နင်လားဟဲ့ လောကဓံ
အဲဒီအဖွားနာမည်က ဒေါ်ဝိုင်း လို့ခေါ်တယ်..
ငယ်စဉ်တုန်းကတော့ လယ်နဲ့ယာနဲ့တင့်တောင့်တင့်တယ် နေနိုင်တဲ့သူ တောသူဌေးပေါ့လေ..
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ၀န်းကျင်က သူ့အိမ်ဟာ
ကျွန်တော့် နယ်မြို့လေးရဲ့ အလှဆုံးနဲ့ ပထမဆုံးသော တိုက်အိမ်ပဲ..မှန်တွေတပ်ထားတဲ့ သူ့အိမ်ပြတင်းပေါက်တွေကို တစ်မြို့လုံးကလူတွေ အထူးအဆန်းလုပ်ပြီး သွားကြည့်ကြတာကို
ကျွန်တော်မှတ်မိနေသေးတယ်..
သူ့မှာ မောင်မိုးနဲ့ မအေးဆိုတဲ့ သားသမီးနှစ်ယောက်ရှိတယ်..စီးပွားရေးလေးက အတန်ငယ်ပြေလည်တော့ သားနဲ့သမီးကို အရမ်းအလိုလိုက်တာ..
ယောက်ျားကလည်း လူအေးတစ်ယောက်ဆိုတော့ လယ်လေးလုပ်လိုက် တရားလေးထိုင်လိုက်နဲ့ တစ်နေကုန်တောင် စကားတစ်လုံးမပြောတဲ့သူမျိုး..သားသမီးကို စည်းနဲ့ကမ်းနဲ့မချစ်တတ်တော့ နှစ် သလိုဖြစ်ပြီး သူ့သားနဲ့သမီး ဆိုးချက်ဆိုတာ ကမ်းကုန်တယ်ပြောရမယ်..
အမေက အလိုလိုက် အဖေက လူအေးဆိုတော့
သောင်းကျန်းချင်တိုင်းသောင်းကျန်းတယ်ဆိုတာလေ..မိဘကို ငယ်ပါနဲ့နှုင်းပြီးဆဲတယ်ဆိုတာကတော့ မနက်တိုင်းကြားရလို့ ရိုးနေပြီ..
စိတ်မထင်ရင် မထင်သလို မအေကို ပါးလေးနားလေး ရိုက်တတ်သေးတယ်..
ဒီလိုနဲ့ တစ်နေ့ ဒေါ်ဝိုင်းရဲ့ ခင်ပွန်း ကိုလူအေးကြီး ဆုံးပါလေရော..
ပထမတစ်နှစ် နှစ်နှစ်တော့ အခြေသိပ်မပျက်ဘူး..သုံး လေး နှစ်လောက်လည်းကြာရော ဟိုလူကလိမ်ဒီလူကလိမ် ၊ သားက အရက်သမား ၊ သမီးက ဖဲသမားဆိုတော့ရှိတဲ့လယ်တွေရောင်းလိုက်ရတယ်..အဲဒီမှာ မအေကြီးငုတ်တုတ်ရှိရက်သားကို သားနဲ့သမီးက အမွေတောင်းတော့တာပဲ..
ရှိတဲ့တိုက်အိမ်ကိုမျက်စောင်းထိုးကြပြီလေ..
ရပ်ကွက်က ရပ်မိရပ်ဖတွေ တားနေတဲ့ကြားက
ဒေါ်ဝိုင်းကြီးတစ်ယောက် အိမ်နဲ့ခြံကိုရောင်းပြီး သားနဲ့သမီးကို အမွေခွဲပေးလိုက်တယ်..
နောက်တစ်နေ့မှာပဲ ငွေထုတ်ပိုက်ပြီး သားနဲ့သမီးက တစ်ခြားမြို့ကိုပြောင်းသွားပါလေရော..
ပထမတော့ သားရှိတဲ့မြို့ သမီးရှိတဲ့မြို့တွေမှာ
တစ်လှည့်စီ လိုက်နေသေးတယ်..
သားအလိမ္မာတုံးလေးက မူးလာတိုင်း အမေအိုကြီးကို လက်သီးစာ ခြေထောက်စာလေး ကျွေးနေလေတော့ ဒဏ်မခံနိုင်ဘူးဆိုပြီး သမီးရှိတဲ့မြို့ကိုတစ်လှည့်သွားနေတာပေါ့..
သမီးအလိမ္မာလေးကလည်း ညညဖဲဝိုင်းမှာ ဒီအဖွားကြီးကဘုရားအကျယ်ကြီးရှိခိုးလို့ နားညည်းတယ်ဆိုပြီးဖဲဝိုင်းရှိတဲ့ညတိုင်း အမေအိုကြီးကို အိမ်အပြင်ခြံထောင့်က ကုက္ကိုပင်အောက်မှာ ဖျာခင်းပြီး အိပ်ခိုင်းတယ်..
ဆောင်းတွင်းဆိုတော့ ဒေါ်ဝိုင်းတစ်ယောက်
၁ ပတ်လောက်နဲ့ အောက်ပိုင်းချိပြီး လမ်းမလျောက်နိုင်တော့ဘူး.
ဒါက ဒေါ်ဝိုင်းဆိုတဲ့ အဖွားကြီး ရဲ့ ကိုယ်ရေး အကျဉ်းဆိုပါတော့..
ကျွန်တော် သူ့ကိုပြန်တွေ့တဲ့အချိန်မှာ သူ့မျက်လုံး နှစ်ဖက်လုံးကွယ်နေပြီ..သားနဲ့သမီးရှိတဲ့ မြို့ကနေ သူ့ဇာတိကျွန်တော်တို့မြို့လေးဆီပြန်လာပြီး တုတ်ကောက်တစ်ချောင်းအားပြုလို့ ကြွပ်ကြွပ်အိပ်အနက်ရောင်အထုပ်လေးတစ်ထုပ်ကို
ခါးမှာချည်ပြီး ဟိုလူ့အိမ်ကထမင်းတောင်း ဒီလူ့အိမ်ကဟင်းလေးတောင်နဲ့ ဘ၀နေ၀င်ချိန်ကို
ဆင်းရဲကြီးစွာဖြတ်သန်းနေရတယ်..
တစ်နေ့တော့ လမ်းဘေးမှာလဲနေတဲ့ ဒေါ်ဝိုင်းကို ဘိုးဘွားရိပ်သာပို့ဖို့ရပ်ကွက်ကလူတွေက ကျွန်တော့်ကို တာဝန်ပေးတယ်..
မျက်စိကမမြင် ခြေထောက်ကမသန် အိုမင်းမစွမ်းဖြစ်နေရှာတဲ့သူ့အတွက် အဆင်ပြေမယ့်ဘိုးဘွားရိပ်သာလေးတစ်ခုကို ရှာပြီးကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးခဲ့ပါတယ်..
ဘိုးဘွားရိပ်သာကိုရောက်တော့ နာယကဆရာတော်ဆီမှာခွင့်ပန်ပြီး ဒေါ်ဝိုင်းကို အဖွားဆောင်မှာနေရာပေးတယ်..သူ့ ခါးမှာ ကြိုးနဲ့ ကျစ်နေအောင် အမြဲချည်ထားတဲ့ ကြွပ်ကြွပ်အိပ်အနက်ရောင်လေးကို ကျွန်တော်ကယူပြီးသူအိပ်ရမယ့် ကုတင်ခြေရင်းက သေတ္တာလေးထဲ ပြောင်းထည့်
ပေးတာပေါ့..
ကြွပ်ကြွပ်အိပ်လေးထဲမှာ ...
ယောဂီထမီ အဟောင်းတစ်ထည်
ညစ်နွမ်းနွမ်း သဘက်တစ်ထည်
အဖာရာ ဗလပွနဲ့ အနွေးထည်တစ်ထည်
ပန်းကန်ပြားတစ်ချပ်
တစ်စုံတစ်ရာကို လိပ်ထားတဲ့ လက်ကိုင်ပုဝါလေးတစ်ခု..
စုစုပေါင်းပစ္စည်း ငါးမျိုး ထွက်လာတယ်..
လက်ကိုင်ပုဝါလေးထဲမှာ ဘာများပါလို့ ဒီလောက်တရိုတသေ သိမ်းထားတာပါလိမ့်ဆိုပြီးကျွန်တော်ဖြေကြည့်လိုက်တဲ့အခါ..
အိုး.....
သူ့အပေါ် ဘ၀တစ်သက်တာလုံး နှိပ်စက်ခဲ့တဲ့
သူ့ဘ၀ကို သူတောင်းစား သာသာဖြစ်အောင် လုပ်ခဲ့တဲ့ သူ့ဘ၀နေ၀င်ချိန်ကို အားကိုးရာမဲ့အောင်လုပ်ခဲ့တဲ့ သူ့ သားနဲ့ သမီးရဲ့ ဓာတ်ပုံလေးထွက်လာခဲ့ပါတယ်..
ကျွန်တော်လေ ရင်စို့သွားလိုက်တာ ဆိုတာ..
မိဘ မေတ္တာ ..မိဘမေတ္တာ..စာဖွဲ့စရာ စကားလုံးမရှိဘူးဆိုတာ သိပ်မှန်တာပဲ..ကျွန်တော်တွေးတယ် ... သူကမျက်မမြင်တစ်ယောက် ဖြစ်နေပြီလေ..ဒီဓာတ်ပုံကို သူသိမ်းထားတော့ရော မြင်ရပါ့မလား..မြင်နိုင်လိမ့်မယ်ထင်ပါတယ်..နော်..
ဒီဓာတ်ပုံကို အဖွားအိုဟာမိခင်မေတ္တာအလင်းနဲ့ ကြည့်ပြီး ခံစားမြင်နိုင်ပါလိမ့်မယ်..
ပစ္စည်းလေးတွေကို သေတ္တာထဲ စီစီရီရီထည့်ပြီး
ကျွန်တော်ပြန်မလို့ သူ့ကိုနှုတ်ဆက်လိုက်တယ်..
"အဖွား ကျွန်တော် ပြန်တော့နော်.."
"အေး..အေး..ပြန်တော့ ပြန်တော့.."
ကျွန်တော်လှည့်ထွက်လာတဲ့အခါ အဖွားဝိုင်းက
ကျွန်တော့်ကို လှမ်းခေါ်တယ်..
"လူလေးရေ..လူလေး..အဖွားသားနဲ့သမီး ကိုမိုးနဲ့ မအေး က အဖွားကိုလာရှာရင်အဖွားဒီရောက်နေတယ်လို့ လမ်းညွှန်လိုက်ပါအုံးနော်.."
ဘာအဖြေမှ ပြန်မပေးဘဲ ကျွန်တော် စိတ်မကောင်းစွာနဲ့ ဆက်လျောက်လာခဲ့တယ်..
တစ်နေ့ပြီး တစ်နေ့......
ဘိုးဘွားရိပ်သာတစ်ခုရဲ့ ကုတင်ပေါ်မှာ ပျင်းရိငြီးငွေ့စွာနဲ့ ထိုင်လိုက် အိပ်လိုက် လုပ်နေရင်း ....
ဘယ်တော့မှ လာတွေ့မှာမဟုတ်တဲ့ သားနဲ့သမီးကို မျှော်လင့်ခြင်းကြီးစွာ စောင့်နေရင်း ...
လက်ကိုင်ပုဝါလေးထဲက သားနဲ့သမီးဓာတ်ပုံကို
ကန်းနေတဲ့ မျက်လုံးတွေနဲ့ အလွမ်းပြေကြည့်ရင်း..အဖွားအိုတစ်ယောက်ဟာ ...ဘ၀နေ၀င်ချိန်ကို စောင့်မျှော်ဖြတ်သန်းနေလေရဲ့..။....။....။
....................................
ကိုစိုးထိုက်(ဖဒို)
No comments:
Post a Comment