"ABSDFမြောက်ပိုင်းသတ်ဖြတ်မှုများနှင့်မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း ( အပိုင်း ၂ )
(၅.၄.၁၉၉၂)-ဗုဒ္ဓဟူးနေ့
ဒီနေ့မှာလည်း ရုံးနဲ့ကျောင်းကိုဘဲဆက်သွားနေရတယ်…အမျိုးသားကိုလည်းသွားဘို့ကိစ္စ ၀ိုင်းပြီးငွေရှာပေးဘို့ပြောတယ်…သူလည်းမရှာတတ်ဘူးတဲ့…ပိုက်ဆံမရှိရင် မသွားနဲ့လို့လည်းပြောပြန်ရော…ဒါနဲ့ကိုယ်လည်း ကျောင်းနဲ့ရုံးကိုသွားတယ်….
အဲဒီနေ့လုပ်သားသတင်းစာထဲမှာ မကဒတ(မပ)ကကျောင်းသား(၈၀)ဖမ်းပြီး န၀တ ထောက်လှမ်းရေးလို့ စွပ်စွဲထားတဲ့အကြောင်း (၁၅)ဦးကိုသတ်ပြီး ကျန်တဲ့သူတွေကို မိဘဆီအပ်မည့်သူနဲ့ သူတို့နဲ့ပြန်လက်တွဲမည့်သူတွေကိုစီစစ်နေတယ် ဆိုတဲ့သတင်းလဲဖတ်ပြီးရော ရုံးကခွင့်ယူထားတဲ့လူက သူ့သားအတွက်အရမ်းစိတ်ပူသွားပြီး ရုံးသွားတက်တယ်…ညနေကျတော့ ငွေ၃၀၀၀ကျပ် ကိုယ့်ကိုလာပေးတယ်…
ငါ့သားဆီလိုက်သွားဖြစ်အောင်လိုက် သွားတဲ့…သားကိုအပါခေါ်လာခဲ့ဆိုပြီးမှာတယ်..အဲဒီနေ့မှာဘဲ မနက်ပိုင်း ၀ဏ္ဏဇော်အမေ ဒေါ်ရီရီခင်ဆီသွားတော့ သူအတော်အံ့သြနေတယ်…ကိုယ်ကသာသူ့သား ပါမှန်းသိတာကိုး…သူကကိုယ့်သားပါမှန်းမသိဘူး….ဒါနဲ့လိုက်ဘို့မလိုက်ဘို့မေးတော့ ဆွေမျိုးတစ်ချို့မလိုက်နဲ့ တစ်ချို့ကလည်းလိုက်သွား…သမီးကလည်းမလိုက်စေချင်ဘူး…ငွေရေးကြေးရေးကလည်းရှိသေးတယ်တဲ့…ကိုယ်ပါမှန်း လိုက်မယ်မှန်းသိတော့ သူလိုက်မယ်တဲ့…
အစကတော့မသိတဲ့သူတွေနဲ့ သွားရမှာဆိုတော့ သူလိုက်ဘို့စဉ်းစားနေရတယ် တဲ့…ကိုယ်လည်းသူပါတယ်ဆိုတော့ အားရှိသွားတာပေါ့….လမ်းမှာဘာကိစ္စဘဲဖြစ် ဖြစ် ကိုယ်နဲ့တိုင်ပင်ဖေါ်ရတာပေါ့….
ညနေကျတော့အန်ကယ်ကြီးတို့ လင်မယားရောက်လာကြတယ်…အတူသွားရမဲ့လူတွေရင်းနှီးအောင်လို့ဆိုပြီး ခေါ်လာတဲ့အကြောင်းနဲ့ သားတွေသမီးတွေရေးပေးလိုက်တဲ့စာကို လဲလှယ်ဖတ်ကြည့်တော့ လက်ရေးမတူပေမယ့်စာသားကတစ်ပုံစံတည်းဖြစ်နေတာတွေ့ရတယ်..ဒါဆိုတွေးရတာပေါ့လေ…အကြပ်ကိုင်ပြီးရေးခိုင်းတာလား လို့တော့ မိဘတွေကတွေးကြတာပေါ့…
မိဘတိုင်းကသားသမီးတွေဟာဘာအတွက်လုပ်တယ်ဆိုတာ သိတာဘဲ…ဒီလို န၀တ ထောက်လှမ်းရေး လုပ်တယ်လို့ ရေးထားတာ လိမ်ညာပြီး ရေးတယ်ဆိုတာ အားလုံးကသိနေကြတယ်။သူတို့ရဲ့အသက်ဘေး ကြောင့်ရေးရတာဆိုတာကိုလည်း တွေးမိပါတယ်…
သွားဘို့ရက်ကိုလည်း ( ၁၁.၃.၁၉၉၂ ) ရက်နေ့သွားဘို့ဆုံးဖြတ်ထားကြတယ်…သားသမီးတွေကိုပထမ မွေးဖွားစဉ်က ဆေးရုံမှာအသက်စွန့်ပြီးမွေးခဲ့ရသလို ခုလဲသားသမီးတွေကို ဒုတိယအကြိမ်မွေးဖွားပေးကြရမှာ ဖြစ်တဲ့အကြောင်း ဒီတစ်ခါမွေးဖွားရတာကပထမအကြိမ်မွေးဖွားတာထက် ခက်ခဲပြီး ပိုပြီး အသက်စွန့်ရမှာဖြစ်ကြောင်းပြောဖြစ်ကြတယ်…
ကိုယ်ကလည်း မန္တလေးကိုလုံးဝမရောက်ဖူးတော့ အန်ကယ်ကြီးတိုနဲ့တဲတာကအစ နေတာအဆုံး အတူလိုက်မယ်လို့ပြောလိုက်တယ်…အန်ကယ်ကြီးကလက်မှတ်ဝယ်တဲ့အခါ အထက်တန်းလက်မှတ်ဝယ်မယ်လို့ ပြောသွားတယ်…ကိုယ်တို့ကငွေရေးကြေးရေးကသူတို့လောက်အစဉ်မပြေတော့ ရိုးရိုးတန်းကဘဲလိုက်မယ်လို့ ပြောလိုက်တယ်… အဲဒီအကြောင်း အမျိုးသားပြန်လာတော့ပြောပြတယ်… သူက အထက်တန်းကဘာမှပိုကုန်တာ မဟုတ်ဘူး. အထက်တန်းကဘဲသွားဆိုလို့အထက်တန်းကဘဲယူဘို့ဆုံးဖြတ်လိုက်တယ်..
( ၆.၃.၁၉၉၂ ) နဲ့ ( ၇.၃.၁၉၉၂ ) မှာတော့ ကျောင်းကိစ္စ ရုံးကိစ္စနဲ့ဘဲအချိန်ကုန်တယ်…ကျောင်းကဆရာမ တွေကိုအကျိုးအကြောင်းပြောပြီး လွှဲစရာရှိတာလွှဲ မှာစရာရှိတာမှာနဲ့ဘဲအချိန်ကုန်သွားတယ်…အိမ်ပြန်ရောက်တော့လည်း ကိုယ့်ဓာတ်ပုံ(၃)ပုံ သားအတွက်ဓာတ်ပုံစီစဉ်ရတယ်…သားအတွက်လိုင်စင်ဓာတ်ပုံကမရှိတော့ ကျောင်းမှာ စာအုပ်ထုတ်တဲ့ကဒ်ပြားကပုံကိုဘဲကူးယူရတယ်…ကူးလဲပြီးရော ဓာတ်ပုံပေါ်မှာ လုပ်သားကောလိပ်လို့ ပါနေတာ ကူးလိုက်တော့ လုပ်သားကပျက်ပြီး တပ်သားလို့ပေါ်နေတယ်…အလိုလိုကမှ န၀တ ထောက်လှမ်းရေး လို့စွပ်စွဲနေရတဲ့အထဲ ဓာတ်ပုံမှာတပ်သားလို့ပါနေတော့ ကတ်ကျေးနဲ့ညှပ်ပစ်လိုက်ရတယ်…
( ၈.၃.၁၉၉၂ )
ဒီနေ့မှာဒေါ်ရီရီခင်အိမ်သွားပြီး လက်မှတ်ဝယ်ဘို့ကိစ္စရှိတာကြောင့် အန်ကယ်ကြီးအိမ်(3/C )ကန်ဘဲ့ကို သွားတော့ ကိုယ်တို့ရှေ့မှာတင် ကားတစ်စီးဝင်သွားတယ်…အထဲရောက်တော့ စမ်းချောင်းကဧည့်သည် (၂)ယောက် လည်းရောက်နေတယ်…အားလုံးတိုင်ပင်ကြပြီး ဟိုရောက်ရင် ဘယ်လိုပြော ဘယ်လိုနေ ဆိုတာတွေ ကိုအန်ကယ်ကြီးကပြောပြတယ်…စမ်းချောင်းကဒေါ်မြင့်မြင့်ကြည်တို့သားအမိလည်း လိုက်မယ်လို့သိရတယ်… လက်မှတ်ကို မနက်ဖြန်မနက်ဝယ်ရအောင် ဘူတာကြီးမှာဆုံဘို့ချိန်းခဲ့ကြတယ်…
ပြီးတော့မှကိုမောင်မောင်တဲတဲ့မြကန်သာဟိုတယ်ကို ဒေါ်ရီရီခင်နဲ့သွားခဲ့ကြတယ်…မတွေ့ခဲ့ရလို့စာရေး ထားခဲ့ရတယ်…ည၉နာရီဖုန်းထပ်ဆက်မှတွေ့ရ တယ်။ကိုမောင်မောင်က ဦးဇော်ခင်သူတည်းတဲ့နေရာကို ဘယ်လိုသိလဲမသိဘူး…ရောက်လာပြီးတော့…ဟိုတယ်ရှေ့ကနေ…မန္တလေးက MI နှစ်ယောက်ထွက်လာခဲ့ဆိုပြီးအော်နေတယ်တဲ့…ဆဲနေတယ်တဲ့…ချော့ခေါ်ပြီးအရက်နဲ့ဧည့်ခံလိုက်ရတယ်တဲ့… အရက်ဖိုးကိုလည်း ခင်ဗျားက MI ဆိုတော့ ဒီဘက်မှာစာရင်းပြတောင်းပေါ့… မဟုတ်လဲဟိုဘက်ကဆိုရင်လဲ…ဟိုဘက်ကသူပုန်ဆီမှာစာရင်းပြ တောင်းဆိုပြီး ပြောသွားတယ်တဲ့…
ကိုမောင်မောင်လည်းမနက်ဖြန်ည ၉နာရီ ပြန်မယ်ဆိုတဲ့အကြောင်းပြောတယ်…မန္တလေးကို ၁၂.၃.၉၂ အရောက် လာမယ်ဆိုတာလည်းပြောလိုက်တယ်…
( ၉.၃.၁၉၉၂ )
မနက်၎နာရီ ရထားလက်မှတ်သွားတန်းစီရတယ်…လက်မှတ်တန်းစီတာကျော်ပြီးစီလို့ တရုပ်မ၃ယောက်နဲ့ စကား များရသေးတယ်…အားလုံးအတွက် အထက်တန်းကချည်းရတယ်။
သာယာဝတီကတစ်ယောက်လည်းပါ တယ်…..ပဲခူးကမိဘတစ်ယောက်ကသူ့အစီအစဉ်နဲ့သွားပြီး မန္တလေးကျမှဆုံမယ်လို့သိရတယ်…..လက်မှတ်ဝယ်
ပြီးမိဘတွေကခုမှသိရတာဆိုပေမဲ့ဘ၀တူတွေဆိုပြီး ပိုပြီးခင်မင်မှုရကြတယ်…..
ရထားလက်မှတ်ရပြီးတာနဲ့ ကျောင်းမှာမိဘဆရာအသင်း အစည်းဝေးရှိလို့ သွားရတယ်…နာယက(ရ၀တ)ဥက္ကဋ္ဌနဲ့စာရင်းစစ်(မိဘ)တို့လာတယ်…..ခရီးသွားမည့်အကြောင်း…ကျောင်းကိုအပ်ထားခဲ့တဲ့အကြောင်း…ပြောခဲ့ရတယ်…လုပ်စရာရှိတာတွေ…ဆရာမအတွင်းရေးမှူးနဲ့…အဖွဲ့ဝင်ဆရာမကိုမှာခဲ့ရတယ်…..
လုပ်ရမည့်လုပ်ငန်းတွေကို စီစဉ်ပေးခဲ့ရတယ်…..
စာရေးသူ Ko Linn Wai Aung (ကိုရဲလင်း)
No comments:
Post a Comment