အမေရိကားမှာ အထက်တန်း ပညာရေး (၁၂ )တန်းထိ အခမဲ့ ပညာရေးပါ။ တကျပ်မှ မပေးရတဲ့ စနစ်ပါ။ အထက်တန်း ပြီးတာနဲ့ ဒေသဆိုင်ရာ ကောလိပ်လေးတွေကို ဆက်တက်မယ်ဆိုရင် standard aptitude test (SAT) ဖြေစရာ မလိုဘဲ တက်လို့ရပါတယ်။ Credit တခုကို ဒေါ်လာ (၁၂၀) လောက်သာ ပေးရတဲ့ ကောလိပ်လေးတွေပါ။ ကျောင်းစရိတ် အတွက် ကုန်ကျငွေ တော်တော်များများကို ပြည်နယ်အစိုးရနဲ့ ဖက်ဒရယ် အစိုးတို့က ပေးတာများပါတယ်။ တနှစ် အတွက် ကုန်ကျငွေက ဒေါ်လာ ထောင်ဂဏန်းသာ ရှိပါတယ်။ ဆင်းရဲသား မိသားစုတွေအတွက် သင့်တော် တဲ့သုံးနှစ်သင် ကောလိပ်လေးတွေပါ။
အစိုးရက ထောက်ပံ့ထားတဲ့ သုံးနှစ်သင် ကောလိပ်လေးတွေပါ။ သုံးနှစ်ပြီးရင် Associate Degree ပေးပါတယ်။
နောက်တမျိုးက နာမည်ကြီးတဲ့ တက္ကသိုလ်၊ ကောလိပ်တွေကို သွားမယ့် ကလေးတွေက SAT ဖြေရပါတယ်။ နာမည်ကြီး ကောလိပ်တွေမှာ ၀င်ခွင့် သိပ်ခက်ခဲပါတယ်။ SAT အမှတ်ကောင်းလို့ နာမည်ကြီး တက္ကသိုလ်၊ ကောလိပ် တက်ခွင့် ရခဲ့ရင်တောင် ကျောင်းစရိတ်အတွက် ကုန်ကျတဲ့ ငွေကို ဘယ်လိုရှာမလဲ ဆိုတာ မိဘတွေအတွက် ခေါင်းကိုက်စရာပါ။
အဲဒီနာမည်ကြီး ကောလိပ်၊ တက္ကသိုလ်တွေမှာ ကျောင်းလခက Credit တခုကို ၁၂၀၀-၁၄၀၀ လောက်ရှိတာမို့ တနှစ်ကုန် ကျငွေက ဒေါ်လာ ၆၅၀၀၀-၇၅၀၀၀ ခြောက်သောင်းခွဲနဲ့-ခုနှစ်သောင်းခွဲ ကြားမှာ ရှိပါတယ်။ ကျောင်းကပေးတဲ့ စကောလာရှစ် ပညာသင်ဆု၊ အစိုးရက ပေးတဲ့ ပညာသင်ဆုဆိုတာလည်း မြန်မာပြည်မှာလို ပေးတာမဟုတ်။ မိဘနှစ်ပါးရဲ့ ဖက်ဒရယ်အစိုးရကို ဆောင်ထားတဲ့ ၀င်ငွေခွန်တွေကို ကြည့်ပြီး ပေးတာမျိုးပါ။
ကျနော် လေ့လာမိသလောက် အမေရိကန် လူဖြူ မိသားစု တော်တော်များများဟာ ကလေးရဲ့ ပညာရေးအတွက် ကုန်ကျမယ့် ငွေကို မွေးကတည်းက ပြည်နယ် အစိုးရက လုပ်ပေးထားတဲ့ College Education Saving Plan (529) တွေမှာ စုထားတတ်ကြပါတယ်။ ပြည်နယ်အစိုးရက လုပ်ပေးထားတဲ့ စုငွေတွေပါ။ အတိုးနှုန်း များများပေးပါတယ်။ ဒါပေမယ့် မိမိကြိုက်သလောက် စုဆောင်းပိုင်ခွင့်မရှိတဲ့ စနစ်ပါ။ လင်မယား နှစ်ဦးအတွက် တနှစ် စုဆောင်းနိုင်တဲ့ ပမာဏက ဒေါ်လာ ( ၂၈၀၀၀) နှစ်သသောင်း ရှစ်ထောင်။ ကလေးတဦးအတွက် စုစုပေါင်း စုနိုင်တာ ဒေါ်လာ (၇၀၀၀၀) ခုနှစ်သောင်းထက် မပိုတဲ့ ငွေကို စုဆောင်းနိုင်ပါတယ်။ ပြောချင်တာ ဒေါ်လာ ခုနှစ်သောင်း စုထားတဲ့ ကလေးအတွက် တက္ကသိုလ်ပညာရေးအတွက် ကုန်ကျမယ့် ဒေါ်လာ နှစ်သိန်းခွဲကို ဘာမှ ပူစရာ မလိုတော့ပါ။ ခက်တာက အဲဒီစုငွေတွေကို ပညာရေးတခုအတွက်ဘဲ သုံးစွဲခွင့် ပြုပါတယ်။ တခြားကိစ္စအတွက် ငွေကို ပြန်ထုတ်မယ်ဆို အစိုးရကို ၀င်ငွေခွန် ပေးရတဲ့အပြင် ဒဏ်ကြေးတွေလည်း များများ ပေးရတဲ့အတွက် မိမိစုထားတဲ့ ငွေပမာဏကိုဘဲ ပြန်ရပါတယ်။ အစိုးရက ပေးထားတဲ့ အတိုးနှုန်းကို ပြန်ယူထားလိုက်တဲ့ သဘောပါ။
ဥပမာ အနေနဲ့ ကျနော်တို့ကလေးက အခုဆို အသက် (၇) နှစ်၊ ပထမ တန်း တက်နေပြီမို့ ကလေးရဲ့ ပညာရေးအတွက် စုဆောင်းမယ့် အချိန်က (၁၁) နှစ်သာ ရပါတော့မယ်။ ပြည်နယ်က ခွင့်ပြုထားတဲ့ အေဂျင့်နဲ့ သွားတိုင်ပင်လို့ ရပါတယ်။ ကျနော့်ကလေးတွက် ကောလိပ်တက်တဲ့ အချိန်မှာ ဒေါ်လာ နှစ်သိန်းလောက် စုဆောင်းနိုင်ဖို့အတွက် ဒီနှစ်ကစလို့ စုမယ်ဆို မတည်ရမယ့် ငွေက ဒေါ်လာ ( ၂၀၀၀၀) နှစ်သောင်းဆို၊ တလကို ( ၅၀၀) လောက်စုနိုင်မှ ကလေးပညာရေးအတွက် စိတ်အေးရမယ့် အနေအထားပါ။
အဲဒီတော့ အမေရိကားကအထက်တန်းကျတဲ့ ပညာရေးဆိုတာ ငွေနဲ့ ပုံအောပြီး ၀ယ်ရတဲ့ ပညာရေးစနစ်ပါ။ အထက်တန်းကျတဲ့ အလုပ်အကိုင်ကို လိုချင်တယ်ဆိုရင် အထက်တန်း ကျတဲ့ တက္ကသိုလ်၊ ကောလိပ်တွေက ဘွဲ့ဒီဂရီကို ပိုင်ဆိုင်နိုင်မှ တော်ရာကျတဲ့ ပညာရေးစနစ်ပါ။
အဲဒီတော့ အမေရိကား အိမ်မက် ( American Dream) အကောင်အထည် ပေါ်လာဖို့ ကျနော်တို့ ဇနီးမောင်နှံ အလုပ်လုပ်တာ နှစ်နှစ်အတွင်း နားရက်က ခရစ်စမတ် (၂) ရက်တည်းသာ။ ဒါလားဟေ့ အမေရိကား အိမ်မက်လို့ စိတ်ကိုတင်းရင် အလုပ် သွားလိုက်ပါအုံးမယ်ခညာ။
Hla Shwe
No comments:
Post a Comment