ပြည်သူလူထုကမြေစာပင်
သရ၀ဏ်(ပြည်)
နိုင်ငံတနိုင်ငံတွင် အစိုးရနှစ်ရပ်ရှိနေသလိုလို ၊တပ်မတော်ကသပ်သပ် အစိုးရကသပ်သပ် ဖြစ်နေလျှင်ထိုနိုင်ငံသည် သွားပြီဖြစ်သည် ။ အညွန့်အညှောက် မထွက်နိုင်တော့တာသေချာသည် ။ ထို့ထက်အလွန် ဒေသတခုတွင် အစိုးရအာဏာ ၊ တပ်မတော်၏အာဏာ နှင့် လက်နက်ကိုင်သူပုန်အဖွဲ့တို့၏အာဏာ သည် သုံးပွင့်ဆိုင် တည်ရှိနေမည်ဆိုပါက ထိုဒေသမှာ ဖွတ်ဖွတ်ကြေပြီဖြစ်သည် ။ အနိမ့်ဆုံးအဆင့်သို့ရောက်ပြီဖြစ်သည် ။ ကမ်းကုန်အောင်ဒုက္ခရောက်တော့မည်ဖြစ်သည် ။ ထိုအဖြစ်မျိုးသည် ဆီးရီးယား စသောပြည်တွင်းစစ်မီးတောက်လောင်နေသော နိုင်ငံများတွင်သာရှိသည်မဟုတ် ။ မြန်မာနိုင်ငံ၏အချို့နယ်မြေဒေသများ၊ လက်နက်ကိုင်ပဋိပက္ခရှိနေသသောဒေသများတွင်လည်းရှိသည်သာဖြစ်သည် ။ ဆီးရီးယားနိုင်ငံတွင် နိုင်ငံသူနိုင်ငံသား လုပ်သားပြည်သူများမှာ အစိုးရဖြစ်သော အာဆတ်၏တပ်မတော်ကိုလည်းကြောက်ရ၊ IS အဖွဲ့ဟုဆိုသော အစ္စလာမ်အစွန်းရောက်ဂျီဟတ်အဖွဲ့ကိုလည်းကြောက်ရ ၊ အမေရိကန်ကကျောထောက်နောက်ခံပေးထားသော အာဆတ်အစိုးရတပ်နှင့် IS တို့ကိုဆန့်ကျင်တိုက်ခိုက်နေသော အာရပ်ကာ့ဒ်ညွန့်ပေါင်းလက်နက်ကိုင်အဖွဲ့ကိုလည်းကြောက်နေရသည် ။ထိုအဖွဲ့သုံးဖွဲ့၏အာဏာမှာ ဆီးရီးယားနိုင်ငံတွင်ကြုံလျှင်ကြုံသလို အာဏာတည်နေသည် ။ ပြည်သူလူထုသည် ဘယ်သူ့ ကိုကြောက်ရမှန်းမသိ ၊နီးစပ်ရာဓားကိုကြောက်နေရသည် ။ အဖွဲ့သုံးဖွဲ့စလုံးက ကြုံသလိုအုပ်ချုပ်နေကြသဖြင့် တိုင်းသူပြည်သားတို့မှာ အခက်ကြုံကြရသည် ။ ထိုအခါ အာဆတ်တပ်မတော်ရောက်လာလျှင်တပ်မတော်နှင့်အဆင်ပြေအောင်ပေါင်းရသည် ။ အာဆတ်အစိုးရအဖွဲ့ပြန်သွားပြီး IS အဖွဲ့ရောက်လာလျှင်ချက်ချင်းပင်နယ်မြေခံများသည် IS သစ္စာခံများဖြစ်သွားသည် ။ ကာ့ဒ်ညွန့်ပေါင်းသူပုန်များရောက်လာလျှင် သူပုန်များ ဘက်ယိမ်းကြရပြန်သည် ။ထိုသို့ မီးစင်ကြည့်မကလျှင် အသက်နှင့်ကိုယ် အိုးစားကွဲမည့်ကိန်းရှိပေသည် ။ ထိုသို့ သောဒေသများမှာ ပစ္စ န္တရစ် ခေါ်မနေအပ်သည့်အရပ်များဖြစ်သည် ။ သို့ သော် သတ္တ၀ါမှန်သမျှ မိမိဇာတိရပ်ရွာကိုအကြောင်းကြောင်းကြောင့် မစွန့်ခွာနိုင်ကြ ။ ရေကြည်ရာမြက်နုရာပြောင်းရွေ့ သွားသူများရှိသလို ဘ၀ပေးအခြေအနေအရ သည်နေရာမှာပဲ ကြိတ်မှိတ်နေကြရသူများရှိသည် ။ ဒုက္ခပင်လယ်ဝေနေသော်လည်းကြိတ်မှိတ်ခံကြရသည် ။
မြန်မာနိုင်ငံတွင်လည်းထိုအရပ်မျိုးနေရာများစွာရှိခဲ့သည် ။ ၁၉၄၈ မှစကာ တောက်လောင်ခဲ့သော ပြည်တွင်းစစ်မီးကာလတွင် တိုင်းသူပြည်သားများမှာ နီးရာဓားကိုကြောက်ကြရသည် ။ သူကြီး၊ဆယ်အိမ်ခေါင်း၊ မြို့ပိုင် နယ်ပိုင် ၊ ပါတီ ၊ကောင်စီ စသောသူများကိုလည်းကြောက်ရ ၊ သခင်စိုး၏အလံနီကွန်မြူနစ်ပါတီ ကိုလည်းကြောက်ရ ၊သခင်သန်းထွန်း၏ဗ.က.ပ ခေါ်ဗမာပြည်ကွန်မြူနစ်ပါတီကိုလည်းကြောက်ရ ၊အခြားသောတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုလည်းကြောက်ရ ၊ အစိုးရစစ်တပ်ရောက်လာလျှင်လည်း ကြောက်ရ စသည်ဖြင့် အကြောက်တရားကြီးစိုးကာ နေထိုင်ခဲ့ရသည် ။သို့ သော်ထိုစဉ်က အစိုးရကသပ်သပ် စစ်တပ်ကသပ်သပ်မဟုတ် ။ တပ်မတော်သည် အရပ်သားအစိုးရ၏လက်အောက်တွင် ဖ.ဆ.ပ.ဆ အစိုးရလက်ထက်တွင်လည်းကောင်း ၊ မ.ဆ.လ အစိုးရလက်ထက်တွင်လည်းကောင်း တည်ရှိခဲ့ကြသည် ။ အရပ်သားအစိုးရ၏ ထိမ်းချုပ်ကွပ်ကဲမှုအောက်တွင် တပ်မတော်ရှိသဖြင့် အစိုးရတပ်ဟုပင် အခေါ်အဝေါ်များ တွင်ကျယ်ခဲ့ဖူးသည် ။ ဦးနုအစိုးရလက်ထက်တွင်လည်းကောင်း ၊ ဦးနေ၀င်းအစိုးရလက်ထက်တွင်လည်းကောင်း ထိုစဉ်ကဖွဲ့စည်းပုံအခြေခံဥပဒေများအရတပ်မတော်သည် အရပ်သားအစိုးရ ၏ ထိမ်းချုပ်ကွပ်ကဲမှုကိုအပြည့်အ၀ နာခံရသည် ။ ဒီမိုကရေစီဆိတ်သုဉ်းနေသောတစ်ပါတီစနစ်ကိုအခြေခံသော ၁၉၇၄ ခုဖွဲ့စည်းပုံအခြေခံဥပဒေအရပင်လျှင် တပ်မတော်သည် ရွေးကောက်ခံအရပ်သားအစိုးရ၏ ထိမ်းချုပ်မှုအောက်တွင်ရှိသည် ။ ၁၉၄၇ အခြေခံဥပဒေတွင်လည်း တပ်မတော်သည် ရွေးကောက်ခံအစိုးရလက်အောက်တွင်ရှိသည် ။ သမ္မတသည် ကာကွယ်ရေးဝန်ကြီးကိုစိတ်ကြိုက်ရွေးချယ်ခန့်ထားသည် ။ ကာကွယ်ရေးဝန်ကြီးသည် အရပ်သားလည်းဖြစ်နိုင်သည် ။ တပ်မတော်အရာရှိဟောင်းလည်းဖြစ်နိုင်သည် ။ မည်သူ့ ကိုခန့်သည်ဖြစ်စေ အရပ်သားပင် ကာကွယ်ရေးဝန်ကြီးဖြစ်စေကာမူ သမ္မတ၏လက်အောက်တွင် ကာကွယ်ရေးဝန်ကြီး ၊ ကာကွယ်ရေးဝန်ကြီး၏လက်အောက်တွင်တပ်မတော်ရှိသည် ။ စစ်တိုက်ခြင်း၊ စစ်ရပ်စဲခြင်း ၊ စသည်တို့ကို ကာကွယ်ရေးဝန်ကြီးက ဆုံးဖြတ်သည့်အတိုင်းတပ်မတော်ကြည်းရေလေ ကာကွယ်ရေးဦးစီးချုပ်များကအကောင်အထည်ဖော်ရသည် ။ ပြောရလျှင်စစ်တပ်သည် အစိုးရလက်အောက်တွင်ရှိသည် ။ အရပ်သားအစိုးရ၏ထိမ်းချုပ်ကွပ်ကဲမှုအောက်တွင်တပ်မတော်ရှိနေခြင်းဟူသည့် ဒီမိုကရေစီနိုင်ငံများ၏ ကျင့်စဉ်ကိုမြန်မာနိုင်ငံက လွပ်လပ်ရေးရပြီးအစောပိုင်းကာလများကပင်ကျင့်သုံးခဲ့သည် ။ ဦးနေ၀င်းလက်ထက်တွင် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးအုပ်ချုပ်ရာတွင်လည်း တပ်မတော်သည် အစိုးရ၏ထိမ်းချုပ်ကွပ်ကဲမှုအောက်မှာပင်ရှိသည် ။ စစ်တပ်ကိုသီးခြားအာဏာအများအပြားပေးအပ်ရေး မူဝါဒသည် ဗိုလ်ချုပ်အောင်ဆန်းမူဝါဒလည်းမဟုတ် ၊ ဦးနု၏လမ်းစဉ်လည်းမဟုတ် ၊ဦးကျော်ငြိမ်း ဦးဗဆွေတို့ထောက်ခံခဲ့သည်လည်းမဟုတ် ၊ ဦနေ၀င်း၏ အယူအဆလည်းမဟုတ် ၊ဗိုလ်ချုပ်မှူးကြီးစောမောင်စနက်လည်းမဟုတ် ၊ တိုင်းသူပြည်သားတွေဆန္ဒလည်းမဟုတ် ၊ ဗိုလ်ချုပ်မှူးကြီးစောမောင် အာဏာမှပြုတ်ကျသွားပြီး န.၀.တ စစ်အစိုးရခေါင်းဆောင်ဖြစ်လာသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းစဉ်ဖြစ်သည် ။
ဤလမ်းစဉ်မည်သို့ ပေါ်လာသနည်းဆိုသော် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ သောက်သောက်လဲ အပြတ်အသတ်အနိုင်ရရာမှစတင်သည် ။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အပြတ်အသတ်နိုင်သည် ။မည်သို့ အပြတ်အသတ်နိုင်သနည်းဟူမူ မြန်မာနိုင်ငံတ၀ှန်းလုံးတွင် မဲဆန္ဒနယ်မြေ ၄၄၇ နေရာရှိသည့်အနက် NLD က ၃၉၂ နေရာအနိုင်ရခဲ့သည် ။ ၉၀ ရာခိုင်နှုန်းနီးပါးအနိုင်ရခြင်းဖြစ်သည် ။ NLD ၏မဟာမိတ်ပါတီများဖြစ်သော မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ က ၁ နေရာ ၊ ရှမ်းတိုင်းရင်းသားများဒီမိုကေရစီအဖွဲ့ချုပ် ( SNLD) က ၂၃ နေရာ ၊အမျိုးသားဒီမိုကရေစီပါတီက ၃ နေရာအနိုင်ရခဲ့ရာ NLD သည် မည်သည့်ပုံစံဖြင့်အစိုးရဖွဲ့သည်ဖြစ်စေ ပြတ်ပြတ်သားသား အစိုးရဖြစ်နိုင်သော အနိုင်ရမှုပင်ဖြစ်သည် ။ ထိုစဉ်က ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမည်ပြောင်းပြီးရွေးကောက်ပွဲဝင်လာသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည )မှာ တနိုင်ငံလုံးတွင် (၁၀)နေရာသာအနိုင်ရခဲ့၍ ဦးနေ၀င်းနှင့်တကွ စစ်အာဏာရှင်များမှန်းချက်နှင့်နှမ်းထွက်မကိုက်ခဲ့သော ပွဲဖြစ်သည် ။ ထိုအရှုံးအတွက်မခံချိမခံသာဖြစ်ခဲ့ကြသော်လည်း ဦးနေ၀င်းသည်လည်းကောင်း ၊ဦးနေ၀င်းသူကောင်းမြှောက်ခဲ့သော ဗိုလ်ချုပ်မှူးကြီးစောမောင်သည်လည်းကောင်း အရှုံးကိုလက်ခဲခဲ့ကြသည် ။ ဗိုလ်ချုပ်မှူးကြီးစောမောင်ဆိုလျှင် ရွေးကောက်ပွဲပြီး၍ နိုင်သည့်ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးလျှင် တပ်မတော်က စစ်တန်းလျားသို့ ပြန်ပြီး မူလတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးကိုပဲ လုပ်တော့မည်ဟု တိုင်းသိပြည်သိကမ္ဘာသိကြေငြာခဲ့သည် ။ ထိုအချိန်အထိ တပ်မတော်သည် အနာဂတ်နိုင်ငံရေးတွင်ဦးဆောင်သူနေရာကပါဝင်ရေးဆိုသော အယူအဆပေါ်ထွက်မလာသေးပါ ။ထိုအယူအဆသည် န.၀.တ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင် ကိုဒုတိယဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ပူးပေါင်းကာရာထူးမှဖြုတ်ချပြီး နောက်ပိုင်းတွင်မှ ခေါင်းမာဂိုဏ်းသားများစုဝေးမိပြီးထွက်ပေါ်လာသည့်အယူအဆဖြစ်သည်။ အထူးသဖြင့် ဒုတိယဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖြစ်ကိုယ့်ဘာသာရာထူးတက်ယူပြီး န.၀.တ စစ်အစိုးရအဖွဲ့ဥက္ကဌအဖြစ်တာဝန်ယူပြီး နောက်ပိုင်းတွင်မှပေါ်ပေါက်လာသောအယူအဆဖြစ်သဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံဖြင့် နိုင်ငံရေးတွင်တပ်မတော်ကပါဝင်နေခြင်းသည် ဦးသန်းရွှေ၏မူဝါဒသာဖြစ်သည် ။ NLD ၁၉၉၀ ရွေးကောက်ပွဲနိုင်ပြီး ၂ နှစ်အကျော် ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့တွင်အမျိုးသားညီလာခံကိုစတင်ကျင်းပခဲ့သည် ။ ညီလာခံဟုအမည်တပ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်ပါဝင်ရမည့် ဦးတည်ချက်ခြောက်ရပ် ဆိုသည်ကို အများသဘောတူဆွေးနွေးခြင်းမဟုတ်ပဲ ထိုစဉ်က န.၀.တ စစ်အစိုးရက သူ့ဘာသာ တဘက်သတ်ချမှတ်ခဲ့ခြင်းဖြစ်သည် ။ အနာဂါတ်နိုင်ငံရေးဦးဆောင်ကဏ္ဍတွင် တပ်မတော်ကပါဝင်ရေးဆိုသောမူမှာလည်း န.၀.တ အဖွဲ့မှ သူ့ဘာသာချမှတ်လာခဲ့ခြင်းဖြစ်သည် ။အသေးစိတ်မူများချမှတ်ရာတွင်လည်း စစ်အစိုးရအလိုကျသာ ရုပ်လုံးဖော်ပြီး ကိုယ်စားလှယ်များကထောက်ခံသယောင်လုပ်လာခဲ့သည် ။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေပါပြဌာန်းချက်များသည် အမျိုးသားညီလာခံကို ဟန်ပြရှေ့တန်းတင်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအလိုကျရေးဆွဲခဲ့ခြင်းဖြစ်သည် ။
အမျိုးသားညီလာခံတွင် ပြည်သူလူထုက ရွေးချယ်တင်မြောက်လိုက်သောရွေးကောက်ခံကိုယ်စားလှယ်မှာ တက်ရောက်လာသူအားလုံး၏ ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းသာပါသည် ။ တနည်းအားဖြင့် စစ်အစိုးရက ရွေးချယ်ထားသောလက်ညှိုးထောင်ခေါင်းညိတ်သမားများမှာ ၈၄.၇၆ ရာခိုင်နှုန်းပါသည် ။ အချို့တိုင်းရင်းသားကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ ကဲ့သို့သော ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းများကို ဤမျှမခက်ခဲပဲ ထိုက်သင့်စွာပြင်နိုင်ရန်ထောက်ပြဆွေးနွေးကြသော်လည်း ညီလာခံကလက်မခံခဲ့ပေ ။ နောက်ဆုံးတွင် NLD က ညီလာခံသဘာပတိထံ ဖြစ်သင့်ဖြစ်ထိုက်သည်များတောင်းဆိုခဲ့ပြီးတောင်းဆိုချက်မရသေးမီညီလာခံမတက်ရေးမူကိုအကြောင်းကြားခဲ့သည် ။ ဤတွင် စစ်အစိုးရအကြိုက်တွေ့ သွားပြီးသဘာပတိအားခွင့်မတိုင်ပဲ ၂ ရက်ဆက်တိုက် ခွင့်မဲ့ပျက်ကွက်မှုဖြင့် အမျိုးသားညီလာခံမှ NLD ကိုယ်စားလှယ်များအားထုတ်ပယ်လိုက်ခြင်းဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့်ညီလာခံမှာ ပြည်သူ က ၉၀ ရာခိုင်နှုန်း ရွေးချယ်ခဲ့သူအများစုမပါဝင်တော့ပဲ လက်ညှိုးထောင်ခေါင်းညိတ်အများစုသာကျန်တော့သောညီလာခံဟန်ပြကြီးဖြစ်သွားပါတော့သည် ။ ဘာပဲဖြစ်ဖြစ် ညီလာခံပြီးလျှင် ဖွဲ့စည်းပုံရေးဆွဲပြီးအာဏာလွှဲပေးရမှာမလုပ်ချင်သော စစ်အစိုးရခေါင်းဆောင်များက ဟိုလိုလိုသည်လိုလိုဖြင့် အမျိုးသားညီလာခံကို ၁၉၉၅ ဒီဇင်ဘာလ ၁ ရက်နေ့မှစကာ ရက်အကန့်အသတ်မရှိရပ်ဆိုင်းလိုက်လေ၏ ။ အမှန်စင်စစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသဘောထားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေဘာတွေဆွဲမနေပဲ တိုင်းပြည်ကို စစ်အစိုးရအမည်ခံ၍ သူကိုယ်တိုင်တထီးတနန်းမင်းလုပ်အုပ်ချုပ်နေရန်ဖြစ်သည် ။ မတတ်သာ၍ ဆင်းသွားရသည့်အခါ စစ်အစိုးရရှိနေသလိုပင် တပ်မတော်ကသီးခြားအာဏာရှိနေစေရန် အခန်း (၇) တပ်မတော်ဟူသော ပြဌာန်းချက်ပုဒ်မ ၃၃၇ မှ ၃၄၄ အထိလည်းကောင်း ၊လွှတ်တော်များတွင်တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ရေး ပြဌာန်းချက်များကိုလည်းကောင်း ၊ ။ပုဒ်မ ၁၄ အရ လွှတ်တော်တွင် တပ်မတော်သားများကိုကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ပိုင်ခွင့် ၊ ပုဒ်မ ၁၇(ခ) အရ အစိုးရအဖွဲ့ တွင် အုပ်ချုပ်ရေး၌ ကာကွယ်ရေး၊လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေးများတွင် ကာကွယ်ရေးဦးစီးချုပ်ကအမည်စာရင်းတင်သွင်းသော တပ်မတော်သားများပါဝင်ခွင့်ကိုလည်းကောင်း၊ သမ္မတရွေးချယ်ရာတွင် တပ်မတော်မှ သမ္မတလောင်းတဦးပါဝင်ခွင့်ရနေစေရေးပြဌာန်းချက်ကိုလည်းကောင်း ၊ န.၀.တ ၊ န.အ.ဖ အဖွဲ့ ဝင်များကိုနောက်ကြောင်းပြန်အရေးမယူစေရဟူသော ပြဌာန်းချက်ပုဒ်မ ၄၄၅ ကိုလည်းကောင်း ၊ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုတပ်မတော်မပါပဲပြင်ဆင်၍မရအောင် ပုဒ်မ ၄၃၆ ကိုလည်းကောင်း ဦးသန်းရွှေက အမျိုးသားညီလာခံမှတဆင့် ဥပဒေအကြံပေးများ၏အကူအညီဖြင့် ၁၉၉၃ မှ ၂၀၀ရ စက်တင်ဘာလ ၃ ရက်နေ့ အတွင်း အချိန် ၁၄ နှစ်ကျော်ယူ၍ ဆင်ကြံကြံကာ တီထွင်ပြဌာန်းခဲ့သည် ။ ဥပဒေဘောင်ဝင်အောင် ၂၀၀၈ မေလ ၁၀ ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုကျင်းပခဲ့သည် ။ ပြည်သူလူထု ၉၂.၄ ရာခိုင်နှုန်းကထောက်ခံခဲ့သည်ဟုကြေငြာခဲ့သော်လည်း ထို ၉၂.၄ ရာခိုင်နှုန်းရလာဒ်ဘယ်လိုရသလဲဟူသောမဲရေတွက်မှု၌ ပွင်းလင်းမြင်သာမှု မရှိခဲ့သလို ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများလဲမရှိခဲ့ပေ ။ ၅၁.၄ သန်းသာတကယ်ရှိသော မြန်မာနိုင်ငံ၏လူဦးရေမှာလည်းထို ၂၀၀၈ လူထုဆန္ဒခံယူပွဲတွင် သန်း ၆၀ ရှိသည်ဟူသောအချက်ကိုအတည်ယူကာဆုပ်ကိုင်ကျင်းပခဲ့ခြင်းက ထောက်ပြစရာအချက်တခုဖြစ်ခဲ့သည် ။ မည်သို့ ဆိုစေ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အပြတ်အသတ်အနိုင်ရချိန်မှစကာ အချိန်ယူ ကြံစည်လာခဲ့သော ဖွဲ့စည်းပုံဥပဒေကို ၁၅ နှစ်အကြာတွင် ဦးသန်းရွှေ၏လိုအင်ဆန္ဒအတိုင်းအတည်ဖြစ်ပြီဟုကြေငြာနိုင်ခဲ့သည် ။
ထိုဥပဒေအရ တပ်မတော်သည် နိုင်ငံအတွင်းဝယ် သီးခြား အဖွဲ့အစည်းကြီးတခုလိုဖြစ်လာပါတော့သည် ။ ပုဒ်မ ၃၃၈ နိုင်ငံတော်အတွင်း၇ှိလက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင်ရှိရမည် ဆိုသဖြင့် မည်သည့်ဒီမိုကရေစီနိုင်ငံမှာမှမရှိသော ရဲတပ်ဖွဲ့သည် စစ်တပ်၏လက်အောက်သို့ ကျရောက်သွားတော့သည် ။ ထို့အပြင်လက်နက်ကိုင်ထားသော အကျဉ်းဦးစီးဌာန၀န်ထမ်းများသည်လည်းတပ်မတော်လက်အောက်သို့ ရောက်သွားလေ၏ လွှတ်တော် အရပ်သားသမ္မတကြီးဦးထင်ကျော်၏လက်အောက်တွင်ရှားရှားပါးပါးရှိနေသော သစ်တောဦးစီးဌာန၀န်ထမ်းများပင် သစ်မှောင်ခိုသမားများကိုဖမ်းဆီးရန်လက်နက်ကိုင်ရမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၈ အရ သစ်တောဝန်ထမ်းပင် တပ်မတော်လက်အောက်သို့ ကျရောက်ရမည့်အဖြစ်မျိုးဖြစ်နေပေ၏ ။ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(ခ)အရ တပ်မတော်သည်တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကိုလွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်၇ှိသည် ဟုပြဌာန်းထားသဖြင့် စစ်တိုက်ခြင်း ၊စစ်ရပ်စဲခြင်း၊ တပ်များပို့ ဆောင်ခြင်း၊တပ်ဖြန့်ခြင်း၊ တပ်များရုပ်သိမ်းခြင်း ၊ စစ်အသုံးစားရိတ်အသုံးပြုခြင်း၊စာရင်းစစ်ခြင်းများအားလုံတွင် နိုင်ငံတော်သမ္မတမှာလည်းအာဏာမရှိ ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ၊ ပြည်ထောင်စုလွှတ်တော်မှာလည်း လုပ်ပိုင်ခွင့်မရှိသည့်သဘောသက်ရောက်နေသည် ။ တရားစီရင်ရေးတွင်လည်း ပြည်ထောင်စုတရားသူကြီးများသည်လည်းကောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်လည်းကောင်း တပ်မတော်အပေါ်စီရင်ပိုင်ခွင့်အာဏာမရှိ ။ ပုဒ်မ ၃၄၃(ခ)အရတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အဆုံးအဖြတ်သည်အပြီးအပြတ်ဖြစ်သည် ဟုပြဌာန်းထားပေသည် ။ ထို့ကြောင့် တပ်မတော်သည် သမ္မတ ၊လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တည်းဟူသော အုပ်ချုပ်ရေး၊ဥပဒေပြုရေး၊တရားစီရင်ရေးဟူသော အာဏာသုံးမျိုး (၀ါ) မဏ္ဍိုင်သုံးရပ်၏ထိမ်းချုပ်မှုအောက်မှ လွတ်မြောက်နေသော သီးသန့် အဖွဲ့ကြီးဖြစ်နေပါသည် ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အစိုးရနှစ်ခုရှိနေသည့်သဖွယ် အစိုးရကသပ်သပ် ၊တပ်မတော်ကသပ်သပ် လိုဖြစ်နေပါသည် ။ အုပ်ချုပ်ရေးတွင်တပ်မတော်က၀င်ပါသော်လည်း တပ်မတော်တွင် အုပ်ချုပ်ရေးအဖွဲ့က၀င်ပါလို့မရ ၊ ဥပဒေပြုရေးတွင်တပ်မတော်မှဝင်ပါသော်လည်း တပ်မတော်တွင် ဥပဒေပြုရေးက၀င်ပါ၍မရ ၊ တရားစီရင်ရေးတွင် မူအားဖြင့်တပ်မတော်က၀င်မပါ ။ထိုနည်းတူ တပ်မတော်တွင်တရားစီရင်ရေး (ပြည်ထောင်စုတရားလွှတ်တော်)က၀င်ပါ၍မရ ။ ထို့ကြောင့်တပ်မတော်သည် မည်သည့်ရှုထောင့်နှင့်ပဲကြည့်ကြည့် သီးခြားကင်းလွတ်သောအဖွဲ့အစည်းတခုလိုဖြစ်နေပါသည် ။နိုင်ငံတနိုင်ငံထဲတွင် အစိုးရနှစ်ဖွဲ့ရှိသလိုဖြစ်နေပါသည် ။
မကြာမီလတ်တလော (၂၀၁၇ သြဂုတ်လ ၁၄ ရက်)က ပြည်သူ့ လွှတ်တော်တွင်ဆွေးနွေးခဲ့သောအကြောင်းအရာတခုက ဤအဖြစ်အပျက်များကိုမီးမောင်းထိုးပြနေ၏ ။ တနိုင်းမြို့နယ်နှင့် ဖားကန်းမြို့နယ်တို့တွင် တရားမ၀င် ရွှေမှော်များ ၊ ပယင်းမှော်များရှိ၏ ။ထိုရွှေမှော်နှင့်ပယင်းမှော်များတွင် တရာမ၀င်တူးဖော်နေသူများရှိ၏ ။ ပြသနာမှာထိုတရားမ၀င်တူးဖော်နေမှုများကိုမည်သည့်အဖွဲ့က မည်သို့ ကိုင်တွယ်မည်နည်းဟူသော အာဏာပြသနာဖြစ်၏ ။ ထိုဒေသတွင် အာဏာရှိသူသုံးဖွဲ့ရှိနေ၏ ။ တောထဲတောင်ထဲတွင် ရွှေမှော်များ၊ ပယင်းမှော်များကို တူးဖော်ခွင့်ပြုကာ အခကြေးငွေတရားမ၀င်ကောက်ခံနေသော KIA လက်နက်ကိုင်အဖွဲ့  ။ ထိုအဖွဲ့မှာလက်နက်ကိုင်ထားသဖြင့်လက်တွေ့ တွင်တစိတ်တပိုင်းအာဏာရှိသည် ။နောက်တဖွဲ့မှာတပ်မတော်ဖြစ်သည် ။တပ်မတော်သည် နယ်မြေစိုးမိုးရေးစစ်ဆင်ရေးပြုလုပ်သည်ဖြစ်စေ ၊ သယံဇာတကာကွယ်ရေးရှုထောင့်မှ ဖမ်းဆီးနှိမ်နှင်းသည်ဖြစ်စေ မြန်မာနိုင်ငံတွင်အကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သဖြင့် လက်တွေ့ တွင်အာဏာရှိနေသည် ။ တဖန်ဥပဒေရှုထောင့်မှကြည့်လျှင် ထိုဒေသများသည် ပြည်ထောင်စုနယ်မြေထဲတွင်တည်ရှိခြင်း ၊ စစ်အုပ်ချုပ်ရေး မာရှယ်လောကြေငြာထားသည့်ဒေသများမဟုတ်သဖြင့် ကချင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့၏ အာဏာစက်အောက်တွင်ရှိပေသည် ။ ထို့ ကြောင့် ထိုရွှေမှော် ၊ပယင်းမှော် စသောနေရာများမှာ အာဏာစက်သုံးစက် အဖွဲ့အစည်းသုံးရပ်၏အုပ်ချုပ်မှုအောက်တွင်ရောက်နေပါသည် ။ KIA သည် ဥပဒေဘောင်အတွင်းမ၀င်သေးသောအဖွဲ့ဖြစ်နေသဖြင့်အာဏာပိုင်အဖြစ်တရားဝင်မှု မရှိပါ ။ ကျန်သည့်အဖွဲ့နှစ်ဖွဲ့ဖြစ်သော တပ်မတော်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင် (အစိုးရ) ၏တာဝန်ယူမှုအပိုင်းတွင် အာဏာအားပြိုင်မှုဖြစ်လာနေပါသည် ။ထိုသို့ဖြစ်ရခြင်းမှာ ၂၀၀၈ အခြေခံဥပဒေ၏ တပ်မတော်အပေါ်အလွန်အကျွံအာဏာအပ်နှင်းထားမှုများကြောင့်ဖြစ်သည် ။ ပြသနာဖြစ်လာလျှင် အစိုးရကတပ်မတော်ကို အမိန့်ပေးနိုင်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေသာရှိခဲ့မည်ဆိုပါက သမ္မတသည် (သို့မဟုတ် )ပြည်နယ်ဝန်ကြီးချုပ်သည် (သို့မဟုတ်) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၀န်ကြီးသည် သက်ဆိုင်ရာတိုင်းမှူး ၊တပ်မှူးများကို အမိန့်ပေးပြီးသွားရောက်ခြေမှုန်းစစ်ဆင်ရေးဝင်ခိုင်းလိုက်လျှင် ကိစ္စချောမောစွာပြီးမည်ဖြစ်သည် ။ လွှတ်တော်သို့ပင်ရောက်လာစရာမရှိပေ ။ ဒီမိုကရေစီနိုင်ငံစစ်စစ်တွင် အရပ်သားအစိုးရ၏ညွှန်ကြားမှုဘောင်ကိုကျော်၍တပ်မတော်က ကိုယ့်သဘောနှင့်ကိုယ်စစ်ဆင်ရေးဆောင်ရွက်ရိုးမရှိပေ ။ ယခုသော်ကားထိုဒေသမှရွှေတူးဖော်သူများ ၊ပယင်းတူးဖော်သူများ ၁၀ ရက်အတွင်း ထွက်ခွာသွားကြရန် တပ်မတော်မှအကြောင်းကြားစာထုတ်ပြန်ကာ ရဟတ်ယာဉ်ပေါ်မှစာများကြဲချခဲ့မှုဖြစ်ပွားခဲ့လေသည် ။ ထိုသို့ အမိန့်ထုတ်ပြန်မှုကြောင့် တနိုင်းမြို့နယ်ပယင်းရွှေမှော်ဘက်များတွင်စီးပွားရှာလုပ်ကိုင်နေကြသည့်ဒေသခံများနှင့် ရွှေ့ ပြောင်းနေထိုင်သူ သိန်းဂဏန်းမှာဖြစ်သလိုထွက်ပြေးတိမ်းရှောင်ရခြင်း ဒုက္ခသည်စခန်းများဖွင့်ပေး၍နေထိုင်စေခြင်း စသည့်အဖြစ်များကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများမှာ အစိုးရကိုလက်ညှိုးထိုး အပြစ်ပုံချကြသည့်အတွက် အစိုးရပုံရိပ်ထိခိုက်ကြောင်း ၊ထို့ပြင် KIA နှင့် လည်းတိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့်ရွာသူရွာသားများကြောက်လန့်ကာမိသားစုတကွဲတပြားထွက်ပြေးတိမ်းရှောင်နေရပါကြောင်း မြစ်ကြီးနာမဲဆန္ဒနယ်မှဦးအင်ထုံခါးနော်ဆမ်ကပြောသည် ။ထိုသူကဆက်လက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် မြို့ ၊ရပ်ရွာတည်ငြိမ်အေးချမ်းပြီး တ၇ားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသောကြောင့်ပြည်ထောင်စုအစိုးရအဖွဲ့မှကြပ်မတ်ဆောင်ရွက်ခြင်း သို့မဟုတ် ပြည်နယ်အစိုးရအားတာဝန်ပေးကြပ်မတ်စေခြင်းသည် ဆီလျှော်မှန်ကန်ကြောင်း ဆက်လက်ပြောကြားခဲ့ပေ၏။ ဒါသည်လွှတ်တော်ဘက်ကတာဝန်ရှိသူများလွှတ်တော်တွင်တရားဝင်အဆိုတင်ပြီး ပြောခြင်းဖြစ်သည်။
တပ်မတော်ဘက်ကလည်းပြန်လည်ချေပ၏ ။တပ်မတော်သားကိုယ်စားလှယ်ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်ကလည်းတပ်မတော်အနေဖြင့်နိုင်ငံတော်၏သယံဇာတများဆုံးရှုံးမှုမရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုမရှိစေရေးတို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကိုအမိန့်စောင့်စရာမလိုပဲ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်းဆွေးနွေးခဲ့၏ ။ ဤကိစ္စတွင် နှစ်ဘက်စလုံးသူ့ ရှုထောင့်နှင့်သူမှန်နေတာတွေ့ ရ၏ ။ လွှတ်တော်ကိုယ်စားးလှယ်များသည် ပြည်သူကရွေးချယ်ထားသဖြင့် ပြည်သူလူထုကိုယ်စားပြောပေးရန်တာဝန်ရှိပေ၏ ။ တပ်မတော်ကလည်းသူတို့စစ်ဆင်ရေးလုပ်ခြင်းသည် မည်သူ့ အမိန့်မှခံစရာမလို (ပြောချင်သည်က အရပ်သားအစိုးရကိုအမိန့်ခံစရာမလိုဟုပြောလိုရင်းဖြစ်ပုံရသည် ) ဟုဆို၏ ။ နှစ်ဘက်စလုံးမှန်နေလျှင် မှားနေသည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည် ။ ဒီမိုကရေစီနိုင်ငံအားလုံးလောက်နီးပါးတွင် တပ်မတော်သည် အရပ်သားအစိုးရ အခွင့်အမိန့်မရပဲ ကိုယ့်သဘောနှင့်ကိုယ် စာရွက်များကြဲချကာ လူများကိုပြောင်းရွှေ့ စေခြင်း ၊ စစ်ဆင်ရေးလုပ်ခြင်းလုပ်ပိုင်ခွင့်မရှိပေ ။ ၂၀၀၈ ဥပဒေအရဆိုလျှင်တော့လုပ်ပိုင်ခွင့်ရှိပေသည် ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အစိုးရနှစ်ရပ်ရှိသလိုဖြစ်နေသည်ဟု စာရေးသူဆိုခြင်းဖြစ်သည် ။
မကြာသေးမီက ANP ပါတီမှ ဦးအေးမောင်နှင့်အဖွဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုသွားတွေ့ ပြီးရခိုင်ပြည်နယ်လုံခြုံရေးကိစ္စများကိုတိုးမြှင့်ဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့သည် ။ တကယ်တော့ ဦးအေးမောင်သွားတွေ့ သင့်သည်မှာ နိုင်ငံတော်သမ္မတ (သိုမဟုတ် ) ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သည် ။ သို့သော်အစိုးရတွင် တပ်အင်အားမရှိကြောင်းဦးအေးမောင်သိသဖြင့် တပ်အင်အား၇ှိသော တပ်ချုပ်ကိုပဲသွားတွေ့ခြင်းဖြစ်မည် ။ ဤအဖြစ်အပျက်က မြန်မာနိုင်ငံတွင် အာဏာပိုင်အဖွဲ့နှစ်ဖွဲ့ ရှိသလိုဖြစ်နေခြင်းကိုမီးမောင်းထိုးပြနေ၏ ။ ထို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကြပ်အတည်းအားပြင်ကိုပြင်ကြရပေလိမ့်မည် ။ မပြင်နိုင်ပဲ အပေါ်ယံပြုံးပြကာ ရင်ကြားစေ့ရန်ကြိုးစားပါက မည်သို့မျှအောင်မြင်မည်မဟုတ် ။ ခံစရာရှိတော့ ပြည်သူများကရှေ့ ဆုံးမှခံကြရစမြဲဖြစ်သည် ။ ပြည်သူလူထုသည် ခေတ်အဆက်ဆက်အမြဲတမ်းမြေစာပင် လိုအနင်းခံဘ၀မှာပဲ ရှိကြဆဲဖြစ်သတည်း ။
သရ၀ဏ်(ပြည်)
စောင့်ကြည့် News Watch ဂျာနယ်
၁၈.၈.၂၀၁၇
No comments:
Post a Comment