တင်မိုးခိုင်
---------------
တင်မိုးခိုင် ဆုံးပြီတဲ့ ။
သူ့အကြောင်းရေးဖို့ အချက်အလက်တွေ စုနေတာ ၊ စိတ်တိုင်းကျ မရသေးလို့ ။
လွန်ခဲ့တဲ့ ၂ ရက် ၊ ၃ ရက်က စိတ်ထဲမှာ သူ့သီချင်းတွေ ညည်းနေမိသေးတယ် ။ အထူးသဖြင့် စိုးပိုင်နဲ့စုံတွဲ .. `` ချစ်ရင် သတ္တိရှိတယ် ´´ သီချင်းပေါ့ ။ပရိသတ်တွေ ကျေနပ်နှစ်ခြိုက်ခဲ့တဲ့ စတီရီယိုခေတ်ဦး တေးတစ်ပုဒ်ပါ ။
တင်မိုးခိုင်ဟာ စတီရီယိုခေတ် မစတင်မီ ၊ မြန်မာ့အသံ local talent ခေတ်ကတည်းက အစွမ်းပြခဲ့သူလို့ သိရပါတယ် ။ အော်စတင် ၊ ဘိုဘိုဟန် ၊ ဗစ်တာခင်ညို ၊ နွဲ့ယဉ်ဝင်းတို့နဲ့ တစ်ခေတ်တည်းလောက်ပါ ။ Marie Connway ဆိုတဲ့ ဗိုလ်နာမည်နဲ့ ဆိုခဲ့တာပါ ။
စတီရီယိုခေတ်ဦး အမျိုးသမီးအဆိုတော်တွေထဲမှာ ပုလဲ ၊ ခင်နုရီ ၊ တင်မိုးခိုင် ၊ ကေဂျာနူးတို့က အစောဆုံးဆိုခဲ့တဲ့ ကြယ်ပွင့်တွေလို့ ထင်ပါတယ် ။ သူတို့နောက်မှာမှ ချိုပြုံး ၊ နွဲ့ယဉ်ဝင်းတို့ ဖြစ်ပါလိမ့်မယ် ။ နွဲ့ယဉ်ဝင်းက ဂျင်မီဂျက်ရဲ့ အရှိကို အရှိအတိုင်း စီးရီးကျမှ စတီရီယိုသီချင်းတွေ စဆိုဖြစ်ပါတယ် ။
သူက အောင်ကိုလတ်နဲ့ အိမ်ထောင်ကျတယ် ။ အောင်ကိုလတ် ချစ်ရေးဆိုပုံကလည်း ရုပ်ရှင်ဆန်တယ် ။တစ်ညသား မိုးတွေရွာနေချိန်မှာ တင်မိုးခိုင်ဆီကို အောင်ကိုလတ်က ဖုန်းဆက်တယ် ။ ခဏလာချင်တယ်ပေါ့ ။ တင်မိုးခိုင်က `` လာမလို့လား ၊ မိုးတွေရွာနေတယ် ၊ မှောင်လည်း မှောင်နေပြီ ´´ လို့ ပြောတယ် ။ ခဏနေတော့ အောင်ကိုလတ် ရောက်ချလာတယ် ။ အိမ်ရှေ့ဆင်ဝင်အောက်မှာပဲ `` I love u ´´ လို့ မင်းသားက ဗိုလ်လိုပြောတယ် ။သည်လိုနဲ့ ချစ်သူတွေဖြစ်ကာ သူတို့လက်တွဲဖြစ်ခဲ့ကြပါတယ် ။
အောင်ကိုလတ်က ချောတော့ အပျိုတွေ ဝိုင်းဝိုင်းလည်ပါတယ် ။ တင်မိုးခိုင်က တစ်ခါတလေ ဖုန်းထဲကနေ မော်ဒယ်လ်အသံနဲ့ ` ဆရာရှိလား ´ ... ၊ တစ်ခါတလေ ` ဦးလတ်လား .. ´ မေးတတ်တယ် ။ ဟိုက သိတယ် ။ အောင်ကိုလတ်က အလုပ်များတဲ့အခါ စိတ်တိုတဲ့အသံနဲ့ `` ကဲ ... ပြော ၊ ဘာလဲ ´´ မေးရင် `` အဲဒီ ပြော ၊ ဘာလဲကြီးကို မကြိုက်ဘူး ´´ တဲ့ ၊ စိတ်ကောက်ပါတယ် ။ ပြီးရင်တော့လည်း ကျေနပ်သွားကြတာပါပဲ ။
တင်မိုးခိုင် ၊ ကေဂျာနူး ၊ နွဲ့ယဉ်ဝင်း ၃ ဦးပေါင်း တစ်ခေတ် ဖြစ်ခဲ့သေးတယ်လို့လည်း ကြားဖူးတယ် ။ စင်ပေါ်မှာ သူတို့ ၃ ဦး အင်္ဂလိပ်သီချင်းတွေ ဆိုကြတာပါ ။ ၃ ယောက်လုံးက အင်္ဂလိပ်စာ ကျွမ်းသူတွေ ၊ ကွန်ဗင့်ကျောင်းထွက်တွေမို့ အော်ရီဂျင်နယ်သီချင်းတွေဆိုရတာ အာတွေ့ကြမှာပါပဲ ။ နားထောင်လို့လည်း ကောင်းမှာပါ ။
သူက မြန်မာ့အသံ ဝန်ထမ်းလည်း ဖြစ်ပါတယ် ။ အင်္ဂလိပ်ပိုင်း အစီအစဉ်ကြေညာသူ ဖြစ်ခဲ့ပါတယ် ။ ဟိုတုန်းက သူ အနောင်ဇာလုပ်တာ မကြာမကြာ ကြားဖူးပါတယ် ။ အထူးသဖြင့် 31st December မှာ အင်္ဂလိပ်ပိုင်း အစီအစဉ်ဝန်ထမ်းတွေ သူတို့အကြိုက်ဆုံး မူရင်းတေးတွေကို ရွေးလွှင့်ပေးတဲ့အခါ စကားပြောခန်းတွေ ပါပါတယ် ။ ဗိုလ်လို ပြောကြတာပါ ။ ကိုညီညီ ၊ တင်မိုးခိုင်တို့က ပင်တိုင် တင်ဆက်ရပါတယ် ။ ( Ko Nyi Nyi ဆိုတာ ချစ်မဝံ့ရဲသီချင်းနဲ့ နာမည်ကြီးသူလို့ ထင်ပါတယ် ။ )
၁၉၈၀ လောက်က ဘတ်စကားပေါ်ကနေ တင်မိုးခိုင်ကို မြင်လိုက်ဖူးတယ် ။ သူက မြန်မာ့အသံရှေ့က စိုက်ပျိုးရေးမှတ်တိုင်ကနေ လိပ်ခုံးဖက်ကို ကူးမလို့ ကားရှင်းချိန် ရပ်စောင့်နေတယ် ထင်ပါတယ် ။အရပ်အမောင်း အနေတော်ပါပဲ ။ ကိုယ်လုံးကိုယ်ထည်တော့ နည်းနည်း သေးသွယ်မယ် ထင်ပါတယ် ။
အောင်ကိုလတ် ဂျပန်ကိုထွက်တော့ ကလေး ၂ ယောက်အတွက် သူတစ်ယောက်တည်း ရုန်းရရှာတယ် ။ ဟိုဂုရုကြီးက တကယ့်အားတစ်စ် ။ မန်းနီးဝါလား မဟုတ်တော့ အသပြာထက် အနုပညာကို ပိုလိုက်စားတယ် ။ ဓာတ်ပုံပညာ လေ့လာတယ် ။တင်မိုးခိုင်က အင်္ဂလိပ်စာ ကျူရှင်ပြရင်း စားဝတ်နေရေး ဖြေရှင်းရတယ် ။ သူက ကျန်းမာရေးလည်း သိပ်မကောင်းဘူးပြောတယ် ။ နှလုံးရောဂါ ရှိတယ်ဆိုလားပဲ ။
သူ့အကြောင်းကို သည့်ထက်မက ရေးဖွဲ့ချင်ပါတယ် ။ အချက်အလက်တွေက စိတ်တိုင်းကျ မရသေးလို့ လောလောဆယ် ၊ အရေးပေါ် သည်လောက်ပဲ ရေးဖွဲ့လွမ်းဆွတ်လိုက်ရပါတယ် ။
အန်တီတင်မိုးခိုင် ကောင်းရာဘုံဘဝ ရောက်ပါစေ ။ ။
ref : သရဖူ မဂ္ဂဇင်း
Maung Maung Nee
No comments:
Post a Comment