Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 21, 2017

ABSDF မြောက်ပိုင်းသတ်ဖြတ်မှု့များနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၅ )


( ၁၈.၃.၁၉၉၂ )
၎း၀၀နာရီထိုးတော့ တည်းခိုခန်းကထွက်ပြီး ညဈေးဘက်သွားကြတယ်…အဝေးပြေးဂိတ်မှာကားတစ်စင်းငှားပြီးနယ်စပ်ဂိတ်ဘက်သွားကြတယ်…..မြန်မာဂိတ်ကမဖွင့်သေးတော့ တရုပ်ပြည်ဘက်ကိုလမ်းကြိုလမ်းကြားကဖြတ်ပြီးနာရီဝက်လောက်သွားရတယ်… တရုပ်ပြည်ကြယ်ခေါင်ဂိတ်ကိုရောက်သွားတယ်… မူဆယ်နဲ့ကြယ်ခေါင်က မြေတစ်ဆက်တည်းဘာမှမခြားဘူး….နယ်ခြားကျောက်တိုင်လေးဘဲခြားထားတယ်…

တရုပ်ပြည်ထဲရောက်တော့ဂိတ်မဖွင့်သေးလို့စောင့်နေရသေးတယ်…စောင့်ရင်းနဲ့အိမ်သာသွားကြတော့ အိမ်သာကဗမာအိမ်သာတွေနဲ့လုံးဝမတူဘူး…..တစ်ခုနဲ့တစ်ခုဘေးအကာနိမ့်နိမ့်လေးတွေဘဲကာထားတယ်…ရှေ့တည့်တည့်မှာအကာလုံးဝမထားဘူး။

ညစ်ပတ်တာလည်းအလွန်ဘဲ…ရေလုံးဝ မသုံးဘူး .နောက်တစ်ကြိမ်မသွားချင်တော့ဘူး…..၆း၀၀နာရီထိုးတော့ ဂိတ်ဖွင့်တယ်…နေ့ကူးလက်မှတ်တစ်လှည့်စီသွားလုပ်ကြတယ်….

.ပြီးတော့တရုပ်ကားနဲ့ရွှေလီကိုဆက် ထွက်ခဲ့တယ်…နာရီဝက်လောက်နေတော့ ရွှေလီမြစ်ကိုဖြတ်တဲ့တံတားကိုဖြတ်ရတယ်…..
နောက်တော့ရွှေလီမြို့ထဲကိုရောက်လာကြတယ်…ယိုးဒယားတန်းကိုဖြတ်ပြီး ချစ်လ္ဘက်ရည်ဆိုင်ကိုသွားကြတယ်…

ချစ်လ္ဘက်ရည်ဆိုင်က ABSDF ကဖွင့်ထားတဲ့ဆိုင်ပေါ့…အဲဒီမှာစခန်းနဲ့ဆက်သွယ်ပေးမည့်သူနဲ့သွားတွေ့ရတယ်…ရောက်ရောက်ချင်းမတွေ့ရသေးဘူး…

CS သံချောင်းရဲ့ရဲဘော်လေး မိုးကြိုးဆိုတာနဲ့ တွေ့တယ်…အသက်၂၀တောင်ရှိပုံမရဘူး…မိုးညှင်းဘက်ကလို့ပြောတယ်…လ္ဘက်ရည်ဖျော်တဲ့မောင်ညွန့်ဆိုတာတွေ့တယ်…နံပြားတို့ ပလာတာတို့လုပ်တဲ့
ကိုကျော်စိန်ဆိုတာလည်းရှိတယ်….ဒီဆိုင်မှာဘဲအစားအသောက်မှာစားကြတယ်…..

မကြာခင်မှာဘဲ အရပ်ရှည်ရှည် ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးနဲ့ ကုလားတစ်ယောက် ရောက်လာတယ်…
ကိုမောင်မောင်နဲ့ပြောကြပြီး နောက်မိတ်ဆက်ပေးတယ်….သားသမီးတွေနေကောင်းကြရဲ့လားလို့မေးကြတယ်..
အားလုံးကောင်းပါတယ်လို့ပြောတယ်…

နောင်တောင်းမှာPASSPORT လုပ်ကြဘို့ကိုမောင်မောင်ကစီစဉ်တယ်…တရုပ်ငွေလဲဘို့လုပ်ကြရတယ်…ကိုယ်တို့ ကတော့ဆိုင်မှာဘဲကျန်နေခဲ့ကြတယ်…..
မကြာခင်မှာရှေ့နားက စားပွဲကနေ ကျောင်းသား၃ယောက် ကွက်ကြည့်ကွက်ကြည့်နဲ့လုပ်နေတယ်…ကျော်မြင့်နဲ့လည်းတိုးတိုးပြောနေကြတယ်…အဲဒီမှာ အောင်နိုင်ကိုတွေ့တယ်…ကျန်တဲ့သူတွေကိုမသိဘူး…

အောင်နိုင်ကိုသိတာက သားကဘောင်ဒရီလမ်း သူတို့ပါတီမှာနေတုံးက ကိုယ်သွားရင်းလာရင်းနဲ့ မန္တလေး(ဆေး)က အောင်နိုင်လို့ ပြောပြထားလို့သိတာပါ…ဒါပေမယ့်သူက မမှတ်မိတာလား မသိချင်ဟန်ဆောင်နေတာလားမသိဘူး…ကိုယ်ကလည်းသိပေမယ့် မသိဟန်ဆောင်နေပါတယ်…

သူ့ကို ဥက္ကဋ္ဌဆိုတာလည်း သိပါတယ်…ဘာကြောင့်လည်းဆိုတော့ မြက်ခင်းသစ်ထဲမှာသူတို့အကြောင်းပါထားတာကိုး…..သွားခါနီး သမီးအကြီးက အောင်နိုင် အဲဒီမှာဥက္ကဋ္ဌ ဖြစ်နေတာလို့ပြောလိုက်သေးတယ်…..

ဒါပေမယ့်သူတို့အဖွဲ့က ကိုယ်တို့အဖွဲ့ကို ဘာမှနှုတ်ဆက်တာမရှိဘူး…..စိတ်ထဲမှာတော့တော်တော်လူပါးဝတယ်လို့…
သူတို့ကိုယ်သူတို့ ဥက္ကဋ္ဌတွေဆိုပြီး မိဘတွေကိုမခန့်လေးစားလုပ်တယ်ဆိုပြီးတော့ပေါ့လေ…..

ကိုမောင်မောင်တို့ပြန်လာတော့ မနက်ဖြန်သွားဘို့တိုင်ပင်ကြတယ်…..ကားခကတရုပ်ငွေ ၅၀၀ ကျပ်ကျတယ်တဲ့…
ကိုယ်တို့အဖွဲ့က ၃၀၀ ခံရမယ်….သူတို့က၂၀၀ ကျခံမယ်တဲ့.ငွေ၃၀၀ နဲ့အခြေအတင်ပြောနေရင်းစိတ်ခုပြီးကလေး
တွေကို တခုခုလုပ်မှာစိုးလို့ပေးပါ့မယ်လို့ပြောကြတယ်…သိရတာက ကိုယ်တို့ကို ရွှေလီကနေ စခန်းအရောက်
စရိတ်ကို သူတို့ကုန်ကျခံမှာလို့ပြောထားတာ….ဘာစိတ်ကူးပေါက်သွားလည်းမသိဘူး…စရိတ်တ၀က်ခံခိုင်းတာ…

ပြီးတော့နောင်တောင်းကိုညအိပ်လက်မှတ်သွားလုပ်ကြရတယ်…..နောင်တောင်းကရွှေလီရဲ့အနောက်ဘက်လို့ ထင်တယ်…နာရီဝက်လောက် သွားရတယ်…မြေပြန့်ဒေသဆိုတော့ ပဲ၊ဂျုံ၊ဟင်းသီးဟင်းရွက် အသီးအနှံ တွေစိုက်ထားတာ တွေ့ရတယ်…နောင်တောင်းရောက်တော့ ကလေးမလေးတွေက စက်ဘီးငှားမလားဆိုပြီး အ ပြေးအလွှားမေးကြတယ်…နောက်မှသိရတာက စက်ဘီးငှားစီးသွားရင် နမ့်ခမ်းထိသွားလို့ရတယ်လို့ သိရတယ်…

တရုပ်ရဲစခန်းရောက်တာ့၁၂း၀၀နာရီထိုးပြီ….အရာရှိက ပုံစံစာရွက်တွေ သော့ခတ်ထားခဲ့လို့ ညနေ ၃း၀၀ မှရမယ်ဆို လို့စောင့်ရတယ်..ကားသမားက ၄း၀၀ နာရီမှပြန်လာခေါ်မယ်ဆိုပြီးကားဆွဲဘို့ထွက်သွားတယ်…

ကိုယ်တို့လည်းဗမာပြည်လိုမှတ်ပြီး အမြန်ပြီးအောင် ပိုက်ဆံနဲနဲ ပေးလိုက်ပါလား လို့ပြောတော့ တရုပ်ပြည်ကဒီလို လာပ်ပေး လာပ်ယူ လုပ်လို့မရဘူးတဲ့…ဒါနဲ့ခရီးကလည်းပန်း ခြေထောက်ကလည်းညောင်းမို့ရုံးရှေ့ကခုံရှည်ပေါ်မှာထိုင်ရင်း ခြေထောက်ကိုအပေါ်တင်ပြီး တင်ပလ္လင်ခွေထိုင်နေလိုက်တယ်…

အဲဒါတရုပ် ရဲဝန်ထမ်းတစ်ယောက် ရှူးရှူးရှဲရှဲရောက်လာပြီး ဒီလိုမထိုင်ရဘူး ခြေထောက်အောက်ချထိုင်ရ မယ် ပြောလို့ အရေးတကြီးချထိုင်ရတယ်…သြော်.. သူတို့ယဉ်ကျေးမှုကိုတော်တော်အလေးပေးသားဘဲပေါ့….

ဒါပေမယ့်အိမ်သာကတော့ ကမ္ဘာပေါ်မှာအညံ့ဆုံးနဲ့ အညစ်ပတ်ဆုံးပါဘဲ…အိမ်သာမဖြစ်မနေသွားတော့လည်း…
အထဲမှာ အဖွားကြီး၃ယောက်တန်းစီ ငုတ်တုတ်ထိုင်နေတာတွေ့တယ်…. ပထမတော့လန့်သွားတာပေါ့….နောက်တော့မထူးပါဘူးဆိုပြီး သူတို့ဘေးကအလွတ်မှာဝင်ထိုင်ပြီး အပေါ့ အလေးသွားရတယ်…

နယ်စပ်ကယူနန်တရုပ်တိုင်းရင်းသားတွေက ရင်ဖုံး(သို့)ရင်စေ့အင်္ကျီနဲ့ ထဘီဝတ်တယ်…ဘီးကျော့ပတ် တွေနဲ့ အညာအဖွားကြီး တွေနဲ့တူတယ်….နမ့်ခမ်းနဲ့နီးတော့တရုပ်လိုရော ရှမ်းလိုရောပြောတတ်ကြတယ်…..

၃း၀၀ နာရီမှာတရုပ်အရာရှိရောက် လာလို့ FORM တွေဖြည့်ရတယ်….ကိုမောင်မောင်ကအရင်လာတုံးစာအုပ်ရှိထားလို့ထပ်လုပ်စရာမလိုဘူး….FORM ဖြည့်ပေးမယ့်ကားသမားမရှိလို့ စတိုးဆိုင်ကတရုပ်မလေးကိုတစ်ယောက် ၃၀ ကျပ်စီ ပေးပြီးဖြည့်ခိုင်းရတယ်…

အားလုံးပြီးတော့ကားသမားကိုစောင့်ပြီးရွှေလီကချစ်လ္ဘက်ရည်ဆိုင်ကိုပြန်ခဲ့ကြတယ်….အဲဒီမှာ ဥက္ကဋ္ဌ နဲ့အဖွဲ့ကိုတွေ့တယ်…ဘာမှမပြောဘူး….ကျော်မြင့်ကမနက်၆း၃၀လာဘို့ချိန်းတယ်….ငြိမ်းချမ်းတည်းခိုခန်းမှာသွားတည်းကြတယ်…ညနေစာကို ၇၈၆ ဆိုင်မှာသွားစားကြတယ်…

ဦးအေးနိုင်က တရုပ်လိုမမှာတတ်လို့ လက်ညှိုး ထိုးပြပြီးမှာရတယ်…အနားကစားပွဲမှာလက်တွေမြှောက်ပြီး အော်ဟစ်နေတာတွေ့လို့ မေးတော့ အဲဒါကစားနည်းတစ်မျိုးတဲ့…ရှုံးတဲ့သူကအရက်သောက်ရတယ်တဲ့…မူးလဲတဲ့အထိတဲ့…သူတို့ကစားနည်းကတစ်မျိုးပါလားပေါ့….

မသိတဲ့သူဆိုရန်ဖြစ်နေကြတယ်ဆိုပြီး ဆိုင်ထဲကထွက်ပြေးသွားမလားဘဲ…စားသောက်ပြီးကြတော့ ပိုက်ဆံရှင်းဘို့ ခေါ်တော့ အမျိုးသမီးကဘာဟင်းတွေနဲ့စားကြတာလည်းလို့ ဗမာလိုပြောရော……….

ဦးအေးနိုင်ကဒေါသအရမ်းဖြစ်သွားပြီး ထပြီးရိုက်ချင်စိတ်တောင် ပေါက်လာတယ်လို့ပြောတယ်…ဟင်းမှာတုံးက ဗမာလိုလုံးဝမတတ်သလိုနေနေပြီး ငွေရှင်းမယ်ဆိုတော့မှဗမာလိုပြောတယ်ဆိုပြီးပေါ့…..ရွှေလီမှာအဲဒီလိုအကျင့်ရှိတယ်တဲ့….ပြီးတော့တည်းခိုခန်းပြန်အိပ်ကြတယ်…..

စာရေးသူ Ko Linn Wai Aung ( ကိုရဲလင်း)

No comments:

Post a Comment