တရုတ်ပြည်မှာမွေးပြီး ထိုင်ဝမ်မှာကြီးပြင်းတဲ့ Dr. Henry Lee ဟာ ထိုင်ဝမ်မှာနေတုန်းက ရဲအရာရှိလုပ်ခဲ့ဖူးတယ်။ အဲဒီနောက် အမေရိကန်နိုင်ငံကို ပညာဆက်သင်ဖို့ရောက်ရှိလာခဲ့ပြီး New Haven တက္ကသိုလ်မှာ ပြစ်မှုဆိုင်ရာသိပ္ပံပညာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ခန့်က Connecticut ပြည်နယ် ရဲဌာနမှာ ရာဇဝတ်မှုကျူးလွန်သူဖော်ထုတ်ရေးဓာတ်ခွဲခန်း ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့တယ်။ ဒီကနေ့မှာ ဒေါက်တာလီက တရားလိုပြသက်သေအတွက် ဂျူရီလူကြီးအဖွဲ့တွေကို ဒီအမှုမှာ အရေးပါတဲ့သက်သေတွေ တင်ပြမှာဖြစ်တယ်။ ဒါဟာ Connecticut ပြည်နယ်ရဲ့ ပထမဦးဆုံး သိပ္ပံပညာရပ်နဲ့ စုံစမ်းဖော်ထုတ်တဲ့အမှုကြီးတစ်ခုဖြစ်တယ်။
.
အပိုင်း (၁) မအိပ်တဲ့ည
၁၉၇၉ခုနှစ် နွေရာသီမှာ အမေရိကန် Connecticut ပြည်နယ်က Torrington လို့ခေါ်တဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့မြို့ကလေးက တစ်ညလုံးနှိုးကြားနေခဲ့တယ်။ မြို့ခံပြည်သူတစ်ရပ်လုံး ညအမှောင်မှာ လှုပ်ရှားနေကြတယ်။ သူတို့ဟာ လက်နှိပ်ဓာတ်မီးတွေနဲ့ Joanna လို့ခေါ်တဲ့ ချစ်စရာ့ ၁၂အရွယ် အလယ်တန်းကျောင်းသူ ကလေးမတစ်ယောက်ကို ရှာနေခဲ့တယ်။
.
Joanna က နွေရာသီရေကူးသင်တန်းမှာ ပါဝင်ခဲ့သူပါ။ ဒီသင်တန်းမှာပါဝင်ခဲ့တဲ့ တခြားကျောင်းသားတွေလိုပဲ သူဟာ ညနေ ၂ နာရီ သင်တန်းပြီးချိန်မှာ အိမ်ပြန်ပါတယ်။ သင်တန်းစစချင်းရက်တွေမှာ သူဟာ နေ့တိုင်းစက်ဘီးစီးပြီး အိမ်ကိုအချိန်မှန်ပြန်ရောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့ညနေပိုင်းမှာ သူ့မိခင်က သူ့ကို ညနေ၃နာရီအထိ စောင့်ခဲ့ပေမယ့် အိမ်ကို သူပြန်မရောက်လာခဲ့ပါဘူး။
.
Joanna ဟာ သင်တန်းပြီးပြီးနောက် သူငယ်ချင်းအိမ် ခဏဝင်လည်နေပုံရတယ်လို့ မိခင်ဖြစ်သူက ခန့်မှန်းပါတယ်။ ဒါကြောင့် သူအိမ်ပြန်မရောက်သေးတာကို စိတ်ထဲထည့်မထားခဲ့ပါဘူး။ ၄နာရီမတိုင်ခင်တော့ ပြန်ရောက်လိမ့်မယ် ဒါမှမဟုတ် အိမ်ကို သူဖုန်းဆက်လိမ့်မယ်လို့ပဲ ထင်ခဲ့တယ်။ ဒါပေမယ့် ညနေ ၄နာရီကျော်လည်း Joanna ရဲ့အရိပ်အယောင်ကို မတွေ့ခဲ့သေးဘူး။ အိမ်ကိုလည်း သူဖုန်းမဆက်ဘူး။ အဲဒီမှာ မိခင်ဖြစ်သူစိတ်ပူပြီး Joanna သူငယ်ချင်းအိမ်တွေကို ဖုန်းဆက်မေးတော့တယ်။ သူ့သူငယ်ချင်းတွေက သင်တန်းပြီးပြီး သူတို့အိမ်ကို Joanna မလာခဲ့ကြောင်းပြောတယ်။ Joanna နဲ့ အတူအိမ်ပြန်တတ်တဲ့ အတန်းဖော်ကလည်း ညနေ ၂နာရီ သင်တန်းပြီးတော့ Joanna တစ်ယောက်တည်း စက်ဘီးစီးပြီးပြန်သွားပါတယ်လို့ ဆိုတယ်။
.
ညနေစောင်းလောက်မှာ သင်တန်းဦးစီးသူတွေကို Joanna မိဘရှာတွေ့ပြီး မေးတော့ သူတို့အားလုံးကလည်း သင်တန်းပြီးတော့ Joanna တစ်ယောက်တည်း စက်ဘီးစီးပြီး ပြန်သွားပြီလို့ ပြောကြတယ်။
.
Joannaတို့ မိသားစုဆက်ဆံရေးက အရမ်းသင့်မြတ်ပါတယ်။ မိဘတွေနဲ့လည်း ရင်းရင်းနှီးနှီးရှိပါတယ်။ မိဘစကားကိုလည်း သူနားထောင်တယ်။ ဆွေမျိုးသူငယ်ချင်းတွေရဲ့အကြည့်မှာ Joanna က လိမ္မာရေးခြားရှိတဲ့ ကလေးမလေးပါ။ သူ့ဆရာမကလည်း အတန်းသူအတန်းသားတွေနဲ့ သူသင့်သင့်မြတ်မြတ်ရှိတယ်၊ လူချစ်လူခင်ပေါများတယ်၊ သူဟာ ဆန့်ကျင်ပုန်ကန်တတ်တဲ့ ကလေးမဟုတ်ဘူးလို့ ဆိုတယ်။
.
နွေရာသီသင်တန်းတက်ရလို့ သူအရမ်းပျော်ကြောင်း အတန်းသားတွေက ပြောကြတယ်။ သူဟာ နေအိမ်ကနေ ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားတာမဟုတ်နိုင်ဘူးလို့ဆိုကြတယ်။
.
Torrington မြို့သားတွေက များတော့အားဖြင့် လူလတ်တန်းစား လူဖြူမိသားစုတွေဖြစ်တယ်။ ကလေးပျောက်မှုတစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ အခု Joanna အိမ်ပြန်မရောက်ဘူးဆိုတဲ့ သတင်းကိုကြားတော့ ရဲတွေက လူနှစ်ရာကျော်လောက်ပါတဲ့ ရှာဖွေရေးအဖွဲ့ကို ဖွဲ့ပြီး သင်တန်းသွားရင် Joanna ဖြတ်သွားရတဲ့ တောအုပ်လမ်းသွယ်နဲ့ အနီးတစ်ဝိုက်ကို စရှာကြတယ်။
.
“ဂျိုအမ်နာ…. ဂျိုအမ်နာ….” ဆိုတဲ့ခေါ်သံကလှိုင်းထလို့၊ တောင်နံရံကနေ “ဂျိုအမ်နာ… ဂျိုအမ်နာ…”ဆိုတဲ့ ပဲတင့်သံကိုပဲ ပြန်ကြားရတယ်။ မိုးလင်းထိတိုင် ရှာဖွေရေးအဖွဲ့က ဘာမှရှာမတွေ့ခဲ့သေးဘူး၊ ဂျိုအမ်နာနဲ့အရိပ်အယောင်ကို ဘယ်သူမှ မတွေ့သေးဘူး၊ ရဲဘက်ကလည်း ဘာသဲလွန်စမှ လက်ခံမရသေးဘူး။
.
ရဲဌာနက ဒါဟာ အခြေအနေဆိုးလာပြီဆိုတာ သိလိုက်တယ်။ နောက်တစ်နေ့မှာ လူအင်အားပိုတောင့်တဲ့ ရှာဖွေရေးအဖွဲ့နဲ့ စလှုပ်ရှားတော့တယ်။ ဂျိုအမ်နာမိဘကလည်း ဂျိုအမ်နာဓာတ်ပုံကို ပရင့်ထုတ်ပြီး အမြန်ဖြန့်ဝေကြတယ်။ မြို့အနှံ့ အရပ်လေးမျက်နှာ ဖြန့်ကြတယ်။ လူတွေကို တွေ့တာနဲ့ “ဒီကလေးမကို တွေ့မိကြလား” လို့ မေးတယ်။ ခါတိုင်းမှာ ဂျိုအမ်နာက အိမ်ဝန်းကျင်ကကလေးတွေနဲ့အတူ ကျောင်းရံပုံငွေအဖြစ် တစ်အိမ်တက်ဆင်း ချိုချဉ်လိုက်ရောင်းတတ်ခဲ့တယ်။ မိသားစုတော်တော်များများက ဂျိုအမ်နာအပေါ် အမြင်ကောင်းကြတယ်။ ဒါကြောင့် ရှာဖွေရေးအဖွဲ့ထဲ စိတ်လိုလက်ရပါဝင်လာကြသူတွေ များခဲ့တယ်။
.
ဂျိုအမ်နာပျောက်ပြီး ဒုတိယနေ့အထိ အဖွဲ့သုံးဖွဲ့ခွဲပြီး ရှာကြတဲ့အဖွဲ့တွေမှာ တစ်ဖွဲ့မှ ဘာသဲလွန်စမှမရခဲ့ကြသေးဘူး။ တောင်စောင်းအောက် နေဝင်ခါနီးအချိန်မှာ တောင်ကုန်းပေါ်ရှာကြတဲ့အဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးဟာ သင်တန်းနဲ့မနီးမဝေး တောအုပ်နက်နက်တစ်နေရာက မြေကျင်းတစ်ခုထဲမှာ အဖြူရောင်အရာတစ်ခု တစ်စွန်းတစထွက်နေတာကို တွေ့လိုက်မိတယ်။ အဲဒီမြေကျင်းဆီ အားလုံးအပြေးသွားကြည့်တော့ အားကစားဖိနပ်ဖြူတစ်ရံဖြစ်နေတာကို တွေ့လိုက်တယ်။ အပြည့်ဖုံးနေတဲ့သစ်ရွက်ကို ဖယ်ရှားကြည့်ကြတော့ ကောင်မလေးအလောင်းတစ်လောင်းကို တွေ့လိုက်တယ်။ အလောင်းက မီးရှို့ခံထားရလို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်။ မျက်နှာကို သေသေချာချာ မမြင်ရတော့ဘူး။
.
ရှာဖွေရေးအဖွဲ့က ဂျိုအမ်နာမိဘကို အမြန်ခေါ်ပြတယ်။ အလောင်းက ရုပ်ပျက်ဆင်းပျက် အရှို့ခံထားရပေမယ့် အလောင်းရဲ့အချိုးအစား၊ အဝတ်အစားတွေကိုကြည့်ပြီး ဒါဟာ သူတို့ရဲ့ချစ်စရာကောင်းတဲ့သမီးလေး ဂျိုအမ်နာဖြစ်နိုင်တယ်ဆိုတာ သူတို့သိလိုက်တယ်။ မြင်ရက်စရာမရှိအောင် အရှို့ခံထားရတဲ့ ကိုယ့်သမီးလေးကိုမြင်တော့ ဂျိုအမ်နာမိခင်က ရုတ်တရက် မူးမေ့သွားခဲ့တယ်။
ဖတ်ရတာနှစ်သက်ရင် စောင့်မျှော်ပေးပါ…
No comments:
Post a Comment