အတော်စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်လေးပါ။ ဖတ်ကြည့်စေချင်ပါတယ်။
...........................................................
အိန္ဒိယနိင်ငံ လခ်နောင်းမြို့မှာ ခြောက်နှစ်သားအရွယ် အက္ကဘရ်(Akbar)ဆိုတဲ့ ကလေးလေးဟာ ၂၀၀၄ခုနှစ်ဖေဖ၀ါရီလ ရက်တစ်ရက်မှာ ဖခင်ဖြစ်သူနဲ့ အပြင်သွားရင်း လမ်းမှာပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့ကို အိုက်ကု (Aiku Lal Sandil) လို့ခေါ်တဲ့ လူတစ်ယောက်က ပန်းခြံတစ်ခုအနီးမှာငိုနေတာတွေ့ပြီး ကလေးကို သူဈေးရောင်းတဲ့ဆိုင်ကို ခေါ်လာခဲ့ပါတယ်။ အိုက်ကူဟာ ဟိန္ဒူအမျိုးသားဖြစ်ပြီး ပျံကျလက်ဖက်ရည်ရောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူက ကလေးကို မေးမြန်းကြည့်ရာမှာတော့ ကလေးဟာ သူ့နာမည် အက္ကဘရ်ဆိုတာကလွဲရင် သူနေရပ်လိပ်စာကိုလဲ မပြောတတ်တဲ့အပြင် သူ့မိဘနာမည်ကိုတောင် မပြောနိင်တာသိလိုက်ရတယ်။
အိုက်ကုက ရဲစခန်းကို အကြောင်းကြားပြီး ကလေးမိဘကို စုံစမ်းခဲ့ပါတယ်။ ဒါပေမယ့် ရဲက ကလေးမိဘကို ရှာမတွေ့နိင်ခဲ့ပဲ အဲဒီပြည်နယ်တစ်ခုလုံးက ရဲစခန်းတွေမှာလဲ ဒီကလေးနဲ့ပတ်သတ်ပြီး ကလေးပျောက်တိုင်ကြားထားတာမရှိဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ နောက်ဆုံးမှတော့ ရဲက အိုက်ကုကို မိဘမဲ့ဂေယာတစ်ခုကို ပို့ဖို့အကြံပေးခဲ့ပေမယ့် သူကငြင်းဆန်ပြီး ကလေးကို သူကိုယ်တိုင်မွေးစားထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အိုက်ကုဟာ သူကိုယ်တိုင် ဟိန္ဒူ ဖြစ်ပေမယ့် ကလေးလေးကို မွတ်စလင်မ်အဖြစ်နဲ့ပဲ မွေးမြူ ခဲ့ပြီး သူသိတဲ့ မွတ်စ်လင်မ်စာရေးတစ်ယောက်ဆီမှာ ကုရ်အာန်ဖတ်တတ်ဖို့နဲ့ နေ့စဉ်နမာဇ်ဝတ်ပြုဖို့ကို သင်ကြားစေခဲ့ပါတယ်။
သူဟာ သာမန်လက်လုပ်လက်စားတစ်ယောက်ဖြစ်ပေမယ့် ကလေးရဲ့ပညာရေးအတွက် ကုန်ကျခံပြီး ကျောင်းထားပေးခဲ့ပါတယ်။ တစ်အိမ်ထဲမှာ ဟိန္ဒုနဲ့ မွတ်စလင်မ် သားအဖနှစ်ဦးရဲ့ ဆက်ဆံရေးဟာ အလွန်ခိုင်မာလှပခဲ့ပြီး တစ်ဦးနဲ့တစ်ဦးအလွန် ချစ်ခင်ခဲ့ကြပါတယ်။
ငါးနှစ်ခန့်အကြာ တစ်ရက်မှာ သူတို့သားအဖရဲ့ နွေးထွေးနေတဲ့ မိသားစုထဲကို ကြမ္မာဆိုးဝင်ရောက်လာပါတော့တယ်။ သူတို့သားအဖရဲ့ ထူးခြားတဲ့ဆက်ဆံရေးကို သတိပြုမိလို့ ဒေသမီဒီယာတစ်ခုက လာရောက်အင်တာဗျူးလုပ်ခဲ့ပါတယ်။ TV မှာထုတ်လွင့်တဲ့ အင်တာဗျုးမှာ ကလေးလေးရဲ့ ငယ်စဉ်က ပုံတစ်ပုံကို အိုက်ကုထုတ်ပြခဲ့ရာက ကလေးရဲ့မိခင်အရင်းဖြစ်သူက တွေ့ရှိမှတ်မိပြီး ရောက်လာပါတော့တယ်။
မိခင်အရင်းရောက်လာချိန်မှာတော့ သူနဲ့ သံယောဇဉ်အလွန်ဖြစ်နေတဲ့ ကလေးကို ပြန်ပေးဖို့ အိုက်ကုက ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် မိခင်ရင်းဖြစ်သူ ရှာနဇ်ဘေဂမ်(Shahnaz Begum)က တရားရုံးမှာ ကလေးပြန်ရလိုမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ တရားရုံးက နှစ်ဖက်ကြားနာစစ်ဆေးပြီး လောလောဆယ်အမှုရင်ဆိုင်နေစဉ်အတွင်း ကလေးကိုဘယ်သူက ခေါ်ထားမလဲဆိုတာနဲ့ ပတ်သတ်ပြီး ကြားဖြတ်အမိန့်တစ်ခုကိုစီရင်ခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ ရှေ့နေတင်ပြတဲ့ မွတ်စလင်မ် မိဘနှစ်ဦးက မွေးလာတဲ့ကလေးကို ဟိန္ဒူအိမ်မှာ နေစေခြင်းဟာ လူမှုရေးပြဿနာတွေရှုတ်ထွေးပေါ်ပေါက်နိင်တယ်ဆိုတဲ့ အဆိုကို တရားသူကြီးဖြစ်သူ ဘာကတ်အလီဇိုက်ဒီ (Justice Barkat Ali Zaidi) က ပယ်ချခဲ့ပြီး အိန္ဒိယနိင်ငံဟာ ဘာသာရေးကို အခြေခံတဲ့နိင်ငံမဟုတ်ပဲ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ပြုထားတဲ့နိင်ငံဖြစ်လို့ ဘာသာရေးကို အခြေခံတဲ့ စိုးရိမ်မှုကို တရားရုံးက လက်ခံမပေးနိင်ကြောင်း ပြောကြားခဲ့ပြီး ကလေးကို လောလောဆယ် မွေးစားထားတဲ့ အိုက်ကုရဲ့ နေအိမ်မှာ ဆက်လက်နေထိုင်ခွင့်ပြုခဲ့ပြီး ကလေးမိခင်ရဲ့ DNAစစ်ဆေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ကလေးမိခင်ရဲ့ ကလေးကို သူ့ဆိုင်မှာ အလုပ်ခိုင်းဖို့ခေါ်ထားခြင်းဖြစ်ကြောင်း စွတ်စွဲမှုကို အိုက်ကုဟာ ကလေးရဲ့ ပညာရေးမှတ်တမ်းတွေနဲ့ အမှတ်စာရင်းတွေ တရားရုံးမှာတင်ပြပြီး ချေပနိင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာခဲ့တဲ့ အမှုဖြစ်နေစဉ်အတွင်းမှာ သူ့ရဲ့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ဇတ်လမ်းတစ်ချို့ကို မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ သူဟာ ကလေးလေးကို မွေးစားနိင်ဖို့်အတွက် အိမ်ထောင်ပြုမယ့် အစီအစဉ်ကို လက်လွတ်ခဲ့တယ်လို့ဆိုပါတယ်။ သူလက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ကောင်မလေးက မွတ်စလင်မ်ကလေးတစ်ယောက်မွေးစားတာကို သဘောမတူလို့ သူနဲ့လက်ထပ်ဖို့ငြင်းဆန်ခဲ့တယ်လို့ဆိုပါတယ်။
တရားရင်ဆိုင်နေစဉ်တစ်ရက်မှာ အိုက်ကုဟာ သူ့ဘ၀နောက်ကြောင်းကို အခုလို မီဒီယာတွေကို ရင်ဖွင့်ပြောကြားခဲ့ပါတယ် ""ကျနော်ဟာ ကြင်နာတတ်တဲ့ မွတ်စ်လင်မ်တစ်ယောက်လက်ထဲမှာ မွေးစားခံပြီး ကြီးပြင်းလာတဲ့ ဟိန္ဒူတစ်ယောက်ပါ။ ကျနော်အက္ကဘရ်ကို တွေ့တဲ့အချိန် သူတို့လူတွေဆီက ရခဲ့တဲ့ ချစ်ခြင်းမေတ္တာနဲ့ အကြင်နာတွေကို ပြန်ပေးဖို့ချိန်ခါရောက်ပြီလို့ ကျနော့ကို ဘုရားသခင်ကပြောသလိုပါပဲ။ ကျနော်ဟာ ဘယ်တုန်းကမှ ဘာသာပြောင်းဖို့ ဖိအားပေးမခံခဲ့ရပါဘူး။ သူတို့ဆီက ပညာရေးရယ် အုပ်ထိမ်းမှုတွေကို ကောင်းကောင်းရခဲ့ပါတယ်။ ဒီကလေးကို သူ့ဘာသာထဲမှာပဲ နေစေပြီး ပြုစုပြိုးထောင်ပေးဖို့ဟာ ကျနော့ရဲ့တာဝန်ပါပဲ"" လို့ဆိုပါတယ်။
ဗဟိုတရားရုံးထိရောက်ခဲ့ပြီး နှစ်ကာလရှည်လျားတဲ့ အမှုစစ်ဆေးမှုတွေအပြီးမှာတော့ တရားသူကြီးတွေက မိခင်ဖြစ်သူဟာ ကလေးပျောက်ဆုံးစဉ်မှာ တိုင်ချက်မဖွင့်ခဲ့တာရယ်၊ အိုက်ကုဟာ ကလေးကို ကျောင်းအပ်စဉ်မှာ သူ့မူရင်းနာမည်ကိုတောင် မပြောင်းပဲ အက္ကဘရ်လို့ မှတ်ပုံတင်ခဲ့တာရယ်၊ ကလေးကို ပညာရေးလုံလောက်စွာသင်ပေးထားတဲ့အပြင် ကလေးရဲ့ ဘာသာရေးပညာပါ သင်ကြားပေးထားတာရယ်၊ နှစ်ကာလကြာစွာ ကလေးဟာ အိုက်ကုဆီမှာနေထိုင်ပျော်ရွင်နေတယ်ဆိုတဲ့ အချက်ရယ်၊ ကလေးငယ်ကိုယ်တိုင်က အိုက်ကုဆီမှာပဲ ဆက်နေချင်တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့တာတွေကို ထောက်ထားပြီး ကလေးမိခင်က မိခင်အရင်းဖြစ်ကြောင်း သက်သေထူနိင်ပေမယ့် ကလေးဆန္ဒနဲ့ ဆန့်ကျင်ပြီး မိခင်ဆီပြန်အပ်ဖို့ ဆုံးဖြတ်ရန်တရားရုံးက ငြင်းဆန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဗဟိုတရားရုံးတရားသူကြီးတွေက အက္ကဘရ်ကို အသက်ဆယ်ရှစ်နှစ်ပြည့်သည်အထိ အိုက်ကုဆီမှာသာ ဆက်နေခွင့်ပြုခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်(မေလမှ ဂျုလိုင်လ) အထိ မိခင်အိမ်မှာ သွားရောက်နေထိုင်စေရန်နဲ့ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ မိခင်နဲ့ မွေးစားဖခင် သူကြိုက်နှစ်သက်ရာ ရွေးချယ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
လူသားဆန်မှုကို ဘာသာတရားထက်ရော၊ သွေးသားတော်စပ်မှုထက်ပါ ဦးစားပေးဆုံးဖြတ်ခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်ဖြစ်ပါတယ်။
https://thelogicalindian.com/story-feed/get-inspired/this-man-from-lucknow-proves-that-humanity-has-no-religion/
http://archive.indianexpress.com/news/aiku---akbar-two-religions-one-family-and-a-court-approval/831716/
http://www.firstpost.com/living/rare-custody-ruling-against-mother-in-supreme-court-hindu-adoptive-father-retains-muslim-boy-2651826.html
No comments:
Post a Comment