အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ကိုယ်ရေးအရာရှိမှာ သွေးသားတော်စပ်သည့်အတွက် တာဝန်ခန့်အပ်ထားခြင်းမှ နုတ်ထွက် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
မန်းဝင်းခိုင်သန်း၏ သားဖြစ်သူ ကိုယ်ရေးအရာရှိမှာ ဧပြီလက တာဝန်မှ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိအချိန်၌ မန်းဝင်းခိုင်သန်း၏ ကိုယ်ရေးအရာရှိအဖြစ် အမျိုးသားလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ဆောင်ရွက်လျက်ရှိကြောင်း ယင်းရုံးထံမှ သိရသည်။
''ဦးမန်းဝင်းခိုင်သန်းရဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ သူ့သားက နုတ်ထွက်စာ တင်သွားခဲ့တယ်။ သူ့ရဲ့နေရာကို အမျိုးသားလွှတ် တော်ရုံးက ဒုတိယညွှန်ကြားရေးမှူးကို ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားတယ်။ ဦးမန်းဝင်းခိုင်သန်းရဲ့ သားကတော့ သူ့ အဖေ ခရီးစဉ်တိုင်းတော့ လိုက်ပါဆောင်ရွက်ပေးမှုတွေတော့ ရှိတယ်''ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
နိုင်ငံတော်သမ္မတရုံးကလည်း ဧပြီလ တစ်ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ကိုယ်ရေးအရာရှိ ခန့်အပ်ခြင်းနှင့် ပတ်သက်သော ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များသည် မိမိ၏ ဇနီး၊ ခင်ပွန်း၊ ဆွေမျိုးနီးစပ်များကို ဌာနဆိုင်ရာအဖွဲ့အစည်းများတွင် ကိုယ်ရေး အရာရှိရာထူးတာဝန်များ ခန့်အပ်ခြင်း မပြုရဟု ဖော်ပြထားသည်။
ထို့အတူ ဆွေမျိုးနီးစပ်ဆိုရာ၌ မိမိတို့၏ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ သမက်၊ ချွေးမ၊ တူ၊ တူမ၊ မြေးမြစ်တို့ကို ဆိုလိုသည် ဟု ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီးဌာန အားလုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နေပြည်တော်ကောင်စီရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ဝင်များထံ ဖြန့်ဝေခဲ့သည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော ဦးခင်အောင်မြင့်သည် ၎င်း၏သားကို ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ခဲ့ပြီး ၎င်း၏သားသည် ဦးခင်အောင်မြင့်၏ ကိုယ်ရေးအရာရှိအဖြစ် ငါးနှစ် တာဝန်ထမ်းဆောင်ခဲ့သည်။
The Voice
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 26, 2016
သွေးသားတော်စပ်မှုကြောင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ကိုယ်ရေးအရာရှိကို နုတ်ထွက်ခွင့်ပြု
သွေးသားတော်စပ်မှုကြောင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ကိုယ်ရေးအရာရှိကို နုတ်ထွက်ခွင့်ပြု
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 26, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 26, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment