၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့  - မှတ်မှတ်ရရနေ့ တစ်နေ့ ။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့  သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ က မြန်မာမိသားစုများ တွေ့ ဆုံပွဲ ကျင်းပခဲ့တဲ့နေ့ ။
ကျွန်တော်တို့  ရဲ့  ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့  မဲလ်ဘန်းမြို့ ကို ရောက်လာတော့မယ်။ မဲလ်ဘန်းမြို့ ရဲ့  လေဆိပ်မှာ သွားကြိုကြစို့ ။
ပန်းစည်းလေးတွေ Welcome ဆိုတဲ့ စာတန်းလေးတွေနဲ့  အားတက်သရော အပြုံးကိုယ်စီနဲ့  သွားရောက်ကြိုဆိုခဲ့ကြတဲ့နေ့ ။
ဒီနေ့ တွေရင်တွေခုန်ကြရတဲ့နေ့ တွေလို့  ပြောကြရမလား။
ဒီနေ့ တွေထက် ရင်တွေ ပိုခုန်ကြတဲ့နေ့ တွေကတော့ ကာယကံရှင် နှစ်ဦး ပိုသိကြမှာပါ။
ဒေါက်တာသီရိလွင် - ၂၀၁၄ ခုနှစ် မတိုင်ခင်ကတည်းက သူမကို သိခဲ့တယ်။ မဲလ်ဘန်းမြို့ ကို ရောက်ရှိလာချိန်က တွေ့ ဆုံ သိခဲ့ရတဲ့နောက် ကျွန်တော့်ရဲ့ တူနဲ့ဆေးတက္ကသိုလ်မှာ တစ်ကျောင်းတည်း တတန်းတည်း သူငယ်ချင်းတွေမို့ လို့  ပိုပြီး ခင်ခင်မင်မင် သိရှိခဲ့ရတယ်။
မဲလ်ဘန်းမြို့ ရဲ့  မြန်မာမိသားစုပွဲတွေမှာ ရံဖန်ရံခါ တွေ့ ဆုံရပြီး၊ ကိုမင်းကိုနိုင်တို့  မဲလ်ဘန်းမြို့ ကို ရောက်ရှိလာချိန်မှာ ထပ်မံဆုံတွေ့ ဖြစ်ကြပြန်တယ်။ ဒီတစ်ခါ တွေ့ ဆုံမှုကတော့ သူမရဲ့ ဘ၀ ကြင်ယာဖော်ဖြစ်လာမယ့်သူနဲ့  တွေ့ ဆုံမှုအစလို့ ဘဲ ဆိုရတော့မလား။ သူတို့ နှစ်ဦးရဲ့  ဖူးစာကံ အစ။
ကိုမင်းကိုနိုင်နဲ့  မြန်မာလူမျိုးများနဲ့  တွေ့ ဆုံပွဲအပြီး နောက်နေ့ တွေမှာ စိတ်အပန်းဖြေဖို့ အတွက် ၀ါသနာပါရာ ပန်းချီဆွဲဖို့ အတွက် သဘာဝရှုခင်းကောင်းလေးတွေ ရှိတဲ့နေရာကို ကိုမင်းကိုနိုင်ကို လိုက်ပြဖို့  စီစဉ်ဖြစ်ခဲ့ကြတယ်။
ဘ၀တစ်လျှောက်လုံး တိုင်းကျိုးပြည်ကျိုးအတွက် ကိုယ်စိတ်နှလုံး ပေးဆပ်အနစ်နာခံ ထောင်ကျခံ တိုက်ပိတ်ခံနဲ့  ကျန်းမာရေးပါထိခိုက်ခံရ ရင်း ပင်ပန်းနွမ်းမောနေရတဲ့ ကျွန်တော်တို့  ရဲ့  ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို အေးဆေးသာယာ သောအချိန်ကလေး ရတုန်းရခိုက် ရောက်တုန်းရောက်ခိုက်မှာ ပင်ပန်းနွမ်းလျမှုတွေကို ပြေစေချင်တဲ့ဆန္ဒနဲ့  သူသွားချင်တဲ့နေရာ သူလုပ်ချင်တဲ့ ပန်းချီရေးဆွဲခြင်းတို့  ဖြစ်ရအောင်ပါ။
၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ မှာ ကျွန်တော်တို့  ကားနှစ်စီးနဲ့  မဲလ်ဘန်းမြို့ က သဘာဝ သစ်ပင်တောတောင်များနဲ့  စိမ်းလန်းစိုပြေရာ Mt. Arthur Seat ပင်လယ်ကမ်းစပ်အနီး တောင်တန်းမြင့်ကြီးတစ်နေရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ကိုမင်းကိုနိုင် ကားပေါ်က ဆင်းတာနဲ့  သဘာဝရှုခင်းအလှအပတွေကို ခံစားရင်း ပန်းချီစဆွဲဖို့  ပြင်ဆင်ပါတော့တယ်။
ကျွန်တော်တို့  အတူသွားကြတဲ့အထဲမှာ ကိုမင်းကိုနိုင်တို့  ကျွန်တော်တို့ အပြင် ဒေါက်တာသီရိလွင်လည်း ပါပါတယ်။ ကိုမင်းကိုနိုင်ရဲ့  ပန်းချီရေးဆွဲနေမှုကို ကျွန်တော်တို့  အားလုံး စိတ်ဝင်စားစွာနဲ့  ကြည့်ရှုနေကြပေမယ့် အချိန်တန်တဲ့အခါ ဗိုက်ဆာလာလို့  ယူလာတဲ့ အစားအစာလေးတွေကို ဖြစ်သလို စားသောက်နေချိန်မှာတော့ ပန်းချီဆေးထည့်ထားတဲ့ ဗန်းကလေးကို ကိုင်ပြီး ကိုမင်းကိုနိုင်ရဲ့  ဘေးနားမှာ စိတ်ရှည်စွာ ရပ်စောင့်ကြည့်ရှုနေသူတစ်ဦး ရှိပါတယ်။ ကိုမင်းကိုနိုင်ရဲ့  ပန်းချီရေးဆွဲနေမှုအနားမှာ အချိန်ပြည့်နီးပါးနေသူရဲ့  မျက်ဝန်းက ထူးခြားနေသလို သူတို့ နှစ်ဦးကို ကြည့်ပြီး ကျွန်တော့်ရဲ့  စိတ်ထဲမှာ အတွေးတစ်ခုကတော့။
ကျွန်တော်တို့ တစ်တွေ ဒီတောင်တန်းပေါ်မှာ သဘာဝအလှတွေကို ကြည့်ပြီးနောက်၊ ကိုမင်းကိုနိုင်ရဲ့  ပန်းချီရေးဆွဲမှုနဲ့  ပန်းချီကားလေးတွေကို ကြည့်ပြီးနောက် တစ်နေ့ တာခရီး ပြီးဆုံးချိန်မှာ အိမ်အပြန်ခရီးဆက်ခဲ့ကြပါတယ်။ ကျွန်တော့်ရဲ့  ကားပေါ်မှာ ကျွန်တော်ရယ် ကိုမင်းကိုနိုင်ရယ် ဒေါက်တာသီရိလွင်ရယ်လိုက်ပါလာကြပြီး စကားတွေ ဖောင်ဖွဲ့  ပြောဆိုရင်း ဒေါက်တာသီရိလွင် နေထိုင်ရာ နေအိမ်ကို ရောက်ခါနီး ခေတ္တခဏ တိတ်ဆိတ်သွားသော အသွင်နှစ်ခုက သံယောဇဉ်တွေများလား။
ကျွန်တော်တို့  နဲ့  ကိုမင်းကိုနိုင်တို့  တွေ့ ဆုံမှုရက်ပိုင်းဟာ နည်းပါးလွန်းလှတယ်ဆိုပေမယ့် ၈၈ သွေးသားရင်းတွေမို့ လား မသိ၊ ညီအကိုတွေလို ရင်းနှီးစွာ ပြောကြဆိုကြ။ ကိုပေါ်ကြီး ... အိမ်ထောင်လေး ဘာလေး မပြုဖူးလား ... အရွယ်တွေ ရလာပြီ ... ဆေးပေးမီးယူဘဲပြောပြော ... ပါရမီဖြည့်ဘက်ဘဲပြောပြော ... ရှာလေဗျာ ... ဒီအတိုင်းကြီး မနေနဲ့ လေဗျာ။ မကြာခဏဆိုသလို နောက်နောက်ပြောင်ပြောင်နဲ့  ပြောလိုက်၊ အတည်လိုလို ပြောလိုက်မို့  ကိုမင်းကိုနိုင်ရဲ့ မျက်နှာမှာ ရှက်ပြုံးလိုလို အိနြေ္ဒကြီးနဲ့  နေရသလိုလို တစ်ခုခုကို ပြောချင်သလိုလိုနဲ့  မြင်တွေ့ ရတယ်။ ကိုယ်ကိုတိုင်လည်း လှုပ်ဦးမှနော်။
ကျွန်တော်လည်း လူတွေထဲက လူသားတစ်ယောက်ဘဲဗျာ .... လို့  စပြီး ရင်ထဲက စကားတွေ ပွင့်အန်ထွက်လာပြီးနောက် ... ခင်ဗျားတို့ က အလိုက်မှ မသိကြတာလို့  ရီရီမောမောနဲ့  အဆုံးပိတ်စကားနဲ့  ပြောလာတဲ့ ကိုမင်းကိုနိုင်။ သူ့ ရဲ့  ရင်ထဲမှာ ဘာတွေ ရှိနေသလည်းဆိုတာ သူသာ အသိဆုံးဖြစ်ပေမယ့် ကျွန်တော်ကတော့ သူ့ ခံစားမှုကို သိသလိုလို မသိသလိုလို။
ဒီကြားထဲ ရက်တစ်ရက်မှာ ခရီးပန်းမှုနဲ့ အတူ ပင်ပန်းနေတဲ့ ကိုမင်းကိုနိုင် ကျန်းမာရေး ချို့ တဲ့မှုအရ ရုတ်တစ်ရက် သွေးတိုးတက်လာပါတယ်။ လက်လှမ်းမီတဲ့ ဆရာဝန်တွေကို ချက်ခြင်း ဖုန်းဆက်ခေါ်ပြီး ကြည့်ရှူကာ အနားယူခိုင်းရပါတယ်။ ဆေးပေးမီးယူ ပြုစုစောင့်ရှောက်ဖို့  ကြင်ယာလက်တွဲဖော် လိုနေပြီနော် ကိုပေါ်။
နောက်နေ့ တစ်ရက်မှာလည်း ကျွန်တော်တို့  နေထိုင်ရာ အနီးအနားက ပန်းခြံတစ်ခုထဲ သွားရောက်ခဲ့ကြတယ်။ တစ်နေ့ က ပန်းချီပစ္စည်းတွေ သီးသန့် ရောင်းတဲ့ဆိုင်မှာ ပန်းချီရေးဆွဲဖို့  လိုအပ်တာတွေ ၀ယ်ယူရရှိလာတဲ့ ပန်းချီပစ္စည်းတွေနဲ့  စိတ်တိုင်းကြ ရေးဆွဲဖို့ အတွက် ကိုမင်းကိုနိုင်ကို ခေါ်ဆောင်သွားခဲ့တယ်။ ပန်းခြံအ၀င် ကားရပ်တဲ့နေရာမှာ ကားတွေ ရပ်ထားပြီးနောက် အနီးအနားရှိ လမ်းဘေးဘယ်ညာက ချစ်စရာ အိမ်ကလေးတွေနဲ့  သစ်ပင်ပန်းများနဲ့  လှပနေတဲ့ ခြံလေးတွေ မြင်ကွင်းကို သဘောကျသွားတဲ့ ကိုမင်းကိုနိုင် ချက်ခြင်းဘဲ ပန်းချီကားတစ်ချပ်အဖြစ် စတင်အသွင်ဖန်တီးပါတော့တယ်။
နာရီအနည်းငယ်ကြာလာတဲ့အခါမှာ မဲလ်ဘန်းမြို့ ရဲ့  ရာသီထုံးစံအတိုင်း မိုးအုံ့ ပြီး မိုးစက်ကလေးတွေ ကျလာချိန်မှာ စိတ်ငြိမ်သက်မှုအပြည့်နဲ့  အာရုံစူးစိုက်ကာ ရေးဆွဲနေတဲ့ ကိုမင်းကိုနိုင် ကျွန်တော်တို့ တစ်တွေ ကားတွေထဲမှာ စောင့်ဆိုင်းလို့  နေပါတယ်။ ကျွန်တော်တို့  လိုဘဲ သူမရဲ့  ကားလေးထဲမှာ စိတ်ရှည်စွာ စောင့်ဆိုင်းပေးနေသူကတစ်ဦးက။
ဇွန်လ ၁၈ ရက်နေ့ - ပြန်ကြရတော့မယ့်နေ့  ရောက်လို့ လာပါပြီ။ မဲလ်ဘန်းမြို့ မှနေ သြစတြေးလျမှနေ ပြန်ကြတော့မယ့် ကိုမင်းကိုနိုင်တို့ ကို နှုတ်ဆက်ပွဲလေး အကျဉ်းချုပ်လုပ်တဲ့အနေနဲ့  နေအိမ်မှာ ဆုံကြပါတယ်။ စကားလေးတွေ ပြောကြဆိုကြရင်း မဲလ်ဘန်းမြို့ မှာ ရောက်ရှိစဉ် အချိန်ရတုန်းရခိုက် ရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို တစ်ယောာက်ခြင်းစီကို လက်ဆောင်အဖြစ် ပြန်ပေးတဲ့ ကိုမင်းကိုနိုင်။ ညီမလေးရောလို့  ဆိုလာတဲ့ ကိုမင်းကိုနိုင်။ သီရိရေ .. ကိုမင်းကိုနိုင် ခေါ်နေတယ်။ ပန်းချီကားလေး လက်ဆောင်ပေးဖို့ ။ ကိုကြီးက ညီမလေးအတွက် ပန်းချီကားလေးတစ်ချပ်။
ဇွန်လ ၁၃ ရက်နေ့ က ရောက်လို့  ဇွန်လ ၁၈ ရက်နေ့ မှာ ပြန်ကြမယ့်သူတွေ ကိုမင်းကိုနိုင်တို့  ၆ ရက်တာ ခရီးအတွင်း သံယောဇဉ်တွေ၊ မျက်ဝန်းရိပ်က စကားလုံးလေးတွေ၊ အိနြေ္ဒတွေနဲ့  နှလုံးသားရဲ့  လှုပ်ခတ်မှုကို ထိန်းသိမ်းထားမှုတွေ၊ ခွဲခွာမှုအတွက် ၀မ်းနည်းမှုတွေ မြိုသိပ်ထားမှုတွေ ပန်းချီကားတွေထဲမှာ မပါပေမယ့် ကိုမင်းကိုနိုင်ရဲ့  ရင်တွင်းမှာတော့ တိတ်တခိုး ရေးဆွဲနေလေရောသလား။ ကျန်ရစ်ခဲ့သူအတွက်လည်း လက်ဝယ်ရရှိထားတဲ့ ပန်းချီကားလေးကို ငေးငိုင်ကြည့်နေကာ ပန်းချီကားရေးဆွဲသူနဲ့ အတူ စိတ်အစဉ်က ပါရှိသွားလေရော့သလား။
လေဆိပ်ရောက်လို့  ခရီးဆက်လက်ထွက်ခွာသွားတဲ့ ကိုမင်းကိုနိုင်တို့ ကို လက်ပြနှုတ်ဆက်ရင်း ပြန်လာကြတဲ့ ကျွန်တော်တို့  အကြောင်းအရာ တစ်စုံတစ်ခုကို ကိုယ်စား လွမ်းပေးနေရသလိုလို၊ ပြန်လည်ဆုံဆည်းမှုတွေ ရရှိပါစေလို့  ကိုယ်စား ဆုတောင်းပေးနေရသလိုလို ဖြစ်ပေါ်လို့ နေလေရဲ့ ။
ဒီလိုနဲ့  အမိမြေကို ပြန်သွားကြတဲ့ ကိုမင်းကိုနိုင်တို့ နဲ့  ပြန်လည်မဆုံဖြစ်တာ ၂ နှစ်နီးပါး ရှိလာသလို၊ ဒေါက်တာ သီရိလွင်နဲ့ လည်း မဆုံဖြစ်တာ အချိန်ကာလအတူတူပါ။
ကျန်ခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ က မမျှော်လင့်ဘဲ သိလိုက်ရတဲ့ ရေးသားချက်ကလေး “အကိုကြီး ကိုမင်းကိုနိုင်တော့ ဟတ်ထိသွားပါပြီတဲ့ဗျ၊ မိန်းမယူပါတော့မယ်တဲ့ဗျ၊ သြစတြေးလျနိုင်ငံမှာ တာဝန် ထမ်းဆောင်နေတဲ့ မြန်မာဆရာဝန်မလေးနဲ့  .... “ ဆိုတဲ့ သတင်းစကားလေး မြင်လိုက်ရရဲ့ ။ ချက်ခြင်းဘဲ မျက်စိထဲ ပြန်ပြေးမြင်ယောင်လာမိတဲ့ ပုံရိပ်နှစ်ခု။
“သတင်းမှန်တယ်ဆိုရင် သတင်းကောင်းမို့  ၀မ်းသာတယ်။ သြစီကဆိုတော့ သိပြီ” ဆိုတဲ့ ရေးသားချက်ကလေး ကျွန်တော့်ရဲ့  ဖေ့စ်ဘွတ်ပေါ်မှာ တင်လိုက်တဲ့အခါ ပြန်လည်မေးမြန်းလာတဲ့ သိရှိလိုသူတွေကို သေချာကြောင်း မဖြေဖြစ်ခဲ့ပေမယ့် သေချာမှုတွေနဲ့  အတည်ပြုပေးမှုတွေကြောင့် ပိုလို့  သေချာစွာ သိရှိနေခဲ့ပါတယ်။
နှစ်သစ် ၂၀၁၇ ခုနှစ်အစ၊ နှစ်သစ်ကူးနေ့ ရက်၊ ဇန်န၀ါရီလ ၁ ရက်နေ့ မှာ မိဘနှစ်ပါးမျက်စိရှေ့ မှောက် ထိမ်းမြားမင်္ဂလာ လက်မှတ်ရေးထိုးလိုက်တဲ့သူ နှစ်ဦးရဲ့  ပုံတွေ မြင်တွေ့ လိုက်ရချိန်မှာ ၀မ်းသာမှုနဲ့ အတူ ယခင်က ဆုံတွေ့ မှုတွေ ပြန်လည်မြင်ယောင်ရင်း ဖူးစာဆုံကြသူနှစ်ဦးအတွက် မင်္ဂလာချီးမြှင့်စကား ပြောကြားချင်စိတ်ကြောင့် ယခုလို အမှတ်တရပုံလေးများနဲ့  ဦးစွာ ပြောကြား လက်ဖွဲ့ လိုက်ရပါတယ်။
ကိုမင်းကိုနိုင်နဲ့  ဒေါက်တာသီရိလွင်တို့  မင်္ဂလာမောင်နှံနှစ်ဦး တစ်ဦးကို တစ်ဦး ချစ်ခင်စုံမက်စွာဖြင့် အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပြီး၊ တိုင်းကျိုးပြည်ကျိုးကို တတ်နိုင်သမျှ ဆက်လက် ဆောင်ရွက်ပေးနိုင်ကြပါစေဗျာ။
မင်္ဂလာမောင်နှံနှစ်ဦးနဲ့  စုံညီစွာ ပြန်လည်ဆုံတွေ့ နိုင်ဖို့ လည်း မျှော်လင့်စောင့်ဆိုင်းလျက်ပါ။
မျိုးအေး
မဲလ်ဘန်းမြို့ ။
ဇန်န၀ါရီလ (၂) ရက်နေ့ ၊ ၂၀၁၇ ခုနှစ်။
Copy from Pyae Sone Aung
No comments:
Post a Comment