အဲဒီနေ့ မနက် ရှစ်နာရီလောက် ကျွန်တော် ကျောင်းကိုရောက်တော့ သောကြာနေ့မို့ ခါတိုင်းနေ့တွေ ထက်ကို ပိုပြီး ကျောင်းမှာ လူရှင်းနေတယ်။
ရောက်ရောက်ချင်း ကျောင်းပေါ် မတက်သေးဘဲ ကင်တင်းဘက်ကို ဆင်းခဲ့တယ်။
ပြီးတော့ ကင်တင်းဘယ်ဘက် ဆင်းဆင်းချင်းက Mini Hi မှာ ကျွန်တော် တစ်ယောက်တည်း ခဏထိုင်ပြီး လက်ဖက်ရည် သောက်တယ်။
ပြီးတော့ ကျွန်တော် ကျောင်းပေါ် ပြန်တက်လာပြီး ဒီနေ့ ဒုတိယနှစ် B ခန်းက ကျွန်တော်ပါတဲ့ အုပ်စု Workshop ပရက်တီကယ် လုပ်ရမှာမို့ ကျောင်းပေါ် မတက်တော့ဘဲ ဟိုးကျောင်းနောက်က workshop ခန်း ဘက် ထွက်လာခဲ့တယ်။
workshop ခန်းကို ရောက်တော့ ကျွန်တော် နဲ့ တစ်အုပ်စုတည်း ဖြစ်တဲ့ မြဒီပါထွန်း ကြိုရောက်နေတာ တွေ့တယ်။
ကျွန်တော် မြဒီပါထွန်း နဲ့ ခဏ စကားပြောပြီး လူစုံလာတာနဲ့ ဒီနေ့ ကျွန်တော်တို့ လုပ်ဖို့ အလှည့်ကျတဲ့ 'ပန်းပဲ' လုပ်ဖို့ workshop ခန်းထဲ ဝင်ခဲ့တယ်။
ဆယ့်တစ်နာရီ ထိုးခါနီးလောက်ကျမှ ကျွန်တော်တို့ လုပ်စရာရှိတာ အားလုံး အပြီးသတ်ပြီး workshop လုပ်နေတာကို ကြီးကြပ်တဲ့ ဆရာ့ကို နှုတ်ဆက်ပြီး ပြန်ထွက်လာကြတယ်။
ပြီးတော့ ကျွန်တော် ကျောင်းပေါ် ပြန်တက်လာခဲ့တယ်။
နေ့လယ်ရောက်တော့ ကင်တင်း ပြန်ဆင်းသွားပြီး အတန်းပြီးလို့ ဆင်းလာတဲ့ ကျွန်တော်တို့ ဒုတိယနှစ် အခြားအတန်းက သူငယ်ချင်း တွေနဲ့ အတူတူ ထမင်းစားတယ်။
နေ့လယ် နှစ်နာရီ လောက်ကျတော့ ဒီနေ့အဖို့ ကျွန်တော့်အတွက် တက်ဖို့ အတန်း မရှိတော့တာမို့ ကျွန်တော် အိမ်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။
ကျွန်တော် မသိတာ တစ်ခုပဲ ရှိတယ်...
အဲဒီနေ့ဟာ ကျွန်တော့်အတွက် ရန်ကုန် စက်မှုတက္ကသိုလ် မှာ ကျောင်းသားတစ်ယောက် အဖြစ် နောက်ဆုံး တက်ရတဲ့ နေ့ ဖြစ်ခဲ့တယ်။
သိကြတဲ့အတိုင်း နောက်အပတ် တနင်္လာနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျွန်တော်တို့ ကျောင်းက စတင်ပြီး နောင်မှာ '၉၆ ကျောင်းသား အရေးတော်ပုံ' လို့ အမည်တွင်မယ့် ကျောင်းသား အရေးအခင်း ဖြစ်ခဲ့တယ်။
ဒီဇင်ဘာလ ၂ ရက်နေ့ ကနေ ဒီဇင်ဘာလ ၆ရက်နေ့ သောကြာနေ့ အထိ တစ်ပတ်လုံးလုံး အရေးအခင်း ဖြစ်ပြီး ဒီဇင်ဘာလ ၇ ရက်နေ့ ညသန်းခေါင်ကျော် နှစ်နာရီ နဲ့ သုံးနာရီ ကြားလောက်မှာ လှည်းတန်းလမ်းဆုံ မှာ မီးသတ်ကားတွေ လုံထိန်းတွေနဲ့ ဖြိုခွဲခံရပြီး အရေးတော်ပုံ နိဂုံးချုပ်သွားခဲ့တယ်။
ပြီးတော့ ဒီဇင်ဘာလ ၉ ရက်နေ့ ကစပြီး မြန်မာနိုင်ငံ တဝှမ်းလုံးက တက္ကသိုလ် အားလုံး ကို ရက်အကန့်အသတ် မရှိ ပိတ်လိုက်တယ်။
၁၉၉၇ နှစ်လယ်လောက် ရောက်တော့ ၉၆ ဒီဇင်ဘာ အရေးတော်ပုံ မှာ ပါဝင်ခဲ့တဲ့ ကိုစိုးထွန်း အပါအဝင် ခေါင်းဆောင်ပိုင်း နဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားတွေ အဖမ်းခံရတယ်။
ပြီးတော့ အခြေအနေတွေ ပြန်ငြိမ်သက်သွားတယ်။
ပြီးတော့ ၁၉၉၈ မေလ လောက်ကနေ စက်တင်ဘာလ အထိ ကျွန်တော်တို့ ကျောင်းက အတန်းတွေကို သုံးသုတ်ခွဲပြီး စာမေးပွဲ စစ်တယ်။
ပထမအသုတ် အနေနဲ့ နောက်ဆုံးနှစ် ကျောင်းသားတွေကို ဆယ်ရက် စာသင်ပြီး အတန်းတင်စာမေးပွဲ စစ်တယ်။
ဒုတိယအသုတ် အနေနဲ့ စတုတ္ထနှစ် နဲ့ ပဉ္စမနှစ် ကျောင်းသား တွေကို အထက်ကလိုပဲ စာမေးပွဲစစ်တယ်။
နောက်ဆုံး တတိယအသုတ် အနေနဲ့ ပထမနှစ်၊ ဒုတိယနှစ် နဲ့ တတိယနှစ် ကျောင်းသားတွေကို ဆယ်ရက်စာသင်ပြီး စာမေးပွဲ စစ်တယ်။
အဲဒီမှာပဲ စာမေးပွဲ စစ်ပြီးတာနဲ့ နောင်မှာ ကျောင်းပြန်ဖွင့်ရင် ကျောင်းတွေကို မြို့ပြင် ရွှေ့တော့မယ် ဆိုတာ သိနေတဲ့ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ 'ခုနစ်ရက် ပညာရေး' ကို ကန့်ကွက်တဲ့ ကျောင်းသားလှုပ်ရှားမှု ထပ်မံပေါ်ပေါက်တယ်။
ဒီတစ်ခါ လှုပ်ရှားမှု မှာတော့ အတန်းကြီးက အစ်ကိုကြီး တွေ မပါဝင်နိုင်တော့ဘဲ အတန်းငယ်တွေ ချည်း သက်သက် လှုပ်ရှားခဲ့ရတယ်။
၁၉၉၈ စက်တင်ဘာလ နှစ်ရက်နေ့ မနက် ကိုးနာရီ မှာ ကျွန်တော်တို့ရဲ့ သပိတ်တိုက်ပွဲ စတယ်....
ည ရှစ်နာရီခွဲ လောက်မှာ တိုင်ကြီး ၁၈တိုင်ရဲ့ အောက်မှာပဲ ကျွန်တော်တို့ရဲ့ သပိတ်တိုက်ပွဲ အဆုံးသတ်သွားတယ်။
စက်တင်ဘာလ ထဲမှာပဲ ကျွန်တော်တို့ စာမေးပွဲ ဖြေရပြီး ကျောင်းတွေ ပြန်ပိတ်သွားတယ်။
အောက်တိုဘာလ ထဲရောက်တော့ ပြီးခဲ့တဲ့ လ သပိတ်တိုက်ပွဲ မှာ ပါဝင်ခဲ့တဲ့ ကျွန်တော့် သူငယ်ချင်း တွေ အပါအဝင် ကျောင်းက ပထမနှစ် ဒုတိယနှစ် နဲ့ တတိယနှစ် ကျောင်းသား ၂၁ယောက် အဖမ်းခံရတယ်။
တစ်လလောက်ကြာတော့ ကျောင်းသား ရှစ်ယောက် ကို ထောင်ဒဏ်ချမှတ်ပြီး ကျန်တဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးလိုက်တယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားစာရင်း ကတော့ အောက်ပါအတိုင်း ဖြစ်တယ်။
အောင်ကျော်ဖြိုး (ခ) ကြက်ဖကြီး (တတိယနှစ်၊မြို့ပြ)
ဇော်ကြီး (ပုပ္ပားဆောင်) ဖားအံ (တတိယနှစ်)
တင်အောင်မြင့် (အာခီ) (ဒုတိယနှစ်)
ရဲသူအောင် (ခ) ကလေးအဖေ (ဒုတိယနှစ်)
စိုင်းကျော်ညွန့် (ခ) ကလင်တန် (ဒုတိယနှစ်)
အောင်မြတ်သူ (ခ) အော်ကြီး (ဘီးလင်း) (ဒုတိယနှစ်)
လှိုင်မြတ် (ပထမနှစ်)
ကြည်သာထွန်း (ပထမနှစ်)
အဲဒီထဲက ကြည်သာထွန်း က အများဆုံး အနေနဲ့ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံရပြီး ၂၀၁၂ ခုနှစ်ကျမှ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်လွတ်တယ်။
၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ကျတော့ ကျွန်တော်တို့ ရန်ကုန် စက်မှုတက္ကသိုလ် ကို ရန်ကုန် မှာ နေတဲ့ ကျောင်းသားတွေအတွက် ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ် အနေနဲ့ လှိုင်သာယာ မှာ ပြန်ဖွင့်တယ်။
နယ်မှာနေတဲ့ ကျောင်းသားအားလုံး ကိုတော့ ပြည် နည်းပညာတက္ကသိုလ် ဆိုပြီး ပြည်နားက လွင်တီးခေါင် တစ်နေရာကို ပို့လိုက်တယ်။
အဲဒီမှာပဲ ၂၀၀၀ ပြည့်နှစ် မတ်လ ၁၃ရက်နေ့ ဖုန်းမော်နေ့ မှာ ပြည်နည်းပညာ တက္ကသိုလ် မှာ ဆန္ဒပြပွဲ ဖြစ်ပွားတယ်။
အဲဒီ တစ်ရက်ကလေး နာရီပိုင်းလောက် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲ အတွက် ကျောင်းသား ၁၂ယောက် အဖမ်းခံရပြီး ထောင်ဒဏ် ချမှတ်ခံရတယ်။
အဲဒီကျောင်းသား တွေကို '၂၀၀၀ ဖုန်းမော် နိုင်ကျဉ်း' တွေလို့ ခေါ်တယ်။
အဲဒီ ကျောင်းသား အမည်စာရင်း ကတော့ အောက်ပါအတိုင်း ဖြစ်တယ်။
၂၀၀၀ ဘုန်းမော်နိုင်ကျဉ်းဟောင်းများ
၁။ စိုးမင်းနိုင် (ခ) ရခီး (3rd year, metal) (အင်းစိန်ထောင်)
၂။ အောင်ကျော်ဟိန်း (3rd year, EP) (သရက်ထောင်) ၃။ ဇော်မင်းထိုက်ကျော် (3rd year, metal) (အင်းစိန်ထောင်)
၎။ မြတ်သူ (4th year,civil) (အင်းစိန်ထောင်)
၅။ နေဇာဖြိုး (4th year, mechanical) (မော်လမြိုင်ထောင်)
၆။ ဥာဏ်လင်းမင်း (3rd year, aero) (သရက်ထောင်)
၇။ ဇော်မျိုးထွန်း (4th year, EC) (သရက်ထောင်)
၈။ မျိုးမင်းသန့် ခေါ် အော်ဂင်းနစ် (4th year, aero) (အင်းစိန်ထောင်)
၉။ ဇေယျာစိုး (ခ) ဘောကြီး (4th year, EP) (သရက်ထောင်)
၁၀။ ဖြိုးဝေ (4th year, EP) (သရက်ထောင်)
၁၁။ ညီညီမျိုး (4th year, mechanical) (အင်းစိန်ထောင်)
၁၂။ ထင်လင်းအောင် (တတိယနှစ်)
ဒီနေ့ဆိုရင် အနှစ်နှစ်ဆယ် ပြည့်ခဲ့ပါပြီ။
ဒုတိယကမ္ဘာစစ် လို အချိန်ကာလ ဖက်ဆစ်ဂျပန် တွေရဲ့ လက်အောက်မှာတောင် မပိတ်ခဲ့တဲ့ တက္ကသိုလ်ကြီး တွေကို သုံးနှစ်တိတိ ပိတ်ပစ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမှူးပြုတဲ့ စစ်အာဏာရှင် တွေကို ဘယ်လို အမည်တပ်ပြီး ဘယ်လိုခေါင်းစဉ်အောက် ထည့်သွင်းရမယ် ဆိုတာ ကျွန်တော် ယနေ့အထိ စဉ်းစားမရပါ။
တက္ကသိုလ်ကျောင်း တွေကို မြို့ပြင်က လွင်တီးခေါင် ဖုန်းဆိုးမြေ တွေဆီ ရွှေ့ပစ်ခဲ့တဲ့ မြန်မာ စစ်အာဏာရှင် တွေရဲ့ လုပ်ရပ်မျိုး ကမ္ဘာ့ သမိုင်းစာမျက်နှာ မှာ တစ်နေရာမှာမှ မရှိပါ။
ဒီလို အင်မတန် ရက်စက်တဲ့ လုပ်ရပ်ကြီး အတွက် မြန်မာနိုင်ငံ ပညာရေး အသိုက်အမြုံကြီး တစ်ခုလုံး စတေးခဲ့ရတယ်....
ရဲဘော်တွေရဲ့ ဘဝတွေ စတေးခဲ့ရတယ်....
ဒီနေ့မှာ အနှစ်နှစ်ဆယ် ပြည့်ပါတယ်....
ဒါ့ကြောင့် ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ၁၉၉၆ ခုနှစ် ကနေ ၂၀၀၂ ခုနှစ် အထိ ကျောင်းသားဘဝ အတွေ့အကြုံ တွေကို စာရှုသူတွေ ဖတ်ဖို့ အရင်က မဇ္ဈိမ အင်တာနက် စာမျက်နှာမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေနဲ့ အခြား ကိုယ်တွေ့ကြုံရသူ တစ်ဦး ရေးခဲ့တဲ့ ဆောင်းပါး ကို စုစည်းပြီး ကျွန်တော် ပြန်လည် တင်ပြလိုက်ပါတယ်....
တင်အောင်မြင့် ရေ ... ပစိဖိတ် မှာ နွေ ပေါက်ပါပြီ... ပစိဖိတ် မှာ နွေ ရောက်ပါပြီ ... ပစိဖိတ် မှာ ပန်းတွေ ပွင့်ပါပြီ ... ပစိဖိတ် မှာ ပန်းတွေ ဝေနေပါပြီ...
ဘဝ မှာတော့ ပန်းတွေ မပွင့်ပါ ။ ။
ညိုထက်ညို
No comments:
Post a Comment