Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 2, 2017

ငွေတစ်ပြားမှမကုန်ပဲနဲ့ သေခါနီးမှာတောင်မှ ကောင်းမှုပြုခဲ့သူ


ဘယ်လောက်စိတ်ကောင်းရှိဖို့လိုတုန်း
ဆေးရုံကြီးတစ်ရုံပေါ်မှာတဲ့ သေခါနီးလူနာနှစ်ယောက်ရှိတယ်။ အခန်းတစ်ခုထဲမှာထည့်ထားတဲ့ ကုဋင်နှစ်လုံးရှိတယ်။
အဲဒီမှာ သူတို့ကပြန်ကောင်းဖို့ သိပ်မလွယ်ပါဘူး။ အရေးပေါ်ကုသနိုင်အောင်လို့ မသေခင်သက်သာအောင်လို့ ဒီလိုထားတာပါ။
အဲဒီမှာ ဟိုး••••• တံခါးပေါက်ရှိတဲ့ဘက်ကလူက နေ့ခင်းကြလို့ရှိရင် သူ့ခါးရောဂါကြောင့်မို့လို့ ဆရာမတွေက ဂေါက်နဲ့လှည့်ပြီးတော့ သူ့ကုဋင်ကိုထောင်ပေးရတယ်။ ထိုင်ရက်ဖြစ်နေတော့ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တယ်။
အတွင်းဘက်ကလူကတော့ ပက်လက်ကလေး မျက်နှာကြက်နဲ့ ပန်ကာကိုပဲမြင်ရတယ်။
ဟိုး•••••••တံခါးပေါက်ဘက်ကလူက အတွင်းဘက်ကလူကိုစာနာလို့ လှမ်းပြောတယ်။
အခု ကျနော် ပြတင်းပေါက်ကနေမြင်ရတဲ့ မြင်ကွင်းတွေကိုပြောပြရင် နားထောင်ချင်သလားတဲ့?
အတွင်းကလူကလည်း ရောဂါဝေဒနာတွေဖိစီးလို့ ဟိုကနာ ဒီကကိုက်၊အဲဒါတွေနဲ့ပဲ ဒုက္ခရောက်နေတော့ နားထောင်ရရင် စိတ်ကလေးပြောင်းသွားမလားလို့
ဟုတ်ကဲ့ ပြောပြရင် နားထောင်ချင်ပါတယ်။
ပြတင်းပေါက်ကကြည့်ခွင့်ရတဲ့လူကပြောတယ်။
ဟိုး•••••• အပြင်ဘက်မှာတဲ့ ရေကန်ကြီးတစ်ကန်ရှိတယ်။ ငန်းဖြူဖြူ နှစ်ကောင်ကူးနေကြတယ်ဗျာ။ အဲဒီရေကန်ရဲ့ဘေးမှာ ပန်းရုံလေးတွေရှိတယ်ဗျာ။ ပန်းရုံကလေးတစ်ရုံဘေးမှာ ခုံတန်းပြာကလေးရှိတယ်ဗျ။ ဟို အတွင်းဘက်ကလူနာက အဲဒါတွေအားလုံးကို မြင်ရောင်ပြီးတော့ ရောဂါဝေဒနာတွေ မေ့သွားတယ်။အဲဒီ ခုတန်းပြာကလေးပေါ်မှာ ချစ်သူအတွဲ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ထိုင်နေကြတယ်ဗျ။
အတွင်းဘက်က လူနာက ပိုစိတ်ဝင်စားသွားတယ်။
ဟော ဟော ကျနော် ပြောနေတုန်းမှာပဲ ကောင်ကလေးက ကောင်မလေးလက်ကိုကိုင်လိုက်တယ်ဗျ။
အတွင်းဘက်က လူနာ ယောင်ရမ်းပြီတော့ လက်တွေဘာတွေလှုပ်သွားတယ် ဝေဒနာတွေမေ့ရုံမကဖြစ်သွားတယ်။
အဲဒီမှာ ဟိုဘက်ကုန်းစောင်းအတိုင်း လူကြီးတစ်ယောက်လာနေတယ်။အသက်ကြီးပြီ။ခါးကုန်းကုန်းနဲ့ ခေါင်းမှာဦးထုပ်ကြီးဆောင်းလို့
ဟော ဟော ကျနော် ပြောနေတုန်းမှာပဲ ဦးထုပ်ကြီးက လေထဲလွင့်သွားပြီဗျ လိုက်ကောက်နေတယ် လိုက်ကောက်နေတယ်။ အတွင်းက လူကပြုံးတယ်။
နောက်တော့ ဆရာမတွေ ဝင်လာတယ်။ ဦးလေး ပြန်လှည့်ရတော့မယ်နော်။ကုဋင်ကိုပြန်လှည့်။
အတွင်းဘက် ကုဋင်ကလူက
ဟာ သူ့ကျတော့ ကံကောင်းလိုက်တာ အပြင်ကမြင်ကွင်းတွေအားလုံးကိုမြင်ရတယ်။ ငါကတော့ မျက်နှာကြက်ပဲ မြင်ရ။သူပြောမှ အတွေးနဲ့ကြည့်ရ။
အဲဒီ ကုဋင်မှာ ငါနေရရင် ကောင်းမှာလို့ သူကတွေးတယ်။
အဲဒီနေ့ညမှာပဲဗျာ တံခါးပေါက်ဘက်ကလူနာက ချွဲတွေကပ်ပြီးတော့ ချောင်းတွေတဟို့ဟို့နဲ့ဆိုး သလိပ်တွေပိုပွ အဲဒီမှာ အသက်ရှူကျပ်လာတယ်။
သိပ်အသက်ရှူကျပ်လာလို့ရှိရင် သူ့တို့ကုဋင်မှာ ခလုတ်အနီကလေးတပ်ထားတယ်။
အဲဒီခလုတ်အနီကလေးကိုနှိပ်ရင်ဖြင့် ဆရာဝန်တွေ သူနာပြုတွေရှိတဲ့ အခန်းကိုသွားမြည်မယ်။မြည်ရင် ဆရာဝန်တွေ သူနာပြုတွေပြေးလာပြီးတော့ ချွဲတွေကိုစုပ်ထုပ် အောက်စီဂျင်ပေးလိုက်ရင်မသေတော့ဘူးပေါ့။
သို့သော်•••••••••••••••••••••
ဟိုလူမှာ မချိမဆန့် ပြင်းထန်တဲ့ဝေဒမာကိုခံစားရင်းနဲ့ နစ်လာပြီ ခလုတ်ကိုမနှိပ်နိုင်တော့ပါဘူး။
အတွင်းဘက်က လူနာရဲ့ ကုဋင်မှာလည်းခလုတ်အနီကလေးရှိပါတယ်။သူကလည်း နှိပ်ပြီးတော့ ကူလို့ရပါတယ်။ခေါ်ပေးလို့ရပါတယ်။ သူ့လက်ညှိုးကလေး ခလုတ်ပေါ်ရောက်သွားပါပြီ။ နှိပ်မယ်လုပ်ပြီးမှ မနှိပ်တော့ပါဘူး။
(ဘာဖြစ်လို့တုန်းစဉ်းစားကြည့်လိုက်ပါ)
မနက်လင်းတော့ သူနာပြုဆရာမတွေဝင်လာတယ်။
အော်••••• ဒီဘက်ကလူနာ သေသွားရှာပြီကိုး သူ့ခမျှာ ခလုတ်ကလေးတောင် နှိပ်မသွားနိုင်ရှာဘူးနော်။
အတွင်းကလူနာက သူ့လက်ညှိုးကလေးကို စောင်ထဲဖွက်ထားတယ်။ဘယ်သူမှမသိပေမဲ့ သူ့ဘာသာသူသိတော့ လိပ်ပြာမလုံဘူး။
အဲဒါနဲ့ သေတဲ့သူကိုဖယ်ရှင်းပြီး ကုဋင်ကိုပြန်သန့်စင်လိုက်တော့ အတွင်းကလူနာကပြောတယ်။
ဆရာမတဲ့ အဲဒီကုဋင်မှာ ဘယ်သူမှမရှိရင် ကျနော့ကို ပြောင်းထားလို့ရသလားတဲ့။
အော် ဦးလေးက ဒီကုဋင်ကိုပြောင်းနေချင်လို့လား ရပါတယ် ရပါတယ်။ပြောင်းရွှေ့ပေးလိုက်တယ်။
ဆရာမတွေလည်းထွက်သွားရော သူရအောင်ထိုင်တယ်။ ထိုင်ပြီးတာနဲ့ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တယ်။ အဲဒီလိုကြည့်ပြီးတာနဲ့ သူ့တစ်ကိုယ်လုံး ထုံကျင်သွားတာပါပဲ။ပူလို့လောင်လို့ပါပဲ။
အပြင်ဘက်မှာ ဘာတစ်ခုမှမမြင်ရပါဘူး။အုတ်တံတိုင်း အမြင့်ကြီး ကာထားပါတယ်။
သိလိုက်ပါပြီတဲ့ ဟိုဘက်ကလူဟာ သူ့ဝေဒနာမှသက်သာပါစေတော့လို့ စိတ်ကောင်းနှစ်လုံးကောင်းနဲ့ မရှိတာတွေကို ရှိလေအောင်ပြောသွားတာ။
ငါမှားပြီ သူတော်ကောင်းကြီးကို သေစေခဲ့ပြီ။ ငါကယ်နိုင်ရက်နဲ့ မကယ်ခဲ့ဘူး။ နေရာကလေး လောဘ
အဲဒီလောဘကို တပ်မက်လို့ မကောင်းတဲ့စိတ်ယုတ်မာ စိတ်ရိုင်းတွေဝင် ကိုယ်တိုင်မသတ်သော်လည်း သူ့ကိုကယ်နိုင်တာမကယ်လို့ သေစေခဲ့ပြီ။ ပူလိုက်လောင်လိုက်တာတဲ့ အပါယ်ငရဲကိုမကျသော်လည်း လောကငရဲကိုခံရပြီ။
"လူတစ်ယောက် ကိုယ့်ကိုကိုယ် စက်ဆုပ်ရွံမုန်းတာလောက် ခံရဆိုးတာဘယ်ရှိမလဲ"
ကြည့်ပါ ဒါဟာ ဟိုလူက သေသွားရင် စိတ်ကောင်းနှလုံးကောင်းနဲ့ ကောင်းရာသုဂတိရောက်မှာပါပဲ။
ဒီဘက်ကလူက မသေခင်လည်းပူလောင် သေသွားရင်လည်းအပါယ်ငရဲကိုကျမှာပါပဲ။
ဒါကြောင့်မို့လို့ လူတွေ "စိတ်ကောင်းရှိရင် ငွေတစ်ပြားမှမကုန်ပဲနဲ့ သေခါနီးမှာတောင်မှ ကောင်းမှုပြုနိုင်ပါတယ်"။ စိတ်ကောင်းမရှိရင်တော့ ဘယ်တော့မှကောင်းမှုတွေပြုဖြစ်မှာ မဟုတ်တော့ပါဘူး။
သူများကို ကူညီပါ။ စိတ်ကောင်းရှိပါ။စောင့်ရှောက်ပါလို့တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~
မှတ်ချက်။ ။ ဤစာသားများကို စာရေးဆရာကြီး လယ်တွင်းသားစောချစ်၏ အောင်စိတ်ဖြင့် တံခါးတို့ကိုခေါက်ပါ ဟောပြောခွေမှပြန်လည်ရေးသားဖော်ပြပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~


အရှင်ပညာဓိကာလင်္ကာရ
Ashin Pyinnyardikarlinkara
~~~~~~~~~~~~~~~~~~~~~~~~~

No comments:

Post a Comment