Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 16, 2017

'ဒေါက်တာမင်းဇော်ဦး - ABSDF ရဲဘော်ဟောင်း၊ JMC-TSC ညွှန်ကြားရေးမှူးဟောင်း ရေးတဲ့စာ'


'ဒေါက်တာမင်းဇော်ဦး - ABSDF ရဲဘော်ဟောင်း၊ JMC-TSC ညွှန်ကြားရေးမှူးဟောင်း ရေးတဲ့စာ'
မြန်မာပြည်ထဲကနေ တောထဲရောက်တာ မဟုတ်ဘဲ တတိယနိုင်ငံကနေ သင်္ဘောသားတို့  ကျောင်းသားတို့  ဘ၀တွေကနေမှ ငြိမ်မနေနိုင်လို့  တောထဲကိုရောက်၊ လက်နက်ကိုင်တော်လှန်ရေး လုပ်တဲ့ ထူးထူးခြားခြား မကဒတရဲဘော်တွေထဲမှာ ကိုမင်းဇော်ဦးပါတယ်။ စင်္ကာပူကနေ မြန်မာနိုင်ငံတောင်ပိုင်းက ကျောင်းသားတပ်တွေဆီ ရောက်လာပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့ဖူးသူ၊ သေနတ်ပစ် ၀ါသနာကြီးသူ၊ ပညာရေးကို ခုံမင်သူ၊ အဖွဲ့ အစည်းကနေမှ ပညာသင်လျောက် နိုင်ငံခြားကိုသွားလို့ ပညာဆက်လက် သင်ယူပြီး နိုင်ငံခြားတက္ကသိုလ်တွေက ဘွဲ့ ရသူ အနည်းငယ်ထဲမှာ တယောက်ပါဝင်သူ

အဖွဲ့ အစည်းတခုထဲမှာ တာဝန်ထမ်းနေစဉ် လူချင်းမဆုံဖူးလိုက်သူတွေထဲမှာ ကိုမင်းဇော်ဦးပါတယ်။ သူကတနေရာ ကိုယ်ကတနေရာ။ Peace Process ထဲရောက်တော့မှ ထဲထဲဝင်ဝင် ဆုံရတယ် ဦးသိန်းစိန်အစိုးရလက်ထက်ကော ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်မှာပါ ....

သူရဲ့ နူတ်ဆက်စကားထဲမှာ သူလုပ်သွားတဲ့ အလုပ်တွေကို ပြန်ပြောင်းပြောပြချက်တွေ သူ့ အမြင်တွေပါတယ်။ NCA တွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွေကို သိပြီး JMCကို သိပ်မသိသေးတဲ့ စိတ်ဝင်စားသူတွေအတွက် သူ့ နူတ်ဆက်စကားကနေ တစုံတရာ စေ့ငုနိုင်မယ် ထင်မိတယ်
.....................................................................................................
Min Zaw Oo added 9 new photos — with Seng Pan Lasham and 5 others. 8 hrs ·
'JMC-TSC မှ တစ်ဆစ်ချိုး နူတ်ဆက်စကား'
ပြီးခဲ့တဲ့ သောကြာနေ့ ကတော့ ကျွန်တော်အနေနဲ့ JMC-TSC မှာ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်မှုရဲ့နောက်ဆုံးရက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်တာ ကာလအတွင်းမှာ ငြိမ်းချမ်းရေးဆိုင်ရာ အကောင်အထည်ဖော်မှုများအတွက် ပါဝင်လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကနေ အချိုးအကွေ့ တစ်ခုလို့လည်းပြောလို့ရပါတယ်။

၂၀၁၂ အောက်တိုဘာကစပြီး မြန်မာပြည်ကို ပြန်လာပြီးတဲ့နောက် MPC ရဲ့ Ceasefire Negotiation and Implementation (CFNI) ဌာနမှာ ညွှန်ကြားရေးမှူးအဖြစ်တာဝန်ယူခဲ့ပါတယ်။ အဓိကအားဖြင့် NCA ညှိနိုင်းကြတဲ့ အခါမှာ အစိုးရ ဖက်က ညှိနိုင်းဆွေးနွေးသူတွေကို နည်းပညာအထောက်အကူပြုတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အစိုးရ နဲ့ EAO တို့အကြား ကွာဟချက်တွေကို ကျော်လွှားဖို့ နည်းပညာအရဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အစိုးရ၊ တပ်မတော် နဲ့ လွှတ်တော်တို့ အကြားမှာ အတွင်းပိုင်းညှိနိုင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း အဓိက နည်းပညာအထောက်အကူပြုအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီပါဝင်ပတ်သက်မှုတွေကြောင့် NCA ညှိနိုင်းမှုဖြစ်စဉ်၊ သဘောတူညီချက်ပါ စာလုံးတိုင်းကို ဘယ်လိုဆွေးနွေးပြီး ဘယ်လိုညှိခဲ့ရတယ်ဆိုတာကို ထဲထဲဝင်ဝင် နားလည်ခဲ့ပါတယ်။

NCA ကို လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေကို စောင့်ကြည့်ကြီးကြပ်ဖို့ JMC ကို ပြည်ထောင်စု အဆင့် ကော်မတီအနေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ တာဝန်ပေးချက်အရ အစိုးရကိုယ်စားလှယ် ကော်မတီအဖွဲ့ဝင်ဖြစ်ခဲ့တယ်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ဆိုတဲ့ သဘောတရားက ယနေ့ အကောင်အထည်ဖော်နေတဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကြားထဲမှာ ထူးခြားတဲ့ ပုံစံအသစ်တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာ ပညာရှင်များစုက သူတို့ သိတဲ့ ပုံစံတွေနဲ့ မတူဘူးလို့ ဆိုပါတယ်။ နိုင်ငံခြားက ပညာရှင်အများစုကလည်း ဒီmodel အကောင်အထည်ဖော်လို့ မရဘူးလို့လည်းပြောကြပါတယ်။

ကျွန်တော်တို့ အတွက်ကတော့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ အကူးအပြောင်းက အသစ်တွေချည်းပါပဲ။ မြန်မာပြည်ရဲ့ အကူးအပြောင်းပုံစံက အခြားနိုင်ငံတွေထက်ထူးခြားချက်တွေရှိသလို ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အခြားဖြစ်စဉ်တွေနဲ့ ကွဲပြားချက်တွေ အများကြီး ရှိခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စတင်ပါဝင်ခဲ့ကတည်းက ဖြစ်နိုင်ခြေနဲတယ်ဆိုတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားခဲ့ရတဲ့ ဖြတ်သန်းမှုက ရှိနေပြီးသားပါ။ ဒါကြောင့် JMC နဲ့ ပတ်သက်ပြီး တာဝန်ပေးချက်အရ ဖြစ်အောင်အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စာရွက်ပေါ်မှာ ရေးထားတဲ့ တစ်ခါမှ မလုပ်ခဲ့ဘူးတဲ့ Concept တစ်ခုကို ရုပ်လုံးပေါ်လာအောင်အကောင်အထည်ဖော်ရတဲ့ စိန်ခေါ်မှုတွေကတော့ မသေးလှပါဘူး။
NCA ထဲမှာ ကော်မတီတွေကို ဘယ်လိုအစုအဖွဲ့တွေနဲ့ ပြည်ထောင်စု၊ ပြည်နယ် နဲ့ဒေသဆိုင်ရာတွေမှာ စုဖွဲ့ဖို့ ရေးထားပေမယ့် အလုပ်အဖွဲ့နဲ့ ပတ်သက်လို့ တိတိကျကျ ရေးသားထားခြင်း မရှိပါဘူး။
ပထမဆုံး စိန်ခေါ်မှုကတော့ အလုပ်အဖွဲ့တစ်ခုကို ဖွဲ့စည်း လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

NCA လက်မှတ်ထိုးအပြီး JMC လုပ်ငန်းတွေကို စတင်ကြတဲ့ အခါ ဘဏ္ဍာငွေ သီးသန့်ရယ်လို့ မရှိခဲ့ပါဘူး။ အဲဒီအချိန်က MPC မှာ ကျွန်တော်တာဝန်ယူရတဲ့ CFNI ဌာနရဲ့ လုပ်အားကို JMC အတွက် အသုံးပြုနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် JMC အလုပ်အဖွဲ့ရဲ့ ပင်မရင်းမြစ်က CFNI ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၆ ခုနှစ် မတ်လ (၂၈)ရက်နေ့မှာ MPC ကို တရားဝင် ဖျက်သိမ်းလိုက်တဲ့ အတွက် CFNI ဆိုတာလည်း မရှိတော့ပါဘူး။ ဒါပေမယ့် NCA ပါ အချက်များကို အကောင်အထည်ဖော်ဖို့ ဆိုတာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အဓိက အနှစ်သာရပဲဖြစ်ပါတယ်။ NCA ရဲ့ တန်ဖိုးက ဒီသဘောတူညီချက်တွေကို ဘယ်လောက်ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်လည်း ဆိုတဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ ဒါကြောင့် MPC မရှိတော့ပေမယ့်လည်း ဖြစ်တဲ့ နည်းနဲ့ JMC လုပ်ငန်းတွေကို ခါးဆက်မပြတ်အောင် ဆက်လက်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

CFNI မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေကလည်း JMC အကောင်အထည်ဖော်မှုတွေ ဆက်လက်လုပ်တောင်ရမယ်လို့ ယုံကြည်တဲ့ အတွက် လခတစ်ပြားမှ မရခဲ့ပေမယ့် ရုံးကို တစ်ပတ်ခြောက်ရက်လာပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တစ်ချို့တွေဆို မိသားစုတွေရှိကြပေမယ့် တစ်ခြားအလုပ်မရှာဘဲ ကုတ်ခဲပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အစိုးရသစ်တက်လာပြီးတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ JMC ခေါင်းဆောင်တွေ တွေ့ဆုံနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ JMC လုပ်ငန်းရဲ့ အရေးပါမှုကို သဘောပေါက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံကလည်း ဆက်လက်လုပ်ငန်း အကောင်အထည်ဖော်နိုင်အောင် ပံ့ပိုးခဲ့ပါတယ်။
ဇွန်လ ၂၀၁၆ မှာတော့ UNDP ရဲ့ အထောက်အပံ့နဲ့ JMC ယာယီရုံးအဖွဲ့ကို စတင်ဖွဲ့စည်း လုပ်ဆောင်နို်င်ခဲ့ပါတယ်။ အလုပ်အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ပေးခဲ့တဲ့ အပေါ်မှာ conflict of interest တွေ လျော့ချနိုင်ဖို့ ကျွန်တော်ကိုယ်တိုင် JMC ပြည်ထောင်စုအဆင့် ကော်မတီက နုတ်ထွက်ခဲ့ပြီး အလုပ်အဖွဲ့မှာ ပဲ သီးသန့်တာဝန်ယူခဲ့ပါတယ်။

JMC ကော်မတီအဆင့်ကို ပဋိပက္ခထဲမှာ ပါဝင်သူတွေနဲ့ စုဖွဲ့ထားတာဖြစ်တဲ့ အတွက်ကြောင့် ကော်မတီဝင်တွေကြားမှာ တစ်ဖက်နဲ့တစ်ဖက် အကောက်အယူတွေကတော့ ရှိကြတာ ဓမ္မတာပါ။ ဒါက ပေးထားချက်အရှိတရားပါ။ ဒါပေမယ့် JMC ရဲ့လုပ်ငန်းသဘောသဘာဝက ကြားထဲကနေဆောင်ရွက်ရတာဖြစ်တယ်။ ဒီစိန်ခေါ်ချက်ကို ကျော်လွှားဖို့ ဒေါက်တိုင် (၂)ခုကို တည်ဆောက်ခဲ့ကြတယ်။
ပထမ ဒေါက်တိုင်က လုပ်ငန်းလမ်းညွှန် ဆိုတဲ့ TOR/SOP များ ရေးဆွဲခြင်းဖြစ်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အငြင်းပွားမှုတွေ နဲနိုင်သမျှနဲ အောင်လုပ်ဖို့ အလုပ်မလုပ်ခင် ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ကြိုတင်သဘောတူညီချက်များ ယူထားကြတာဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို အတူတူရေးဆွဲပြီး လိုက်နာအောင်လုပ်တဲ့ အလေ့အထကို ထူထောင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယဒေါက်တိုင်က နိုင်ငံရေးမပါတဲ့ အလုပ်အဖွဲ့ ပဲဖြစ်ပါတယ်။ အလုပ်အဖွဲ့ကို ဖွဲ့စည်းရာမှာ professionalism နဲ့ ဘက်မလိုက်မှုတို့ကို အခြေခံပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဝန်ထမ်းခန့်အပ်ရာမှာ အစိုးရ၊ EAO နဲ့ အရပ်သားကိုယ်စားလှယ်များ၊ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များပါဝင်တဲ့ ရွေးချယ်ရေးအဖွဲ့ကို စုဖွဲ့ပြီး စံသတ်မှတ်ချက်တွေထားပြီး ရွေးချယ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ JMC-TSC ဝန်ထမ်းများရဲ့စွမ်းဆောင်ရည်ကို နိုင်ငံတကာ အဖွဲ့အစည်းများကတောင် အသိအမှတ်ပြုရပါတယ်။ Professional အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။

TSC ဝန်ထမ်းတွေအနေနဲ့ တာဝန်ထမ်းဆောင်ရာမှာ ပဋိပက္ခမှာပါဝင်တဲ့ ဘက်နှစ်ဘက်လုံးရဲ့ ဆန္ဒတွေ၊ ဖြစ်ချင်ဇောတွေကို TOR များလက်ကိုင်ထားပြီး ဆောင်ရွက်ခဲ့ရပါတယ်။ စိန်ခေါ်မှုတွေကတော့ ရှိနေဆဲဖြစ်ပေမယ့် ဘတ်မလိုက်ပဲ အလုပ်လုပ်ရတဲ့ Professional ယဉ်ကျေးမှုတစ်ခုကို JMC-TSC မှာ အုတ်မြစ်ချနိုင်ခဲ့ပါတယ်။

၂၀၁၇ ဖေဖော်ဝါရီမှာပဲ အစိုးရ နဲ့တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ရံပုံငွေများ ပေါင်းစပ်ညှိနိုင်းတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဦးဆောင်တဲ့ JCB အဖွဲ့က JMC လုပ်ငန်းများ အကောင်ထည်ဖော်ဖို့ ပထမတစ်နှစ်ကို အမေရိကန်ဒေါ်လာ ၆.၅ သန်း သုံးစွဲခွင့် ပြုခဲ့ပါတယ်။ ဒါပေမယ့် ငွေကြေးထောက်ပံ့မှုကိုတော့ JMC-TSC အနေနဲ့ သက်ဆိုင်ရာ အလှူရှင်များနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုနဲ့ ပထမ တစ်နှစ်အတွက် ဒေါ်လာ (၆.၅) သန်းကို ရရှိနိုင်ခဲ့ပါတယ်။ ဒီငွေပမဏဟာ အယင် MPC ၃ နှစ်ခွဲ ကြာ သုံးစွဲခဲ့တဲ့ ဘတ်ဂျတ်ထက် ပိုများပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်တွင်း အခြေစိုက်အဖွဲ့တစ်ခုအနေနဲ့ ဘတ်ဂျတ်အများဆုံး အဖွဲ့ဖြစ်ပါတယ်။

ငွေကြေးသုံးစွဲမှုများကို စနစ်တကျဖြစ်အောင်လည်း professional ဝန်ထမ်းများရဲ့ အကူအညီနဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုရှိအောင် ဘတ်ဂျတ်အသေးစိတ်ကို JMC ပြည်ထောင်စုအဆင့် အဖွဲ့ဝင်များထံ ပေးပို့ပြီး အတည်ပြုချက်ရယူပါတယ်။ ကော်မတီဝင်များထံ အနည်းဆုံး တစ်နှစ် ၂ ခါ ငွေကြေးဆိုင်ရာ အစီရင်ခံမှုတွေပြုလုပ်ပါတယ်။ အလှူရှင်တွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီအောင် လုပ်ထုံးလုပ်နည်း ဥပဒေသတွေ ထားရှိလုပ်ကိုင်ခဲ့ပါတယ်။

၂၀၁၅ အောက်တိုဘာလက စတင်လည်ပတ်ခဲ့တဲ့ JMC နဲ့ ၎င်းအလုပ်အဖွဲ့ TSC တို့ရဲ့ (၂၁)လကြာ လုပ်ဆောင်ချက်တွေကို ကြည့်မယ်ဆိုရင် မြန်မာပြည်သမိုင်းမှာ ပထမဆုံးအကြိမ် လုပ်နိုင်ခဲ့တဲ့ အရာတွေ များစွာရှိခဲ့ပါတယ်-

(၁) မြန်မာပြည်မှာ တစ်ခါမှ မရှိခဲ့ဘူးတဲ့ ပူးတွဲစောင့်ကြည့်ရေးယန္တယားတစ်ခုကို အသက်ဝင်လာအောင် အကောင်အထည်ဖော်နို်င်ခဲ့တယ်။
(၂) နိုင်ငံတကာမှာ မလုပ်ခဲ့ဘူးတဲ့ ပူးတွဲစောင့်ကြည့်ရေး Model တစ်ခုကို ပြည်တွင်းက ကျွမ်းကျင်သူတွေကို အခြေခံပြီး တည်ဆောက်နိုင်ခဲ့တယ်။
(၃) တစ်ချိန်က လက်နက်ကိုင်တိုက်ခိုက်နေသူတွေအကြား ပူးတွဲဆောင်ရွက်နို်င်တဲ့ အလေ့အထကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။
(၄) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နှစ်ဖက်ပါဝင်တဲ့ အဖွဲ့အစည်းမှာ Professionalism ကို အခြေခံတဲ့ အလုပ်အဖွဲ့တစ်ခုကို အုတ်မြစ်ချနိုင်ခဲ့တယ်။
(၅) နှစ်ဖက်ပဋိပက္ခတွေကို စီစစ်အတည်ပြုရေး အဖွဲ့တွေ စေလွှတ်ပြီး စုံစမ်းစစ်ဆေးနိုင်ခဲ့တယ်။
(၆) နှစ်ဖက်တပ်မှူးတွေပါဝင်တဲ့ မျက်နှာစုံညီအစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ်ကျင်းပနိုင်ခဲ့တယ်။
(၁၀) ပဋိပက္ခဖြစ်တဲ့ သူတွေအကြားပူးပေါင်းပြီး ပြည်သူလူထုနဲ့ တွေ့ဆုံ၊ လူထုအသံနားထောင်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ခဲ့တယ်။
(၁၁) NCA လက်မှတ်မထိုးခင်ကာလ နဲ့ ထိုးပြီးကာလ နှစ်ခုယှဉ်ကြည့်ရင် လက်မှတ်ထိုးပြီးသူတွေအကြား တိုက်ပွဲတွေ (၉ ၀%) လောက် လျော့ချနိုင်ခဲ့တယ်။
(၁၂) ပဋိပက္ခဖြစ်တဲ့ သူတွေအကြားပူးပေါင်းဆောင်ရွက်ပြီး စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်။
ဒီလိုအလုပ်တွေလုပ်ဆောင်နိုင်ခဲ့တဲ့ အဓိက အကြောင်းကတော့ နှစ်ဖက်ပါဝင်တဲ့ ခေါင်းဆောင်တွေအကြား NCA ကို အကောင်အထည်ဖော်ရမယ်ဆိုတဲ့ ဆန္ဒတွေရှိကြလို့ပဲဖြစ်ပါတယ်။ ဒီ Political Will မရှိဘဲနဲ့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ပြည်ထောင်စုအဆင့် JMC မှာပါတဲ့ အစိုးရ၊ တပ်မတော်၊ EAO နဲ့ အရပ်သားကိုယ်စားလှယ်တွေကလည်း ကျွန်တော်တို့တွေ အလုပ်လုပ်နိုင်ဖို့ ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးခဲ့ပါတယ်။ ကျွန်တော်တို့အတွက် professional space ကို ခွင့်ပြုခဲ့ပါတယ်။ Professional freedom ကို လက်ခံခဲ့ကြတယ်။
တရုတ်ပြည်ရဲ့အချမ်းသာဆုံးသဌေးကြီး Jack Ma ပြောခဲ့တာရှိတယ်။ အကောင်းဆုံးဝန်ထမ်းဆိုတာ ဌားတာမဟုတ်ဘူး။ ဝန်ထမ်းကောင်းဆိုတာ အဖွဲ့အစည်းက တည်ဆောက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ JMC-TSC မှာ ဒီလို တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရခဲ့ပါတယ်။
ဒီကနေ့မှာ မြန်မာပြည်က အခြား ငြိမ်းချမ်းရေးစုဖွဲ့မှုတွေထက်စာရင် JMC က ရှေ့တစ်လှမ်းပိုရောက်ပါတယ်။ စိန်ခေါ်မှုတွေလည်း ရှိနေပါသေးတယ်။ ဒါတွေကိုလည်း ကျော်လွှားနိုင်ကြမှာပါ။

JMC-TSC ရဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးတာဝန်ကနေ ထွက်ဖို့ ဆုံးဖြတ်ချက်က ကျွန်တော့်ဘဝမှာ ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ JMC နှစ်ဖက်ခေါင်းဆောင်တွေ၊ အလုပ်အဖွဲ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရဲဘော်ရဲဘက်စိတ်၊ နွေးထွေးတဲ့ Professional ဆက်ဆံရေးတွေ တည်ဆောက်ခဲ့ပြီးမှ ထွက်ရတာဖြစ်လို့ စိတ်မကောင်းမိတာကတော့ အမှန်ပါ။

တစ်ဖက်ကလည်း ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အကောင်အထည်ဖော်သူတွေအဖြစ် ပါဝင်ဆောင်ရွက်တာက လုပ်ငန်းလိုအပ်ချက်ကြောင့်ပါ။ ကျွန်တော်တို့ သင်ကြားခဲ့တဲ့၊ အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ လမ်းကြောင်းက သုတေသန လုပ်ငန်းတွေပါ။ ကျွန်တော်တို့ ကျွမ်းကျင်တဲ့ သုတေသနတွေ၊ မူဝါဒရေးရာ အကြံပြုချက်တွေကို အားစိုက်လုပ်ချင်ပါတယ်။ ဒိအတွက် တစ်ချိန်က MPC ဥက္ကဌ ဦးအောင်မင်းကို ပြောခဲ့စဉ်ကလည်း သူက NCAကို ပြီးအောင်ကူညီဆောင်ရွက်ဖို့ ပြောလာတဲ့ အပေါ် NCA သဘောတူညီမှု ရရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့ JMC အကောင်အထည်ပေါ်လာဖို့ တာဝန်ပေးခံရတဲ့ အပေါ်မှာ ရုပ်လုံးပေါ်လာအောင် ကြိုးစားခဲ့ပါတယ်။ JMC အနေနဲ့ အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ပြီးစီးခဲ့တဲ့ အတွက် ကျွန်တော်ပိုမို ကျွမ်းကျင်တဲ့၊ ဆန္ဒရှိတဲ့ သုတေသန လုပ်ငန်းဖက်ကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် JMC ရဲ့ လုပ်ငန်းတွေမှာ လိုအပ်သလို အချိန်မရွေးကူညီဆောင်ရွက် သွားမှာလည်းဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်မှာလည်း အကြံပေးအဖြစ် နည်းပညာပိုင်းကို အဓိကထားပြီး ကူညီဆောင်ရွက်သွားပါမယ်။

လွန်ခဲ့တဲ့ (၅) နှစ်မှာ ဖတ်ချင်တဲ့ စာအုပ်တွေ အများကြီးကို အကြွေးထားခဲ့ရတယ်။ ရေးချင်တဲ့ စာတွေ အကြွေးထားခဲ့ရတယ်။ ကို်ယ်မသိတာတွေကို ဆက်လက်လေ့လာသင်ယူချင်တယ်။ သိတဲ့ အချက်တွေကို သုံးသပ်ချက်တွေ ရေးချင်တယ်။ သုတေသနတွေပြုစုချင်တယ်။ ဒီလုပ်ငန်းတွေကိုဆက်လုပ်ရင်း မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့ အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ ဆက်လက်ပါဝင်ဆောင်ရွက် သွားပါမယ်လို့ ဆန္ဒပြုရင်း………….။
မင်းဇော်ဦး
၂၀၁၇၊ သြဂုတ်လ၊ ၁၄ ရက်၊ ၀၇၃၀
ကော်လိုရာဒိုပြည်နယ်၊ အမေရိကန် (ခေတ္တ)
ဆက်စပ် ဆောင်းပါး




 


No comments:

Post a Comment