“ကျွန်တော် သူလိုလူမျိုးကို သိခွင့်ရခဲ့တယ်”
…………………………………………….
တခါတခါ ဘ၀အမောတွေဖြေရင်းတစ်ယောက်တည်း တွေးမိတွေးရာ တွေးဖြစ်တဲ့အခါ သူငယ်ချင်းတွေအကြောင်း ပြန်တွေးဖြစ်တယ်။။ ဒီထဲက ကဏ္ဍတစ်ခုခုမှာ အောင်မြင်နေတဲ့ သူငယ်ချင်းတွေအကြောင်း စဉ်းစားမိတဲအခါမျိုးမှာတော့ ငါ ဒီလိုလူမျိုးတွေနဲ့ သိခွင့်ရခဲ့ဖူးပါလား ဆိုပြီး ဂုဏ်ယူနေတတ်တာက ကျွန်တော့အကျင့်။ ခံစားရတဲ့ ကျေနပ် ပီတိဖြစ်မှုကလဲ ဘာနဲ့မှမတူ။ ကိုယ်က ဘယ်လိုနေရာ ရောက်နေပါစေ။ သူငယ်ချင်းတွေ အောင်မြင်နေတာ မြင်ရရင် ၀မ်းသာမိတာ အမှန်ပါပဲ။
ဒီနေ့တော့ ကျွန်တော့်သူငယ်ချင်းတွေထဲက ထူးခြားတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း စဉ်းစားနေမိတယ်။ သူ့အကြောင်းတွေ လူပြောများလာလေ၊ ကျွန်တော်နဲ့ သူနဲ့ သိခဲ့တဲ့ အချက်တွေကို ပြန်လည်မှတ်ထင်လာလေပါပဲ။
ကျွန်တော်နဲ့ သူနဲ့ ပထမဆုံး တွေ့ဆုံမှုကလဲ တကယ့် ထူးခြားမှု ၊ကျွန်တော် မေ့မရတဲ့ နေ့တွေထဲက တစ်ခု။ ဒါမှမဟုတ် သူ့အကြောင်း စဉ်းစားမိတိုင်း အရင်ဆုံးပေါ်လာတဲ့ အမှတ်တရတစ်ခု။
အဲ့ဒီနေ့က အင်ဒီယားနားတက္ကသိုလ် (Independent Studies Program) တက်ခွင့်ရဖို့ ကျွန်တော်လျောက်ထားမှုကို အင်တာဗျူးဖြေရမှာ။ အမေရိကန်စင်တာအ၀င်ဝမှာလုံခြုံရေးကမေးတယ်၊ အိုင်ယူဝင်ခွင့်ဖြေရတာ အဆင်ပြေလားပေါ့။ ကျွန်တော်က ပြေပါတယ်။ ရွေးတာမရွေးတာကတော့ သူတို့အပိုင်းပေါ့။ ကျွန်တော်လဲ ရချင်ပါတယ် ပေါ့။ အဲ့အချိန်မှာ ဘေးမှာ လူတစ်ယောက်ကလဲ သူ့အိတ်တွေကို လုံခြုံရေးစက်တွေကို ဖြတ်နေတယ်။ သူက ကျွန်တော်နဲ့ လုံခြုံရေးနဲ့ ပြောနေတာတွေကို နားထောင်ပြီး ကျွန်တော့်ကို စေ့စေ့ကြည့်နေပြီး ပြောလိုက်တယ်။
“ခင်များပါမှာဗျ။ ခင်များ သေချာပေါက် အရွေးခံရမှာ။ ကျွန်တော့်စိတ်ထဲက တိတိကျကျ သိနေတယ်” တဲ့။
ဟုတ်လား၊ ကျေးဇူးတင်ပါတယ်ဗျာ၊ ခင်များပြောတဲ့အတိုင်းဖြစ်ပါစေလို့ ကျွန်တော် ပြန်ပြောခဲ့တယ်။
ကျွန်တော် တကယ်လဲ အရွေးခံရတယ်။ အဲ့တော့ သူနဲ့ ပို သိကျွမ်းခွင့် ရခဲ့တယ်။ သူကနိုင်ငံရေးအကျဉ်းသားဟောင်း။ တိတိကျကျပြောရင် ကျောင်းသားနိုင်ငံရေးအကျဉ်းသားဟောင်း။ သူက အိုင်ယူတက်နေတဲ့ ကျွန်တော့ စီနီယာ။ သူက အေးဆေးသမား။ သူများပြောရင် နားထောင်နေတတ်တယ်။ သူပြောဖို့ လိုရင် ၀င်ပြောတယ်။ ကျွန်တော်က ကျွန်တော့အင်္ဂလိပ်စာ မကောင်းကြောင်း သူ့ရှေ့ခဏခဏ ပြောမိတယ်။ အဲ့ဒီအခါတွေမှာ သူပြောတာ တစ်ခုပဲ “ဘယ်သူက ကောင်းလို့လဲ” တဲ့။ ကျွန်တော့်အင်္ဂလိပ်စာနဲ့ စာလုပ်လို့ရကြောင်း ကျွန်တော့်ကို အားပေးလေ့ရှိတယ်။
သူက ဘာသာရေး အရမ်းကိုင်းရှိုင်းတယ်။ ပါဠိစာပေတွေ တော်တော်နှံ့စပ်တယ်။ အကြောင်းကိစ္စရပ်တွေကို ကြုံလာတိုင်း ဗုဒ္ဓဘာသာအမြင်နဲ့ ယှဉ်တွဲ ပြောလေ့ရှိတယ်။ ၀ိပဿနာ အားထုတ်မှုလဲ ပုံမှန်လုပ်တယ်။ ဗုဒ္ဓတရားတော်တွေထဲမှာ အသက်ပေးပြီး နှစ်မြှပ်ထားတယ်လို့ ပြောလို့ရလောက်အောင် အသိအမှတ်ပြုစရာဖြစ်သလို ဗုဒ္ဓဘာသာအတွက် အသက်ပေးပြီး ကာကွယ်မယ့်လူလို့ အသိအမှတ်ပြုခဲ့ရတယ်။
ကျောင်းမှာ ကျွန်တော်တို့ဘယ်သူမှ မယူနိုင် မလေ့လာနိုင်တဲ့ ရှိတ်စပီးယားပြဇတ်ကြီးကို တစ်ဦးတည်းယူပြီး လေ့လာတယ်။ ရှိသမျှစာအုပ်တွေထဲမှာ သူ့စာအုပ်က အထူဆုံး။ သူ အဲ့စာအုပ်ကြီးကို ဖတ်ဖတ်နေတာ ကျွန်တော်တို့ ကျောင်းသားတွေ ဘယ်သူမှ မျက်စိထဲက ဒီနေ့ထိ မထွက်တဲ့ မြင်ကွင်းပါ။
ကျွန်တော်တို့ Program ပြီးသွားတော့ သူက ဟောင်ကောင်တက္ကသိုလ်တစ်ခုမှာ ဂျာနယ်လစ်ဇင် မာစတာ တက်ခွင့်ရတယ်။ ကျွန်တော် သူ့ကိုအားကျခဲ့တယ်။ သူ့လို ကျောင်းသွားတက်ချင်ခဲ့တာ။ နောက် သူ ဧရာဝတီမဂ္ဂဇင်းမှာ ကျောင်းတက်ရင်း စာရေးတော့ ကျောင်းက စကောလားရှစ်ကျောင်းသားတွေ အပြင်အလုပ် မလုပ်ရဘူး ဆိုပြီးတားတယ်လို့ ကြားခဲ့ရတယ်။ သူကျောင်းပြီးသွားတော့ ဧရာဝတီမဂ္ဂဇင်းမှာပဲ စာရေးနေသေးတယ်။
နောက် ပြည်တွင်းမှာ ကျွန်တော်နဲ့ ပြန်တွေ့တော့ သူက နယူးယောက်တိုင်းမ်ရဲ့ ကော်လံစားသတင်းစာဆရာ။ တစ်ခါလောက်ပဲ တွေ့ခွင့်ရတယ်။ ကျွန်တော် စာသင်နေလို့ သူ့ကို ကော်ဖီဆိုင်မှာ စောင့်ခိုင်းလိုက်တာ တစ်ညနေကုန်သွားတယ်။ သူလဲ မကျေနပ်ပေမယ့် သူမကျေနပ်တာကို သိပ်မပြောဘူး။ ကျွန်တော့်ကို နားလည်ပေးခဲ့တယ်။
နောက်တော့ မြန်မာ နောင်း (Myanmar Now) ဖွင့်ဖို့ လာစီစဉ်နဲ့သူနဲ့ တွေ့တဲ့အခါ သူ့ကို တာဝန်ခံအယ်ဒီတာ ခန့်မယ်လို့ ကြားတော့ အင်မတန်သင့်တော်တဲ့သူပါ။ အရမ်းတော်တယ်လို့ မှတ်ချက်ပေးခဲ့ဖူးတယ်။
နိုင်ငံတော်သမ္မတရွေးတဲ့နေ့က လွှတ်တော်မှာ သတင်းလာယူတော့ တွေ့ဖြစ်ကြသေးတယ်။ တကယ်တော့ သူနဲ့ သိပ်မတွေ့ဖြစ်တော့သလို အဆက်အသွယ်လဲ မရှိကြတော့ဘူး။ ရံဖန်ရံခါမှသာ သူ့သတင်းတွေ ကြားရင်း သြော် တကယ့် လူတော်ပါလားဆိုတာ တွေးတွေးနေမိတယ်။
အင်းဝစက်ချုပ်ဆိုင်ကိစ္စ လူ့အခွင့်အရေးကော်မရှင်နဲ့ ကိစ္စရပ်တွေ ဖောင်းပွလာတော့ သူ့နာမည်ကို ကျယ်ကျယ်လောင်လောင် ကြားရတယ်။ မြန်မာတပြည်လုံးနီးပါး သူ့ကို သူရဲကောင်းဘွဲ့ချီးမြှင့်တဲ့ သြဘာသံတွေ ကြားရတယ်။ သတင်းစာတွေထဲမှာ သူ့ပုံနဲ့တကွ သတင်းတွေ အများကြီးဖတ်ရတဲ့အခါ ငါ့မှာ ဒီလိုလူတွေ သိခဲ့ရတယ်ဆိုပြီး ကျွန်တော် ကျေနပ်နေမိတယ်။ သမ္မတကြီးကလဲ ဂုဏ်ပြုတံဆိပ် ပေးတယ်တဲ့။
ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ပါပဲ။ နောက်တော့ ဦးကိုနီအမှုမှာ သူ့နာမည်က ပြန်ထွက်လာပြန်တယ်။ သူ့ရဲ့ ထောက်ပြတဲ့အချက်တွေ၊ သတင်းလိုက်တတ်တဲ့ ပညာတွေကို စောင့်ကြည့် အံ့သြနေခဲ့ရတယ်။
မကြာခင်မှာပဲ သူကို ၆၆(ဃ)နဲ့ တရားစွဲမယ်ဆိုတဲ့သတင်းတွေ ကြားရတယ်။ ကျွန်တော် စိတ်မကောင်းဘူး။ ဒါပေမယ့် သူဟာ အမှန်တရားကို သူများထက်မြတ်နိုးသူဖြစ်လို့ သူလုပ်သင့်တာလုပ်ရင်း ကြုံလာတဲ့ ပြဿနာကို ရင်ဆိုင်ရတာနေမှာပါလို့ပဲ သာမန်တွေးမိလိုက်တယ်။ ဘာပြဿနာပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ သူလိုလူတစ်ယောက်က ရှင်သန်နေမယ့် လူမျိုးပဲဆိုတာ ယုံကြည်နေမိတယ်။
နောက်ဆုံး သူအကြောင်းကြားရတာကတော့ လေဆိပ်မှာ အဖမ်းခံလိုက်ရပြီတဲ့။ ဘာလို့လဲ၊ ဘယ်အမှုနဲ့လဲ ကျွန်တော်လဲ သိချင်ခဲ့တယ်။ facebook စာမျက်နှာ ဖွင့်လိုက်တဲ့အခါမှာတော့ သူ့အကြောင်းရေးထားတဲ့ သတင်းတွေ၊ ထင်မြင်ချက်တွေ အများကြီး ၀ိုင်းရေးထားကြတာ တွေ့ရတယ်။ သူ့ဘက်က ရပ်တည်မယ်၊ သူနဲ့အတူ ရပ်တည်တယ်ဆိုတဲ့ ပုံတွေ၊ ရေးသားချက်တွေလဲ အများကြီးတွေ့ရတယ်။ သူတစ်ယောက်တည်းမဟုတ်ဘူး။ သူ့မှာ သူ့ကို ထောက်ခံနေတဲ့ ပရိတ်သတ် အခိုင်အမာရှိနေတာ မြင်ရတော့ ကျွန်တော် ဂုဏ်ယူမိပြန်တယ်။
သြော် ကျွန်တော် ဘာတွေဘဲ လုပ်နေရပါစေ၊ ဘယ်လိုပဲ နေရပါစေ။ ဘယ်ဘ၀မျိုးပဲ ရောက်နေပါစေ။ ကျွန်တော့်သူငယ်ချင်းတွေ အောင်မြင်နေတာကို အဝေးက အားပေးနေရတာကိုက ကျွန်တော့်အတွက် အရသာ တစ်မျိုးပါလား။
ကျွန်တော်အဘိုးကြီးဖြစ်သွားတဲ့အခါ ကျွန်တော့်မြေးတွေက မေးကြတဲ့အခါမှာ ပုံပြင်တစ်ပုဒ်လို ပြန်ပြောပြမိမှာက
“ကျွန်တော် သူလိုလူမျိုးကို သိခွင့်ရခဲ့တယ်”။
Myo Zaw Aung
https://www.facebook.com/myozawaung/posts/10212945564809163
No comments:
Post a Comment