( ၁၉.၃.၁၉၉၂ )
နံက်၆း၃၀မှာချစ်လ္ဘက်ရည်ဆိုင်ကို သွားကြတယ်..ဒီနေ့ကလေးတွေနဲ့တွေ့ကြရမယ်ဆိုပြီးဝမ်းသာနေကြ
တယ်….အဲဒီမှာစောင့်ရင်းနဲ့ ၁၀း၀၀နာရီထိုးတော့တာဘဲ…ဥက္ကဋ္ဌနဲ့အဖွဲ့ကလည်းအစဉ်သင့်ဘဲ…
ဥက္ကဋ္ဌကပြောတယ်တဲ့…သူ့ကို ဥက္ကဋ္ဌ လို့လည်းမသိပါစေနဲ့…ဘယ်သူနဲ့မှလည်းမိတ်မဆက်ပေးပါနဲ့လို့ပြောတယ်တဲ့…သူ့ကိုသွားစကားမပြောဘို့ကိုမောင်မောင်က ပြောတယ်…သူလည်းကိုယ်တို့နဲ့အတူ စခန်းကိုပြန်လိုက်မယ်လို့ပြောတယ်တဲ့…..
ဗျူဟာ( ၂ ) ဘက်ကပြန်လာတာလို့နောက်မှသိရတယ်….ဗျူဟာ (၂) က ဗန်းမော်ဘက်မှာရှိတာလို့သိရတယ်….
တည်းခိုခန်းမှာကတည်းက တိုင်ပင်လာတာက ကလေးတွေပါလာရင် ရွှေလီမှာ၂ရက်၃ရက်နေပြီး စားချင်တာစား ၀ယ်ချင်တာဝယ်ပြီးမှ ပြန်မယ်လို့ပြောထားကြတယ်….၁၀း၃၀လောက်ရွှေလီကထွက်လာကြတယ်……
တောတောင်တွေတွေ့လိုက်၊မြို့ရွာတွေတွေ့လိုက်နဲ့ပေါ့…..ကားကက်ဆက်ထဲကနေကျောင်းသားတွေဆိုတဲ့ ဒီမိုကရေစီ သီချင်းတွေဖွင့်ပြတယ်….
နောက်တော့ဥက္ကဋ္ဌက ကိုမောင်မောင်ကို မိဘတွေနဲ့မိတ်ဆက်ခိုင်းတယ်…တဦးချင်းမိတ်ဆက်ပြီး စကားနဲနဲပြောတယ် .နောက်ဘယ်သူမှစကားမပြောဖြစ်ကြတော့ဘူး…ကလေးတွေနဲ့တွေ့ရဘို့အတွက်စိတ်ကူးနေကြတယ်…ပုတီးစိတ်…ဂါထာရွတ်သူကရွတ်ပေါ့…ကလေးတွေနဲ့တွေ့တဲ့အခါ…အကောင်းပကတိမှတွေ့ရပါ့မလား….
ခြေကျိုးလက်ကျိုးမျက်စေ့ကန်းနဲ့ တွေ့ရမလား….ဟာ…ကျနော်တို့စစ်ရင်းနဲ့လက်လွန်သွားလို့ဆိုပြီး မြေပုံဘဲ တွေ့ရမလား….လားပေါင်းများစွာနဲ့တွေးရင်းလိုက်လာရတယ်….ဥက္ကဋ္ဌကလည်းခပ်တည်တည်နဲ့ ဖေါ်ဖေါ်ရွေရွေမရှိတော့ ပိုပြီးသံသယ၀င်တာပေါ့…….
ဒီလိုနဲ့ယင်ကျန်းကို၁း၃၀နာရီလောက်ရောက်တယ်….တရုပ်စားသောက်ဆိုင်တခုမှာဝင်ပြီးစားကြတယ်…
ဥက္ကဋ္ဌနဲ့အဖွဲ့ကလည်းဟင်းကောင်းကောင်းမှာပြီးကျွေးပါတယ်….ကားသမားအပါအ၀င်၁၁ယောက်စားကြတာ ၆၀၀ ကျပ်လောက်ကျတာ ဥက္ကဋ္ဌကဘဲထုတ်ရှင်းလိုက်တယ်…..
၂း၃၀ လောက်ကားဆက်ထွက်လာတာ၎နာရီလောက်ကြာတော့ဆမားဆိုတဲ့မြို့ကိုရောက်တယ်….ဆမားမှာ
PASSPORT စာအုပ်လေးတွေပြန်အပ်ခဲ့ရတယ်…သွားအပ်နေတုံးမှာနောက်နားကကျောင်းသားတစ်ယောက်ကစ ပြီးနှုတ်ဆက်တယ်….ကားပေါ်မှာဥက္ကဋ္ဌရယ်၊သူ့ရဲဘော်လေးရယ်၊၅၀၁ရင်းမှူးရယ်ပါတယ်….
ကိုယ်တို့နောက်ကတစ်ယောက်က (၅၀၁)ရင်းမှူး သိုက်ထွန်းဦးဆိုတာ သိရတယ်….သူလည်းတလမ်းလုံးစကားမပြောဘဲ လိုက်လာတာ….ဆမားရောက်မှကိုယ့်ကို အန်တီက ကိုရဲအမေလား.ကိုရဲဖမ်းတုံးကသူမျက်ရည်ကျရတဲ့အကြောင်း ….ကိုရဲနဲ့သူနဲ့အတူအိပ် အတူစား နေခဲ့ရတဲ့အကြောင်း ….ရှေ့တန်းသွားလည်း အတူတူဖြစ်တဲ့ အကြောင်း …သူကရင်ပြည်နယ်ဘက်ကလာခဲ့တဲ့အကြောင်းနဲ့ MASTER တက်နေတာဖြစ်တဲ့အကြောင်း ၊ကိုရဲပြောပြလို့မခိုင်ကို အာယုတို့အတန်းကလို့သိရကြောင်း သူတို့ကိုစာဂျပိုးတွေမို့သိပ်မသိကြောင်း၊
ဝင်းဝင်းကြိုင်ကိုတော့ သိကြောင်း ပြောပြတယ်…အာယုလည်း အမေရိကားကိုပညာသင်ပါသွားကြောင်းပြောပြတယ် ( ကိုအာယုဆိုတာက ကိုဇာဂနာရဲ့ညီတစ်ဝမ်းကွဲပါ )
နောက်မိနစ်၄၀လောက်မောင်းရင်စခန်းကိုရောက်မှာဖြစ်ကြောင်း ပြောတယ်…ဒါနဲ့သားနေကောင်းရဲ့လားမေးတော့ ဟိုတလောကထုံဖြစ်လို့ဆေးထိုးရတဲ့အကြောင်း သူတို့ကိုဘယ်လိုမှမထင်ပါနဲ့တဲ့…စိတ်မရှိပါနဲ့တဲ့….
ဖမ်းထားတာဆိုတော့ အချုပ်ထောင်ထဲမှာနေရတာဆိုတော့ အပြင်မှာလိုမဟုတ်ကြောင်း ပြောတယ်…၀ဏ္ဏဇော် အကြောင်းလည်းပြောပြတယ်…..ဒီလိုနဲ့ဆက်ထွက်လာကြတာ ရှားဟော့ပါဆိုတဲ့ရွာ ကိုဖြတ်ပြီးတဲ့နောက်ကချင်ဒေသဖြစ်တဲ့ လိုင်စင်စခန်းကိုဝင်လာခဲ့တယ်…KIA ဂိတ်ကိုပထမတွေ့ရတယ်….KIA ရဲမေတွေစောင့်တယ်.
ကားဝင်ဘို့တံခါးမောင်းတံဖွင့်မပေးဘူး….အဲဒါဥက္ကဋ္ဌဆင်းပြီးဖုန်းဆက်တော့မှ တံခါးဖွင့်ပေးတယ်…ကားဝင်ခွင့်ပေးတယ်….ကိုက်၅၀လောက်သွားပြီးတော့ ABSDF ဂိတ်ကိုရောက်တယ်….မိန်းကလေးစောင့်နေတာတန်းဖွင့်ပေးတယ်….နဲနဲကားလှိမ့်လာတော့ ရောက်ကာနီးမှကားစက်ရပ်သွားတယ်….
ညာဘက်ကတောင်ကုန်းပေါ်မှာ ABSDF ခွပ်ဒေါင်းအလံလွှင့်ထားတာတွေ့တယ်….အဲဒီရှေ့မှာကျောက်တုံးတွေနဲ့ABSDF စာလုံးဖေါ်ထားတာတွေ့ တယ်…ကိုယ့်ကိုယ်ကိုအိပ်မက်မက်နေသလားထင်မိတယ်….
တခါမှမမျှော်မှန်းမိတဲ့ အရပ်ဒေသ အဖွဲ့အစည်း သူပုန်စခန်းကိုရောက်နေတာအရမ်းအံ့သြမိတယ်…ဒါနဲ့ကားစက်ပြန်နှိုးလို့ရတော့ တောင်ကွေ့တစ်ခုလည်းကွေ့လိုက်ရော ခန်းမတစ်ခုရှေ့မှာကားကိုထိုးရပ်လိုက်တယ်…ကားပေါ်ကဆင်းတော့ မိန်းကလေးတွေ ယောင်္ကျားလေးတွေဝိုင်းလာကြတယ်….
သူတို့က KIA ကအဖွားကြီးတွေပါလာတယ်ထင်လို့ .နောက်မှမိဘတွေမှန်းသိပြီး အထုတ်တွေဝိုင်းဆွဲကြပြီး စစ်ရုံးဆီခေါ်လာကြတယ်…စစ်ရုံးရှေ့မှာ ပါလာတဲ့အထုတ်တွေကိုရှာဖွေကြတယ်…
နောက်အခန်းထဲခေါ်သွားပြီး ကိုယ်တို့အမျိုးသမီးတွေကို ကျောင်းသူလေးတွေက တစ်ယောက်စီ ကိုယ်ပေါ်မှာရှာကြတယ်…
အားလုံးရှာဖွေပြီးတော့ ကိုမောင်မောင်နဲ့ဦးအေးနိုင်ကိုထားခဲ့ပြီး ကိုယ်တို့ ၅ ယောက်ကို စစ်ရုံးထက် မြင့်တဲ့ တောင်ကုန်းပေါ်ခေါ်သွားတယ်…စခန်းလည်းရောက်ရောအေးလိုက်တာအလွန်ပါဘဲ….
အပေါ်ရောက်တော့နေရာထိုင်ခင်းပေးတယ်.၀ါးနဲ့လုပ်ထားတဲ့အိပ်စင်လေးတွေပေါ့.တစ်ခန်းမှာအိပ်စင်၂ခုရှိတယ်…၂ခန်းရှိတယ်.
တစ်ယောက်ပိုနေတော့ ကိုယ်နဲ့အန်တီစန်းက အိပ်စင်တစ်ခုမှာ၂ယောက်အိပ်ရတယ်.ကိုယ်တို့ကိုစောင့်ရှောင့် ကျွေးမွေးဘို့ ရဲမေ၂ယောက်ထားတယ်…ထမင်းလည်းအရေးတကြီးချက်ကျွေးတယ်.ရောက်ခါစဆိုတော့မိန်းကလေးတွေရော ယောင်္ကျားလေးတွေရော လာကြ သတင်းမေးကြပေါ့….
ထောက်လှမ်းရေးတာဝန်ခံ သန်းဇော် ကလည်း ရေအဆင်သင့်သုံးရအောင် ရေတစ်ပုံးဆွဲပြီးလာပို့တယ်…
ညရေးညတာထရင် မိန်းကလေး၂ယောက်ကိုနှိုးဘို့ပြောတယ်….
ဆေးဆရာမဘောက်မိုင်တို့လည်းလာလည်ကြတယ်…အနွေးထည်တွေလာပေးကြတယ်….ဘာမှအားမနာဘို့ သားသမီးတွေနဲ့နောက်နေ့ပေးတွေ့မှာဖြစ်တဲ့ အကြောင်းပြောပြကြတယ်…မိန်းကလေးအုပ်စုက သူတို့မိဘတွေလာသလိုမျိုးပျော်နေကြတယ်……..
အဲဒီနေ့ကမောမောနဲ့အိပ်ရာဝင်လိုက်ကြတယ်……
စာရေးသူ Ko Linn Wai Aung ( ကိုရဲလင်း)
- ABSDFမြောက်ပိုင်းသတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၁ )
- ABSDFမြောက်ပိုင်းသတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၂ )
- ABSDFမြောက်ပိုင်းသတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၃)
- ABSDFမြောက်ပိုင်းသတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၄)
- ABSDFမြောက်ပိုင်းသတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၅)
No comments:
Post a Comment