ဒေါက်တာထွန်းဝင်းအား နေပြည်တော်တွင် ယနေ့နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း
19 Nov 2016
နေပြည်တော်၊ နိုဝင်ဘာ ၁၉
သမ္မတအမိန့်နဲ့ တာဝန်က ရပ်စဲခြင်းခံခဲ့ရတဲ့ စိုက်ပျိုးရေး၊ေ မွးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက သူဟာ ပြင်းထန်တဲ့ အပြစ်ပေးမှုကို ကြုံတွေ့ခဲ့ရတယ်လို့ Frontier ကို ပြောပါတယ်။
သမ္မတရုံးက ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ စာထဲမှာ သူ့ကို တာဝန်မှ ရပ်စဲလိုက်တယ်လို့သာ ဖော်ပြထားပြီး အကြောင်းရင်းကိုတော့ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပါဘူး။
''ဒါကိုဖြေရှင်းဖို့ အစိုးရမှာတာဝန်ရှိတယ်''လို့ နေပြည်တော်မှာရှိတဲ့ ဒုဝန်ကြီးနေအိမ်မှာ ဒေါက်တာထွန်းဝင်းက ယနေ့နံနက်ပိုင်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့သုံးလလောက်က အစည်းအဝေးတစ်ခုမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အငြင်းပွားမှုကနေ ဒီအခြေအနေအထိ ရောက်လာတာဖြစ်တယ်လို့ သူယုံကြည်ကြောင်းလည်း သူကပြောပါတယ်။
သူတင်ပြထားတဲ့ နွေ/မိုးစပါးအတွက် ရေဆင်းဆည်ကနေပါ ဆည်ရေပေးဖို့၊ ဆည် တွေမှာငါးမွေးဖို့၊ ဧရာဝတီမြစ်ရေတင် စီမံကိန်းတွေလုပ်ဖို့ကိစ္စတွေ ဘာကြောင့် ပယ်ချခံရတာလဲဆိုတာကို အဲဒီအစည်းအဝေးမှာ သူက မေးမြန်းခဲ့ရာမှာ ဝန်ကြီးဖြစ်သူ ဒေါက်တာအောင်သူရဲ့ အမျက်သင့်မှုကို ခံခဲ့ရတယ်လို့ ဒေါက်တာထွန်းဝင်းက ပြောပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ တစ်လခွဲနီးပါးခန့်အရောက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က သူ့ကိုခေါ်ယူတွေ့ဆုံခဲ့ပြီး နေပြည်တော်ကောင်စီကို ပြောင်းဖို့ပြောခဲ့တယ်လို့ သူက ဆက်လက်ပြောကြားပါတယ်။ ဒေါက်တာထွန်းဝင်းကတော့ သူ့မှာအပြစ်မရှိတာကြောင့် မပြောင်းလိုခဲ့သလို ဒီအကြောင်းကို သမ္မတထံ စာရေးသား ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဦးဝင်းထိန်နဲ့ သုံးကြိမ်ညှိနှိုင်းအပြီးမှာတော့ ကိုယ်တိုင် မနုတ်ထွက်ရင် တာဝန်က ရပ်စဲမယ်ဆိုတဲ့အကြောင်းကြားစာကို သမ္မတရုံးထံကနေ သူ့ထံပေးပို့ခဲ့တာကို လက်ခံရရှိခဲ့ပြီး သူကလည်း အပြစ်မရှိလို့ မနှုတ်ထွက်နိုင်ကြောင်း စာပြန်ခဲ့တယ်လို့ ဒေါက်တာထွန်းဝင်းက ပြောပါတယ်။
သူစာပြန်ပြီး နောက်တစ်ရက်နံနက်မှာပဲ အမိန့်စာထွက်လာတာဖြစ်တယ်လို့ ဒေါက်တာထွန်းဝင်းက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးဖက်ကတော့ မှတ်ချက်ပေးဖို့မရှိဘူးလို့ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ထို့အတူ ဦးဝင်းထိန်ကလည်း တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောကြားခြင်းမရှိပါဘူး။
ဒေါက်တာထွန်းဝင်းကတော့ သူ့ကို ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ စွပ်စွဲခံရတာဖြစ်ပြီး ဒီအတွက် ရှင်းပြဖို့ လုံလောက်တဲ့ အခွင့်အရေးမရခဲ့ဖူးလို့ ပြောပါတယ်။
ဒေါက်တာထွန်းဝင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် သမ္မတဦးထင်ကျော်က မေ ၂ ရက်နေ့က ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာထွန်းဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ပထမဆုံး တာဝန်က ရပ်စဲခံခဲ့ရတဲ့ အစိုးရထိပ်တန်းအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြင်ပမှာ အမျိုးမျိုးထင်ကြေးပေး ပြောဆိုနေကြတာ တွေ့ရပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း
http://frontiermyanmar.net/mm/news/3335
No comments:
Post a Comment