Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 25, 2017

အနစ်နာခံခဲ့သူများသို့တမ်းချင်း



အနစ်နာခံခဲ့သူများသို့တမ်းချင်း

‘သားရယ်၊ စစ်အင်ဂျင်နီယာ တက်ပါလားကွယ်။ မင်းအဖေနဲ့သိတဲ့ဗိုလ်မှူးကြီးက လျှောက်လွှာကို
ထောက်ခံပေးမယ်လို့ ပြောတယ်။ သားရဲ့ အောက်မှာ ညီလေး၊ ညီမလေး ရှိသေးတယ်လေ။ သား၊ မင်း
သိတဲ့အတိုင်း အမေက လည်ပင်းကြီး ရောဂါနဲ့၊ မောလို့ ကျောင်းမှာ စာသင်ပြီးရင်အိမ်မှာ စာမသင်နိုင်ဘူး။
မင်းအဖေရဲ့ အင်္ဂလိပ် ဂရမ်မာ ကျူရှင်ကလည်း အမြဲတမ်း ကျောင်းသားရှိနေတာ မဟုတ်ဘူးလေ’ လို့
အမေက သားကိုလှမ်းပြောတယ်။

‘အမေ၊ သားက စစ်တပ်လို ပုံစံခွက်နဲ့ကိုယ့်ကို ချုပ်ချယ်တာမျိုး မကြိုက်ဘူး။ ပြီးတော့ အမေသိတဲ့
အတိုင်းပဲ။ ၈၈ အရေးအခင်းတုန်းက စစ်သားတွေ ပစ်သတ်တာကို သားတို့ ရွှေဂုံတိုင်ကုန်းပေါ်က တွေ့ဖူး
တာပဲ။ လုံးဝ မကြိုက်ဘူး။ မဖြစ်နိုင်ပါဘူး၊ အမေ’

‘သားရယ်စစ်အင်ဂျင်နီယာ တက်ရင်လခလည်းရ။ ပညာလည်းတတ်၊ ငွေလည်း မကုန် ဖြစ်မှာ
ပေါ့။ ရိုးရိုးအင်ဂျင်နီယာဆိုတာ ခြောက်နှစ်လောက်တက်ရမယ်။ ပိုက်ဆံတွေ အများကြီး ကုန်မှာပေါ့’ ဘေးမှ ညီနှင့် ညီမတို့ မျက်နှာသေလေးတွေနဲ့ ငြိမ်ကုပ်နေကြတယ်။ တစ်ချိန်လုံးငြိမ်ပြီး ဘေးမှ
နားထောင်နေတဲ့အဖေက ဒီလိုပြောပြီး စကားဝိုင်းကိုအဆုံးသတ်လိုက်တယ်။

‘အေး၊ သားရေ။ တက္ကသိုလ်ရွေးချယ်တာဟာ ဘဝကို ရွေးချယ်တာပဲလေ။ မင်းတို့ဟာ အဖေတို့ရဲ့
နွားအို နောက်ကျသား ဖြစ်လို့မင်းတို့အဆင်ပြေကြီးပွားမယ့်အခြေအနေကိုအဖေတို့ မြင်ရမှာ မဟုတ်ဘူး။
အဖေတို့ မရှိတဲ့ နောက်ပိုင်း၊ မင်းတို့ရဲ့ဘဝကို မင်းတို့ဘာသာ လျှောက်ရမှာ။ အဲ့ဒီအခါ အဆင်မပြေခဲ့ရင်
အဖေတို့ရွေးချယ်ပေးခဲ့တဲ့လမ်း ဆိုပြီး သားတွေးလိမ့်မယ်။ အဲ့ဒါကြောင့်သားဘဝရဲ့ လမ်းကြောင်းကို သား
ဘာသာ ရွေးချယ်ခဲ့တယ်လို့ မှတ်ထားလိုက်ပါ။ သားကြိုက်တဲ့ အရပ်ဘက်အင်ဂျင်နီယာကို တက်ဖို့ ရွေး
လိုက်တော့။ အခုအဖေယူလာတဲ့စစ်အင်ဂျင်နီယာ ဝင်ခွင့်ဖောင်ကိုမဖြည့်နဲ့တော့။ သွားမတင်တော့ဘူး။’ 1995 May မှာ YIT ကို ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ အထက်တန်းကျောင်းမှ YIT ကို အတူ
ဝင်ခွင့်ရတဲ့ ကျောင်းသားတစ်ယောက်နဲ့အတူ ကျောင်းတော်ကြီးမှ စတင်ပညာသင်ကြားခဲ့ပါတယ်။ တော
ကျောင်းမှ YIT ကို တက်ခဲ့ရသူဖြစ်လို့ ကိုယ်လို သင်းကွဲတွေ၊ အဆောင်ကျောင်းသားတွေနဲ့ပဲ ပေါင်းသင်း
ဖြစ်ခဲ့ရတယ်။ ဝတ္ထုဖတ် ဝါသနာပါလို့ အဆောင်ကျောင်းသားတွေနဲ့ အတူ တွဲဖြစ်ခဲ့တယ်။ သန်းထွတ်၊
ဥာဏ်လင်းမင်း၊ အောင်မြတ်ကျော်တို့နဲ့ အင်းလေးဆောင်အခန်းမှာ စတည်းချလို့ အဆောင်ကျောင်းသား
ဘဝကို တစ်ပိုင်းတစ်စ ခံစားခဲ့တယ်။ သူငယ်ချင်းတစ်ဦး ပြောပေးလို့ အင်းလေးဆောင် စားပွဲထိုး
ဦးလေးကြီးကိုပိုက်ဆံပေးထားပြီး၊ အဆောင်ကျောင်းသား ဟန်ဆောင်ပြီး သွားစားခဲ့ဖူးတယ်။
အဆောင်ကျောင်းသားတွေနဲ့ ယန္တရားဝင်းကြီးထဲမှ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ငွေတောင်
တစ်ပွဲ၊ ချိုပေါ့တစ်ခွက်နဲ့ ဖြစ်တည်မှု ပဓာနဝါဒကို ကိုင်စွဲ၊ မောင်ချောနွယ်ရဲ့ ကဗျာရှည်ကို တဖွဖွရွတ်လို့
လွတ်လပ်မှုအရသာကို မြည်းစမ်းခဲ့ဖူးတယ်။ ဖေါ်ဝေးရဲ့ ကဗျာ၊ မြေချစ်သူကဗျာတွေ ကြိုက်တဲ့သူငယ်ချင်း
နဲ့လည်း ခင်ခဲ့ဖူးတယ်။ ဖျာကြမ်း တစ်ချပ်၊ ခေါင်းအုံးပါးပါး တစ်လုံး၊ အိပ်ယာအောက်မှာ သေတ္တာတစ်လုံး
သာရှိတဲ့အင်းလေးဆောင်က ခပ်မှောင်မှောင်အခန်းလေးမှာ စတည်းချခဲ့ဖူးတယ်။

အဖေ၊ အမေ၊ ဆရာ၊ ဆရာမရဲ့ မမြင်ကွယ်ရာမှာ အဖေ တစ်သက်လုံး တစ်စက်မှ မသောက်ဖူးခဲ့တဲ့
အရက်ကို ကျွန်တော် စမ်းသပ်ပြီး၊ ရံဖန်ရံခါ သောက်နေတဲ့ ကျွန်တော်။ အရသာထက် စမ်းသပ်ဖို့ကို
ပိုကြိုက်လို့ ဒိုင်ယာစီဖင်တွေလည်း စမ်းသောက်ဖူးပါရဲ့။ အတန်းတွေလစ်၊ အာစီတူးမှာလည်း အချိန်တွေ
ဖြုန်းလို့၊ ပထမနှစ်B ခန်းမှဒုတိယနှစ်D ခန်း။ ဒုတိယနှစ်စာမေးပွဲမှာလည်း ကောင်းကောင်း မဖြေနိုင်တော့
ပါဘူး။

ကျွန်တော်ရွေးချယ်ခဲ့တဲ့ကျွန်တော့်လမ်းမှာ ယိုင်ထိုး ယိုင်ထိုး ဖြစ်နေပါပြီ။ နောက်တစ်ခါ လမ်းဆုံး
မှာလည်း မိသားစုကိုပြောပြီး၊ ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ နောက်တစ်နှစ်မှ ဖြေတော့မယ်။
အဖေ့ရဲ့ စကားအတိုင်း ‘ကိုယ့်ဘဝကိုကိုယ်တာဝန်ယူဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။’ ဒုတိယနှစ်ကို ဒုတိယအကြိမ် ပြန်တက်ချိန်မှာ ‘မင်း တယောက်ထဲ မဟုတ်ဘူး’ ဆိုတဲ့ စာသား
အတိုင်း၊ တောက်လျှောက်တွဲဖြစ်မယ့် ကျော်မင်းခိုင်၊ နိုင်လင်းအောင်၊ ဝက်ကြီး၊ ဗိုက်ပူတို့နဲ့ ဆုံဖြစ်ပါတော့
တယ်။ အဲ့ဒီနှစ်မှာ ကျွန်တော်နဲ့ လအနည်းငယ်တွဲပြီး ကွဲကွာသွားခဲ့တဲ့ သူငယ်ချင်း နှစ်ယောက်ရှိပါတယ်။

စိုးမင်းနိုင်နဲ့ဇော်မင်းထိုက်ကျော်။
သူတို့နဲ့ ကျွန်တော်သုံး၊ လေးလလောက်တော်တော်တွဲဖြစ်ပါတယ်။ အတန်း အတူတက်၊ ထမင်း
အတူစား။ ဘဝအတွက်ဒုတိယအကြိမ်ပြန်ကြိုးစားနေခဲ့ပါတယ်။
၁၉၉၆ အရေးအခင်းကြီး ဖြစ်ပြီး၊ ကျောင်းတွေ ပိတ်သွားတယ်။ ပြန်ဖွင့်တော့ နှစ်ပတ်လောက်
အတန်းတွေ တက်ပြီး၊ စာမေးပွဲတွေ ဖြေရတယ်။ ရန်ကုန် (YTU) နဲ့ ပြည် (PTU) ဆိုပြီး နှစ်ကျောင်းခွဲ။
ဆရာ၊ ဆရာမတွေ ကားအကြီးကြီး တစ်စီးနဲ့ ဟိုဒီပြေးလွှား၊ နှစ်ဘာသာပေါင်း ၁၅၀ မှတ်အင်ဂျင်နီယာ
အသစ်တွေ၊ ဆရာဖြစ်အင်ဂျင်နီယာတွေ အသစ်မွေးထုတ်ခဲ့။

(၂)

သန်လျင်နည်းပညာ ကောလိပ်ဝင်ပေါက်မှ ဝင်ရင်သီဟိုတောကို ဖြတ်ရပါတယ်။ ပြီးတော့ စာသင်
ကျောင်းဆောင်တွေကို ရောက်မယ်။ ဆက်သွားရင်ကန်တင်း။
ဆက်သွားရင်ဝန်ထမ်းအိမ်ယာနဲ့ဆရာ၊ ဆရာမတွေရဲ့ လုံးချင်းအိမ်လေးတွေ ရှိပါတယ်။ ကျောက်
လမ်းဟာ ကျောင်းအုပ်ဆရာမကြီး အိမ်ထောင့်မှာ ဆုံးသွားပါတယ်။ ကျောက်လမ်းအဆုံးမှ လှမ်းကြည့်ရင်
မြက်လမ်းလေးပါ။ ဘေးမှာ မလေးရှား ပိတောက်ပင်တန်းလေး ရှိပါတယ်။ မြက်လမ်းလေး အဆုံးမှာ
ရေအိုင်လေးကို ဖြတ်ထိုးထားတဲ့ဝါးတံတားလေး ရှိပါတယ်။
အဲဒီတံတားလေးက ရေအိုင်လေးကို ကျော်တဲ့အထိ မရောက်ပါဘူး။ တစ်ဝက်လောက်မှာ
ခြောက်ပေလောက်ကျိုးနေပါတယ်။ အဲ့ဒီနေရာရောက်ရင်ရေအိုင်ထဲကို ဆင်းရပါတယ်။ ဒူးလည်လောက်
အထိနက်ပါတယ်။ ကြည်လင်နေတဲ့အခါ ရေအိုင်လေးထဲမှာ ကျွဲမျှော့ကြီးတွေ တဖျပ်ဖျပ်ကူးသွားတာကို
တွေ့နိုင်ပါတယ်။

လမ်းလေးအတိုင်း ဆက်လျှောက်လာတဲ့အခါ ကြက်တွေမွေးထားတဲ့ တဲကို တွေ့ပါမယ်။ ဆက်
လျှောက်ရင်း ရိုးလေးတစ်ခုကို ဖြတ်ပြီး ကန်ဘောင်ပေါ်မှာ ပေခြောက်ဆယ်ခန့် ရှည်တဲ့ ကြက်တဲ တစ်လုံး၊
ပြီးတော့ ငါးကန်တစ်ကန်၊ ကြက်တဲရဲ့ အမိုးနဲ့ တစ်ဆက်တည်းမှာ တစ်ဘက်ရပ်တဲလေးတစ်လုံး ကို အဖီ
ဆွဲထားပါတယ်။ အဖီအောက်မှာ ဝါးကွပ်ပစ်လေး ရိုက်ထားပါတယ်။ အဲဒီ ကွပ်ပစ်လေးရဲ့ အပေါ်မှာ
အသက်နှစ်ဆယ်ခန့် လူငယ်တစ်ဦးနဲ့၊ အသက်ငါးဆယ်ကျော်လူကြီးတစ်ဦး ထိုင်နေပါတယ်။ သူတို့နှစ်ဦး
အကြားမှာ ထိုခေတ်နာမည်ကြီး မန္တလေးရမ်တစ်လုံး၊ ဖန်ခွက်နှစ်ခွက်၊ အလယ်မှာ ကြွက်ကြော်အမြည်း
တစ်ပွဲနှင့်သောက်ရေကန်ထဲမှခပ်ထားတဲ့ရေဘူးတစ်ဘူး တင်ထားပါတယ်။
လူကြီးရဲ့ မျက်နှာက ခပ်ပြုံးပြုံး၊ တစ်ချက် တစ်ချက် ခေါင်းတဆတ်ဆတ် ငြိမ့်နေရဲ့။ လူငယ်ရဲ့
မျက်နှာက ခပ်ကုပ်ကုပ်မျက်မှောင်ကျုံ့လို့စိတ်အလိုမကျ ဖြစ်နေပုံ။

‘ကဲ မင်း ဖြေကြည့်လေကွာ။ ကိုယ်ကျင့်တရားဆိုတာ ဘာလဲကွ’ လို့လူကြီးက လှမ်းပြောပါတယ်။
‘မင်း နားလည် လက်ခံထားတာကို ပြောကွာ’ လို့ ထပ်ပြောပြီး ဖန်ခွက်ကို နည်းနည်းမော့လိုက်
တယ်။

‘အင်း၊ ကိုယ်ကျင့်တရားဆိုတော့ ငါးပါးသီလပေါ့’ လို့ လူငယ်က ခပ်ထွေထွေ ပြောတယ်။
‘စာအုပ်ထဲ အကိုးအကားကျမ်းတွေ စာပိုဒ်တွေကို ဖတ်ဖူးပေမယ့် ကိုယ်လက်ခံထားတာကို ခပ်လွယ်လွယ်
စကားနဲ့ပြောဖို့တော့နည်းနည်းခက်တယ်’ လို့လူငယ်တွေးနေတယ်။

‘လွယ်ပါတယ်ကွာ။ ကိုယ်ကျင့်တရား ဆိုတာကို လွယ်လွယ်ပြောရရင်မင်း မခံနိုင်တာကို သူများ
ကို သွားမလုပ်နဲ့ပေါ့ကွာ’ လို့လူကြီးက ပြောပြီး အခက်အခဲ အဖြေကို ပြောလိုက်တယ်။ ‘နောက်ပြီး၊ အမှား၊
အမှန်ဆိုတဲ့ ကိစ္စ။ မင်းတို့ ငါတို့ ဘယ်ဟာ အမှန်၊ ဘယ်ဟာ အမှားဆိုတာ လွယ်လွယ်ကူကူခွဲခြားနိုင်ကြ
တယ်ကွ။ ခွဲခြားတတ်ကြတယ်’
‘တကယ်ခက်တာ ခွဲခြားတဲ့ကိစ္စမဟုတ်ဘူးကွ။ လက်ခံတဲ့ကိစ္စ။ လက်ခံတယ်ဆိုတဲ့ သဘောဟာ
ကျင့်သုံးခြင်းရဲ့ အစဦး။ ကျင့်သုံးတယ်ဆိုတာနဲ့အကျိုးဆက်တွေကိုတာဝန်ယူရပြန်ရော’
‘ပိုခက်သွားပြီကွာ။ တစ်ခါတလေ ကိုယ်တစ်ယောက်ထဲရဲ့ ဆုံးဖြတ်မှုကြောင့် ကိုယ့်ဘဝ၊ ကိုယ့်
မိသားစု၊ ကိုယ့်မျိုးဆက်၊ ကိုယ့်နိုင်ငံသား အစရှိတာတွေ ဆက်သွားတတ်တယ်ကွ။ အဲဒီလိုပဲ၊ ငါ့ဘဝမှာ
ထောင်ဆယ့်တစ်နှစ်ကျခဲ့ဖူးတယ်။ နိုင်ငံရေးကြောင့် ငါးနှစ်တစ်ကြိမ်၊ ခြောက်နှစ်တစ်ကြိမ်၊ မင်းက ငါ့ကို
အခု မလုပ်တော့ဘူးလားလို့ဆက်မေးရင်၊ မလုပ်တော့ဘူးလို့ခံဝန်ထိုးထားရတယ်။ မထိုးရင်လည်း ထောင်
ထဲက ထွက်ရမှာ မဟုတ်တော့ဘူးကွ။ ငါဟာ မြန်မာနိုင်ငံ ရှေ့နေများကောင်စီရဲ့ အတွင်းရေးမှူး လုပ်ခဲ့
တယ်’

‘အခု ထောင်က လွတ်တော့ငါ့ရဲ့ လိုင်စင်ကိုသူတို့သိမ်းထားလို့ငါ လုပ်စားလို့မရဘူး။ ကားမောင်း
နေရတယ်။ ဒါပေမယ့်နိုင်ငံရေးနဲ့တော့ငါ အဆက်မပြတ်ပါဘူး’ လို့လူကြီးက တွေးဆဆနဲ့ပြောပြတယ်။
‘အခုလည်း သူငယ်ချင်းတစ်ယောက်ပြောလို့ ငါးခူစမ်းမွေးကြည့်နေတာ။ အခု ငါ့ဘဝမှာ တတ်နိုင်
သလောက်ပေးဆပ်ထားတယ်။ မင်းဟာ နိုင်ငံကျော်RIT ကျောင်းကြီးက ကျောင်းသား။ နိုင်ငံရေးသမား
ကြီးက RIT ကျောင်းသားကိုနိုင်ငံရေးလုပ်ဖို့ဆွယ်မယ်လို့မင်း မထင်နဲ့။ မစိုးရိမ်နဲ့’

‘မင်းကို ငါပြောသလိုပဲ လူဆိုတာ မှားတယ်၊ မှန်တယ်ကို ခွဲခြားရတာ လွယ်တယ်။ ဒါကို နားလည်၊
လက်ခံဖို့ခက်တယ်။ ငါပြောချင်တာက တစ်နိုင်၊ တစ်ကိုယ်စာ တာဝန်ယူပေးပါ။ ဥပမာ မင်းဟာ လမ်းဆုံးမှာ
မတ်တပ်ရပ်နေတယ်။ အဲ့ဒီအချိန်မင်းသိတဲ့ လူတစ်ယောက်ရှေ့က ဖြတ်ပြေးသွားတယ်။ သူ့ကို မင်းသိ
တယ်။ နိုင်ငံရေး လုပ်နေတဲ့လူကောင်း။ သူ့နောက်မှာ လူတွေနဲ့စစ်သားတွေ လိုက်နေတယ်လို့ဆိုပါစို့။

အဲဒီလူတွေ ရှေ့လူကို မျက်ခြေပြတ်သွားလို့ ဘယ်လမ်းကို ဟိုလူသွားသလဲလို့ မေးတယ် ဆိုပါစို့။ မင်း
ဘာလုပ်မှာလဲ။ မင်း ဟိုလူလွတ်အောင်လမ်းလွှဲကို လက်ညှိုး ထိုးပေးလိုက်ရုံပါပဲ။ အဲဒါကြောင့် လက်ညှိုး
လေး ထိုးပေးပြီး မင်းတစ်ကိုယ်စာပဲ တာဝန်ယူပါ’

(၃)

နေရာ - လှည်းတန်းမီးပွိုင့်ဝန်းကျင်
အချိန်- ၂၀၀၃ ခုနှစ်၊ ဖေဖဝါရီလ (ဘွဲ့ယူအပြီး သုံးလခန့်အကြာ)
ခပ်ပိန်ပိန် လူငယ်တစ်ယောက် စည်ကားသာယာလှတဲ့ လှည်းတန်းမီးပွိုင့် တစ်ဝိုက်တွင် လမ်း
လျှောက်နေပါတယ်။

‘ဟာ ဟေ့ကောင်၊ မင်း မင်း စိုးမင်းနိုင်မဟုတ်လား’ လို့ ရှေ့မှ ခပ်ပိန်ပိန်ကလန်ကလား မျက်လုံး
စွေစောင်းစောင်းနဲ့လူငယ်ကိုလှမ်းပြောလိုက်တယ်။
‘ဟာ ဟေ့ကောင်ကြီး’ လို့တွေ့ရမယ့်လူကို ကြိုသိထားသလို လေသံနဲ့ ပြန်ပြောပါတယ်။
ကွဲကွာသွားတဲ့ နှစ်ကာလတွေကို သူအသိအမှတ်မပြုဘူး။ လာကွာ လက်ဘက်ရည်ဆိုင်သွားရ
အောင်။

‘ဘယ်တုန်းက ရန်ကုန်ရောက်နေလဲကွ’ လို့ကျွန်တော်မေးလိုက်တယ်။
‘အေးကွာ။ နှစ်ပတ်လောက်တော့ရှိပြီကွာ’
‘ဘယ်မှာနေလဲ’ လို့ကျွန်တော်မေးလိုက်တယ်။
‘ဟိုရောက်၊ ဒီရောက်ပါပဲကွာ။ အခု အဆောင်မှာနေတယ်။ တစ်ခါတလေ ဘကြီး ဘုန်းကြီးဆီမှာ
သွားခိုးအိပ်တယ်။ အလုပ်တွေကတော့ အများကြီး လုပ်နေတယ်ကွ။ နေတာ၊ စားတာ၊ ကိုယ့်ပိုက်ဆံ
တစ်ပြားမှ မရှိဘူးဟ။ ဟိုကောင်ကို လည်ပင်းညှစ်၊ ဒီကောင်ကို လည်ပင်းညှစ်ပဲ။ ဒီကောင်တွေကလည်း
အခုကျောင်းပြီးလို့ရန်ကုန်မှာ အလုပ်လာရှာနေကြတာဆိုတော့ငါ့အတွက်ကွက်တိပဲပေါ့ကွာ။

ငါ့အကြောင်းကိုတော့ဖြေးဖြေးမှ ပြောတော့မယ်ကွာ’ လို့စိုးမင်းနိုင်က ကျွန်တော့်ကိုလှမ်းပြောတယ်။
‘ပြီးတော့မင်း အကူအညီလည်း လိုတယ်ကွာ’
‘ငါလည်း တော်တော်ရုန်းရတာကွ။ အရင်တုန်းက ကျောင်းမှာ အတူတွဲတဲ့ ကောင်တွေလည်း ငါ့လို
နိုင်ငံရေးနဲ့ ထောင်ကျပြီး ထွက်လာတဲ့ကောင်ကို မခေါ်ချင်၊ မပြောချင်ဘူးကွာ။ ဘကြီး ဘုန်းကြီးကလည်း
ဝန်ကြီးက ကိုးကွယ်ပြီး ကျောင်းဆောက်လှူထားတယ်ဆိုတော့ ငါ့ကို သူ့ဘုန်းကြီးကျောင်းမှာ မနေစေချင်
ဘူးလို့ပြောတယ်ကွ’

‘တစ်ရက်ငါ့အိမ်မှာ ထမင်းလာစားကွ’ လို့ချိန်းပြီး ကျွန်တော်တို့လမ်းခွဲလိုက်တယ်။
မဥက္ကလာ ဘုန်းကြီးလမ်းထိပ်ရှိ လက်ဘက်ရည်ဆိုင်အသေးလေးတစ်ခုမှာ စိုးမင်းနိုင်နဲ့ကျွန်တော်
ထိုင်နေပါတယ်။

‘မင်း သိတဲ့အတိုင်းပေါ့ကွာ။ ရန်ကုန်ကနေ ပြည်ရောက်သွားတယ်။ ဘုန်းမော်နှစ်ပတ်လည်ကဗျာ
စာအုပ်ထုတ်တယ်ကွာ။ ဇော်မင်းထိုက်ကျော်နဲ့ငါ အဖမ်းခံရတယ်’ လို့စိုးမင်းနိုင်က ပြောတယ်။
‘အခုဒီကောင်လွတ်ပလား’ လို့ကျွန်တော်ကြားဖြတ်မေးလိုက်တယ်။

‘ငါကတော့ နိုင်ငံရေး မလုပ်တော့ဘူးဆိုပြီး ခံဝန်ထိုးခဲ့လို့ ထွက်လာတယ်။ ဒီကောင်က ခေါင်းမာ
တယ်ကွ။ ခံဝန်တော့မထိုးနိုင်ဘူး၊ လွတ်ချင်မှလွတ်ဆိုတော့အထဲမှာ ကျန်ခဲ့တာပေါ့။ မင်း လုပ်ပေးနိုင်မယ့်
အကူအညီတစ်ခုတောင်းချင်တယ်ကွာ။ ငါ့အတွက်မဟုတ်ပါဘူး။ အထဲက လူတွေ အတွက်ပါ’

‘ဒီလိုကွာ။ ငါ အပြင်ထွက်လာတော့ အထဲမှာ နိုင်ငံရေးမှုနဲ့ ကျတဲ့ လူတွေစာရင်း လုပ်လာခဲ့တယ်။
ရသလောက်၊ သိသလောက်ပေါ့ကွာ။ တစ်ချို့ဆို မိသားစုက ချို့တဲ့လို့ ထောင်ဝင်စာတောင်မတွေ့နိုင်ဘူး
ကွာ။ အဲဒီလူတွေကို ထောက်ပံ့ချင်တယ်။ ငွေတစ်ခုထဲ မဟုတ်ပါဘူး။ စာအုပ်၊ ဆေးဝါး၊ အစားအစာ အစရှိ
သည်ပေါ့ကွာ။ လူတစ်ယောက်ကို တစ်လ ငါးရာကျပ်ထည့်မယ်ဆိုရင်ဆယ်ယောက်ဆို ငါးထောင်ကျပ်
ပေါ့ကွာ။ ငါ အခုမင်းနဲ့အခြားတစ်ယောက်ကိုထပ်ချိတ်ပေးမယ်။ မင်းတို့နှစ်ယောက်တိုင်ပင်ပြီး လုပ်ပေါ့’

‘လိုချင်တာတွေတော့စုလို့ရပါပြီ၊ ဘယ်လိုအထဲကိုပို့မလဲ’ လို့ကျွန်တော်မေးလိုက်တယ်။
‘အဲဒါတော့ မပူနဲ့။ ငါ ဆက်ပေးမယ်။ ဇော်မင်းထိုက်ကျော်ရဲ့ အစ်မက ရန်ကုန်သားနဲ့ အိမ်ထောင်
ကျပြီး မြောက်ဥက္ကလာမှာ နေတယ်။ သူတို့အိမ်ကို စနေ၊ တနင်္ဂနွေဆိုရင်သူ့အမေ လာတယ်။ ဇော်မင်း
ထိုက်ကျော်နဲ့ထောင်ဝင်စာတွေ့ဖို့သွားရင်ပစ္စည်းတွေ ပေးလို့ရတာပေါ့ကွ’ ဟိုပြောဒီပြော ပြောရင်း စိုးမင်းနိုင်ဟာ သူ့အကြောင်းကို ဒီလိုပြောပြပါတယ်။
‘ငါတော့ကွာ၊ ငါ့ညီမ နှစ်ယောက်ကို ယောက်ျား ပေးစားချင်နေတယ်ကွ’
‘ဟ ဘာဖြစ်လို့လဲ အလောတကြီး’ လို့ကျွန်တော်ပြန်ပြောလိုက်တယ်။
‘ငါ့အိမ်မှာ အရင်တုန်းက ရွှေဆိုင်ရှိတယ်။ သစ်စက်ရှိတယ်ကွာ။ အဆင်ပြေတယ်။ ချုံ့ပြောရရင်
အဲဒီအလုပ်တွေက ငါ နိုင်ငံရေးလုပ်တာနဲ့ ထောက်လှမ်းရေးက နှိပ်စက်လို့ အလုပ် မဖြစ်တော့ဘူး။
တော်တော် မွဲသွားပြီ။ ညီမနှစ်ယောက်ကို အိမ်ထောင်ချပြီးပြီဆိုရင် ငါ စိတ်တိုင်းကျတာ ဆက်လုပ်လို့
ရတာပေါ့ကွာ။ အခုတော့စိတ်မဖြောင့်ဘူး’ လို့အဝေးကိုလှမ်းကြည့်ရင်း စိုးမင်းနိုင်ပြောလိုက်တယ်။
တစ်ကြောင်းထဲ ဖြစ်အောင် ချုံ့ပြောလိုက်ပေမယ့် ဘယ်လောက် အခက်အခဲတွေ ဖြစ်ခဲ့မယ်
ဆိုတာကိုကျွန်တော်တွေးကြည့်ရင်း ငိုင်ကျသွားတယ်။

‘မင်း သတင်းစာဖတ်လား’ လို့သူက ကျွန်တော့်ကိုလှမ်းမေးတယ်။
ကျွန်တော်က ‘မဖတ်ဖြစ်ဘူး’ လို့ ပြန်ပြောလိုက်တယ်။
‘လွန်ခဲ့တဲ့ နှစ်ရက်က တရားဝင်စာ ထုတ်လိုက်ပြီကွ’ လို့ သူ ထပ်ပြောတယ်။ ကျွန်တော်ဘာမှ
နားမလည်ဘူး။

‘မင်း ငါ့ကိုအစ၊ အဆုံးပြောကွာ။ ငါ ဘာမှနားမလည်ဘူး’ လို့ကျွန်တော်ပြောလိုက်တယ်။
‘ဒီလိုကွ၊ ငါ နိုင်ငံရေး မလုပ်တော့ဘူးဆိုပြီး ခံဝန်ထိုးပြီး ထွက်ခဲ့တယ်။ နယ်ပြန်တယ်ကွာ။ အဲဒီမှာ
လူငယ်တွေကို စည်းရုံးတယ်။ စာသင်တယ်။ နောက်ဘာတွေ့လည်းဆိုတော့ ရေငန်ပုဇွန် မွေးမြူရေး
လုပ်ငန်း၊ စစ်တပ်က ကမ်းနားက လယ်တွေကို သိမ်းတယ်။ ပြီးတော့ လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး ပုဇွန်
မွေးမြူရေး လုပ်တယ်ကွာ။ မင်း သိတဲ့အတိုင်း။ ငါတို့ဆီမှာ လယ်သမားဟာ သူလုပ်ကိုင်တဲ့လယ်ဧက
အလိုက် အစိုးရကို လျှော့ဈေးနဲ့ စပါးရောင်းပေးရတယ်။ ပြဿနာ ဘာဖြစ်လဲဆိုတော့ တရားဝင် မြေပုံ
ပေါ်မှာက လယ်မြေ၊ ဒါပေမယ့် တကယ်က ပုဇွန်ကန်။ အဲ့ဒီတော့ ပုဇွန်မွေးလို့ မရဘဲ လယ်တကယ်စိုက်တဲ့
လယ်သမားတွေဟာ ပုဇွန်ကန်လယ်တွေရဲ့ ကိုယ်တာစပါးကိုပိုပြီး ထည့်ရောင်းပေးရတယ်’
‘အဲဒါကို အဖြစ်မှန်ပေါ်အောင်ငါ မှတ်တမ်း အားလုံးယူဖို့ တပည့်တွေနဲ့ ကွင်းဆင်းတယ်။ Record
ယူတယ်။ နောက်တော့ ငထောက်တွေ သိသွားတယ်ကွ။ အဲ့ဒါ လမ်းပြနဲ့ ရခိုင်ရိုးမ တောထဲကနေ ဖြတ်ပြေး
ရတယ်။ ပြည်ရောက်ဖို့ တစ်ပတ်ကြာတယ်။ ဟိုကောင်တွေက ငါ့ကို ကားဂိတ်၊ လေယာဉ်ကွင်းမှာပဲ ပိတ်
စောင့်နေတာ ဆိုတော့ လွတ်လာတာပေါ့ကွာ။ ထမင်းတောင် ငတ်ခဲ့သေးတယ်ဟ။ ပြည်ရောက်တော့ ငါ
သိတဲ့ကောင်တွေကို လိုက်ရှာ။ ရန်ကုန်သွားဖို့ စရိတ်ကို လည်ပင်းညှစ်ရတာပေါ့ကွာ။ ကိုယ့်ပိုက်ဆံ
တစ်ပြားမှမရှိဘဲ လျှောက်သွားနေနိုင်တဲ့အရည်အချင်းက နည်းတာ မှတ်လို့ကွာ ဟီး’

(၄)

နောက်တစ်ရက်စိုးမင်းနိုင်နဲ့ ကျွန်တော်မြောက်ဥက္ကလာ အဝိုင်းဖက်မှာ လက်ဘက်ရည်ဆိုင်ထိုင်
ဖြစ်တယ်။

သူနဲ့အတူ ပါလာတာ ဟောက်ဆာဂျင်ဆင်းနေတဲ့ ဆရာဝန်တစ်ယောက်။ သူ့ပုံစံက ဆရာဝန်ပုံစံ
သိပ်မပေါက်သလို၊ အရာရာကို စိတ်ဓာတ်ကျနေတဲ့ ပုံပေါ်ပါတယ်။ ဟိုဒီစကားပြောရင်း စိုးမင်းနိုင်ကို
ကျွန်တော်သိချင်တာလေး မေးမိတယ်။

‘အထဲမှာလည်း လူတွေ အများကြီး ရှိတာပေါ့ကွာ။ ငါ သိတဲ့ လူတစ်ယောက်ကို သိမလားလို့’။
‘ဘယ်သူလဲ ပြောလေ’ လို့စိုးမင်းနိုင်ပြန်ပြောတယ်။
‘ရဲကျော်စွာ လို့ ခေါ်တယ်ကွာ။ ငါနဲ့ ကျောင်းမှာ Roll no. ချင်း ကပ်လျက်၊ အခု အရေးအခင်းတွေ
ဖြစ်ပြီးတော့မတွေ့တော့ဘူး’။ ‘သူက ထောင်ကျတာ သေချာရဲ့လား’ လို့ ပြန်မေးတယ်။
‘ကျတယ်လို့ ထင်တယ်ကွ။ ဘာလို့လဲဆိုတော့ ငါနဲ့ သိတဲ့ သူငယ်ချင်းတစ်ယောက်က သူ့
အကြောင်းကို ပြောတယ်။ ဆယ်တန်းအောင် အမှတ်ကောင်းလို့ အာအိုင်တီကို တန်းတက်လို့ မရဘူး။
ထောင်အရင်ကျနေသေးတယ်တဲ့’

‘အရေးအခင်း မဖြစ်ခင်သူနဲ့ ငါ စာအုပ်တွေ အကြောင်း ပြောဖြစ်တယ်။ တော်တော်စာဖတ်ထား
တယ်ကွ’ လို့ကျွန်တော်ပြန်ပြောလိုက်တယ်။

‘ငါနဲ့ ကျောင်းအပြန်ဘတ်စ်ကား အတူတူ စီးတာ၊ ကားပေါ်မှာ သူ့သူငယ်ချင်းတွေနဲ့ တွေ့တယ်။
ဟိုပြော ဒီပြောနဲ့၊ ပြီးတော့ ဘယ်သူ့ကိုတော့ ထောက်လှမ်းရေးက ဆွဲသွားပြီလို့ ပြောကြတယ်။ ပြောတဲ့
ပုံစံဟာ ဒင်းတို့ဘာလုပ်လုပ်ငါတို့ဂရုမစိုက်ဘူးဆိုတဲ့ပုံစံကွ’ ဟိုပြော ဒီပြောလုပ်ပြီး စကားဝိုင်း သိမ်းလိုက်ကြတယ်။
ကျွန်တော်နဲ့ စိုးမင်းနိုင် တစ်ရက်၊ နှစ်ရက်လောက် စမ်းချောင်းဘက်မှာရှိတဲ့ ခရစ်ယာန်
ဘုရားကျောင်းကို သွားကြသေးတယ်။ ကိစ္စကတော့ ဇော်မင်းထိုက်ကျော်ရဲ့အမေ ရန်ကုန်မှာ တည်းမယ့်
လိပ်စာကိုမေးဖို့ပါ။ နောက်တော့သူ့လိပ်စာကိုရလာခဲ့တယ်။

ကျွန်တော်တို့နှစ်ယောက် မြောက်ဥက္ကလာ၊ သုနန္ဒာလမ်းဘက်ကို ထွက်ခဲ့ကြတယ်။ လိပ်စာအရ
အိမ်ကိုလိုက်ရှာရတာပါ။ ကျွန်တော်တို့အိမ်ကို တွေ့တဲ့အခါ လှမ်းမေးလိုက်ပါတယ်။
‘အပေါ်တက်ခဲ့ပါ’ လို့ လူတစ်ယောက် လှမ်းပြောပါတယ်။ ပျဉ်ထောင် တစ်ထပ်အိမ်လေးပါ။
အပေါ်မှာ သပ်သပ်ရပ်ရပ် ရှိပါတယ်။ ပစ္စည်းနဲ့ ပုံစံအနေအထားအရ ခရစ်ယာန်ဘာသာဝင်၊ ကရင်လူမျိုး
တွေပါ။

ကျွန်တော့်ခေါင်းထဲကိုစိုးမင်းနိုင်နဲ့တွေ့ခါစက ဒီကောင်ပြောတဲ့စကားလေးကို ပြန်ကြားလိုက်သလို
ဖြစ်သွားတယ်။

‘ငါနဲ့ ဇော်မင်းထိုက်ကျော်ကို ဖမ်းထားတုန်းက နေရာက အတူတူပဲကွ။ ဒီမအေပေးတွေက ငါတို့
နှစ်ယောက်ကို အခန်းထဲက ထုတ်တယ်။ ပြီးတော့ ရခိုင် ငထောက်တစ်ယောက်နဲ့ ကရင် ငထောက်
တစ်ယောက်ရောက်လာတယ်။ ငါက ရခိုင်ဆိုတော့ ကရင်ငထောက်က ငါ့ကို မင်းလားကွ၊ ရခိုင်ကျောင်း
သားဆိုပြီး ရိုက်တယ်ကွ။ ရခိုင်ငထောက်က ဇော်မင်းထိုက်ကျော်ကို မင်းလားကွ ကရင်ကျောင်းသား ဆိုပြီး
ရိုက်တယ်လေ။’ ခဏနေတော့ အဒေါ်အရွယ် အမျိုးသမီးတစ်ယောက်နဲ့ စိုးမင်းနိုင် စကားပြောနေပါတယ်။
ကျွန်တော့်ကိုခေါ်ပြီး မိတ်ဆက်ပေးပါတယ်။

‘ဒါ ဇော်မင်းထိုက်ကျော်ရဲ့ အမေလေ၊ မင်း နောက်ဆက်သွယ်ပေါ့။’
‘ငါ့မှာတော့ ဒီအဖေ၊ ဒီသားနဲ့ မနားရပါဘူးကွယ်။ စနေ၊ တနင်္ဂနွေဆို ရန်ကုန်တက်လာပြီး၊ ကလေး
တွေကို စာပြရတယ်။ ပိုက်ဆံလေး နည်းနည်းရတာနဲ့ ထောင်ဝင်စာ သွားရတာပဲ။ တော်သေးတာပေါ့။
ကျန်းမာရေးလေး ကောင်းလို့။’

‘သူ့အဖေကလည်း ဘာမှ မရှာဖွေနိုင်ပါဘူးဟယ်’ ဆိုပြီး ကရင်လေယူလေသိမ်းနဲ့ ချက်ချင်းတွေ့တဲ့
သူစိမ်းကို အားပါးတရ ပြောပြလေရဲ့။ ကျွန်တော်လည်း လူစိမ်းဆိုတော့ ဘာမှ ဝင်မပြောတော့ပါဘူး။
အလိုက်သင့်အလျားသင့်ပဲ နေလိုက်ပါတော့တယ်။ ခဏနေတော့ဇော်မင်းထိုက်ကျော်ရဲ့ အမေနဲ့အစ်မကို
နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။

အပြန်လမ်းမှာ ကျွန်တော်မသိတဲ့ ဇော်မင်းထိုက်ကျော်အဖေ အကြောင်း နည်းနည်း မေးကြည့်ပါ
တယ်။

‘သူ့အဖေကလည်း ကျောင်းဆရာကြီးကွ။ နိုင်ငံရေးနဲ့ ခြေချုပ်ပေါ့ကွာ။ နယ်ဝေးသွားလို့ မရဘူး
လေ။’ ကျွန်တော်နှုတ်ဆိတ်ခဲ့ပါပြီ။
အဲဒီနေ့က ကျွန်တော့်ကို သူဒီလိုပြောတယ်။ ‘ငါ သွားတော့မယ်။ နယ်စပ်ကို သွားမယ်။ ချိတ်ပြီးပြီ။
ဘယ်ရောက်ဘယ်ပေါက်မလဲတော့ ငါမသိဘူး’ ကျွန်တော် ပိုက်ဆံအိတ်ကို ထုတ်ပြီး ငွေ ၃၀၀၀ သူ့ကို
လှမ်းပေးလိုက်တယ်။ ‘ငါလည်း အများကြီး မတတ်နိုင်ဘူး သူငယ်ချင်း။ စရိတ်ပေါ့ကွာ။’ လက်လှမ်းကာရင်း ကျွန်တော့်ကို ဒီလို ပြောလိုက်တယ်။ ‘နေပါစေကွာ။ မင်းဆီက ငါဘာမှ မလိုချင်
ဘူး။ ငါ့အစီအစဉ်လေးကိုပဲ ရသလောက် လုပ်ပေးပါ။ မင်း အခုလို ငါနဲ့လိုက်ပြီး တတ်နိုင်သလောက်
လုပ်ပေး။ အိမ်မှာ ခေါ်ထမင်းကျွေးတာကို ငါ သိပ်ဝမ်းသာတယ်သူငယ်ချင်း။ ဘာလို့လဲဆိုတော့ ငါတို့လို
နိုင်ငံရေးလုပ်ပြီး ထောင်ထွက်တွေကို အရင်တော်တော်ခင်မင်တဲ့ သူငယ်ချင်းတွေတောင်မခေါ်ချင်ကြဘူး။
ရော့ကွာ ပိုက်ဆံဆိုပြီး၊ နောက် မဆက်ဆံချင်တော့သလို လုပ်ကြတယ်။ ငါလည်း အကူအညီလိုတော့
ယူလိုက်ရတာပဲကွာ’

ဘယ်လိုဆက်ပြောရမှန်း မသိလို့ စားပွဲထိုးလေးကိုပဲ ပိုက်ဆံရှင်းမယ်လို့ ခေါ်လိုက်တယ်။ ‘ကဲ
သွားမယ်ကွာ’ လို့တစ်ချက်လှမ်းနှုတ်ဆက်သွားလေရဲ့။

(၅)

အဲဒီအစဉ်အစဉ်မှာ အလှူငွေရဖို့ကျွန်တော်တော်တော်လေး ကြိုးစားရပါတယ်။ အဓိက အချက်က
အဲဒီခေတ်ကာလဟာ ထောက်လှမ်းရေးခေတ်၊ နိုင်ငံရေးနဲ့ ပတ်သက်သူဆို အားလုံး ဝိုင်းရှောင်ကြတဲ့ခေတ်။
ပြီးတော့ ဒီအစီအစဉ်ကို လူသိအောင် လုပ်ပြီး အလှူခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကျွန်တော်နဲ့
ရင်းနှီးပြီး ရနိုင်လောက်တဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ဇော်လေး၊ နိုင်ဝင်းဆွေ၊ ကိုမျိုးနန္ဒတို့ ထည့်ဝင်
ပေးပါတယ်။ ကျွန်တော့်အိမ်မှလည်း ငွေထည့်ပါတယ်။ အဓိက ကျွန်တော်ပေးချင်တာ စာအုပ်။ စာအုပ်ဖတ်
မှကျွန်တော်တို့စိတ်ဓာတ်ခွန်အား ရမယ်။ အတတ်ပညာ ရမယ်။

အခြေအနေ တစ်ခုကို လက်ခံနိုင်မယ်။ ပြောင်းလဲဖို့ ကြံဆနိုင်မယ်။ ကျွန်တော်စုဆောင်းထားတဲ့
အင်ဂျင်အတတ်ပညာ စာအုပ်များ၊ ဘာသာရပ်သင်စာအုပ်များ၊ စိတ်ဓာတ်ခွန်အားပေး ဝတ္ထုကောင်းတွေ
ကို ကျွန်တော်လှူဒါန်းခဲ့ပါတယ်။ ကျွန်တော်ခင်မင်ခဲ့တဲ့ နိုင်ငံရေးသမားဟောင်းကြီးလို ထောင်မှထွက်ပြီး
ဘာမှ မလုပ်တတ်ဖြစ်မှာ စိုးရိမ်တယ်လေ။ နိုင်ငံရေးသမားဆိုတာ စာဖတ်တဲ့လူတွေ၊ ဒီလူတွေ ဖတ်ဖို့အခွင့်
အရေးရရင်၊ စာအုပ်ရှိရင်၊ တော်တော်အခြေအနေကောင်းပြီ။ မဖတ်နိုင်အောင်ဆိုးတဲ့ အခြေအနေတွေကို
လည်း ကျွန်တော်ကြားဖူးတယ်။

အစီအစဉ် နှစ်လ၊ သုံးလလောက် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ ဆက်လုပ်ဖို့ စီစဉ်ခဲ့သူလည်း
ပါဝင် မလာခဲ့ပါဘူး။ ရန်ကုန်မှာ ဆက်သွယ်ဖို့အိမ်ဟာ ဇော်မင်းထိုက်ကျော် ယောက်ဖ အိမ်ပါ။ သူ့အစ်မ
ဆရာအတတ်သင် သင်တန်း တက်ပြီးလို့ တာဝန်ကျတဲ့နယ်ကို ပြောင်းသွားချိန်မှာ အဆက်အသွယ် မရ
တော့လို့ဆက်မလုပ်ဖြစ်ပါဘူး။

သူတို့ကိုလည်း နားလည်ပေးပါတယ်။ နိုင်ငံရေးသမားကို ထောင်ဝင်စာအတွက်ထောက်ပံ့နေတယ်
ဆိုတာ အဲဒီအချိန်က လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ မိမိကိုယ်ကိုလည်း နားလည်ဖို့ ကြိုးစားပါတယ်။
ကျောင်းသားဘဝ လူစု၊ လူဝေးနဲ့ ပါဝင်ပြီး၊ နိုင်ငံရေး လုပ်တာထက်၊ ဘွဲ့ရပြီးခါစ ဘာမှ မလုပ်ရသေးမီဒီလို
ပါဝင်လှုပ်ရှားဖို့တော်တော်သတ္တိမွေး ပေးရပါတယ်။

အခုအချိန်ပြန်စဉ်းစားတော့ဘာမှ မဟုတ်တော့သလိုပါပဲ။ တစ်ချိန်က ကူညီရတယ်ဆိုတာလည်း
ဘာမှ မယ်မယ်ရရ မဟုတ်ခဲ့ပါဘူး။ တစ်ခါတလေ ကျွန်တော်ဒီလောက်လေးပဲ လုပ်ပေးနိုင်ခဲ့သလားဆိုပြီး
နောင်တရမိပါတယ်။

အဲဒီနောက်ဒေါက်ဆင်းပြီး၊ သင်္ဘော လိုက်ဖြစ်သွားပါတယ်။
သင်္ဘောသား အရာရှိ စာမေးပွဲဖြေဖို့သူငယ်ချင်းတွေနဲ့ဗိုလ်တထောင်ဘက်မှာ ကျွန်တော်စာကျက်
ပါတယ်။ ဘုရားလမ်းနားမှာ တစ်ခါတစ်ရံ လက်ဖက်ရည်ဆိုင်ထိုင်ကြပါတယ်။ တစ်နေ့ လက်ဖက်ရည်ဆိုင်
ထိုင်အပြီး၊ ပြန်အလာမှာ လူတစ်ယောက်နဲ့တည့်တည့်တိုးပါတယ်။ မေ့ဖို့ခဲယဉ်းတဲ့မျက်နှာပိုင်ရှင်၊ မျက်မှန်
ထူထူနဲ့ခပ်ပိန်ပိန်လူပါ။ အခုခေတ်တေးရေး/ဆို-အရိုးနဲ့ခပ်ဆင်ဆင်တူပါတယ်။
ရဲကျော်စွာ (ခေါ်) ငှက်ကြီး။
‘ဟေ့ခင်ဗျား ဘာလာလုပ်တာလဲ’ လို့ကျွန်တော့်ကိုလှမ်းမေးပါတယ်။
‘ကျွန်တော်ဒီနားမှာ ရေကြောင်းစာမေးပွဲဖြေဖို့စာကျက်ရင်း ခဏလာနေတာလို့ပြောလိုက်တယ်’ သူနဲ့အတူပါလာတဲ့လူဟာ ကျွန်တော့်ကို စူးစိုက်ပြီး ကြည့်ပါတယ်။ သူက ‘ရပါတယ်။ အေးဆေးပါ။
ကျွန်တော်တို့သူငယ်ချင်းတွေပါလို့ပြောတယ်’ ကျွန်တော်လည်း ကိုယ့်သူငယ်ချင်းတွေကို ‘မင်းတို့ သွားနှင့်ပါ’ လို့ လှမ်းပြောလိုက်ပါတယ်။
ရဲကျော်စွာကို မြင်ရတာ ကျွန်တော် စိတ်ချမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းတက်တုန်းက
ပုဆိုးတိုတို၊ ခပ်ကိုင်းကိုင်း၊ လွယ်အိတ် ဘေးလွယ်တဲ့ပုံစံ။ အခုအချိန်မှာ တီရှပ်၊ ဘောင်းဘီရှည်အဖြူနဲ့
သပ်သပ်ရပ်ရပ်ဖြစ်နေပါတယ်။

‘အခု ခင်ဗျားရော ဘာလုပ်နေလဲ’ လို့မေးလိုက်ပါတယ်။ ‘ကျွန်တော်ဝိုင်အိုင်တီတော့ဆက်မတက်
ဖြစ်တော့ဘူး။ အခုNCC တက်နေတယ်’ လို့ပြောတယ်။
‘ခင်ဗျားရော၊ နိုင်ငံခြား မသွားသေးဘူးလား’ လို့ကျွန်တော်မေးလိုက်တယ်။
‘အင်း ကျွန်တော့်အသိတွေဆို တော်တော်သွားကြပြီ။ ကျွန်တော်လည်း သွားမှာပေါ့ဗျာ။ အခုတော့
ကျောင်းတက်လိုက်ဦးမယ်။ ပညာတတ်ဖို့လိုတယ်လေ။ ဟဲဟဲ။’

‘ခင်ဗျားရော ဒီပနီတွေ ဖတ်သေးလား။ ကျွန်တော်တို့ ဆွေးနွေးဖြစ်တာတွေလေ’ လို့ သူချက်ချင်း
အတိတ်က အကြောင်းအရာတွေ ပြန်ပြောတယ်။ ကျွန်တော်တကယ်မမှတ်မိတော့ဘူး။ ရေးတေးတေးပါပဲ။
‘ခင်ဗျားကို ဘယ်လို ဆက်သွယ်ရမလဲ’ လို့ ကျွန်တော် မေးလိုက်တယ်။ ‘အဲ့ဒါ ကျွန်တော့် အီးမေး။
ဆက်သွယ်ပေါ့ဗျာ’ လို့ဆိုပြီး စာရွက်လေးမှာ ရေးပေးခဲ့တယ်။
သူ တိတ်တဆိတ်နှုတ်ဆက်ထွက်သွားတယ်။ အခုအထိကျွန်တော်ကတော့ ဆက်သွယ်ရှာဖွေ
နေရတုန်း။

စာအုပ်အရ (နေလင်း ရေးသားသော လူရှင်သင်္ချိုင်းများ) သူဟာ အသက်၁၅ နှစ်မှာ ထောင်ကျခဲ့
ရသူ။ အခြေခံကျောင်းသားသမဂ္ဂ(အ.က.သ)၊ ဗိုလ်တထောင်မြို့နယ်မှ ပါဝင်သူ။ သူထောင်ထဲမှာနေတုန်း
သူ့အဖေ ဆုံးတာကို တည်ငြိမ်စွာနဲ့ လက်ခံခဲ့သူ။ တမင်တကာ စာမေးပွဲဖြေခါနီးမှ ထောင်မှ လွှတ်ပေးခဲ့
ပေမယ့်စက်မှုတက္ကသိုလ်ဝင်တဲ့အထိတော်ခဲ့သူ။ စာအုပ်ထဲမှာ သူ့ကို ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာ ကျောင်းသား
အခွင့်အရေး လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်လို့ ထောင် (၁၉) နှစ်အချခံခဲ့ရတယ်လို့ ရေးသားထားပေမယ့်၊
ကျွန်တော့်အမြင်အရ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာ အရေးအခင်း ဖြစ်နိုင်မယ်လို့ထင်မိပါတယ်။

အခုဘယ်ဆီကိုမင်းရောက်နေမလဲ... သင်္ဘောရဲ့အရာရှိများ ထမင်းစားခန်းမှာ 3/E နဲ့E/O ထမင်းစားရင်း စကားပြောနေပါတယ်။
‘ဆောရီးပဲ E/O ကြီးရေ၊ ကျွန်တော်ညက များသွားလို့ စကားတွေ မှားသွားတယ်’ လို့ 3/E က
လှမ်းပြောလိုက်တယ်။

‘ရပါတယ်ကောင်လေးရယ်။ ဒီလိုပါပဲ’
‘ရိုးသားတဲ့ ကောင်တွေက မူးအောင်သောက်ပြီး၊ ဟိုပြော ဒီပြော ပြောကြတာပဲကွ။ မရိုးသားတဲ့
ကောင်တွေကတော့နည်းနည်းချိုသောက်သူများပြောတာ နားထောင်ပြီး၊ေ-ာက်တင်းပြောတဲ့ကောင်တွေ။
သင်္ဘောသားတွေ သင်္ဘော မလိုက်တော့ဘူး။ ရပ်တော့မယ်လို့ တော်တော်ပြောတယ်ကွ။ ငါတွေ့ဖူး
သလောက်ကတော့ အသက်၂၀ ပထမဆုံး အခေါက်ကတည်းက ရပ်ဖို့လုပ်တာ အသက်၅၀ ကျော်အထိ
ရေထဲမှာ ရှိတုန်း’

‘မင်းကတော့ ကြီးကြီးကျယ်ကျယ် ဂလိုဘယ်လိုက်ဇေးရှင်းတွေ ဘာတွေ စွတ်ပြော၊ နိုင်ငံရေး
လုပ်ဦးမယ် ဆိုပြီး ပြောတော့၊ လောလောဆယ် ငါ တွေ့တဲ့ သင်္ဘောသားထဲမှာ မင်းဟာ အထူးဆုံး
မဟုတ်ရင်၊ အရူးဆုံးပေါ့ကွာ’ လို့E/O ကြီးကပြောပြီး 3/E ကိုပိဿာလေးနဲ့လှမ်းထုလိုက်ပါတော့တယ်။
3/E ကတော့‘ဟီးဟီး’ တဲ့။


နေရာ - စမ်းချောင်း မကြီးကြီးလမ်းတဝိုက်Beer ဆိုင်ငယ်လေး
အချိန်- ၂၀၀၈ ခုနှစ်ဝန်းကျင်
ပါဝင်သူများ - သင်္ဘောသား နှစ်ဦး၊ ကျူရှင်ဆရာ တစ်ယောက်၊ ဂလိုဘယ်လိုက်ဇေးရှင်း ဆရာကြီး၊
ဂရက်ဖစ်ဒီဇိုင်နာ တစ်ဦး။

‘ဆရာ ဘာသောက်မလဲ’ လို့ ကျူရှင်ဆရာမှ စာရေးဆရာကြီးကို ခပ်တိုးတိုး မေးလိုက်တယ်။
မျက်မှန်ထူကြီးနောက်မှ တွေးဆဆ မျက်လုံးနဲ့ဝင့်ကြည့်ပြီး ‘ကျုပ်အတွက်တော့ဘီယာပဲ လုပ်ပါဗျာ’
‘ကျုပ်ကတော့ လမ်းပေါ်ထွက်တဲ့ နိုင်ငံရေးတွေ မလုပ်စေချင်တော့ဘူးဗျ။ နိုင်ငံ နာလှပြီလေ။
အရေးအခင်း တစ်ခါဖြစ်ရင် တစ်ခါလူငယ်တွေ ကုန်တာပဲဗျ။ ကျုပ်ရေးတဲ့ စာတွေဖတ်၊ ပြီးတော့ နှီးနှော
မေးမြန်းတဲ့ လူငယ်တွေ ရှိတယ်။ စာဖတ်နာသလို ကိုယ်ပိုင်အတွေးအခေါ်လည်း ရှိကြတယ်ဗျ။ ကဲ အခု
အရေးအခင်းလည်း ပြီးရော၊ ထောင်ထဲ ရောက်သူရောက်၊ ပြေးသူပြေးပဲ။ သူတို့ရဲ့ လေ့လာမှုနဲ့ နောက်
ငါးနှစ်လောက်ဆို နေရာအသင့် ရနိုင်တဲ့ လူငယ်တွေ ခါးပြတ်သွားပြီ။ ဒါတွေဟာ မွေးမြူထားတဲ့ ကြက်တွေ
လိုအရေအတွက်အများကြီး မရှိဘူးဗျ။’

‘သဘာဝအလျှောက်တစ်ခါတစ်ရံသာ ပေါ်တဲ့ရှားပါးတွေ။ အခု မြန်မာနိုင်ငံ အာဆီယံ ဝင်တယ်။
ဘာဖြစ်လဲ။ လောလောလတ်လတ် လူငယ်ပညာတတ်တွေ သူတို့ဆီ ရောက်သွားပြီ။ xxx xxx xxx။
နောက်ပြီးတော့လက်ခံဖို့ ခက်ခဲတဲ့ အမှန်တရားတစ်ခု ရှိတယ်။ အားလုံးမှာ တာဝန်ရှိတယ်။ အခု နိုင်ငံဟာ
စစ်အာဏာရှင်စနစ်၊ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်၊ လုံးဝ အမှန်တရား။ အဲ့ဒီအတွက် ဘယ်သူ့ကြောင့်လို့
မပြောနဲ့။ နည်းတာ၊ များတာပဲ ကွာတယ်ဗျ။ အားလုံးမှာ တာဝန်ရှိတယ်။ တည့်မတ်ဖို့လည်း အားလုံးမှာ
တာဝန်ရှိတယ်။’

(၆)

အနှစ်၂၀
ဟင်ခဏလေးပါလားကွယ်။
နေရာ - ကန်တော်ကြီးပတ်လမ်း White Rice Restaurant
အချိန်- ဒီဇင်ဘာ ၂၆၊ ၂၀၁၅။
ဝင်းထဲသို့ ကားချိုးကွေ့လိုက်သောအခါ ဝင်းတံခါးအနီးတွင် ‘ယနေ့ ဧည့်သည်များ၏ ကြိုတင်
မှာကြားထား၊ နေရာယူထားမှုကြောင့် အခြားဧည့်သည်များကို ယနေ့ လက်မခံနိုင်တော့ပါ’ ဆိုတဲ့ စာသား
လေးကိုတွေ့လိုက်ရတယ်။
လှေကား အတက်နားမှာ စားပွဲတစ်လုံးချပြီး လက်မှတ်နဲ့နာမည်ကဒ်လေးတွေ ယူလို့ရပါတယ်။
အဲဒီနေရာမှာ ဆရာမြတ်မော်ရဲ့ ပြောင်ဖြီးဖြီး မျက်နှာကြီးကို တွေ့လိုက်ရပြီး၊ ‘ကံစမ်းမဲ လက်ဆောင်
လေးတွေ နှိုက်ကြည့်ပါ။ Roll Sheet လေးတွေ လက်မှတ်ထိုးကြပါဦး’ လို့အော်နေပါတယ်။
ကောင်လေး တစ်ယောက်က အစ်ကိုခေါ်ပြီး၊ အိတ်ကို ထိုးပေးပါတယ်။ နှိုက်လိုက်ပြီး၊ အသီးလေး
ကို ပြလိုက်တော့ ‘ပေါက်ပါတယ်’ လို့ပြောပါတယ်။
မဲနှိုက်နေတဲ့ သုံး၊ လေးယောက်လောက်ကို ကျွန်တော်ကြည့်တာ၊ အားလုံး ပေါက်မဲတွေပဲ ဖြစ်နေ
တယ်။ ‘အင်း တော်တော်ပေါက်မဲ များတာပဲ’ လို့တွေးလိုက်မိတယ်။ ‘အားလုံးကို ပျော်စေချင်တဲ့စေတနာနဲ့
(ဗလာမဲများတဲ့ လက်တွေ့ဘဝမှာ မဲပေါက်ခဲ့လို့) အနှစ်၂၀ အစီအစဉ်အဖြစ်ပေါက်မဲတွေချည်း စီစဉ်ထား
တာလား’စားပွဲနားမှာ အလှကုန်ပရိုမိုးရှင်းလုပ်နေတဲ့အလှမယ်ကေခိုင်ကို တွေ့ပါတယ်။ အလှမယ်ကေခိုင်
ရဲ့ ကိုယ်လုံးဟာ နှစ်၂၀ တိုက်စားပေမယ့် နဂိုအတိုင်း ထိန်းထားနိုင်ဆဲပါ။ တစ်ချို့က လှဆဲ၊ တစ်ချို့က
ဝဆဲ ဆိုပါတော့။

မကြာခဏ ဆုံရတဲ့ ဘော်ဒါတစ်သိုက်ကိုလည်း တွေ့ရပါတယ်။ နောက်ထပ်လူတွေ တစ်သုတ်ပြီး
တစ်သုတ် ထပ်ရောက်လာပါတယ်။ အဲဒီအချိန် ဥက္ကဌကြီး ဦးကြာနဲ့ ဆရာကိုကြီးတို့လည်း အပေါ်မှ
ဆင်းလာပါတယ်။
ထုံးစံအတိုင်း သူ့အစုနဲ့သူဓာတ်ပုံရိုက်၊ Selfie ဆွဲကြနဲ့အလုပ်များနေကြပါတယ်။
ကျွန်တော်ဟိုဒီကြည့်ပြီး၊ ပုံရိပ်တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားကြည့်ပါတယ်။ ကိုယ်နဲ့ သိပြီး၊ မတွေ့တာ
ကြာပြီဖြစ်တဲ့သူတွေကိုမှတ်မိဖို့ ကြိုးစားသလို၊ ရေးတေးတေး မှတ်မိတဲ့လူတွေကို ပြုံးပြ၊ ပြောင်းလဲသွားတဲ့
မျက်နှာနဲ့ပုံပန်းကို ဖေါ်ဖို့ ကြိုးစားကြည့်ရပါတယ်။
ပုံရိပ်တွေဟာ မြန်ဆန်လွန်းလို့တစ်ခါတလေ ပုံဖေါ်လို့ မဆုံးခင်၊ နောက်မျက်နှာတစ်ခု ထပ်ရောက်
လာပါတယ်။

ခဏကြာတဲ့အခါ အပေါ်ကိုအုတ်လှေကားမှတက်လာခဲ့ပါတယ်။
ဟိုဝိုင်း ဒီဝိုင်း လိုက်ကြည့်၊ ဟာ ဟေ့ကောင် ဆိုတဲ့ အသံတွေ၊ ဝလာတယ်ကွ၊ အရင်အတိုင်းပဲ
ဆိုတဲ့အသံတွေလည်း မကြာခဏ ကြားမိပါတယ်။ မိန်းကလေး ဝိုင်းတွေဟာ ဓာတ်ပုံတွေ တဖျပ်ဖျပ်။
ခေါင်းချင်းဆိုင်ရင်း တခစ်ခစ် ရယ်သံတွေ ပျံ့လွင့်နေပါတယ်။ အစီအစဉ်မှူးတွေဟာ တော်တော်
လေး အော်ပြောကြပေမယ့် ကျွန်တော်ကိုယ်တိုင်အပါအဝင်ချီးယားတွေ တစ်ခါပြီး တစ်ခါလုပ်လို့ ဂရုကို
မစိုက်ကြပါဘူး။

အလယ်မှ စင်မြင့်လေးဟာလည်း ဓာတ်ပုံရိုက်အဖွဲ့သားများရဲ့ အသုံးတော်ခံပေါ့။ အဖွဲ့စီစဉ်သူများ
ရဲ့ စေ့စပ်သေချာ၊ စေတနာကို လုံးဝအတိုင်းသား မြင်ရပါတယ်။ အနှစ်၂၀ အတွင်း ပထမဆုံးအကြိမ်လူ
အများကြီးကိုဆုံတွေ့နိုင်ဖို့စွမ်းဆောင်ပေးတဲ့အတွက်ကျေးဇူးပါ။
ကွယ်လွန်သွားသူများအတွက်ငြိမ်သက်ခြင်းနဲ့အောက်မေ့သတိရဖြစ်လို့...။

....

......

‘ငါ့အနီးအနားက ငါးစာပဲ ငါစားတတ်တော့တယ်’
‘ဒါနဲ့စကားမစပ်ခင်ဗျားနာမည်ဘာပါလိမ့်’
‘တစ်ခန်းထဲ အနေကြာတော့ငါမေ့သွားပြီ’
‘မသက်သာလို့တံခါးကြားက လက်ထုတ်တစ်ညလုံး မအိပ်တဲ့မြို့’ ....

..... ကဗျာတစ်ပုဒ်ကိုဈာန်ဝင်ပြီး၊ သံစဉ်အနိမ့်အမြင့်နဲ့သီချင်းဆိုနေတဲ့ရှမ်းကြီး... ခေတ်က ကိုယ့်အပေါ် တင်ပေးလိုက်တဲ့တာဝန်ကိုဘယ်လောက်ပခုံးထမ်းခဲ့သလဲ... ကိုယ့်ဘဝတူတွေရဲ့ အခွင့်အရေး တိုးတက်ဖို့ဘယ်လောက်လုပ်ပေးခဲ့သလဲ... မတရားမှုကိုခေါင်းနဲ့တိုက်ပြီး၊ တံခါးများကိုဖွင့်ခဲ့သူများ... ချောတိုင်တက်ပွဲမှာ အလံရဖို့အနင်းခံပေးခဲ့သူတွေ... ထိုသို့သော သူတွေအတွက်မမေ့မပျောက်ဒီပွဲမှာ မှတ်တမ်းတင်ခဲ့လို့... မှတ်တမ်းဝင်တွေ ဖြစ်ခဲ့ပြီ...

....

......

‘စက်တွေမှာ သမဂ္ဂမရှိဘူး... စက်တွေမှာ သမဂ္ဂမရှိဘူး’
‘စက်တွေမှာ သမဂ္ဂမရှိဘူး...’
‘ဟုတ်တယ်ခင်ဗျား ပြောသလိုပဲ’
‘လည်ပင်းပေါ်က ရေစိုဘွတ်ဖိနပ်ကြီး ချွတ်ပစ်ရလိမ့်မယ်’
‘ကြာတော့ငါ့အသား ငါတောင်မစားချင်တော့ဘူး’
‘ငါ့အနီးအနားက ငါးစာကိုပဲ စားတတ်တော့တယ်’ ကဗျာရွတ်သံဟာ ဂီတ ရက်သမ်အတိုင်း နိမ့်မြင့်တက်ကျ၊ နီးလိုက်...၊ ဝေးလိုက်...။

ကျွန်တော့်စိတ်တွေလည်း အတိတ်သူငယ်များဆီသို့ ရောက်လိုက်၊ မရောက်လိုက်၊ ရီဝေဝေ ဖြစ်လို့
နေ။ အခမ်းအနားရဲ့ လူရှင်းတဲ့ ဒေါင့်လေးကို တစ်ယောက်ထဲသွား၊ အတိတ်နဲ့ ပစ္စုပ္ပန် လွန်းပျံထိုးပြီး၊
အဖြစ်အပျက်တွေ ပုံရိပ်နဲ့ အသံတွေကို အဇ္ဈတ္တထဲအထိ တိုက်ရိုက်သိအောင် စွမ်းဆောင်ရင်း တခဏ
ရှောင်ခွာ နေကြည့်ခဲ့မိပါတယ်။

နှစ်၂၀ ပွဲမှ ချည်တိုင်သို့ တစ်ယောက်ထဲ ကားမောင်းပြန်ရင်း၊ အမှတ်မထင်စိုင်းထီးဆိုင်သီချင်း
လေးကို ကြားလိုက်ရပါတယ်။
“အလင်းရောင်ရဖို့အပူခံ
အရည်ပျော်ခံတဲ့ဖယောင်းတိုင်ရယ်
ဖယောင်းရည်လေး တစ်စက်စက်ကျတာ
သူ့ရဲ့မျက်ရည်ပဲ
သို့ပေမယ့်လည်း အမှောင်ကိုခွင်းမယ့်အလင်းရောင်သူဆောင်ကြဉ်းမိခိုက်မှာ
ကျေနပ်ရင်းနဲ့တမြေ့မြေ့
ကျွမ်းလောင်ခဲ့ရ သူ့ခန္ဓာ... မိုးသည်းထန်ကျလို့ကြွေပြီ
ကြွေချိန်မတန်တဲ့ပန်းတစ်ခိုင်ရယ်
ပန်းအကြွေတွေ ပွင့်ဖတ်မဲ့ကာ အလှအပမဲ့ပြီကွယ်
သို့ပေမယ့်လည်း ကမ္ဘာမြေ စိမ်းလန်းသွားရင်
အကြွေခံနွမ်းလျမှုကိုကျေနပ်ရင်းနဲ့တရစ်ရစ်
ပျက်ကျေခဲ့ရ သူ့ခန္ဓာ...

(အို.. အို... အို.... စွန့်လွတ်ခဲ့သူတွေ စွန့်လွတ်ရင်းနဲ့ပျက်ကြွေ
မျက်ရည်တွေ
အသက်ပင်သေသေ
အသုံးဝင်မှုတစ်ခုရှိရင်လေ စွန့်လွတ်ရင်းနဲ့နှစ်သိမ့်ကျေနပ်နေ...)” သတိတရ တမ်းတခြင်းဖြင့်

တင်ဝင်းထွန်း

(စာကြွင်း - သူငယ်ချင်း စိုးမင်းနိုင်၊ ဇော်မင်းထိုက်ကျော်၊ ကွယ်လွန်သွားပြီဖြစ်သော ကျွန်တော်ခိုနားခဲ့တဲ့
အင်းလေးအခန်းပိုင်ရှင် ဥာဏ်လင်းမင်း (Chem)၊ သူ့အခန်းဖော် နိုင်ကျဉ်းဖြစ်ခဲ့သူ နေဇာဖြိုး၊ နိုင်ကျဉ်း
ဖြစ်ခဲ့သူအောင်ကျော်ဟိန်း၊ ခဏတာတွေ့ခဲ့သူရဲကျော်စွာ အစရှိတဲ့ စွန့်လွှတ်ခဲ့သူများနှင့် အခြား ကျန်ရှိနေ
သော စွန့်လွှတ်ခဲ့သူများအား အမှတ်တရအဖြစ်ဤစာစုကိုရေးသား လိုက်ရပါတယ်။
ရှမ်းကြီး ရွတ်ဆိုသော ကဗျာမှာ စာသား - ကိုရည်မွန်(ခ) မောင်တင်သစ်။ သံစဉ်- ကိုရာကျော်
ဖြစ်ပါတယ်။

နောက်ဆုံးသီချင်းမှာ စိုင်းထီးဆိုင်၏ ‘စွန့်လွှတ်သူများ အတ္ထုပတ္တိ’ ဖြစ်ပါသည်။)

No comments:

Post a Comment