Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 9, 2017

ငရဲခန်းမှာ နှစ်(၂၀)

ငရဲခန်းမှာ နှစ်(၂၀)
………………………………………..



(၁)
''ထိုင်းတရားခံပြေး ရဲဆရာဝန်အား မြန်မာနိုင်ငံ မော်လမြိုင်မြို့ တွင်ဖမ်းမိ
---------------------------------------------------------------------------
၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံ ဖက်ချဘူရီပြည်နယ် စိုက်ပျိုးရေးခြံ အတွင်းမှာ ထိုင်းလူမျိုးနဲ့  မြန်မာနိုင်ငံသား အလုပ်သမား တွေကိုသတ်ပြီး အလောင်းဖျောက်ဖျက် ခဲ့မှုမှာ အဓိက တရားခံ ရဲ ဆရာဝန် ဖဲ့စူဖတ်ကို ထိုင်းတရားရုံးကသေဒဏ်ချမှတ်သူဖြစ်ပါတယ်၊တရားခံဟာအာမခံနဲ့ အပြင်ကနေ
အမှုကို ဆက်တိုက်ပြီး ထွက်ပြေး သွားခဲ့တာပါ။
တရားခံပြေး ဖဲ့စူဖတ် နဲ့ အတူ မယားငယ် ကိုထိုင်းရဲအဖွဲ့ က ၂၀၁၆ဒီဇင်ဘာ၁၈ရက် က မြန်မာနိုင်ငံ မော်လမြိုင်မြို့၊ ဖက်ခင်းရပ်က ရာမညဟိုတယ်တည်းခိုးခန်းမှာလိုက်လံ ဖမ်း ဆီး နိုင် ခဲ့တယ်လို့ သိရပါတယ်။
တရားခံဖြစ်သူဟာ သူပိုင်ခြံအတွင်းမှာ မြန်မာနိုင်ငံသား တွေကို တရားမ၀င် ခိုးသွင်းပြီး လူကုန်ကူးမှု နဲ့ ပါ ပါတ်သက်နေကြောင်း စစ်ဆေးတွေရှိခဲ့တယ်လို့ လည်း သိရပါတယ်။
စိတ်မထင်တိုင်း မြန်မာနိုင်ငံသားတွေကို (သားနဲ့  မြန်မာနိုင်ငံသား လူယုံတွေ ကို သတ်ခိုင်းခဲ့ပြီး မြေမြုပ် ဖျောက်ဖျက် တတ် တဲ့ တရားခံ ဖဲ့စူဖတ်ရဲ့ လက်အတွင်း က ထွက်းပြေးလွတ်မြောက် လာသူတစ်ဦးက စတင် သတင်းပေးဖေါ် ထုတ်ခဲ့လို့  လူသတ်မှုတွေကို ဆက်တိုက် ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။
မိန်းမ သုံးယောက် ယူထားတဲ့ တရားခံ ပြေး ဟာ ထိုင်းမြန်မာ
နယ်စပ် ကနေ နောက် ဆုံးမယားငယ်နဲ့  အတူ မြန်မာနိုင်ငံထဲ ထွက်ပြေးခဲ့တာကို မယားလတ် က နောက်ကလိုက်လာပြီး မော်လမြိုင်ရဲကို သတင်းပေး ခဲ့တာဖြစ် တယ်လို့  သတင်းတွေ
မှာ ရေးသား ဖေါ်ပြ ထားပါတယ်။''

အထက်ပါသတင်းကို ဖတ်လိုက်ရချိန်တွင် ကျွန်တော် ထခုန်မတတ်ဝမ်းသာမိသွားသည်။
ထိုသတင်းထဲတွင်ပါရှိသည့် လူသတ်မှုများအားသတင်းပေးဖော်ထုတ်ခဲ့သူ မြန်မာနိုင်ငံသားတစ်ဦးကို မကြာသေးမီအချိန်ကပင် ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအချိန်တွင် ယခုဖမ်းမိသော တရားခံထိုင်းသူဌေးမှာ ဘယ်ဆီဘယ်ဝယ်တွင် ရှိနေမှန်းပင်မသိ။
လူသတ်မှုများကို သတင်းပေးဖော်ထုတ်ခဲ့သူ ကိုယ်တိုင် အဆိုပါ ထိုင်းသူဌေးထံတွင် နှစ်ပေါင်း(၂၀)ကျော်ကြာ ကျွန်ဘ၀ဖြင့် နေခဲ့ရသူတစ်ဦး။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီးမှ ကျောက်ကြီးတောင်ဘုန်းကြီးကျောင်းဟု အမည်ရသော တောရကျောင်းလေးတွင် ကိုကုလားကို ကျွန်တော်တို့ ခက်ခက်ခဲခဲရှာဖွေတွေ့ဆုံခဲ့ရသည်။
ရက်စက်လှသော ထိုင်းလူမျိုးသူဌေး ဖဲ့စူဖတ် ၏ လက်အောက်တွင် နှစ်နှစ်ဆယ်ကျော်ရရှိခဲ့သော သူ့ဒဏ်ရာများဖြင့်… ကိုကုလား ငို၏။
တုံးတိဖြစ်နေသော သူ၏ ဘက်ဘက်လည်ဖြင့် သူ့မိသားစု ၊ သူ့သားသမီးလေးများအကြောင်းကို ပြောပြ၏။
ကိုကုလား၏ ဘ၀ သည် ရုပ်ရှင်ဆန်လွန်းသည်ဟု ဆိုလျင် အတော်လေးကို ဇာတ်နာသော ရုပ်ရှင်ဖြစ်ပေလိမ့်မည်။
ကိုကုလား၏ ဘ၀မှန်ကူကွက်များကို စာမျက်နှာထက်တွင် တစ်ကွက်ချင်း ကြည့်ရှုကြမည်ဆိုလျင်..

(၂)

''ဒိုင်း''
ထိုင်းသူဌေး၏ ဆဲရေးသံအဆုံးတွင် သေနတ်သံပါ ပေါ်ထွက်လာသည်။
သေနတ်သံနှင့်အတူ သစ်ပင်ပေါ်မှ မြန်မာအလုပ်သမားတစ်ဦး ကား ခနဲ ပြုတ်ကျလာ၏။
''ကုလား..မြေကော်စက်သွားယူစမ်း..ဒီဖမာ့အလောင်းကို ၀ါးရုံပင်အောက်မှာ မြုပ်မယ်''
သူဌေး၏ ခိုင်းစေမှုကြောင့် သစ်ပင်တက်ခုတ်နေစဉ် ခါချဉ်ကိုက်သဖြင့် စောဒကတက်မိသော မြန်မာနိုင်ငံသား ကရင်လူငယ်၏ အလောင်းကို သူဌေး၏ အမိန့်အတိုင်း သူမြုပ်ရပေဦးမည်။
ထိုင်းနိုင်ငံ၊ ဖေ့ဘူရီမြို့မှ ခရိုင်ရဲဆရာဝန် တစ်ဦးဖြစ်ပြီး သူဌေးတစ်ဦးလည်းဖြစ်သူ ဖဲ့စူဖတ် သတ်ပစ်ခဲ့သော မြန်မာလူမျိုးအလောင်းများကို မြေမြှပ်ပေးခဲ့ရသည်မှာ ယခုအလောင်းနှင့်ဆို သုံးလောင်းတိတိဖြစ်သည်။
''ဒီအကြောင်းတွေ မပြောချင်ဘူး..ပြန်ပြောရင် စိတ်တအားနာတယ်..ကျွန်တော်လည်း အဲ့ဒီကတည်းက သူတို့လို စောစောသေသွားရင်ကောင်းမယ်လို့ စဉ်းစားမိတယ်'' ဟု သူက ဆိုသည်။
သူ ဟု နာမ်စားသုံးခဲ့သော ကိုရဲမျိုးကျော် ခေါ် ကိုကုလားသည် ထိုင်းနိုင်ငံရှိ ငွေဝယ်ကျွန်ဘ၀တွင် ထိုင်းလုပ်ငန်းရှင်၏ လူမဆန်လှစွာသော ရက်စက်မှုများကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး ကိုယ်တိုင်ခါးသီးစွာခံခဲ့ရသည်။
ကိုကုလား သည် အသက်(၂၁)နှစ်အရွယ်တွင် ထိုင်းနိုင်ငံသို့ ရောင်းစားခံခဲ့ရပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ အသက်(၄၂)နှစ်တွင်မှ ထိုင်းသူဌေး၏ နှိပ်စက်ကျွန်ပြုမှုကို ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။
ခနာကိုယ်တွင် အမာရွတ်ပေါင်းများစွာအပြင် ညာဘက်လက်တစ်ဖက်သည် တံတောင်စစ်အကျော်တွင် တိတိရိရိပြတ်နေပြီး ခါးကျောရိုးစစ်ကြီးကုန်းနေသော ကိုကုလား၏ နှစ်နှစ်ဆယ်ကျော် အနှိပ်စက်ခံရမှုတို့ကား ယုံနိုင်ဖွယ်မရှိ။
ကိုကုလားတင်မဟုတ်…ကိုကုလား၏ ဇနီးဖြစ်သူ မကရင်မ နှင့် မွေးဖွားလာသော သားသမီးတို့ကိုပါ ကျွန်အဖြစ် ခိုင်းစေနှိပ်စက်ခံခဲ့ရသော အထိုအဖြစ်သည် ထိုင်းတရားရေးလောကတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့သော အမှုတစ်ခုလည်းဖြစ်ခဲ့သည်။
ကိုကုလား ကို ဘောက်ထော်ရှိ တပ်မတော်မှတ်တမ်းရုံး ၀န်ထမ်းလိုင်းခန်းတွင် မွေးဖွားသည်။
ဖခင်ဖြစ်သူမှ တပ်မတော်မှ တပ်ကြပ်ကြီးတစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့တွင် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ တွင် ဖခင်ဖြစ်သူ ရဲတပ်ဖွဲ့မှ ထွက်လာခဲ့ပြီးနောက် ကိုကုလားတို့မိသားစု ပဲခူးမြို့အနီး အင်းတကော်ကျေးရွာသို့ ပြောင်းရွေ့ကာ ခြံစိုက်စားခဲ့သည်။
အသားမည်းမည်း၊ လူကောင်ထွားထွားနှင့်မို့ သူ့ကို ကုလား ၏ အမည်ပြောင်ခေါ်ကြရာမှ ထိုအမည်သည်ပင် တွင်ရစ်သွားခဲ့သည်။
ကိုကုလားသည် ငါးတန်းတွင် ကျောင်းထွက်ခဲ့ပြီး သစ်စက်တွင် အလုပ်ဝင်လုပ်သည်။
အသက်(၁၉)နှစ်အရွယ်တွင် ကိုကုလားသည် သစ်ခွဲစက်တွင် ၀ိုင်းဆရာတစ်ယောက်ဖြစ်လာ၏။ ၀ါသနာအရ စိန်ကုလား ဟူသော အမည်ဖြင့် လက်ဝှေ့လောကတွင်လည်း ကျင်လည်ခဲ့သည်။
မကြာမီပင် ကိုကုလား အိမ်ထောင်ကျသည်။
အိမ်ထောင်ကျပြီးသုံးနှစ်အကြာ ကလေးတစ်ယောက်ရအပြီး စီးပွားရေးက ကြပ်တည်းလာသည်။
သူ့လက်အောက်တွင် အလုပ်လုပ်ခဲ့ဖူးသော သစ်ခွဲသမားတပည့်အချို့က ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်ပြီး ပြန်လာကြသည်။
သူတို့အဆိုရ ထိုင်းတွင် သစ်ခွဲစက်လုပ်သားတစ်ဦးပင်လျှင် မြန်မာငွေ တစ်သိန်းနှင့်ညီမျှသော ဘတ်ငွေရသည်။ သစ်ခွဲစက်ဝိုင်းဆရာဆိုလျင် လစာပိုကောင်းနိုင်သည်။
ထိုအချိန်ကာလက မြန်မာငွေ တစ်သိန်းဆိုသော ပမာဏသည့် တကယ်ပင်မက်လောက်စရာငွေကြေးဖြစ်သည်။
ဇနီးဖြစ်သူကလည်း ထိုင်းတွင် အလုပ်သွားလုပ်ရန် တိုက်တွန်းသည်။
၁၉၉၁ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်ရန် ပွဲစားအချိတ်အဆက်များဖြင့် ကိုကုလားတစ်ယောက်တည်း ထွက်လာခဲ့၏ ။
ထို့နောက် ပွဲစားက သူတို့ကို မြ၀တီမြို့တွင် ထားသွားခဲ့သည်။
ကိုကုလားတစ်ယောက် မြ၀တီမြို့တွင် ယောင်လည်လည်ဖြစ်နေရာမှ ကြက်သတ်ရုံတွင် အလုပ်ဝင်လုပ်သည်။
ကိုကုလားက ထိုင်းနိုင်ငံတွင်းသို့သာ အလုပ်သွားလုပ်ချင်စိတ်က တာစူနေသည်။
ကြက်သတ်ရုံတွင်လုပ်သည်က ထင်သလောက်ငွေမရ။ ကျန်နေရစ်သည့် ဇနီးနှင့် သားထံ ငွေပို့ချင်နေသည်။
ထို့ကြောင့်..ထိုင်းနိုင်ငံထဲသို့ ၀င်ရောက်လုပ်ကိုင်ခွင့်ရရန် နောက်ထပ်ပွဲစားများကို ချိတ်ဆက်သည်။
မကြာမီပင် ကိုကုလားအား ထိုင်းနိုင်ငံထဲရှိ စက်ရုံတစ်ခုတွင် အလုပ်ပေးမည်ဟု ခေါ်ကာ လူပွဲစားများက ခေါ်ဆောင်သွားကြသည်။
တကယ်တမ်းကား ကိုကုလားအား ထိုင်းနိုင်ငံမှ နာမည်ကျော် ရဲဆရာဝန်ကြီး မစတာ ဖဲ့စူဖတ် ၏ ထိုင်းနိုင်ငံ၊ ဖေ့ဘူရီခရိုင်၊ ထိုင်ရမ်ကျေးရွာ ရှိ မွေးမြူရေးခြံသို့သာ ရောင်းစားခံခဲ့ရလေသည်။
''ဟိုရောက်ရောက်ချင်းလုပ်ရတာက ဆတ်တွေ၊ နွားတွေ မွေးတဲ့ မွေးမြူရေးခြံကြီးမှာ..ရောက်ကတည်းက လူတွေကို နေစရာအိပ်စရာမပေးဘူး..အဲ့ဒီကတည်းကသွားပြီဆိုတာသိလိုက်တယ်….ထွက်ပြေးဖို့ရာလည်း ကိုယ်က အဲ့ဒီအချိန်မှာ စကားလည်းမတတ် ဘယ်နေရာရောက်နေမှန်းလည်းမသိဘူးလေ''
မွေးမြူရေးခြံက ခြံစည်းရိုးခတ်မထားသော်လည်း ဘေးပတ်လည်အနီးတ၀ိုက်မှ ရဲစခန်းများအားလုံးနှင့် လူမိုက်များအားလုံးမှာ သူဌေးဖြစ်သူ ဆူလာဖတ်၏ တပည့်များဖြစ်နေသဖြင့် ပြေးမလွတ်နိုင်ကြောင်းလည်း ကိုကုလားတဖြည်းဖြည်းသိလာရသည်။
မစတာမော်စူဖတ်သည် ထိုင်းနိုင်ငံမှ အဆင့်မြင့်ရဲအရာရှိ ဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး ဘန်ကောက်မှ မဟာချိုင်အထိ လုပ်ငန်းများဖြန့်ကျက်ထားနိုင်သည့် လုပ်ငန်းရှင်ကြီးတစ်ဦးလည်းဖြစ်သည်။
ကိုကုလားနှင့် ရောင်းစားခံကရင်လူငယ်လေးတသိုက်မှာ မနက်သုံးနာရီမှ ည ဆယ်နာရီအထိ တစ်နေကုန် မွေးမြူရေးခြံအတွင်း အလုပ်လုပ်ကြရသည်။
လစာဆိုသည်ကို မြင်ပင် မမြင်ဘူး။ ဆေးလိပ်ဖိုးမျှ တောင်းလျှင်ပင် ညူညူစူစူဖြစ်တတ်ကြသည်။
သူတို့အတွက်စားစရာကား တစ်ဦးလျင် တစ်နေ့ ဆန်တစ်ခွက်၊ ဆန်ကွဲတစ်ခွက်ပေး၏ ။ ဟင်းအတွက်ကား ရွာဈေးအမှိုက်ပုံမှ ဂေါ်ဖီထုတ်အခွံများ၊ အသီးအရွက်ပုပ်များကျွေးသည်။
''ညအိပ်စရာက နေရာမရှိဘူး။ ခြံထဲမှာရှိတဲ့ ကားတွေပေါ်တက်အိပ်၊ နွားတင်းကုပ်ထဲ ၀င်အိပ်ပဲ၊ သူဌေးရဲ့ လူယုံတွေက အမြဲတမ်း သေနတ်တွေ ကိုင်ထားကြတယ်'' ဟု ကိုကုလားက ဆိုသည်။
လူကောင်တောင့်တောင်ထွားထွားရှိသော ကိုကုလားသည် အလုပ်လုပ်ရာတွင် မခိုကပ်သောကြောင့် မကြာမီပင် သူဌေး၏ မျက်နှာသာပေးချင်းကို ခံရသည်။
သူဌေးနှင့်အတူ ဘန်ကောက်လိုက်ရသည့်အခါများလည်း ရှိလာသည်။ ကိုကုလားသည် တဖြည်းဖြည်းနှင့် ထိုင်းဘာသာစကားကို ကျွမ်းကျင်လာ၏။
''ထိုင်းကိုရောက်ပြီး တစ်နှစ်ခွဲလောက်အကြာမှာ ကျွန်တော်လူသတ်မှုဖြစ်တယ်..ဖြစ်ပုံက တစ်ရက်မှာ သူဌေးရဲ့ မန်နေဂျာက ညဘက် (၁၂)နာရီလောက်ကြီးရောက်လာပြီး အသစ်ရောက်လာတဲ့ မြန်မာကလေးတစ်ယောက်ကို ပြသနာရှာတယ်။ ကျွန်တော်နဲ့ စကားများရာက သူက ကျွန်တော့်ကို သေနတ်နဲ့ ပစ်ဖို့လုပ်တဲ့အချိန်မှာ ကျွန်တော်က ဘေးနားမှာရှိတဲ့ သံတူရွင်းနဲ့ ရိုက်လိုက်မိတယ်။ ပွဲချင်းပြီးပဲ သူသေသွားတယ်'' ဟု ကိုကုလားက ဆိုသည်။
ထို့နောက် ကိုကုလားသည် မြို့နယ်ရဲစခန်းတွင် လူသတ်မှုအတွက် ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့သည်။
ထိုအမှုဖြင့် ကိုကုလား အား ထိုင်းနိုင်ငံတရားရုံးမှ ထောင်ဒဏ်သုံးနှစ်နှင့် ရှစ်လ ချမှတ်လိုက်၏။
နှစ်နှစ်ကျော်အကြာတွင် ကိုကုလား ထောင်မှ ပြန်လွတ်လာခဲ့ပြီး ခိုးဝင်နိုင်ငံခြားသားများကို ပြန်ပို့ရန် စုစည်းထားသည့် ဂေဟာသို့ အပို့ခံရသည်။
ထိုဂေဟာသည်လည်း မစတာ ဖဲ့ဆူဖတ်၏ အာဏာစက်အောက်က မလွတ်။
ထိုသို့နှင့် ကိုကုလားသည် ဖဲ့ဆူဖတ်၏ ကျွန်စခန်း ခြံကြီးဆီသို့ ပြန်ရောက်ရပြန်သည်။
ပြန်ရောက်သည့်နောက်ပိုင်းတွင်တော့ ကိုကုလားသည် သူဌေး၏ အဓိကလူယုံဖြစ်လာ၏ ။
သူဌေးက နောက်ထပ်နှစ်နှစ်ကြာလုပ်ပေးလျင် လစာများအားလုံးပြန်ပေးပြီး မြန်မာပြည်ပြန်ခွင့်ပေးမည်ဟု စည်းရုံးသည်။
ကိုကုလား ယုံချင်ခဲ့ပါသည်။ သို့သော်…။
''သူဌေးဘေးနားမှာ နေလာရတဲ့အခါ သူ လူသတ်တာတွေကို ကျွန်တော်သိလာတယ်။ ကျွန်တော့်ရှေ့တင် သူပစ်သတ်တဲ့ မြန်မာနိုင်ငံသားအလုပ်သမားက သုံးယောက်ရှိတယ်။ ကျွန်တော်ကိုယ်တိုင် အလောင်းတွေကို မြေကော်စက်နဲ့ကော်ပြီး မြုပ်ပေးခဲ့ရတယ်။ ထစ်ခနဲရှိ သူက သေနတ်နဲ့ထုတ်ပစ်တတ်တော့ အလုပ်သမားတွေမှာ ဘယ်နေ့သေမလဲပဲတွေးနေရတယ်'' ဟု ကိုကုလားက ဆိုသည်။
သူဌေးဘေးတွင် အနီးကပ်နေလာရာမှ တစ်နှစ်ခွဲအကြာတွင် ကိုကုလားထွက်ပြေးဖို့ ကြိုးစားခဲ့သည်။
''ခြံမှာ ကျွန်တော့်ထက်စောရောက်နေတဲ့ လူတွေက သတိပေးကြတယ်။ သူဌေးဘေးမှာ နေရတဲ့ လူယုံတွေဟာ နှစ်နှစ်သုံးနှစ်ကြာရင် ပျောက်ပျောက်သွားတတ်တယ်။ သူဌေးလုပ်ရပ်တွေကို သိနေတဲ့အတွက် နှုတ်ပိတ်ပစ်တာလို့ ဆိုကြတယ်။ ဒါနဲ့ ကျွန်တော်လည်း ထွက်ပြေးဖို့ ကြိုးစားတော့တာပဲ'' ဟု ကိုကုလားက ဆိုသည်။
ထိုင်းဘာသာစကားကျွမ်းကျင်နေပြီမို့ ခြံမှ ထွက်ပြေးသောအခါ အခက်အခဲသိပ်မရှိ။
လမ်းတွင် တွေ့သမျှလူများအား အကူအညီတောင်းခံခဲ့ပြီး တွေ့ရာခရီးသည်တင်ကားကို တက်စီးခဲ့သည်။
မကြာမီ ပင်လယ်ကမ်းစပ်မြို့တစ်မြို့သို့ ရောက်ရှိပြီး မြန်မာနိုင်ငံသားများလုပ်ကိုင်သည့် ငါးဖမ်းလုပ်ငန်းတစ်ခုတွင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။
ကိုကုလားသည် ထိုင်းစကားကို ကျွမ်းကျင်သဖြင့် သူဌေးက သဘောကျသည်။ စကားပြန်အဖြစ် ကိုကုလားလုပ်ကကိုင်ခဲ့ပြီး တစ်လ ဘတ် ၄၅၀၀ ရခဲ့သည်။
''နှစ်လအကြာမှာ ဖဲ့ဆူဖတ်က ကျွန်တော့်ကို ခြေရာခံမိသွားတယ်။ ကျွန်တော်ဓာတ်ပုံနဲ့အတူ ရဲက လာဖမ်းတာ။ ကျွန်တော်က သူ့ဆီက ရွှေတွေ၊ သေနတ်တွေခိုးပါတယ်ဆိုပြီး လာဖမ်းတာ''ဟု ကိုကုလားက ဆိုသည်။
သူဌေး ဖဲ့စူဖတ်သည် ကိုကုလားအား ဖမ်းလာပြီးမကြာမီ ပစည်းများအား ပြန်တွေ့သည်ဟုဆိုကာ အမှုပိတ်ပေးပြီး ကိုကုလားကို မွေးမြူရေးခြံရှိရာသို့ ပြန်ခေါ်သွားပြန်၏။
မွေးမြူရေးခြံသို့ ကိုကုလားပြန်ရောက်သောအခါ ခြံတွင် ကိုကုလားကဲ့သို့ပင် ရောင်းစားခံရသော မကရင်မ ဆိုသည့် အမျိုးသမီးတစ်ဦးကိုတွေ့ရ၏။
မကရင်မ က ကရင်ပြည်နယ်၊ လိပ်သို ဘက်မှ ထိုင်းတွင်လာအလုပ်လုပ်ပြီး ရောင်းစားခံခဲ့ရသူ။
မကရင်မသည်လည်း အိမ်ထောင်သည်တစ်ယောက်။
သို့ပေမယ့် သူသည်လည်း ကိုကုလားကဲ့သို့ပင် သည်ကျွန်းစခန်းကြီးထဲမှာ အနာဂတ်ရေရာခြင်းမရှိ။
ဒီလိုနှင့် သူတို့ နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်မိကြ၏။
မကြာမီပင် ကိုကုလား နှင့် မကရင်မ တို့ အိမ်ထောင်ပြုလိုက်ကြ၏။ ကလေးတစ်ယောက်ရသည်။
အရွယ်ရကာစအချိန်တွင် ထိုကလေးငယ်သည်လည်း လွတ်လပ်ခွင့်မရ။
သူဌေးက အတင်းလုယူသွားပြီး ဘန်ကောက်ရှိ သူ့နေအိမ်တွင် အခိုင်းစေအဖြစ်စေခိုင်းသည်။
ကိုကုလားနှင့် မကရင်မကိုလည်း အလုပ်ကြမ်းများ မနားမနေခိုင်းစေသည်။
''နောက်ဆုံး ကျွန်တော်ဘယ်လိုမှ မခံနိုင်တော့ဘူး။ ကျွန်တော်တို့က မွေးတဲ့ကလေးက အစ သူ့ကျွန်ဖြစ်နေရတယ်။ ဒါနဲ့ ကျွန်တော်တစ်ယောက်တည်း အရင်ထွက်ပြေးဖို့ ကြိုးစားတယ်။ ပြီးမှ မိန်းမနဲ့ ကလေးကို ပြန်ကယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့'' ဟု ကိုကုလားက ဆိုသည်။
ယခုတစ်ခေါက်လွတ်မြောက်ချိန်တွင်တော့ ပင်လယ်ဘက်သို့ ပြန်မသွားတော့။
မြို့တစ်မြို့တွင် အုတ်စီသည့် လုပ်ငန်းကို ၀င်လုပ်သည်။ ကိုကုလား သည် အလုပ်ကြိုးစားသဖြင့် သူဌေးက သဘောကျသည်။ သူဌေးနှင့် ရင်းနှီးလာသည်။
သူဌေးအား သူ့ဘ၀ဇာတ်လမ်းကို ပြောပြသောအခါ ခြံထဲတွင်ကျန်ရစ်သော မိန်းမနှင့်ကလေးကို သွားကယ်လိုလျင်ကူညီပေးမည်ဟု ဆိုလာသည်။
''သူဌေးက ခြံပြင်က ကားနဲ့စောင့်ပေးတယ်။ ကျွန်တော်က ခြံထဲကို ခိုးဝင်ပြီး ကျွန်တော့်မိန်းမကို သွားပြန်ခိုးတယ်။ အဲ့ဒီအချိန်မှာ မိန်းမက ကျွန်တော်နဲ့ရတဲ့ ဒုတိယကလေးတောင် မွေးပြီးပြီ။ ကျွန်တော့်မိန်းမရော၊ ကလေးပါ ကျွန်တော်နဲ့ ပြန်ပါလာတယ်''ဟု ကိုကုလားက ဆိုသည်။
မည်သို့ပင်ဖြစ်စေ ကိုကုလားတို့ မိသားစုကား သြဇာအာဏာကြီးမားလှသော မော်စူဖတ်၏ လက်ကျဲကြီးအောက်မှ မလွတ်နိုင်ခဲ့ပါ။
''အဲ့ဒီမှာ ကျွန်တော်တို့ မိသားစုဘ၀လေးတော်တော်အဆင်ပြေပါတယ်။ ဆိုင်ကယ်တွေဘာတွေတောင် ၀ယ်နိုင်တယ်။ ဒါပေမယ့် တစ်နှစ်ခွဲလောက်ကြာတော့ မော်ဆူဖတ်က ကျွန်တော်တို့ကို စုံစမ်းမိပြီး ပြန်လာဖမ်းပြန်တယ်''
ဒီတစ်ခေါက်တွင်တော့ မော်စူဖတ်က ကိုကုလားအပေါ် အညှိးကြီးညှိးတော့သည်။
အချုပ်ခန်းထဲတွင် ထိုင်းရဲများ ၀ိုင်းရိုက်သဖြင့် ကိုကုလားဆေးရုံတက်ရသည်။ ဆေးရုံက ဆင်းသည့်အခါ မွေးမြူရေးခြံကြီးသို့ ပြန်ရောက်ရပြန်၏။
ခြံသို့ရောက်သောအခါ ကိုကုလား၏ ဇနီးနှင့်ကလေးကို တောင်ပေါ်ခြံသို့ ပို့ထားလိုက်သည်။
ကိုကုလားကိုမူ ဆောင်းပါးအစတွင် မြင်ခဲ့ရသည့် ပစ်သတ်ခံ ကရင်လူငယ်လေးအား ခိုင်းသည့်အတိုင်း ကိုကုလားကို သစ်ပင်တက်ခုတ်ခိုင်း၏။
မော်စူဖတ်က သေနတ်ကို ခါးထိုးကာ အောက်က မတ်တပ်ရပ်နေသည်။ ကရင်လူငယ်လေးကဲ့သို့သော ကံကြမာဆိုးက သူ့ထံကျရောက်လာလေပြီလားဟု တွေးကာ ကိုကုလား ကြောက်ရွံ့လာသည်။
ကျွတ်ဆတ်လှသော သစ်ကိုင်းပေါ်တက်ရင်း ခါးချဉ်ကောင်များကိုက်သဖြင့် လက်ကိုအလွှတ် သစ်ပင်ပေါ်မှ ပြုတ်ကျတော့သည်။
ပေနှစ်ဆယ်အမြင့်ရှိ သစ်ပင်ပေါ်မှ ပြုတ်ကျသဖြင့် ကိုကုလား၏ ဘက်ဘယ်လက်ကျိုးသွားပြီး ခါးအဆစ်ကျောရိုးလည်း ကျိုးသွားသည်။
ကိုကုလားပြုတ်ကျသောအခါ သူဌေးသည် အိမ်ထဲသို့ ပြန်ဝင်သွား၏။
လမ်းမပေါ်တွင် လက်ကျိုးခါးကျိုးဒဏ်ရာဖြင့် ကိုကုလား လဲကျန်ရစ်သည်။
ရပ်ကွက်အတွင်းမှ အမြင်မတော်သည့်သူများက ကိုကုလားအား ၀ိုင်းမကာ သူဌေး၏ အိမ်ရှေ့တွင် သွားချထားပေး၏။
သူဌေးက ဆေးကုမပေး။ ကိုကုလား လက်အုပ်ချီပြီး တောင်းပန်ပါသည်။ သို့သော် သူဌေးက လုံးဝလှည့်မကြည့်။
ကိုကုလားကို တောင်ပေါ်တွင် တဲတစ်လုံးထိုးပြီး တစ်ယောက်တည်းသွားထားသည်။ ဆန်တစ်အိတ်ထားပေးခဲ့သည်။
ဆီးပိုက်တန်းလန်း၊ ခါးရိုးကျိုးဒဏ်ရာဖြင့် ကိုကုလားသည် ဆန်ကို မချက်နိုင်။ ထို့ကြောင့် ရေစိမ်ကာ နူးသည်အထိ ထားပြီးမှ ၀ါးစားကာ အသက်ဆက်ခဲ့ရ၏။
ကိုကုလားကား အသက်ပြင်းလှသူပင်။
ထိုအခြေအနေအတိုင်းနှင့်ပင် နှစ်လကြာသောအခါ ထူထူထောင်ထောင်ပြန်ဖြစ်လာ၏။
ခါးရိုးကျိုးဒဏ်ရာနှင့် ဘယ်ဘက်လက်ကျိုးနေသော ကိုကုလားကို သူဌေးက နွားစာစင်းသည့်စက်အတွင်းသို့ နွားစာထည့်သည့် လုပ်ငန်းသို့ ပို့လိုက်ပြန်သည်။
''လက်တစ်ဖက်ကျိုးနေပေမယ့် ကျန်တဲ့လက်တစ်ဖက်နဲ့ နွားစာကြိတ်စက်ထဲ နွားစာထည့်ရတယ်။ သူသတ်မှာကြောက်တော့လည်း နာနေပေမယ့် လုပ်ရတာပါပဲ။ တစ်ရက်မှာ ကောင်းနေတဲ့ ညာဘက်လက်က နွားစာစင်းတဲ့ စက်ထဲကို ၀င်သွားတယ်။ စက်ခလုတ်ကို ပိတ်ဖို့ကလည်း ဘက်ဘက်လက်ကကျိုးနေတော့ ဘယ်လိုမှ လှုပ်မရဘူး။ ဒါနဲ့ပဲ ကျွန်တော့်မျက်စိရှေ့တင် ကျွန်တော့်ညာဘက်လက်တစ်ဖက်စက်ထဲ စိစိညက်ညစ်ကြေသွားတာကို ထိုင်ကြည့်နေလိုက်ရတယ်'' ဟု ကိုကုလားက ဆိုသည်။
နွားစာကြိတ်စက်ထဲတွင်က ညာဘက်လက်တစ်ဖက်၊ ကျိုးနေသည်က ဘယ်ဘက်လက်တစ်ဖက် ဖြင့် နေ့တ၀က်နီးပါး ထိုအတိုင်းနေခဲ့ရပြီးနောက် ကိုကုလားကို သူဌေးက ဘန်ကောက်ရှိ သူဖွင့်ထားသော ဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက်တွင်တော့ ခွဲစိတ်ခန်းထဲတွင် ကိုကုလား၏ လက်တစ်ဖက်အား သူဌေးကိုယ်တိုင်ဖြတ်ပေးခဲ့သည်။
''ခါးရိုးလည်းကျိုးသွားပြီ။ လက်တစ်ဖက်လည်းမ၇ှိတော့ဘူး။ ဒါပေမယ့် သူဌေးက ကျွန်တော့်ကို အနားမပေးပါဘူး။ ပြန်ပြီး ထူထူထောင်ထောင်ဖြစ်လာတဲ့အခါ ကျွန်တော့်မိန်းမကို ပို့ထားတဲ့ တောင်ပေါ်ခြံကို ပို့ပြီး နွားကျောင်းခိုင်းပြန်တယ်'' ဟု ကိုကုလားက ဆိုသည်။
တောင်ပေါ်ခြံတွင် လင်မယားနှစ်ယောက် နွားကျောင်းရင်းဖြင့် နောက်ထပ် ကလေးတစ်ယောက် ထပ်ရပြန်သည်။
တောင်ပေါ်ခြံသည်ကား ကိုကုလားဘ၀အတွက် အလှည့်အပြောင်းတစ်ခုကို ဖြစ်လာစေခဲ့၏။
''အိမ်ဘေးနားခြံက ထိုင်းလင်မယားနှစ်ယောက်ဟာ ဘန်ကောက်ကိုသွားရင်း အစပျောက်သွားတယ်ဗျ။ သူတို့စီးနေတဲ့ကားကို ကျွန်တော်ကမှတ်မိတယ်။ တစ်ရက်တော့ သူဌေးက သူ့အိမ်သာပြင်ဖို့ ကျွန်တော့်ကို ဘန်ကောက်ကို ခေါ်သွားတယ်။ ဘန်ကောက်က သူ့ကားဂိုထောင်ထဲမှာ အဲ့ဒီလင်မယားစီးတဲ့ ကားကို ကျွန်တော်သွားတွေ့တယ်။ အဲ့ဒီမှာ ဇာတ်လမ်းကရှုပ်ထွေးဖို့ဖြစ်လာတာပဲ'' ဟု ကိုကုလားက ဆိုသည်။
တောင်ပေါ်ခြံသို့ ပြန်ရောက်သောအခါ ဘေးခြံရှိ အဘွားအိုအား သူ့သားနှင့်ချွေးမတို့၏ ကားကို ဘန်ကောက်ရှိ မော်စူဖတ်ကားဂိုထောင်တွင် တွေ့ခဲ့ကြောင်း ကိုကုလားက သတင်းပေးလိုက်၏။
အဘွားအိုက ထိုင်းမှုခင်းတပ်ဖွဲ့သို့ အဆိုပါဖြစ်စဉ်ကို တိုင်ကြားသောအခါ ကိုကုလားအား ထိုင်းရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေး၏။
မော်စူဖတ်သတ်ပြီးသောအလောင်းများကို မွေးမြူရေးခြံနောက်ဘက်ရှိ ၀ါးရုံတောအနီးမြုပ်လေ့ရှိကြောင်း ကိုကုလားက ဖော်ထုတ်ပြီးနောက် ၀ါးရုံတောအား တူးဖော်ရာ မြန်မာနိုင်ငံသားအလောင်းများတူးဖော်ရရှိခဲ့သည်။
ထို့နောက် မော်ဆူဖတ်နှင့် မိသားစုအား ဖမ်းဆီးခဲ့ပြီး ကိုကုလားနှင့် သူ့မိသားစုကို ထိုင်းမီဒီယာများနှင့် ရဲတပ်ဖွဲ့တို့က ကယ်တင်ခဲ့သည်။
''ထိုင်းက လူမှုဝန်ထမ်းကန့်ထဲမှာ နေပြီး ကျွန်တော်က အဲ့ဒီအမှုကို သက်သေထွက်ရတယ်။ ဒီကြားထဲ မော်ဆူဖတ်က ကျွန်တော့်ကို တရားပြန်စွဲသေးတယ်။ သူပဲရှုံးပါတယ်။ နောက်ဆုံး မော်ဆူဖတ် သေဒဏ်ကျပါတယ်။ ကျွန်တော့်ကိုလည်း လျော်ကြေးအဖြစ် မြန်မာငွေသိန်းတစ်ထောင်ကျော် ပေးဖို့ အမိန့်ချထားပါတယ်'' ဟု ကိုကုလားက ဆိုသည်။
(၁၈)ရာစုနှစ်က အမေရိကားတိုက်ရှိ လူမဲကျွန်တို့၏ လူလူအချင်းချင်း အနှိပ်စက်ခံ၊ အညှင်းပန်းခံ ကျွန်ပြုခံခဲ့ရသောဘ၀သည် အတိတ်သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ထင်ကြလိမ့်မည်။
သို့သော် လက်ရှိကာလတွင် ကျွန်စနစ်သည် အရှေ့တောင်အာရှရှိ ဆင်းရဲချမ်းသာကွာဟသော နိုင်ငံနှစ်နိုင်ငံအကြား ခါးသီးစွာ တည်ရှိလျက်ရှိနေသည်ကိုကား ကိုကုလား၏ ဘ၀ သက်သေပြလျက်ရှိသည်။
ပိုမိုဆိုးရွားသည်ကား ကိုကုလားသည် ၂၀၁၄ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်ပို့ခံရပြီးနောက် သူနစ်နာခဲ့သမျှ လျော်ကြေးများ ယခုထိရရှိခြင်းမရှိခဲ့ပါ။
''မော်စူဖတ် က သေဒဏ်အချခံရတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ထိုင်းတရားရုံးက ဘတ်ငွေသန်းချီတန်တဲ့ အာမခံနဲ့ သူ့ကို လွှတ်ပေးလိုက်တယ်။ သေဒဏ်ကျတရားခံကို အာမခံပေးခဲ့တာ။ အာမခံနဲ့အပြင်ထွက်ပြီးမကြာခင်မှာပဲ မော်စူဖတ်က ကမောဒီယားနယ်စပ်ကို ထွက်ပြေးခဲ့တယ်။ ထိုင်းရဲဘက်ကလည်း ဖမ်းမမိဘူးပြောတယ်။ အဲ့ဒီလို ဆိုတော့ ကိုကုလားကို မော်စူဖတ်ပေးရမယ့် လျော်ကြေးကလည်း ဆိုင်းငံ့ဖြစ်သွားတယ်''ဟု လက်ရှိကာလတွင် ကိုကုလားအား ကူညီထားသူ လူမှုဝန်ထမ်းအဖွဲ့အစည်းတစ်ခုမှ မချောချောက ဆိုသည်။
မှန်ပါသည်။
နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ မိသားစုလိုက် ကျွန်ပြုခံရပြီး အမိမြန်မာပြည်သို့ ပြန်ရောက်လာသော ကိုကုလားတို့ မိသားစု ယခု မည်သို့ ရပ်တည်နေသနည်း။
လက်တစ်ဖက်ပြတ်ဖြင့် ဒုကိတဘ၀ရောက်နေသော ကိုကုလားသည် မချောချော၏ အစီအစဉ်ဖြင့် ထောက်ကြံ့ရှိ အညှင်းပန်းခံမြန်မာအလုပ်သမားများအချို့ကို စုစည်းပေးထားသောနေအိမ်လေးတစ်ခုတွင် အုန်းမှုတ်ခွက်ပုတီးများ လုပ်ကာ အသက်မွေးဖို့ကြိုးစားခဲ့သည်။
ထိုနေရာတွင်လည်း သူ၏ စိတ်ဒဏ်ရာများကြောင့် အခြားဘ၀တူများနှင့် အဆင်မပြေနိုင်ခဲ့။
ကိုကုလားတွင် ၀င်ငွေမရှိသဖြင့် ဇနီးဖြစ်သူ မကရင်မ သည်လည်း ဆွေမျိုးများရှိရာ ကရင်ပြည်နယ်၊ လိပ်သိုရွာသို့ ပြန်သွားရ၏။
ကလေးသုံးယောက်ကား အဘိုးအဘွားတို့ လက်ထဲတွင် အပ်ထားရသည်။
နောက်ဆုံး ကိုကုလားတစ်ယောက် နားခိုရာ ကား ဆွေမျိုးနီးစပ်တော်သည့် ဘုန်းတော်ကြီးတစ်ပါး သီတင်းသုံးရာ မွန်ပြည်နယ်အတွင်းမှ ဘုန်းကြီးကျောင်းသို့သာ။
''ကျွန်တော့်တို့ဘ၀က သူများနိုင်ငံမှာလည်း မိသားစုအတူမနေရ၊ ဒုကတွေခံရ။ အခုကိုယ့်နိုင်ငံရောက်တော့လည်း မိသားစုတကွဲတပြား၊ ဒုကတွေများနေတုန်းပဲ။ ၀ဋ်ကြွေးတွေပေါ့ဗျာ။ ဟိုလျော်ကြေးဆိုတဲ့ကိစလည်း ရရင်လိုချင်တာပေါ့။ ဒါပေမယ့် ကျွန်တော့်ကို ပြန်ခေါ်လာခဲ့တဲ့ အစိုးရပိုင်းက လူကြီးတွေက အစ နောက်ပိုင်း ကျွန်တော်ဖုန်းဆက်ရင် ဖုန်းပိတ်ပစ်ကြတယ်''
ခေတ်သစ်ကျွန်စနစ်၏ ပြယုဂ်လူသား ကိုကုလားပြောရင်းက ငိုကြွေးနေပါသည်။
လက်ဝှေ့သမားယောင်္ကျားရင့်မကြီး ငိုနေပါသည်။

(၃)
နှစ်နှစ်ဆယ်ကျော် ကျွန်ဘ၀မှ သူ လွတ်အောင်ရုန်းထွက်နိုင်ခဲ့သည်။
သူ့မိသားစုကို ပင် အခက်အခဲများကြားမှ ကယ်ထုတ်နိုင်ခဲ့သည်။
မြန်မာပြည်တွင်လည်း စားဝတ်နေရေးအတွက် သူ ရုန်းကန်နေရဆဲ။
လက်ပြတ်ခါးကုန်းကြီးဘ၀ဖြင့် မရပ်တည်နိုင်သဖြင့် မိသားစုနှင့်ခွဲနေရသည်။
ယခုတော့………………….
ဖဲ့စူဖတ်ကို ဖမ်းမိခဲ့ပြီ။
လျော်ကြေးကိစ အတွက် ကိုကုလား၏ မျှော်လင့်ချက်ရောင်နီများ ပြန်လည်လင့်လာပြီဖြစ်သည်။
ထိုသတင်းကို ဖတ်ပြီးပြီးချင်း ကျွန်တော် ကိုကုလားထံ ဖုန်းဆက်လိုက်သည်။
''ဖဲ့စူဖတ်ကို မော်လမြိုင်မှာ မိသွားပြီ ကိုကုလား''
……………………………
ထိုအခါလည်း ကိုကုလား ငိုနေပါသည်။
ဒီတစ်ခါတော့…ကိုကုလားတစ်ယောက်…….ပျော်ရွှင်ဝမ်းသာသော မျှော်လင့်ချက်ဖြင့် ငိုကြွေးခြင်း ဖြစ်ပါစေဟု။

ခက်ဇော်

No comments:

Post a Comment