တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အစိုးရ တပ်မတော်တို့အကြား နမ့်ခမ်းဒေသတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကာ ရွာအတွင်းလက်နက်ကြီးကျည်ဆံကျရောက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိသည်ဟု သိရသည်။
ဒဏ်ရာရရှိသည့်နမ့်ခမ်းမြို့ခံတချို့ |
ကျေးရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နမ့်ဟွမ်ရွာသူ ဒေါ်ယားလိုင်း(နိုင်းအမ်) အသက် ရ၀ ကျော် အဘွားအို တဦးသေဆုံးသည်။ ကောင်းခေရွာသူ အမျိုးသမီး ၃ ဦး – ဒေါ်အိုင်ထား အသက် ၄၈ နှစ်၊ မအိုင်သန်းဌေး ၁၃ နှစ်၊ မအီရွှေဦး အသက် ၁၇ နှစ် တို့လည်း ဒဏ်ရာအပြင်းအထန်ရရှိသည့်အပြင် အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်ဒဏ်ရာရှိသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။
”ရဟတ်ယာဉ်တွေက နမ့်ခမ်းကနေကို မြင်နေရတာ။ လက်နက်ကြီးပစ်သံတွေလည်း မြို့ပေါ်ကနေကို ကြားနေရတယ်။ ဒေါ်နန်းအမ် အလောင်းလဲ နမ့်ခမ်းဆေးရုံမှာဘဲ။ ဒဏ်ရာရတဲ့သူလဲ နမ့်ခမ်းဆေးရုံမှာဘဲ” ဟု နမ့်ခမ်းဒေသခံ စိုင်းအေး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
စစ်ဘေးရှောင်နမ့်ခမ်းမြို့ခံများ |
‘ အမြောက်သံကြားရတော့ နမ့်ခမ်းမြို့တွင်းမှာလည်း လူအသွားအလာကျဲကုန်တယ်။ မြို့ထဲမှာတော့ ဘာမှ ဖြစ်တာတော့မရှိသေးဘူး ‘ ဟု နမ့်ခမ်းမြို့ခံ စိုင်းအွမ်ကလည်း မေလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပြောသည်။
ယခုရက်ပိုင်းအတွင်း တအာင်းတပ်မတော်နှင့် အစိုးရ စစ်တပ်အကြား နမ့်ခမ်း ၊ ကွတ်ခိုင် နှင့် နမ္မတူမြို့နယ် တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ ရက်ဆက်တိုက်ခန့်ရှိနေပြီဟု သိရသည်။
လက်နက်ကြီးကျည်ထိမှန်သဖြင့် သေဆုံးသွားသည့်အဖွား နိုင်းအမ် |
By: သျှမ်းသံတော်ဆင့် / စိုင်းအောင်ဆိုင်း
http://burmese.panglong.org
No comments:
Post a Comment