“သင်္ကြန်” ဟူသောစကားလုံး၏ ဆင်းသက်လာပုံနှင့် အဓိပ္ပာယ်
တဖြည်းဖြည်းနဲ့ သင်္ကြန်နားနီးလာပြီဆိုတော့ သင်္ကြန်ရဲ့အငွေ့အသက်လေးတွေက ဘယ်နားသွားသွား ခံစားသိရှိနေရတယ်။ ဒါပေါ့၊ သင်္ကြန်ဆိုတာ ကျနော်တို့နိုင်ငံရဲ့ ကြီးမားတဲ့သြဇာအရှိဆုံး၊ ပျော်ရွှင်စရာ အကောင်းဆုံး ရိုးရာပွဲတော်ကြီးပဲလေ။
ဒါကြောင့် မြန်မာ့ပြက္ခဒိန်ရဲ့ နှစ်သစ်ကူးကာလတိုင်းမှာ သင်္ကြန်ပွဲတော်ကြီးတစ်ခု ပျော်ရွှင်စွာ ကျင်းပရမယ်ဆိုတဲ့ အသိနဲ့ စတင်လုပ်ဆောင်ခဲ့သူတွေကို စိတ်ထဲကနေ ကြိတ်ပြီး ချီးကျူးမိတယ်။ ဒီသမိုင်းကြောင်းလေးကို စိတ်လည်းဝင်စားမိတယ်။ သိလည်း သိထားသင့်တယ် မဟုတ်လား။ ဒါနဲ့ပဲ တွေ့သမျှ သက်ဆိုင်မယ်ထင်တဲ့ စာအုပ်တိုင်းကို လှန်လှောဖတ်ကြည့်ရတော့တာပေါ့။
အဲဒီလို လိုက်လေ့လာကြည့်လိုက်တော့မှ ကျနော်တို့အားလုံး အမှုမဲ့အမှတ်မဲ့ထားပြီး ပျော်ပါးဆင်နွှဲနေခဲ့ကြတဲ့ သင်္ကြန်ဆိုတာ လေးနက်လျှို့ဝှက်ဆန်းကျယ်မှုတွေနဲ့ အတော်လေးကို စိတ်ဝင်စားစရာကောင်းပါလားဆိုတာ တွေ့လိုက်ရတယ်။ လောလောဆယ်တော့ “သင်္ကြန်” ဆိုတဲ့ စကားလုံးလေးအကြောင်းကို အရင်ပြောချင်တယ်ဗျ။
တကယ်တော့ “သင်္ကြန်” ဆိုတဲ့ စကားလုံးဟာ သက္ကတဘာသာကနေဆင်းသက်လာတဲ့ စကားလုံးပဲဗျ။ သူ့ရဲ့ မူရင်းဘာသာစကားလုံးက “သင်္ကရန္တိ” လို့ဆိုတယ်။ သူ့ရဲ့အဓိပ္ပာယ်ကတော့ အင်္ဂလိပ်လိုဆိုရင် “Going from one place to another” ပေါ့။ မြန်မာလိုဆို “ကူးပြောင်းခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီ “သင်္ကရန္တိ” ကနေ “သင်္ကြန္တ”၊ တစ်ဖန် အဲဒီ “သင်္ကြန္တ” ကနေမှ အခု ကျနော်တို့ခေါ်ဆိုအကျွမ်းဝင်နေတဲ့ “သင်္ကြန်” ရယ်လို့ ဖြစ်လာတာပဲဗျ။
ဒါ့အပြင် သင်္ကြန်မှာ နှစ်မျိုးနှစ်စားရှိတယ်လို့လည်း ဆိုထားတယ်ဗျ။ အဲဒါတော့ နောက်မှ ထပ်ရေးပေးပါ့မယ်ဗျာ။
Reference: မြန်မာပြက္ခဒိန်(အေးငြိမ်း)၊ မြန်မာဆယ့်နှစ်လအကြောင်း(မောင်ထင်)
Duwun
No comments:
Post a Comment