Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 1, 2017

စာရေးသူ-ထီးကလေး (ရင်နှင့်ရင်း၍ရေးသားသည်။)


အဖေ၊ အမေက ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကို မွေးခဲ့တယ်။ ကျွန်တော်ကအကြီးပေါ့။ ညီလေးက ကျွန်တော့်ထက် လေးနှစ်ငယ်တယ်။ ကျွန်တော်ကအခုချိန်ထိ ဘွဲ့မရနိုင်သေးတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ။ ညီလေးကတော့ မူလတန်းကနေစပြီး စာအရမ်းတော်ခဲ့တာ အခုဆိုရင် ဆေးတက္ကသိုလ်က ဘွဲ့ရပြီး ဆရာဝန်ကြီးတစ်ယောက်တောင်ဖြစ်နေခဲ့ပါပြီ။ ကျွန်တော့်ညီက မြောက်ဥက္ကလာမြို့၊ ပတ္တမြားလမ်းမှာရှိတဲ့ တိုက်ခန်းလေးတွေမှာ ဝယ်ပြီး တစ်ယောက်တည်းသီးသန့်နေတယ်။ ကျွန်တော်က စာရေးနေတာဆိုတော့ တစ်နေ့တော့သူက ကျွန်တော့်ဆီရောက်လာပြီး၊ သူတိုက်ခံလေးကို အလည်လာဖို့ပြောတယ်။ အဲ့ဒီမှာ စာလည်းရေးလို့ရတယ်။ အေးအေးချမ်းချမ်းလည်း နေလို့ရတယ်။ ကျွန်တော်လည်း ပတ်ဝန်းကျင်သစ်ကို သွားချင်တာနဲ့ ကျွန်တော့်ညီလေးနေတဲ့ ရပ်ကွက်ထဲကိုလိုက်သွားခဲ့တယ်။ သူ့တိုက်ခန်းရှေ့ရောက်တော့ ဒေါက်တာလှမင်းအောင်(M.B.B.S) ဆိုပြီး ဘာညာဘာညာရေးထားတဲ့ ဆိုင်းပုဒ်ကိုအရင်တွေ့လိုက်ရတယ်။

သူ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူကအခန်းထောင့်မှာ အခန်းက တိုက်တန်းယား လေးထပ်ခြောက်ခန်းတွဲ၊ သူကထောင့်ဆုံးခန်းဆိုတော့ သူ့ဘေးမှာ အပေါ်ထပ်ကိုတတ်တဲ့ လှေကားရှိတယ်။ အဲ့ဒီလှေကားအရင်းမှာ ကွမ်းတံတွေးတွေနဲ့ အမှိုက်တွေက အများကြီးပဲ ပွရှုတ်နေတာပဲ။ ပိုဆိုးတာက တစ်နေ့တည်း တွေးထားတာမဟုတ်ပဲ နေ့စဉ်ရက်ဆက် သိမ်းမယ့်သူလည်းမရှိတော့ အမှိုက်တွေနဲ့ ကွမ်းတံတွေးတွေရောပြီး ညစ်ပတ်နေလိုက်တာ အမှိုက်ပုံကြီးကိုဖြစ်နေပြီး။

အဲ့ဒါနဲ့ကျွန်တော်လည်း စိတ်ညစ်ပြီး သူ့ကိုဒီလိုပြောလိုက်တယ်…. “ဟင်… ညီလေး မင်းအခန်းဘေးကိုကြည့်ပါဦး… ကွမ်းတံတွေးနဲ့အမှိုက်တွေက ပွနေပါလား” “ဟုတ်တယ်ကိုကြီးရ… အပေါ်ထပ်မှာ သင်တန်းတတ်တဲ့ကလေးတွေ ရှိတယ်… တစ်နေ့တစ်နေ့ ကွမ်းတွေစားလိုက်၊ အမှိုက်တွေပစ်လိုက်နဲ့… ဒါတင်မကသေးဘူး… ပြေးတတ်ပြေးဆင်းလုပ်နေလိုက်ကြတာ ကျွန်တော်ဖြင့်တော်တော်လေးစိတ်ညစ်နေရတယ်ဗျာ” “ဟင်… မင်းပြောတော့ ငါစာကောင်းကောင်းရေးလို့ရပါတယ်ဆို…” “ဟုတ်တယ်ကိုကြီးရ.. အခုတော့ကျွန်တော့်အစ်ကိုကြီး ရောက်နေပြီဆိုတော့ ခဏလေး ကျွန်တော်ဒီနားမှာ ဆိုင်းပိုဒ်ရေးလိုက်ထားမယ်” “ဟင်… ဘာဆိုင်းပုဒ်တုန်း” “သြော်ကိုကြီးရ… ကိုတံတွေးမထွေးရဆိုပြီး ရေးထားလိုက်မယ်” ညီလေးက ဒီလိုပြောပြီး သူ့ရဲ့MBBSဆိုင်းပုဒ်အောက်မှာ “ကွမ်းတံတွေး မထွေးရ”ဆိုတဲ့ ဆိုင်းပုဒ်ထပ်ချိတ်ထားလိုက်တယ်။ ကျွန်တော်လည်း ဘာမှဝင်မပြောဖြစ်ဘူး။ သူ့ပတ်ဝန်းကျင်အကြောင်း ကျွန်တော်လည်းမသိတော့ သူလုပ်နေတာကိုပဲ ကြည့်နေခဲ့တယ်။ နောက်တစ်နေ့ မနက်စောစောကြတော့ မိုးမလင်းခင် ကျွန်တော်လမ်းလျောက်တယ်။ ညီလေးကလည်း ကျွန်တော့်အနောက်လိုက်လာတယ်။ ဒါနဲ့ပဲညီအစ်ကိုနှစ်ယောက် စကားတစ်ပြောပြောနဲ့ လမ်းလျောက်နေလိုက်တာ မိုးစင်စင်ကိုလင်းရော။ လက်ဖက်ရည်သောက်ပြီးတော့ သူ့တိုက်ခန်းလေးကို ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ပြန်လာခဲ့ကြတယ်။ အဲ့ဒီမှာ သူ့တိုက်ခန်းရှေ့ရောက်တော့ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် တော်တော်ဆိုးဆိုးရွားရွား မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်။

“ကွမ်းတံတွေး မထွေးရဆိုတဲ့” ဆိုင်းပုဒ်မှာ ရဲရဲနီအောင် ကွမ်းတံတွေးထွေးတာ ညစ်ပတ်နေတာပဲ၊ ဒါတင်မကသေးဘူး သူ့ရဲ့ဆေးခန်းဆိုင်းပုဒ်ကိုလည်း ကွမ်းတံတွေးတွေနဲ့ ဝိုင်းထွေးထားကြတယ်။ ပိုဆိုးတာက “ကွမ်းတံတွေး မထွေးရ”ဆိုတဲ့ ဆိုင်းပုဒ်ကို ကွမ်းတံတွေးတွေနဲ့ ထွေးထားတာ သူတွေ့လိုက်ရတော့ တော်တော်လေး ဒေါသထွက်သွားတယ်နဲ့ထင်တယ်။ ဘယ်လိုကောင်တွေလဲ၊ မိမဆုံးမ၊ ဖမဆုံမသားသမီးတွေလား၊ တော်တော်ဆိုးတဲ့ ကောင်တွေ။ သေချင်းဆိုး၊မသာတွေ။ သူလည်းစိတ်ဆိုးဆိုးနဲ့ အဲ့ဒီကွမ်းတံတွေးတွေ ရဲရဲတောက်နေတဲ့ ဆိုင်းပုဒ်ကိုကြည့်ပြီး ပွပွစိစိပြောနေတော့ ကျွန်တော်လည်းသူ့ကို တစ်ခွန်းတော့ ပြောမိတယ်။

 “မင်းကလည်းကွာ… ကွမ်းတံတွေး မထွေးရလို့ ဆိုင်းပုဒ်ရေးရလောက်အောင် မင်းကဒီတိုက်ကြီးတစ်ခုလုံးကို ပိုင်ထားတဲ့သူဖြစ်နေလို့လား.. မင်းကရော မင်းအခန်းရှေ့ပတ်ဝန်းကျင်မှာ ပွနေတဲ့အမှိုက်တွေကို သန့်ရှင်းရေးလုပ်ဖူးလို့လား” “ဟာဗျာ… ဒီလိုနေရာမျိုး မနေရလည်းကောင်းတယ်… မြန်မြန်ပြန်ရောင်းပြီး တစ်ခြားနေရာပြောင်းမယ်” ဒေါသထွက်နေတဲ့ ညီလေးနဲ့ကျွန်တော်တို့ဖြစ်ပျက်နေတာကို သုံးလွှာမှာရှိတဲ့ လူငယ်လေးတစ်ယောက်က ငုတ်ကြည့်နေတာ တွေ့လိုက်ရတယ်။ အဲ့ဒါနဲ့ကျွန်တော်လည်း “ငါတို့ကိုကြည့်နေပြီ၊ လာပါကွာ စိတ်ကိုလျော့ အထဲဝင်ကြရအောင်နော် သူများတွေကြည့်နေတာ ရှက်စရာကြီး” ကျွန်တော်လည်း ညီလေးကို သူများတွေကြည့်နေကြတော့ ရှက်ရှက်နဲ့ အခန်းထဲချော့မော့ခေါ်ခဲ့ရတယ်။ အဲ့ဒီနောက် တစ်နေလုံး ညီအစ်ကိုနှစ်ယောက် အခန်းထဲမှာပဲ ဗီဒီယိုကြည့်လိုက် စကားပြောလိုက် လုပ်နေကြပြီး၊ ညနေအခန်းပြင်ထွက်လိုက်တော့ မနက်ကရှိနေတဲ့ ကွမ်းတံတွေးတွေရော၊ အမှိုက်တွေရောကို လုံးဝမရှိတော့ပဲနဲ့ ရှင်းထားတာကိုတွေ့လိုက်ရတယ်။

 ဒါတင်မကသေးဘူး၊ ကွမ်းတံတွေးတွေကိုလည်း ဆေးထားပြီးတော့ ထုံးဖြူလေးတောင် တိုက်နံရံမှာ သုတ်ပေးထားခဲ့သေးတယ်။ ပြီးတော့ ပေါင်ရင်းလောက်ရှိတဲ့ ပုန်းအမည်းကြီးတစ်ခုမှာ ပလပ်စတစ်အိတ် ခပ်ကြီးကြီးစွပ်ပြီး အမှိုက်ပုန်းလေးတောင် လုပ်ပေးထားတယ်။ ပိုပြီးထူးခြားတာက အဲ့ဒီပုန်းမည်းအဖုံးမှာ စာလေးတွေလည်း ရေးထားသေးတာတွေ့လိုက်ရတယ်။ ရေးထားတဲ့ စာသားက… ကွမ်းတံတွေးနဲ့အမှိုက်များ ဒီပုန်းထဲကိုစွန့်ပစ်ပါခင်ဗျာ…. ကျွန်တော်သွန်ပါ့မယ်… ပုံ/ကျော်စွာ အခန်း(၉)၊ (၃)လွှာ။ အဲ့ဒီလိုရေးထားတာလေး ကျွန်တော်တွေ့လိုက်ရတော့… ပိုပြီးတော့ဆိုးတာက ကျွန်တော်သွန်ပါ့မယ်ဆိုတဲ့ စာသားလေးကို ကျွန်တော့်စိတ်ထဲ ဘယ်လိုထိခိုက်သွားမှန်းကိုမသိဘူး။ စိတ်ထဲမကောင်းဖြစ်သွားတယ်။ သူပြောချင်တာက ကွမ်းတံတွေးနဲ့အမှိုက်တွေ ဒီပုန်းထဲကိုပစ်ကြပါ။ သူတာဝန်ယူပြီး သွန်းပေးပါ့မယ်လို့ တာဝန်ယူပြီးရေးထားခဲ့တာ။ တာဝန်ယူပြီးတော့ တာဝန်ယူသူ ဘယ်သူလဲဆိုတာသိအောင်လည်း သူ့နာမည်လေးပါ ရေးထားခဲ့သေးတယ်။ တော်တော်ကျေးဇူးတင်စရာကောင်းတဲ့ လူငယ်လေးပါလားဗျာ။ ကျော်စွာဆိုတဲ့ လူငယ်လေး အဲ့ဒီလိုတာဝန်ယူပေးလိုက်တဲ့ နေ့ကစပြီး၊ အဲ့ဒီလှေကားဘက်ခြမ်း တော်တော်လေးသန့်ရှင်းသွားတယ်။ လူတွေကလည်း တာဝန်ယူပါ့မယ်ဆိုတဲ့ သူ့ရဲ့အမှိုက်ပုန်းထဲမှာပဲ စနစ်တကျထည့်တယ်။

ကွမ်းတံတွေးထွေးတဲ့သူတွေကလည်း သူ့ပုန်းထဲမှာပဲ အားမနာစတန်းထွေးကြတယ်။ ကိုကျော်စွာကလည်း ညနေဘက် အမှိုက်သိမ်းလှည်း “ကလောင်…ကလောင်”လာတာနဲ့ သူ့တာဝန်အတိုင်း ပုန်းထဲက အမှိုက်တွေကိုပစ်တယ်။ ပြီးရင် ပုံးကြီးကို ပလပ်စတစ်အိတ်အသစ်နဲ့ ပြန်စွပ်ထားခဲ့တယ်။ သူကလည်း တိုက်ခန်းမှာ တစ်ယောက်တည်းဝယ်ပြီး လာနေတာ၊ ကုမဏီတစ်ခုက မန်နေဂျာလေးပါ။ နေ့တိုင်းသူအဲ့ဒီလို လုပ်ပေးနေခဲ့တယ်။ တစ်နေ့ကြတော့ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် အပြင်ကပြန်လာကြတုန်း ကိုကျော်စွာက သူ့အမှိုက်ပုန်းနားမှာ ခါးထောက်လိုက်၊ ခေါင်းလေးကုတ်လိုက်၊ ဟိုကြည့်ဒီကြည့်နဲ့ ကြောင်တောင်တောင်လုပ်နေတာတွေ့လိုက်ရတယ်။ အဲ့ဒါနဲ့ကျွန်တော်တို့လည်း “ဘာဖြစ်သွားလို့လဲ ကိုကျော်စွာ… ပရမ်းပတာ ကွမ်းတံတွေးတွေ ထွေးသွားပြန်ပြီလား” “မဟုတ်ဘူးဗျ… ဒီမှာကြည့်ပါဦး… ကျွန်တော်နေ့လည်က အိပ်ပျော်သွားတာနဲ့ အမှိုက်ကားလာသွားတာ မသိလိုက်ဘူး အဲ့ဒါနဲ့အခုမှ သတိရလို့ဆင်းလာတော့ ပုန်းထဲမှာ အမှိုက်တွေလည်းမရှိတော့ဘူး အိတ်အသစ်ကလေးတောင် ပြန်စွပ်ပေးသွားသေးတယ် ဘယ်သူလုပ်သွားတာလဲမသိဘူး… ကျွန်တော်အဲ့ဒီသူ့ကို ကျေးဇူးတင်လွန်းလို့ပါ” ကိုကျော်စွာ ဒီလိုပြောလိုက်တာကို ကျွန်တော်တို့သိလိုက်ရတယ်။ ဟုတ်ပါတယ်။ ဒီအဖြစ်ပျက်လေးကိုကြည့်ပြီး ကျွန်တော်အတွေးတစ်ခုပေါက်လာမိတယ်။

ကျွန်တော်တို့မှာ လူသုံးမျိုးရှိတယ်…
နံပါတ်(၁) ပရမ်ပတာနေထိုင်ကြတဲ့ သူတွေရှိကြမယ်။ ဟုတ်ပြီ အဲ့ဒီပရမ်းပတာ နေထိုင်ကြတဲ့ သူမျိုးတွေကို ကျွန်တော်တို့က ဒေါနဲ့မောနဲ့ အပေါ်ဆီးကနေပြီး အမိန့်ပေးဆက်ဆံလို့မရနိုင်ဘူးဆိုတဲ့ ဥပမာလေးကျွန်တော်သိလိုက်ရတယ်။
(၂) ဒါဆိုဘယ်လိုရနိုင်မလဲ။ ပြေပြေလည်လည်နဲ့ မေတ္တာရပ်ခံရမယ်။ မေတ္တာရပ်ခံသူကလည်း တာဝန်ယူရမယ်။ ဥပမာ “ကျွန်တော်သွန်ပါ့မယ်”ဆိုတဲ့ စာကြောင်းလေးလိုပါပဲ၊ ဟုတ်တယ်ဗျ။ အဲ့ဒီလူကို ကျွန်တော်ကျေးဇူးတင်တယ်။ ဒုတိယလူတစ်ယောက်ပေါ့။
(၃) တတိယလူကြတော့ လူတစ်ယောက်က လူအများရဲ့ အမှိုက်သရိုက်၊ အညစ်ကြေးကိစ္စကို တာဝန်ယူနေတာကို သူကလည်း ငါလည်းနေလို့တော့မရဘူး ငါလည်းဝင်တာဝန်ယူရမယ်လို့ ဘယ်သူမှမပြောပဲ သူကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့သူသိပြီး အမှိုက်တွေကိုပစ်ပေးသွားတဲ့အပြင် အိတ်အသစ်လေးကိုပါ ထပ်စွပ်ပေးသွားတဲ့သူ။ ဘယ်သူမှန်းမသိအောင် တာဝန်ဝင်ယူသွားတဲ့သူ၊ အင်မတန်မှ လေးစားကြည်ညိုဖို့ကောင်းတယ်။ ယခုအဖြစ်ပျက်ကိုစာဖတ်သူများဖတ်ရှု့ပြီး ကိုယ်မကြိုက်တဲ့ မကောင်းမှု့တစ်ခုကို အပေါ်ဆီးကနေ အမိန့်လေသံနဲ့ ဘယ်တော့မှတားဆီး၍မရနိုင်ပါ။

 မေတ္တာရပ်ခံသံလေးနှင့် မကောင်းမှု့ကိုမလုပ်ဖြစ်အောင် တားတယ်။ သူကိုယ်တိုင်ကလည်း တာဝန်ယူတယ်။ ကျေးဇူးတင်စရာကောင်းတယ်။ နောက်ဆုံးလူကတော့ ဘာစကားတစ်ခွန်းမှမပြောဘူး။ သူ ဘယ်သူလို့သိအောင်လည်း မကြေညာခဲ့ဘူး၊ သူလည်း ဒီတိုက်မှာနေတဲ့ လူတစ်ယောက်ပဲ ငါလည်းဝင်လုပ်မှပဲဆိုပြီး ကိုယ်ပိုင်အသိစိတ်နဲ့လုပ်စရာရှိတဲ့ အလုပ်တွေကိုဝင်လုပ်သွားတဲ့အပြင် နောက်တစ်နေ့အတွက် အဆင်သင့်ဖြစ်အောင်လုပ်ပေးသွားတဲ့သူမျိုး။ ကျွန်တော်ထင်တယ်။ အဲ့ဒီလိုလူမျိုးက အင်မတန်မှ လေးစားစရာကောင်းတယ်၊ ဒါ့အပြင် သူ့လိုလူမျိုးကို ဘယ်တော့မှ အထင်သေးလို့မရတဲ့ လူမျိုးပါလို့ တင်ပြရေးသားလိုက်ပြီး လူသုံးမျိုးဟူသော ခေါင်းစဉ်ဖြင့်ဖော်ပြလိုက်ပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။ ယခုအဖြစ်ပျက်လေးအား စာရေးဆရာမ ဒေါ်စန်းစန်းနွှဲ့၏ ဟောပြောချက်များအတွင်းမှ စာရေးသူကျွန်ုပ်၏မှတ်စုထုတ်ထားသော အကြောင်းအရာများအား ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။ စာရေးသူ-ထီးကလေး (ရင်နှင့်ရင်း၍ရေးသားသည်။)

No comments:

Post a Comment