တောင်ကိုရီးယားနိုင်ငံမှ မော်ဒယ် တေးသံရှင် အမျိုးသမီးတစ်ဦး
သည် မျက်နှာအတွင်းသို့ ဆီလီကွန် နှင့် ဟင်းချက်ဆီများ ကို ဆေးထိုးအပ်ဖြင့် ကိုယ်တိုင်ထိုးသွင်းလိုက်သောကြောင့် မျက်နှာမှာ ရစရာမရှိအောင်ပျက်စီးသွားတော့သည်။ ( ဖြစ်ရပ်မှန်)
" ကျွန်မ နေ့တိုင်းမှန်ကြည့်လိုက်တိုင်း မငိုမိအောင် အားတင်းရတယ် ဘယ်လောက်ပဲအားတင်းတင်းပါ မကြာခဏ ကျွန်မငိုမိတယ် "
အမည် •• ဟန်းမီယိုးကု ( Hang Mioku)
မွေးသက္ကရာဇ် •• 1963 ခုနှစ်
" ဟန်းမီယိုးကု " သည်ဂျပန် နှင့်ကိုရီးယား အမည်ကို ပေါင်းစပ်ပေးထားသော တောင်ကိုရီးယား လူမျိုးစစ်စစ်ဖြစ်ကာ အောက်တွင် ဖော်ပြထားသော ဗီဒီယိုသည်လည်း ဂျပန်နိုင်ငံမှ လာရောက် ရိုက်ကူးထားသည့်အတွက် ဂျပန်အသံ နှင့်ဖြစ်သော်လည်း သူသည် ကိုရီးယားလူမျိုးစစ်စစ်ဖြစ်ကြောင်း စာတန်းများကို ဖတ်ရှုနိုင်ပါသည်။
တောင်ကိုရီးယားနိုင်ငံ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တောင်ကိုရီးယား နိုင်ငံ , (1991) ခုနှစ်
ငယ်ရွယ်နုပျို လှပသော " ဟန်းမီယိုးကု " ဟု အမည်ရသည့်
တောင်ကိုရီးယား မော်ဒယ် တေးသံရှင် အမျိုးသမီး တစ်ဦး ****
သူ့တွင် ရည်ရွယ်ချက်ကြီးကြီးမားမားတစ်ခုရှိနေပေသည်။
" ငါတစ်နေ့မှာ ငါ့ရဲ့တောင်ကိုရီးယား နိုင်ငံမှာ တင်မဟုတ်ပဲ ဂျပန်နိုင်ငံမှာပါအောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ရမယ် "
ထိုအချိန်တွင်လည်း တောင်ကိုရီးယား နိုင်ငံမှ အနုပညာရှင်များသည် မျက်နှာပြုပြင် ရန်ခွဲစိတ်မှုကို ပြု လုပ်လေ့ရှိသည့်အတွက်
" ဟန်းမီယိုးကု "လည်း မျက်နှာကို ခွဲစိတ်ပြုပြင်မှု (Plastic Surgery)ပြုလုပ်လိုက်လေတော့သည်။
လှပသော အမျိုးသမီးဖြစ်လာသည်။ထိုအချိန်တွင် သူသည် အသက် (28)နှစ်ရှိပြီဖြစ်သည်။
သို့သော် ပိုပြီးလှပ စေရန်အတွက် ထပ်မံ ခွဲစိတ်ချင်စိတ်များ ဖြစ်လာခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဖေဖေ နဲ့ မေမေ သမီး ဂျပန်သွားပြီး တော့ သမီး အိမ်မက်တွေ အတိုင်း တိုးတက်အောင်လုပ်ချင်တယ် "
မိခင် နှင့် ဖခင်တို့ကလည်း သမီးလေး " ဟန်းမီယိုးကု " ဘဝရှေ့ရေးအတွက် တိုးတက်အောင်ကြိုးစားမည် ဆိုသောကြောင့် မတားရက်။
" သမီးလေး အမေတို့ ကို အချိန်မှန်ဆက်သွယ်နော်။ သမီးလေး အောင်မြင်ပြီးပြန်လာနိုင်ဖို့ ဆုတောင်းပေးပါတယ် ကွယ် "
ရည်မှန်းချက်အပြည့်နှင့် လိုက်ပါလာသော " ဟန်းမီယိုးကု " စီးနင်းလာသည့် လေ ယာဉ်ကြီးသည် ကိုရီးယားနိုင်ငံမှ ဂျပန် နိုင်ငံ သို့ ပျံသန်း ထွက်ခွာ သွားလေပြီ။
မိသားစုများကတော့ မျက်ရည်လေး တစမ်းစမ်း ဖြင့်ကျန်ခဲ့ရှာသည်။
အချိန်တို့ သည်လည်း ရှေ့သို့သာ ဆက်လက် သွား နေဆဲဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တောင်ကိုရီးယားသူလေး တစ်ဦးဖြစ်သည့် " ဟန်းမီယိုးကု" သည်
ကြိုးစားချင်စိတ်ဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံတွင် ဝင်ငွေ အသင့်အတင့်ရှာနိုင်လာသောအခါ သူ၏
ပုန်းကွယ်နေသော အိမ်မက်များ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
မျက်နှာကို စိတ်တိုင်းကျ ခွဲစိတ် ပြု ပြင် လိုသည်။
ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့။
~~~~~~~~~~~~~~~~~~~~~~~~~~~~
မေ့ဆေးအပ်မှဆေးထိုးလိုက်မှုကြောင့် စစ်ခနဲ ခဏတာ နာကျင်ပြီး
လောကကြီးနှင့် ခဏတာ အဆက်အသွယ်ပြတ်သွားသည်။
သူသည် ဂျပန်နိုင်ငံမှ အလှအပကျွမ်းကျင် ခွဲစိတ်ဆရာဝန်၏စိတ်တိုင်းကျအနုစိတ်ပြင်ဆင်မှု အောက်တွင် သူ့မျက်နှာကို အပြည့်အဝ အပ်နှံထားလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူပိုလှလာမယ်လို့အပြည့်အဝ ယုံကြည်ပြီးသားဖြစ်စည်။
ဒါမှသာ ဂျပန် တွင် အောင်မြင်သည့် နတ်မိမယ် အဆိုတော်မလေး ဖြစ်လာမည်ဟု အခိုင်အမာ ထင်မြင်နေလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
" အိမ်ပြန်နား လို့ရပါပြီ တဖြည်းဖြည်းနဲ့ မျက်နှာပုံ တိတိကျကျပေါ် လာပါလိမ့်မယ် ဒီကြား ထဲမှာ ခဏတော့ နား နေဖို့လိုပါမယ်"
ဆရာဝန်၏ စကားသံတို့သည် " ဟန်းမီယိုးကု " နားထဲတွင် ပျား
သကာ လောင်းထည့် သကဲ့သို့ ချိုနေသည်။
ခွဲစိတ်ထားသည့် မျက်နှာကို ဂရုစိုက်ပြီး အိမ်ပြန်လာခဲ့လေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အလှအပ မြတ်နိုးသည့် ကောင်မလေး တစ်ဦးဖြစ်သည့်
" ဟန်းမီယိုးကု " မှန်ထဲတွင် ကိုယ့်မျက်နှာပုံကို ကိုယ်ကြည့်ပြီး အပျော်ကြီးပျော်နေသည်။
သူ့ မျက်နှာ သွင်ပြင်တို့သည် ယခု ဒုတိယအကြိမ်ခွဲစိတ်မှုတွင် ပိုမိုလှပလာခဲ့ပါပြီ။
ကြည့်ရင်း နှင့် သူ့ မျက်နှာ မှ စိတ်တိုင်းမကျ ဖွယ်ရာ အချက်အလက်များ ကို ထပ်ကာထပ်ကာ ရှာဖွေရင်း ထပ်မံပြီး မျက်နှာကို ခွဲစိတ်ပြုပြင်ရန် ဆုံးဖြတ်လိုက်ပြန်သည်။
တတိယမြောက် ခွဲ စိတ်မှု ကို စတင် ရန် သေချာခဲ့ လေသည်။
သေချာသည်မှာ " ဟန်းမီယိုးကု " တစ်ယာက် မျက်နှာ ခွဲစိတ်ပြုပြင်မှုကို အလွန်နှစ်သက်နေပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
အချိန် ကာလ အနည်းငယ်ကြာသောအခါနောက်ထပ် အကြိမ် မျက်နှာ ခွဲစိတ်ပြုပြင်လိုက်ပြန်သည်။
သို့သော်လည်း ဘယ်လောက် ခွဲခွဲ သူ့မျက်နှာကို သူ အမြဲ အားမရနိုင်ပေ။
ဤ သို့ဖြင့် မျက်နှာကို လပေါင်း နှစ်ပေါင်း များစွာအချိန်ယူ ကာ
နောက်ထပ်အကြိမ်ပေါင်းများစွာ ခွဲစိတ် ရင်း မျက်နှာခွဲစိတ်ပြုပြင်ခြင်း(Plastic Surgery) လုပ်သည့် အကြိမ်အရေ အတွက် တော်တော်များလာ ခဲ့သည်။
" ဟန်းမီယိုးကု " သည် မကြာခဏ ခွဲစိတ်ချင်သည့် မျက်နှာပြုပြင်ခွဲစိတ်မှု (Plastic Surgery) ကို စွဲလမ်းသည့် စိတ်ဝေဒနာရှင် အဆင့်သို့ရောက်လာခြင်း ဖြစ်သည်။
အလွန်လှပ အောင်မြင်သော အနုပညာ ရှင်ကြီး ဖြစ်ချင်သည့်
" ဟန်းမီယိုးကု " သည် သူစိတ်ဝေဒနာခံစားနေရမှန်း မသိရှာပေ။
သနားစရာကောင်းလွန်းလှသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ရက်တွင် တောင်ကိုရီးယား မလေး ဖြစ်သည့် " ဟန်းမီယိုးကု " သည် ထုံးစံအတိုင်း မျက်နှာကို မှန်ရှေ့တွင်ထားကာ အပြစ်ရှာနေသည်။
သူသည် မျက်နှာတွင် နောက်ထပ်အပြစ်တစ်ခုတွေ့ပြီ။
" ဟုတ်ပြီ ငါ့ မျက်နှာလေး ဒီထက်ပိုပြီး ဝိုင်းဝိုင်းပြည့်ပြည့်လေးဖြစ်ရင် သိပ်လှသွားမှာပဲ မနက်ဖြန်ပဲ မျက်နှာကို ဆီလီကွန် (filler)ထည့်ဖို့ဆေးသွားထိုးမယ် "
သူ့အတွေးထဲမှာတင် သူ ပိုလှလာမည့် အကြောင်းတွေးမိပြီး ညဘက် ပင် ကောင်းကောင်းအိပ်မပျော်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်နေ့မနက် အစောဆုံးဖွင့်သည့် အလှအပဆေးခန်း တစ်ခုကို သွားသောအခါ ဆရာဝန် က မျက်နှာ အတွင်း ဆေးထိုးအပ်နှင့် ထိုးပြီး ဆီလီကွန်( filler) ထည့် ပေး လိုက်သည်။
" ဟား ငါသိပ်လှတာပဲ "
တကယ်တမ်းတော့ မျက်နှာမှာ ဂျပန်သို့ စရောက်ခါစ နှင့် လုံးဝ မတူတော့ ပဲ အလွန်ကြီးမားပြီး ပုံ ပျက် လာပြီပင်ဖြစ်သည်။
သို့သော် လည်း သူ့ကိုယ်သူ လှနေသည် ဟု အပြည့်အဝ ပင်
ထင်နေသည်။
ရှာထားသည့် ပိုက်ဆံများလည်း အနည်းငယ်မှ အဖတ်မတင်ပေ။
စီးပွားရေး အလယ်အလတ်တန်းစား လောက်သာ ရှိသည့် တောင်ကိုရီးယားနိုင်ငံမှ မိဘများကိုလည်း မထောက်ပံ့ပေးနိုင်တော့ချေ။
( အချို့ကလည်း "ဟန်းမီယိုးကု" သည် ဂျပန်တွင် ဆေးကုရုံ သာ သွားလုပ်ခဲ့သည်ဟုဆိုကြ ကာ ခွဲစိတ်မှုများအားလုံးကို ကိုရီးယားတွင် လုပ်သည်ဟု ပြောကြ ပြန် သည်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်ဆုံး တွင် ဂျပန်နိုင်ငံ မှ ကိုရီးယားနိုင်ငံ သို့ ပြန်လာခဲ့ရတော့လေသည်။
" မေမေ ဖေဖေ သမီး ပြန်လာပါပြီ "
ဂျပန်နိုင်ငံမှပြန်လာသော " ဟန်းမီယိုးကု" သည် မိဘ များ ကို တွေ့တွေ့ ချင်း ဝမ်းသာအားရ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည်။
" ဒီက သမီး လူမှားနေပြီ ထင်တယ် အန်တီတို့က အန်တီ့သမီးလေးကို လာစောင့်နေတာပါ "
" သမီး က မေမေတို့သမီး "ဟန်းမီယိုးကု" လေ မမှတ်မိတော့ဘူး လား သမီး အရမ်းလှလာလို့မလား "
တကယ်တမ်းတွင် မျက်နှာ ဝိုင်းဝိုင်းကြီး နှင့် လုံးဝ ပုံပြောင်းနေသော သမီး ကို မိသားစုများက လုံးဝ မမှတ်မိခြင်းဖြစ်သည်။
နောက်ဆုံး တွင် သက်သေ အထောက်အထားများနှင့် ပြပြီး ရှင်းပြပါမှ ပုံစံ ပြောင်းလဲပြီး ကြည့်ရအလွန်ဆိုးနေသော မိန်းကလေးသည် သူတို့သမီးဟု အလွန်အမင်း စိတ်မကောင်းစွာ လက်ခံ သွား ရှာသည်။
မိခင်ကြီး မှာ အသက်ရှုများရပ်မတတ်ခံစားသွားရသည်။
( ထိုခေတ်တွင် မျက်နှာဝိုင်းပြီး ပြည့်မှ လှသည် ဟုခံယူထားသော အချိန်ဖြစ် ပုံရပါသည်။ ထို့ကြောင့် လည်း ပဲ " ဟန်းမီယိုးကု " သည် မျက်နှာဝိုင်းကာပြည့်ခြင်းကို နှစ်သက်ခြင်းဖြစ်သည်။သို့သော် သူသည် သာမာန်ထက်အလွန်အကျွံနှစ်သက်နေခြင်းဖြစ်သည်။ )
" ဟန်းမီယိုးကု "၏ မျက်နှာ ပုံစံသည် ပျက်ဆီး သွားသည် ဆိုသော်လည်း ထိုအချိန်အထိ မျက်နှာ အနေအထား မှာ လူအများကြားထဲသွားရန်တင့်တယ်သေး ကာ မျက်နှာပုံ မပျောက်သေးပါ။ ယခင်နှင့်စာလျှင် အတော် ကြီး ကွာ ခြား ခြင်းကတော့ သိသာပြီး ကြည့်ရဆိုးသည်ဟု ပြောနိုင်ပေမည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တောင်ကိုရီးယားကို ပြန်ရောက်ပြီးချိန်မှစပြီး မျက်နှာ ခွဲစိတ် ခြင်း မလုပ်ရသဖြင့် " ဟန်းမီယိုးကု" သည် တစ်ခုခု လိုနေသလိုဖြစ်နေသည်။
အနည်းဆုံးတစ်ခါ လောက်တော့ မျက်နှာလေး တင်းတင်းပြည့်ပြည့်လေး ပိုဖြစ်အောင် ဆီလီကွန် (filler) ထိုးပြီး မျက်နှာချောမွေ့အောင် ခွဲစိတ်တာ ဖြစ်ဖြစ် ဆေးထိုး ပြီး လုပ်တာဖြစ်ဖြစ် တစ်ခု တော့ လုပ်ချင်သေးသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဆရာ ကျွန်မမျက်နှာ လေး ပြုပြင်ချင်လို့ပါ "
ကိုရီးယား နိုင်ငံမှ အလှအပဆိုင်ရာ ခွဲစိတ်ဆရာဝန် ထံ ရှိစုမဲ့စု ပိုက်ဆံလေးစုပြီး ကိုင်သွားကာ" ဟန်းမီယိုးကု" ပြောလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့်ဆရာ ဝန်သည် သူ့အား တစ်ခြားနေရာတွင် လုပ်ခဲ့ဖူး သော မျက်နှာခွဲစိတ်ပြုပြင်မှု (Plastic Surgery ) အကြိမ်အရေ အတွက်ကို မေး ကြည့်ရာ လုံးဝမယုံကြည်နိုင်လောက်အောင် လန့်သွားပြီး ထပ်မံလုပ်လျှင် မသင့်တော်ကြောင်းသိသည့် အတွက် လုံးဝ မလုပ်ပေးနိုင်ကြောင်း အပြတ်ငြင်းလွှတ်လိုက်သည်။
" ဟန်းမီယိုးကု " တွင် မျက်နှာ မခွဲစိတ်ရမနေနိုင်သော သနားစဖွယ် စိတ်ဝေဒနာ ရှိနေကြောင်း သိလိုက် သည့် အတွက် လည်း ဖြစ်ပေသည်။
" တစ်ခြား မှာလည်း ခင်ဗျား ထပ်မလုပ်ဖို့လေးလေး နက်နက် အကြံပေးပါရစေ လုပ်မယ်ဆိုရင် ခင်ဗျာ မတွေး ရဲစရာ အခြေအနေဖြစ်နိုင်တယ်ဗျာ "
ဟူ၍လည်း အထပ်ထပ် သတိပေးလိုက်သည်။
အတွေး တွေ အားလုံးသဲထဲရေသွန် ဖြစ်သွားသည်။
တခြား ဆရာ ဝန်ဆီသွားလျှင်လည်း ဤ သို့သာပြောကာ သူ့ကို တား လိမ့်မည်ဟု ထင်လိုက်သည်။
ဒီအတိုင်းလက်မလျှော့နိုင်။ သူ့အတွက် လှဖို့သာ အရေးကြီးသည်။ နောက်တစ်နည်းကြံ ရမည်။
သူ့နည်းသူ့ဟန်ဖြင့် တရား မဝင် မှောင်ခိုဆေးများ ရောင်းပေးသော ဆရာဝန်တစ်ဦးဆီမှ မျက်နှာထိုးသည့် ဆီလီကွန် (filler)တစ်ပုလင်း(filler) နှင့် မျက်နှာ အတွင်း ဆေးထိုး နိုင်သည့် ဆေးထိုးအပ်တစ်ချောင်း ကို ဝယ်ပြီး ကိုယ့် ဘာသာ ထိုးရန်အိမ်သို့ပြန်လာလေသည်။
သူ့အတွက် အဆိုးဆုံး အခြေအနေ ရောက်လာမည်ကို သူကိုယ်တိုင်မသိခဲ့။ အလှအပကို ဦးစား ပေးလွန်းပြီး စဉ်းစားဉာဏ်ကို အသုံးမပြု သော ရလဒ် ဖြစ်ပေါ် လာ ခါနီးခဲ့ သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
'' ဟန်းမီယိုးကု "သည် နေအိမ်သို့ပြန်ရောက်ခဲ့ပြီ။
စိတ်တွေ အလွန်လှုပ်ရှားနေသည်။
ကိုယ့်မျက်နှာအတွင်း ကိုယ်တိုင် ဆီလီကွန်( filler ) ထိုးရမည်မှာ သူ့အတွက် ပထ မဦးဆုံး အတွေ့အကြုံ ဖြစ်သည်။
ယခင်တုန်းက ကျွမ်းကျင်သော ဆရာဝန်များက ထိုးပေးခဲ့ခြင်းဖြစ်သည်။
ယခု ကိုယ်တိုင် ပြန် လုပ်ရမည်ဆိုတော့ စိတ်လှုပ်ရှားခြင်းပင်ဖြစ်သည်။
ထိုသို့ကိုယ်တိုင် မထိုး၍လည်း မဖြစ်တော့။ ကျွမ်းကျင်ဆရာဝန်က ထပ်မလုပ်ရန်တားမြစ်ပြီးငြင်းလွှတ်လိုက်၍
မှောင်ခိုအရောင်းအဝယ်လုပ်သည့် တစ်ခြား ဆရာ ဝန်ဆီက ဝယ်လာခြင်းဖြစ်သည့်အတွက် လှချင်လျှင် ကိုယ်တိုင်အရဲစွန့်မှ အောင်မြင်နိုင်မည် မဟုတ်ပါလား ။
ကိုယ်တိုင်ထိုးသည့် အခါ မလုပ်တတ်သဖြင့် မျက်နှာအရေပြားအောက်မှ အကြောတို့ကိုထိကာ ထိုးလိုက်သည့် နေရာမှာ ပုပ်သွားမည် ကိုလည်းပဲ စိုးရိပ်သေးသည်။
သို့သော် လည်း လှချင်ရက် စက်စက်ယိုနေသော " ဟန်းမီယိုးကု "
၏ ပြင်းထန်သော စိတ်ကို သူကိုတိုင်ပင်မတားနိုင် တော့ချေ။
ကံကြမ္မာ မုန်တိုင်းထန်လေပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဟန်းမီ ယိုးကု " သည် အခန်းအတွင်း တွင် မိမိ ကိုယ်ကိုယ် ဆေးထိုးနေစဉ် အိမ်မှမိသားစု မည်သူမှဝင်ပြီး မနှောင့်ယှက် နိုင်စေရန် အခန်းတံခါးလော့ခ် ကို ချ ထားလိုက်သည်။
တော်ကြာ တွေ့ရှိပြီး မလုပ်ရန် မိသားစု တစ်ဦးဦးမှ လာတားမြစ်
ပြီး မေးလားမြန်းလားလုပ်နေလျှင် အလှပဂေး လေး ဖြစ်သည့် " ဟန်းမီယိုးကု " ၏ အစီ အစဉ် တို့ပျက်ရချေ သေးရဲ့ ။
စီ စဉ်ထားသမှ အပျက်တော့ မခံနိုင်ပေ။
ပထမဦး ဆုံး အနေဖြင့် ဆီလီကွန်( Silicon) ဆေးရည် ပုလင်းကို လှည့်ဖွင့်လိုက်ပြီး မှောင်ခိုဈေးကွက်မှ ဆရာဝန် ထပ်မံ ပေး လိုက်သော ဆေးထိုးအပ် အသေးလေးဖြင့် ပုလင်းအတွင်းမှ ဆေးရည် အကုန်လုံးကို စုပ်ယူလိုက်သည်။
ကိုယ့်ကိုယ်ကိုပင် တွေးလိုက်သေးသည်။
" ဒီ လိုဆိုတော့လည်း ငါက အလှအပကျွမ်းကျင်ဆရာဝန်မကြီး အတိုင်းပါ ပဲ လား ဟ"
မျက်နှာရှေ့တွင် မှန်ကို နေရာတကျ ချထားလိုက်သည်။
ဆေးထိုးအပ်လေးဖြင့် ကိုယ့်မျက်နှာကိုယ် လိုအပ်သည်ဟုထင်သော နေရာတိုင်းကို လိုက်ထိုး လိုက်လေပြီ။
ရေခဲလေးကပ်လိုက် ဆေးထိုးလိုက် ထွက်လာသော သွေးစလေးတွေကို သုတ်လိုက်နှင့် ဆေးပုလင်း တစ်ပုလင်းလုံး ကုန်သည်အထိ အပြည့် စုတ်ယူထားသော Silicon ( filler ) များ လည်း အကုန် ကုန်စင်သည် အထိ မျက်နှာ အတွင်းသို့ ရောက်ရှိသွား ကြလေပြီ ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
မျက်နှာကြီး အလွန် အဆမတန် ဖောင်းကားနေလေပြီ။
သို့သော် " ဟန်းမီယိုးကု " နှစ်သက်သည်။
သူ့ အသားအရည် ချောမွေ့ရန် ထပ် မံ စဉ်းစားလိုက်သည်။
မျက်နှာအတွင်းသို့ အိမ်သုံးဟင်းချက်ဆီများ ဆေးထိုးအပ်ဖြင့်ထိုးသွင်းလျှင် မျက်နှာမှာချော မွေ့ နူးညံ့သွားမည်ဟူသော ရူးမိုက်မိုက်အတွေး ကို တွေးလိုက်ပြီး အကောင်အထည် ပေါ်အောင် ဆောင်ရွက်တော့သည်။
ဟင်းချက်ဆီများကို ဆေးထိုးအပ်အတွင်းသို့ ခပ်များများစုပ်ယူကာ မျက်နှာအနှံ့ ကိုယ်တိုင်ကိုယ်ကျ စိတ်တိုင်းကျ လိုက်ထိုး လေတော့သည်။
ထက်မြက်လှပါသည်ဆိုသော ဂျပန်နိုင်ငံအထိပါအောင်မြင်ချင်သည့် ပညာတတ် အမျိုးသမီးလေး " ဟန်းမီယိုးကု " ၏ အလွန်ဆိုးရွား သော အဆင်အခြင်မဲ့သည့် လုပ်ရပ်ဖြစ်သည်။
ဆီလီကွန်( filler ) နှင့်ဟင်းချက်ဆီများ (Cooking Oil) များကို ကိုယ်တိုင်ကိုယ်ကျ မျက်နှာ အတွင်း သို့ စိတ်တိုင်းကျ ထိုး လိုက်ပြီးနောက် မောမော နှင့် အိပ်ပျော်သွားခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဟန်းမီယိုးကု" သည် မျက်နှာမှ တဆစ်ဆစ် ကိုက်ကဲ မှုများကြောင့် တဖြည်းဖြည်း ပြန်နိုးလာခဲ့ပြန်သည်။
ပါးနှင့် မေးစေ့တို့မှ တစ်ခုခု တွဲကျလာပြီး ခုလုခုလု ဖြင့် ရင်ဘတ်ကို လာထိနေသည်ဟု ခံစား လိုက် ရလေသည်။
" ငါ ဘာများဖြစ်ပါလိမ့် "
မှန်ကို ယူပြီး မျက်နှာရှေ့တည့်တည့်ထားကာ ကြည့်လိုက်သည်။
" ဟင် ဟင် ငါ့ မျက်နှာလေး ဘယ်ရောက်သွားလဲ ကယ်ကြပါဦး မှန်ထဲ က တွဲလောင်း ကျနေတဲ့ အရေပြား တွေ နဲ့ မျက်နှာ ကြီး ကြီးသူရဲကြီးက ဘယ်သူ လဲ အမေ အမေ ကယ်ပါဦး "
" အား အား အား ……………………………………………………"
မျက်နှာကိုပင် သူ့ဘာသာသူ မမှတ်မိ လေတော့ပေ။
" ဟန်းမီယိုးကု " ၏ မျက်နှာသည် သရဲ တစ္ဆေ တစ်ကောင် မျက်နှာကဲ့သို့ ပြောင်းလဲသွားလေပြီ ။
လူဟူ၍ ခေါ်နိုင်သော မျက်နှာ အသွင်အပြင်သည် မျက်နှာတွင် လုံးဝ ပျောက်ကွယ်သွားရလေပြီ။
မျက်နှာတစ်ခုလုံး တွန်ကြေပြီး နဖူး လည်ပင်း ပါးနှစ်ဖက် မေးစေ့ နှုတ်ခမ်း အားလုံးတို့မှ အရည်ပြားတို့သည် မတန်တဆ တွဲကျကာ မျက်လုံးပေါက် ပါးစပ်ပေါက် ကျဉ်းကျဉ်းလေးဖြင့် အလွန်ထိတ်လန့်ဖွယ် မိစ္ဆာတစ်ဦး ပိုင်ဆိုင်သည့် အသွင်အပြင် ဖြစ်သွားခဲ့ရရှာသည်။
အလွန်အကျွံ ပြုပြင်ခြင်း၏ ဆိုးကျိုးဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
" မင်္ဂလာပါရှင် ကျွန်မတို့ ရဲ့ အထူး သတင်းတစ်ခုကို ကြေညာပါ့မယ် တောင်ကိုရီးယားသူ တေးသံရှင် မော်ဒယ် " ဟန်းမီယိုးကု " ဟာ မိမိ ကိုယ်တိုင် မှောင်ခိုဆေးနှင့် ဟင်းချက်ဆီကို မျက်နှာ အသားအရေ အတွင်းသို့ အေးထိုးအပ်ဖြင့် ထိုးသွင်းမှုကြောင့် မျက်နှာပျက်ဆီးသွားခဲ့တဲ့ သတင်းစဉ်ဖြစ်ပါတယ် "
"ဟန်းမီယိုးကု" ၏ မျက်နှာ ပျက်စီးသွားသည့် သတင်းများကို တောင်ကိုရီးယား ရုပ်သံလိုင်း တိုင်းတွင် ပြသလာသည့်အတွက် စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ် ဖြစ်လာသည်။
ဂျပန်နိုင်ငံ၏ ရုပ်သံလိုင်းများ တွင်လည်းပဲ မျက်နှာ ပျက်စီးသွားသော" ဟန်းမီ ယိုးကု " ကို အင်တာဗျူးသည့် သတင်းများကိုအကျယ်တဝင့်ပင် ဖော်ပြလာကြသည်။
ထိုသတင်းကြားသော အလှူ ရှင်များသည် " ဟန်းမီယိုးကု " ၏ ဆိုးရွားစွာ ပျက်ဆီး နေသော မျက်နှာ ကို ပြန်လည် ကုသ ရန် ငွေ
ကြေးများစွာ လှူ တန်းကြသည်။
" ဟန်းမီယိုးကု " ကို ပတ်ဝန်းကျင်မှ ကလေး များက
" မတ်တပ်ပန်ကာကြီး "ဟု ခေါ်ကာ နောက်ပြောင်ကြသည်။
ထိုသို့ခေါ်ခြင်း မှာ အလွန်သေးသော ခန္ဓာကိုယ်ပေါ်တွင် လွန်စွာမှ မလိုက်ဖက်လှသည့် ကြီးမားလှသော မျက်နှာကြီး မှာ ကလေးများအမြင်တွင် ကြည့်ရသည်မှာ မတ်တပ် ပန်ကာကြီး နှင့် တူနေ
သောကြောင့် ဖြစ်သည်။
အလှူရှင်များလှူတန်း သည့် ငွေကြေးများအသုံးပြု၍ ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်ကြီး များထံတွင် မျက်နှာမှ ဆီလီကွန်များ အဆီများ နှင့်တခြားသော မျက်နှာအတွင်းထည့်ထားသော အရာစုစုပေါင်း (60) ဂရမ်ကို ထုတ်ယူ ခဲ့ပြီး လည်ပင်းအတွင်းမှ လည်း ထိုကဲ့သို့ အရာစုစုပေါင်း (200)ဂရမ် ကို ခွဲစိတ်ကာ ပြန်လည်ထုတ်ယူခဲ့ရသည်။
ထိုအလှူငွေများဖြင့် ကုသသည့်ခွဲစိတ်မှုများကို လည်း (10) ကြိမ်ခန့် အချိန်ယူကာ ခွဲထုတ် ခဲ့ကြရခြင်းဖြစ်သည်။
ထို ပထမ(10) ကြိမ် ခွဲစိတ်မှုများ အပြီးတွင် မျက်နှာသည် အတော် သေးသွယ်သွားပြီး ပုံမှန်အရွယ်အစားဖြစ်လာခဲ့သည်။
မျက်နှာ၏ အရွယ်အစားသည်သာ ပုံမှန်ဖြစ်လာသော်လည်း
မျက်နှာပုံစံသည် လူတစ်ယောက် မျက်နှာ ပုံစံ ဟု ခေါ်ရန်အတော်ခက်သည့် အနေအထားဖြင့်သာ ဆက်လက်ရှင်သန်းသွားရရှာသည်။
" အခု ကျွန်မ လေ ကျွန်မ ဟိုးအရင်က ရှိခဲ့တဲ့ မျက်နှာပုံလေးပဲ ပြန်ရရင် လိုချင် နေပါတယ်ရှင် "
မျက်ရည် များ တပေါက်ပေါက် ကျလာရင်း " ဟန်မီယိုကု " သနားစဖွယ် ပြောရှာသည်။
ထို့နောက်ပိုင်း အချိန်များတွင် " ဟန်းမီယိုးကု " သည် အဝတ်အဟောင်းများရောင်း သောဆိုင်တွင် အရောင်းဝန်ထမ်းလုပ်ကိုင်ရင်း အသက်မွေး ရှာပြန်သည်။
မျက်နှာ အလွန်အကျွံ ပြု ပြင်မှုကို လိုလားသော သူ၏ ဘဝ တွင်
် ကြီးမားသော နောင်တများဖြင့် ပြည့်နေရပြီ။
သို့သော် အချိန်နှောင်းခဲ့ပြီ။
ဖြစ်နေသော ဘဝ လက်ရှိရောက်နေသောအချိန်တွင် အကောင်းဆုံး ရပ်တည် နေထိုင်ပြီး ဘဝ ကို ရှေ့ဆက်ဖို့သာ အားတင်းရတော့မည်။
ဘဝသည် တစ်ခါတစ်ရံ ဆန်းကြယ် လှသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဤ အဖြစ်အပျက်သည် အလွန်သနားစရာ ကောင်းသော တောင်ကိုရီးယားသူ " ဟန်းမီယိုးကု " ၏ ဂရုဏာသက် ဖွယ်သနားစရာ ကောင်းလွန်းသည့် ဖြစ်ရပ်မှန်ပင်ဖြစ်သည်။
လူတိုင်းနှုတ်ဖျား တွင် ပြောစမှတ်ပြုခဲ့သော သတင်းတစ်ပုဒ်လည်းဖြစ်သည်။
" ဝဋ်မှာအမြဲ ငရဲမှာအပ " ဟူသော စကား လေးတစ်ခွန်းရှိသည်။
အော်ဟစ်ပြေးလွှားအသံတညံညံနှင့် ငရဲကို ရှောင်လွှဲနိုင်မည့် နည်းလမ်းများရှိသော်လည်း ဝဋ် ကြွေး ရှိပါက ခန္ဓာ နှင့်ရင်း၍ သေချာပေါက်မဖြစ်မနေ ဆပ်ရမည် ဟူသည် ကို သတိပေးထားသော တန်ဖိုးရှိသည့် စာသားဖြစ်သည်။
ယခု လက်ရှိ အချိန် လက်ရှိဘဝတွင် ကိုယ်သည် အမှတ်မထင် ဖြစ်စေ အမှတ်ထင်ထင်ဖြစ်စေ မရည်ရွယ်၍ သော်လည်းကောင်း တမင်တကာ ရည်ရွယ်၍သော်လည်းကောင်း ပြုလုပ်လိုက်သော ကိစ္စ တို့၏ အကျိုးပေး အကျိုးဆက် သည် တစ်ချိန်မဟုတ်တစ်ချိန် သေချာ ပေါက်ဆပ်ရမည်ဖြစ်သည်။
ဝဋ်ကြွေးဟူသည် ကြောက်ဖို့ကောင်းလေစွ။
ယခု ကိစ္စ ဖြစ်စဉ် မှ တောင်ကိုရီးယားသူ " ဟန်းမီယိုးကု " သည် ဝဋ်ကြွေး အကျိုး ပေး တို့ကို လက်ရှိဘဝ လက်ရှိခန္ဓာ နှင့် ရင်း၍ ဆပ်နေရခြင်းဖြစ်သည်။
ဝဋ်ကြွေးမကုန်သေးလျှင် နောက်ဘဝ နောက်ခန္ဓာများ နှင့်ရင်း၍ ဆပ်ရဦးမည် ဖြစ်သည်။
ထို့ကြောင့် ကိုယ်သည်လည်း တစ်ဘဝစာ ခံစားချက်တို့နှင့် သူတစ်ပါး ဒုက္ခရောက် အောင် မလုပ်မိပါစေ နှင့်။
သူတစ်ပါး ၏ ခံစားချက် အားနည်းချက်တို့ကိုလည်း မိမိနှုတ်မှ စကားဖြင့်လည်း ယောင်၍ပင်မစမိပါစေ နှင့်။
ကြောက်ဖို့အလွန်ကောင်းလှသည်။ သင်ခန်းစာ ယူနိုင်ရမည်။
အမြင် နောက်တစ်ခု ဖြင့် ပြောလိုပါသည်။
ယနေ့ခေတ်သည် မျက်နှာ ခွဲစိတ်ပြု ပြင်မှု အလွန်ခေတ်စားသောကာလ ဖြစ်သည်။
မျက်နှာ ခွဲစိတ်ပြီး တော်တော်များများ မှာလည်း လှလာကြသည်။
ကျွန်တော်လည်း ထိုသို့ပြုပြင် မှုများကို သဘောကျသူတစ်ယောက်
ဖြစ်သည်။
သို့သော် ဘယ်နေရာ မဆို " တန်ဆေး လွန်ဘေး " ဖြစ်သည်။
လူ(50 ) (25) ယောက်မှာ (1)ယောက်လောက်သည်
ခွဲစိတ်ပြုပြင်ရင်း သို့မဟုတ် ဆေးထိုးပြုပြင်ရင်း ပြဿ နာ ရှိကာ ဆိုးကျိုးများ ခံရနိုင်သည့် အခြေအနေဆိုးကိုလည်း ထည့်တွက်ပြီး မှသေချာ စဉ်းစား လုပ်ဆောင် စေလိုပါသည် ။
လှပသွားသော သူများ များပါသည်။
သို့သော် လူနည်းစု တွင်ဖြစ်လာတတ်သော ဆိုးကျိုးများက ကိုယ့် မှာလည်းရှိ လာ နိုင်ပြီး ကိုယ်လည်း ထိုလူနည်းစုထဲပါဝင်လျှင်ဟူသော ဒုတိယ အဆင့်ကို လက်ခံနိုင်မှ ပြု ပြင်သင့်ပါသည်။
" တန်ဆေး လွန်ဘေး " ဟူသော စကားကိုတော့ တောင်ကိုရီးယားသူလေး " ဟန်းမီယိုးကု " ၏ ပျက်ဆီးသွားသော မျက်နှာ သည် သက်သေပြနေပါသည်။
"ဟန်းမီယိုးကု" ကိုဂျပန် မီဒီယာမှ အင်တာဗျူး ထားသည့် ဗီဒီယို အတိုလေးကို အောက်တွင် သူ့ပုံများ နှင့် တစ်ခါတည်း တင်ပေးလိုက်ပါသည်။
ထို့ကြောင့် ပြုပြင်မှု ပြု လုပ်လိုသည် ဆိုလျှင်လည်း သေချာ ကျွမ်းကျင်သော အလှအပဆိုင်ရာ ဆရာဝန်များထံတွင် သာ အကြံကောင်းများယူပြီး လှပ နိုင်သည့်ခေတ် ဖြစ်နေပါသည်။
အရာ အားလုံးကိုတော့ မိမိ ကိုယ်တိုင်ဆုံးဖြတ်ပြီး သေချာ လုပ်ဆောင် နိုင်သည့်ခေတ်လည်း ဖြစ်သည်။
ကောင်းသော အရာ များစွာရှိသလို ဆိုးသောအရာ များစွာ ရှိသည့် ခေတ်လည်းဖြစ်သည်။
မည်သို့ပင်ဆိုစေ အားလုံးသည် မိမိ ၏ အကျိုးပေး ပင်ဖြစ်သည်။
အရာ အားလုံးသည် အစဉ်အမြဲ ပြောင်းလဲနေသည်။
ထို့အတူ လူတိုင်း၏ စိတ်သည် လည်း အစဉ် ပြောင်းလဲနေသည်။
ထို့ကြောင့် မိမိစိတ် ပြောင်းလဲမှုများသည် ကောင်းသော ပြောင်းလဲခြင်းများဖြစ်ရန်ကြိုးစားနေသင့်သည်ဟု အကြံ ပြုရင်း ကိုယ်တိုင်လည်း ထိုသို့ အမြဲ ကြိုးစားနေရင်းနှင့်ရေးသားလိုက်သည်။
ကိုယ်တိုင်ဖတ်ဖို့ အတွေးတစ
အောင်ထွဋ်စံ
နေ့လည် (2):(42)
Aung Htut San MC
No comments:
Post a Comment