတွက် ကောင်းမွန်တဲ့ကိစ္စတွေ ရှိတယ်။ ဒါပေမယ့် အခု လက်ရှိ မြေပြင်အခြေအနေနဲ့ ကျွန်တော်တို့က ဆက်စပ်ပြီးတော့မှ ပိုပြီးတော့ ဦးစားပေး အကျိုးရှိမယ်။ တည်ငြိမ်အေးချမ်းမှုလည်း မပျက်ပြားဘူး။ အဲ့ဒီမှာရှိတဲ့ ပြည်သူ၊ ပြည်သားတွေ ပိုပြီးအကျိုး ရှိတဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်နဲ့ပတ်သက်ရင် တကယ်ကို စိတ်ရင်းအမှန်နဲ့ ဦးစားပေးဆောင်ရွက်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးစားဆောင်ရွက်နေ ပါတယ်။ ဒါကြောင့် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။ လုပ်တဲ့အခါမှာ သက်ဆိုင်ရာဥပဒေနဲ့အညီ တရားဥပဒေစိုးမိုးမှုကို ရှေ့တန်းတင်ပြီးတော့ ဆောင်ရွက်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ ပါဝင် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ။
==============
Information Committee
No comments:
Post a Comment