ပုဂံနဲ့ အကျည်းတန်လွန်းတဲ့ မနက်ခင်း
************************************
ပုဂံကို အစီအစဉ် လုံးဝ မရှိပါဘဲ ကားလက်မှတ် ချက်ချင်းဖြတ်ပြီး သွားဖြစ်သွားတယ်။ တကယ်တော့ ကျမ ပုဂံမရောက်တာ ၁၀ စုနှစ် တစ်ခုနီးပါးကို ရှိပါပြီ။
မရောက်တာ တအားကြာတာရယ်၊ စိတ်ထဲမှာ ကိုယ်နိုင်သလောက် အလှူငွေ လှူချင်တာရယ်၊ နောက် documentary ရိုက်ကူးရေးတစ်ခုမှာ မိတ်ဆွေတွေပါတာမို့ သူတို့ရှိတုန်း“လာပါလား” လှမ်းခေါ်တာနဲ့ ချက်ချင်းပဲ ကားလက်မှတ် စီစဉ်ပြီး သွားလိုက်တယ်။
ည (၈) နာရီ ရွှေမန္တလာနဲ့ သွားတာပါ။ အေးဆေးပါပဲ။ ဘေးမှာ အသက် (၆၀) လောက်ရှိပြီဖြစ်တဲ့ foreigner ပါလာတယ်။ သူနဲ့လည်း စကားမပြောဖြစ်ပါဘူး။ လမ်းမှာ ခဏနားတော့ ဘယ်လောက် break လဲ သူမေးတာနဲ့ နာရီဝက်လို့ပဲ ပြန်ပြောဖြစ်တယ်။ ဘယ်မှာ ဆင်းမလဲဆိုတော့ ညောင်ဦး ဆိုတော့ အော်- တူတူပဲ လို့ ..ဒီလောက်ပဲ
မနက် (၆) နာရီလောက် ညောင်ဦးကားဝင်းကို ရောက်ပါတယ်။ ကျမကို လာကြိုမယ့်ကားက မရောက်သေးတာမို့ ရွှေမန္တလာ ကားဂိတ်က ထိုင်ခုံမှာပဲ ထိုင်စောင့်နေတယ်… ကျမနဲ့ မလှမ်းမကမ်းမှာ ခုနက ကားတူတူ စီးလာတဲ့ foreigner နဲ့taxi သမား ဈေးစကား ပြောနေကြတာ မြင်နေရတယ်။ ကိုယ့်ကိစ္စ မဟုတ်တာမို့ ဘာမှ ၀င်မပြောပါဘူး။ ၅ မိနစ် လောက်ကြာတော့ foreigner က ကိုယ့်ဆီလာပြီး သူ့ကို ကူညီပေးပါလို့ ပြောပါတယ်။ ဈေးဆစ်ပေးဖို့ပေါ့။
ဘယ်သွားမှာလဲလို့ သူ့ကိုမေးတော့ Winner Inn တဲ့။ သူက ဈေးချိုတဲ့ တည်းခိုခန်းလေးတွေ ရှာလာတာပါ။ ဒေါ်လာ ၂၀ ပတ်ချာလည် တန် တည်းခိုခန်းလေးတွေ သူ့ဖုန်းက Notes မှာ ရေးထားတယ်။ သူ့ပုံစံက tourist နဲ့မတူဘူး။ sports shoes တဖက် ထိပ်က ပေါက်တောင် အတော်ပေါက်နေပါပီ။ ကျမလဲ ကားသမားကို ဘယ်လောက်တောင်းတာတုန်းပြောတော့ ၁၅၀၀၀ တဲ့ရှင်။ ဒီကားဝင်းကနေ ဘယ်လောက်များ ဝေးလို့လဲပေါ့။ ကားသမားက ၁၅၀၀၀ ကို ၁၀၀၀၀ ထားပေးတာ အစ်မတဲ့။ မာရေ ကြောရေနဲ့။ ကျမက ကြားကနေ သူ့ကြည့်ရတာ ပိုက်ဆံရှိပုံလဲ မပေါ်ဘူး။ ၈၀၀၀ ပဲ ထားလိုက်။ လိုက်ပို့လိုက်ပါလို့ ပြောတော့ ၁၀၀၀၀ က ပုံမှန်ဈေးပဲတဲ့ (ကျမ Aye Yar River View ရောက်တော့ မေးကြည့်တာ ၃၀၀၀ ခရီးပဲ ရှိတယ်တဲ့ - တကယ်က ၁၀ မိနစ်စာ မောင်းရတဲ့ ခရီးပါ)
ကျမက ဟိုဘက် ဒီဘက် အဆင်ပြေအောင် ၈၀၀၀ ထားလိုက်လို့ ၃/၄ ခွန်းပြောပါတယ်။ အဲ့ဒါကို မရဘူးဆိုပြီး တဘူးထဲ ဘူးနေတော့ ကျမလဲ အမြင်ကတ်လာတာနဲ့ နေတော့။ ငါ့ လာကြိုမယ့် ကားနဲ့ပဲ လိုက်ပို့လိုက်တော့မယ်လို့ ပြောလိုက်တယ်။
ပြသနာက ခုမှ စတာပါ။ ဘာပြောသလဲဆိုတော့ “အဲ့လို ခေါ်သွားလို့ မရဘူးလေ အစ်မ”တဲ့..ကျမ အတော်ကို အံသြပီး မျက်လုံး ပြူးသွားတယ်။ ဘာဖြစ်လို့လဲ မေးတော့ customer ကို အဲ့လို ခေါ်သွားလို့ မရဘူးတဲ့ရှင်။ (ကျမက သာမန်ထက်ကို အတော်ကို ခရီးသွားတဲ့သူပါ။ မြန်မာပြည်မယ် မရောက်ဖူးတာဆို ရခိုင်ဘက်နဲ့ ကချင်ဘက်ပဲ ကျန်တယ်) ဒီလိုပြောတာတော့ ကျမ တခါမှ မကြုံဖူးပါဘူး။
ကားသမား တယောက်ထဲ မကတော့ဘဲ ၄-၅ ယောက် ကျမနား ၀ိုင်းလာတယ်။ (ကျမက ထိုင်ခုံမှာ ထိုင်ရက်ပဲ) ကျတော်တို့က မနက် ၂ နာရီထဲက စောင့်နေတာတဲ့။ အလှည့်နဲ့ ဆွဲရတာ တဲ့။ အစ်မ ဧည့်သည်ကို အဲ့လို ခေါ်သွားလို့ မရဘူးတဲ့။ (မြတ်စွာဘုရား - ဒါမျိုး ရှိတယ်ဆိုတာ ဘုရားစူး ကျမ ပထမဆုံး ကြုံဖူးတာ) ဒါနဲ့ ကျမက နင့်ကို ငါဈေးညှိပေးတယ်လေ။ နင်ပဲ ၈၀၀၀ နဲ့ မလိုက်နိုင်ဘူးဆို။ သူကလဲ ပေးမှ မပေးနိုင်တာပဲ။ နင် ခု သူ့မေးကြည့် လိုက်မယ်ဆို ခေါ်သွားဆိုတော့ အစ်မ ဒီလို လုပ်လို့မရဘူးဆိုပြီး ကျမကို ငါးစိမ်းသည် ရန်တွေ့သလို ၀ိုင်းပြီး ရန်ထောင်ကြတယ်။
ကျမလဲ ခပ်တည်တည်ပဲ ထိုင်နေတော့ အဲ့ foreigner က ကျမထိုင်နေတဲ့ ခုံတန်းမှာ လာထိုင်ပါတယ်။ ကျမကို လာကြိုမယ့်ကားစောင့်ရင်း စကားစမြည်ပြောတော့မှ သူက US citizen ပါ။ China မှာ အလုပ်လုပ်တယ်။ visa renew လုပ်ဖို့ မြန်မာပြည်မှာ stay လာရှောင်တဲ့သူပါ။ ဒီကို ပထမဆုံး ရောက်ဖူးတာပေါ့။ (သူ့ပုံစံက အတော်ကြီးကို အေးအေးဆေးဆေးပါ။ နောက် ငွေကြေးလဲ အဆင်ပြေတဲ့ပုံ မပေါ်ပါဘူး။ သူ့မှာ ပါတာဆိုလို့ ကျောပိုးအိတ် အစုတ် တလုံးရယ်၊ ကြွပ်ကြွပ်အိတ် တလုံးရယ်. ဒါပါပဲ) ဒီမှာ air balloon စီးကြတာ ပုံတွေ သူတွေ့တယ်။ သူသဘောကျတယ်။ ကျမကို စီးဖူးလား ဘာညာ သူနဲ့ စကားပြောနေတုန်း နောက်ထပ် လူ ၄-၅ ယောက် ကျမနား ၀ိုင်းလာကြပြန်တယ်။ ညီမ ဒီလိုလုပ်လို့ ဘယ်ရမလဲ၊ ညီမလဲ ဗမာပဲ နားလည်မှု ရှိမှပေါ့တဲ့။ ကျမ စိတ်က အတော်ကို တိုနေပြီ။ ဒီလူကို ကျမ လိုက်ပို့ပေးမယ် ပြောပီးသွားပီ။ အဲ့တော့ ပိုက်ဆံ ၁၀၀၀၀ လိုချင်တာလား။ အဲ့ပိုက်ဆံ ကျမပေးမယ်လို့ ပြောလိုက်တယ်။ အဲ့လိုတော့ ဘယ်ဟုတ်မလဲ ဘာညာ လျှောချ သွားတယ်။
ဒါနဲ့ ကျမကို လာကြိုတဲ့ကားရောက်တော့ foreigner ကလဲ သူ့ ကျောပိုးအိတ်လေး တင်ပေါ့.. နောက်ထပ် တခါ လူ ၆-၇ ယောက် ၀ိုင်းလာပြန်ရော။ ဧည့်သည်ကို အဲ့လို ခေါ်သွားလို့မရဘူးဆိုပြီး နှုတ်လှန်ထိုးကြပြန်တယ်။ ရဲနဲ့ တွေ့သွားရမယ်တဲ့။ (အဲ့ဒီမှာ ဖြစ်နေတဲ့ မြင်ကွင်းကို မြင်ယောင်သာ ကြည့်ကြပါ- အမဲဖျက်သလိုမျိုးပေါ့- တကယ်ကို ပုံဆိုးပန်းဆိုး ရုပ်အတော်ပေါက်နေပါပီ) ဒါဆို ဟုတ်ပီ- ဘယ်ကရဲလဲ တွေ့သွားမယ်။ သတင်းပို့မယ်။ ဘာရဲလဲ။ ဘာပို့ရမလဲ။ ဘယ်မလဲ ဆိုတော့ သူတို့ ခေါ်ထားတာ လာနေပီတဲ့။ မဟုတ်ဘူး သွားတွေ့လိုက်မယ်ဆိုပီး အဲ့ကနေ တကွေ့ကွေ့တော့ ရဲဆီရောက်။ ရှင်းပြ။
ဒီစကားပဲ ထပ်ကြားရတယ်။ ဧည့်သည်ကို ခေါ်သွားလို့ မရဘူးတဲ့ ။ ကျတော်တို့က ၁ နှစ်စာ ၇ သိန်း သွင်းထားရတာတဲ့။ ကျမ သည်းမခံနိုင်တော့တာနဲ့ ရှင့်ပါရှင် ၇ သိန်းမကလို့ သိန်း ၇၀ သွင်းသွင်း စိတ်မ၀င်စားဘူး။ ဒီလူနဲ့ ကားတစီးထဲ လာကြတာ။ ဈေးညှိပေးတယ်။ နင်တို့ပါနင်တို့ မတန်တဆတောင်းလို့ ၀င်ပြောတာ ဘာညာ ကျမ အော်ပေးလိုက်တယ်။ နောက်ဆုံး ရဲကိုပါ ကဲ - လ နံပတ်ပြော၊ နာမည်ပြော ငါလဲ ဒီကိစ္စကို ရှင်းမယ်လို့ ပြောတယ်။ ဒီလူကိုလဲ ငါ လိုက်မပို့ဘူး၊ ထားခဲ့မယ်ရတယ်။ ကျမတို့ နိုင်ငံခြားသားကို ဒီလို ဒီလို ဖြစ်နေတယ် ရှင်းပြတယ်။ သူကလဲ ကျမတို့ကို ရပါတယ်တဲ့ ။ ကိစ္စ မရှိဘူးဆိုပီး သူ့အိတ်ကလေးကို ပြန်ချ။
စိတ်တိုတာနဲ့ ဒီကိစ္စ ဒီတိုင်းမထားဘူး. ရှင်းမယ်လို့ ပြောကာမှ ခေါ်သွားလိုက်ပါ ဆိုပီး အဲ့ရဲက ဖြစ်တယ် (အဲ့လို ပြောဆိုနေကြတာ မိနစ် ၂၀ - ကျမ စရောက်ကတည်းကဆို ၁ နာရီနီးပါးပါ- ပိုက်ဆံ ၁၀၀၀၀ နဲ့ ဘယ်လောက် ရုပ်ပျက် ဆင်းပျက်ဖြစ်နေတယ်ဆိုတာ စဉ်းစားသာ ကြည့်ပါ)
ကျမ ပြောချင်တာ
၁) ဒီ့ထက် အဆင်ပြေအောင် လုပ်လို့မရတော့ဘူးလား ၊ ဒီဒေသကို tourist ကော local ကော ဒီလောက်လာနေတာ taxi stand နဲ့ other pick up လာတဲ့ကားကို နေရာခွဲထားလို့ မရဘူးလား။ အဲ့လို စီစဉ်ထားဖို့ သိပ်ခက်သလား။ (အဲ့လို ခွဲထားရင် ဒီပြသနာတောင် မဖြစ်ဘူး) ခုက ကားတစီးဆိုက်တာနဲ့ အမဲဖျက်တော့မလို လူအတင်းခေါ်တာ ကြုံဖူးကြမှာပါ (နောက်တနေရာကတော့ မန်းလေး ကားဝင်းပါ) ခုလဲ တူတူပါပဲ။ ကျမက အဲ့ foreigner နောက်က ကပ်ဆင်းလာတာ ကားသမားက အောက်ကနေ ချောလော ပတ်စက်ရုပ်နဲ့ ဘာခေါ်သလဲဆို (Uncle father) တဲ့။ ကျမနားနဲ့ ဆတ်ဆတ်ကြားတာ. သူပြောတဲ့စကား အဓိပ္ပာယ် သူနားကော လည်သလား။ ဘယ်လောက်တောင် အဆင့်အတန်းမဲ့နေသလဲ ဆိုတာ
၂) foreigner တိုင်းကို ပိုက်ဆံရှိတယ်ဆိုပြီး အထင်တွေ စွတ်ကြီးကြတဲ့ အကျင့်ကိုလဲ ဖျောက်စေချင်တယ်။ ကျမကို လာပြောတဲ့ တခွန်းမှာ ဘာပြောသလဲဆို အစ်မရယ် -ဒီလူတွေက ကိုယ့်ထက် ပိုက်ဆံရှိလို့ ကမ္ဘာပတ်နေတာတဲ့။ နိုင်ငံခြားသားတွေမှာ ဒေါ်လာ ၅၀၀ မပြည့်ဘဲ မြန်မာပြည် ၀င်လာတဲ့သူတွေ တပုံတပင်ပါ။ နိုင်ငံခြားသားဆိုတာနဲ့ ရိုက်မယ် လှီးမယ် ဆိုတဲ့ အောက်တန်းဆန်ဆန် အတွေးကနေကို တက်မလာတော့ဘူး။ တနပ်စားကြံကြတာပေါ့
၃) ကျမက ဒီလူကို ပိုက်ဆံယူပြီး ပို့တာလဲ မဟုတ်ဘူး။ လျှာရည်ပီး ပို့တာလဲ မဟုတ်ဘူး။ Local တွေက ဒီ tourism လုပ်ငန်းပေါ် မှီခိုရပ်တည်ရတယ် ကျမ နားလည်တယ်။ ပထမတယောက်ပြောတော့ ၁၀၀၀၀ ကပုံမှန်ဈေးတဲ့။ နောက်တယောက် လာတယ် ။ ၈၀၀၀ ကပုံမှန်ဈေးတဲ့ ။ တကယ်က ၁၀ မိနစ်မပြည့်ပါဘူး။ မောင်းရတာ။ အဲ့တော့??? ဒါပေါ့ - ငပျင်းတွေ အတွက်က တရက် ၂ ကြောင်းလောက်ဆွဲ ထမင်းစားလို့ ရပီလေ။ တနေကုန် နှပ်နေလို့ရတယ်။ လုပ်စားချင်တာပေါ့
၎) ဒီဝင်းထဲ ကားဆွဲလို့ရဖို့ မထသ ကို ၇ သိန်းသွင်းရတယ်ပြောတယ်။ နောက်ထပ် ရိုက်စားလေ။ ဒါကတော့ ဘယ်က စားသလဲ မသိ။ ဒီမယ် လူပိန်းနည်း တွက်ပြမယ်။ ဒီဒေသကို high season- low season အကြမ်းဖျင်း လူဘယ်နှစ်ယောက်ဝင်လဲ data အတိအကျ ရနိုင်တယ်။ ကားစီးရေ၊ ခုံစီးနေ နဲ့ပဲ တွက် (အတိအကျ ရချင်ရင်လဲ data ကောက်လို့ရတယ်) ဘယ်နှစ်ယောက်က လည်ပတ်ဖို့လာတာ ဟုတ်ပြီ။ အဲ့ထဲက 80%က ကားငှားတယ်။ ဒါဆို တရက်စာ taxi ကား ဘယ်နှစ်စီးလိုမယ် တွက်လို့ရတယ်။ လိုတဲ့အရေအတွက်ကို ချထားပေး။ လုနေစရာကို မလိုတာ။ မတွက်မချက်ဘဲ တင်သမျှ ကား ၇ သိန်းသွင်းပီးရော ဆိုလို့ကတော့ သွင်းကြမှာပဲ။ ခုလို လူဝင်ရင် လက်အတင်းမဆွဲရုံတမယ် ဖြစ်နေကြမှာပဲ
၅) ဟုတ်ပီ- ခု ကျမက ဒီနိုင်ငံခြားသားနဲ့ တူတူ လာတာမဟုတ်ဘူး.. အကယ်လို့ ကျမနဲ့ သူနဲ့ ကားပေါ်မှာကတည်းက ခင်မင်ပြီး လိုက်ပို့မယ်ပြောခဲ့ရင် ရှင်တို့ သိမှာလား၊ အဲ့ကျကော customer ကို ခေါ်သွားလို့ မရဘူး ဖြစ်မှာလား..
တနာရီနီးပါး ရုပ်ပျက်၊ ဆင်းပျက်၊ ရုပ်ပေါက် ပြောဆိုလိုက်ရတာ အရင်းစစ်တော့ ငွေ ၁၀၀၀၀ ရယ်၊ $ သုံးမကျတဲ့ စီမံခန့်ခွဲမှုရယ်၊ ဆင်းရဲ မွဲတေမှု ပြသနာရယ် ဒါတွေပါပဲ ..
ကျမလေ local တွေကို အပြစ်မတင်ဘူး။ ကားပေါ်မှာလဲ foreigner ကို မြန်မာပြည် bad image ဖြစ်မှာစိုးလို့ သူတို့က ဒီ ခရီးသည်တွေပေါ် မှီခိုနေရလို့၊ မြန်မာနိုင်ငံသူ နိုင်ငံသားမှန်သမျှက ရင်းနှီးတယ်၊ ဖော်ရွေကြတယ်လို့ ရှင်းပြတော့ သူလဲ transport syndicate တွေ သူနားလည်ပါတယ်. ကျမတို့ကို ကျေးဇူးတအားတင်တယ်လို့ ပြောသွားရှာပါတယ်..
ဟုတ်ကဲ့ - အဲ့မနက် အရမ်းကို အကျည်းတန်လွန်းပါတယ်ရှင်
ကူညီတတ်တဲ့ တို့မြန်မာတွေရဲ့ စိတ်ထားဆိုတာ ဆင်းရဲ မွဲတေမှုနဲ့အတူ အရောင်တွေ မှိန်ကုန်ကြပီ ထင်ပါရဲ့
WJJ
Sit Sint Aung
September 17-2016
ခရက်ဒစ်- Sit Sin Aung အကောင့်မှကူးယူဖော်ပြပါသည်။
ပုံများမှာ မန္တလေးမြို့ အဝေးပြေးဝင်းမှပုံများသာဖြစ်ပါသည် ။
No comments:
Post a Comment