Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 20, 2015

ဦးစိုးနိုင် လျှောက်သောလမ်း

ဦးစိုးနိုင်သည် စစ်ကိုင်းမြို့နယ် ဒေါင်းမကျေးရွာသား ဖြစ်သည်။ မြန်မာနိင်ငံမှ နှစ်စဉ်ကျင်းပသော ကျောက်မျက်ရတနာ လေလံတင်ရောင်းချပွဲများတွင် မြန်မာတစ်နိုင်ငံလုံးမှ လာရောက်ပြသသော ရတနာမျိုးစုံကို တာဝန်ခံတင်ပြသူမှာ ကျောက်တွင်းသူဌေး ဦးစိုးနိုင် ဖြစ်သည်။ သူသည် ရတနာကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်သော သူဌေးဘဝသို့ လွယ်ကူစွာ ရောက်ခဲ့ရခြင်း မဟုတ်ပေ။
သာမန်ကျောက်တူးအလုပ်သမားလေးဘဝမှ ကုမ္ပဏီသူဌေးကြီးဘဝသို့ ပို့ပေးသောအကြောင်းတရားများမှာ...
( ဦးစိုးနိုင်၏ ကြီးပွားကြောင်းတရားများ )
အလုပ်ကို စိတ်ရှည်ရှည်ထားပြီး ကြာမြင့်စွာလုပ်ခြင်း။
စွမ်းအားကို အကုန်စိုက်ပြီးလုပ်ခြင်း။
မရပ်မနားတရစပ်လုပ်ခြင်း။
အလုပ်ကို လေးလေးစားစားလုပ်ခြင်း။
ကိုယ်ကျင့်သီလကောင်းခြင်း။
ပေးပြီးသားကတိကို ဘယ်သောအခါမှ မဖျတ်ခြင်း။
အလုပ်ရှင်အပေါ် သစ္စာရှိခြင်း။
သူတစ်ပါး၏အလုပ်ကို မိမိအလုပ်လိုသဘောထားခြင်း။
အလုပ်ကိုပိုကောင်းအောင် နေ့စဉ်ကြံစည်စိတ်ကူးခြင်း။
အလုပ်သမားများကို မိမိ၏မိသားစုလို သဘောထားပြီး တက်နိုင်သမျှ ပြု့စုစောက်ရှောက်ခြင်း။
မိမိနှင့်ပတ်သက်သမျှ အရောင်းအဝယ်သမားများအပေါ် မေတ္တာစစ်၊ မေတ္တာမှန်ထားခြင်း။
ပတ်ဝန်းကျင်ရှိ အပေါင်းအသင်းအားလုံးကို မိမိကဲ့သို့ ချမ်းသာအောင် နည်းကောင်းများကို လျှို ဝှက်မထားဘဲ ရက်ရက်ရောရောပေးခြင်း။
ကြီးပွားချမ်းသာခြင်းသည် ဒါနကြောင့်ဟု ယုံကြည်သောကြောင့် တကယ်လိုအပ်သောနေရာများကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်ခြင်း။
အကျိုးရှိမည့်စာအုပ်များကို ညအိပ်ရာဝင်ခါနီးတိုင်း ဖတ်ရှုခြင်း။
ဒေသန္တရဗဟုသုတနှင့် နိုင်ငံတကာ ဗဟုသုတရှိခြင်း - တို့ပင်ဖြစ်သည်။
ကြီးပွားတိုးတက်ရခြင်းသည် အထက်ပါအကြောင်းအရားများကြောင့်ဖြစ်၏။ အကြောင်းမဲ့ရရှိလာခြင်းမဟုတ်ပေ။
◑◑◑
" ဘဝအစ ကျောက်တူးသမား "
ဦးစိုးနိုင်သည် မိုးကုတ်ကျောက်တွင်းတစ်တွင်းမှ သာမန်ကျောက်တူးသမားလေးတစ်ယောက်ပင်ဖြစ်သည်။
သူသည် စာဖတ်အားကြီးသူဖြစ်သောကြောင့်...
" မိမိကိုယ်ကို နိုင်အောင် မအုပ်ချုပ်နိုင်သူသည် သူတစ်ပါးကို အုပ်ချုပ်သော ခေါင်းဆောင်ကောင်းဘယ်သောအခါမှ ဖြစ်မလာနိုင် " ဟူသော ဒသနလေးကို အမြဲသတိရသူဖြစ်သည်။ ထိုကြောင့် ငယ်ရွယ်စဉ်အချိန်က အသောက်အစား၊ အပျော်အပါးကို လိုက်စားချင်သော်လည်း မိမိကိုယ်ကိုနိုင်အောင်ထိန်းပြီး မလိုက်စားခဲ့ပေ။
◑◑◑
" ပတ္တမြားစစ် နွံမနစ် "
ခေါင်းဆောင်စိတ်ရှိသူသည် ဘဝပေးအခြေအနေအရ နောက်လိုက်ဘဝသို့ ရောက်နေရသော်လည်း ခဏသာဖြစ်သည်။ အချိန်ကျလာသောအခါ မိမိနှင့်ထိုက်တန်သော ခေါင်းဆောင်ဘဝသို့ ရောက်ရသည်။ ပတ္တမြားအစစ်နွံမနစ် ဟူသောစကားပုံသည် ထိုခေါင်းဆောင်စိတ်ရှိသူများကို ရည်ညွန်းခြင်းဖြစ်သည်။
တစ်ဖန် နောက်လိုက်စိတ်ရှိသူသည် ဘဝပေးအခြေအနေအရ ခေါင်းဆောင်ဘဝသို့ ရောက်ရှိနေရသော်လည်း ခဏသာဖြစ်သည်။ အချိန်ကျလာသောအခါ မိမိနှင့်ထိုက်တန်သော နောက်လိုက်ဘဝသို့ ပြန်ရောက်ရသည်။ ခွေးရူးကောင်းစား တစ်မွန်တည့်ဟူသော စကားပုံသည် နောက်လိုက်စိတ်ရှိသူတစ်ယောက် ခေါင်းဆောင်ဘဝ၌ ကြာကြာနေမရသည်ကို ပြဆိုလိုရင်းပင်ဖြစ်သည်။
မခိုင်းဘဲလုပ်ခြင်း၊ အလုပ်ကိုအများကြီးလုပ်ပြီး အခွင့်အရေးကို အနည်းငယ်သာယူခြင်းတို့သည် ခေါင်းဆောင်ကောင်းဖြစ်မည့်သူ၏ ထူးခြားချက်ဖြစ်သည်။
ခိုင်းမှလုပ်ခြင်း၊ အလုပ်ကိုအနည်းငယ်သာလုပ်ပြီး အခွင့်အရေးကိုအများကြီး ယူခြင်းတို့သည် နောက်လိုက်ဖြစ်မည့်သူ၏ အင်္ဂါလက္ခဏာများပင်ဖြစ်သည်။
◑◑◑
" အလုပ်ရှင်စိတ်မွေး၍ အလုပ်ရှင်ဖြစ်ရသူ "
ဦးစိုးနိုင်သည် သာမန်ကျောက်တူးသမားလေးတစ်ယောက်သာ ဖြစ်သော်လည်း ကျောက်တူးလုပ်ငန်းတစ်ခုလုံးကို မိမိအလုပ်လို သဘောထားသည်။ လစာရှစ်သောင်းခန့်သာ ရသော်လည်း ရှစ်သိန်းမကတန်အောင် အလုပ်လုပ်သည်။ ငွေကိုအဓိကမထားဘဲ အလုပ်ကိုအဓိကထားခြင်းသည်လည်း ခေါင်းဆောင်ကောင်း၏ အင်္ဂါတစ်ခုပင်ဖြစ်သည်။
အများအားဖြင့် အလုပ်သမားမှန်သမျှသည် မိမိလစာကို မိမိကိုယ်တိုင် သတ်မှတ်ခြင်းဖြစ်သည်။ အလုပ်ကို ငါးသောင်းတန်အောင်သာလုပ်သူကို အလုပ်ရှင်သည် ငါးသောင်းသာပေးမည်ဖြစ်သည်။ အလုပ်ကို ငါးသိန်းတန်အောင်လုပ်သူကို အလုပ်ရှင်က ငါးသိန်းပေးမည်သာဖြစ်သည်။
ဦးစိုးနိုင်သည် အလုပ်သမားဖြစ်သော်လည်း အလုပ်ရှင်စိတ်မွေးသည်။
သူတို့ကျောက်တွင်းမှ ကျောက်ကောင်းတွေထွက်အောင်၊ လေလွင့်မှုမရှိအောင်၊ ဈေးကောင်းရအောင် သူစွမ်းသမျှ ကြိုးစားသည်။
ထိုသို့ အလုပ်ကို ပိုလုပ်နေခြင်းသည် သူဌေးထံမှ အခွင့်အရေးရယူလို၍မဟုတ်၊ လုပ်ချင်စိတ်ရှိသောကြောင့် လုပ်နေခြင်းသာဖြစ်သည်။
ခေါင်းဆောင်စိတ်ရှိသူနှင့် ဖားသူသည် တခြားစီဖြစ်သည်။
ခေါင်းဆောင်စိတ်ရှိသူသည် အလုပ်ရှင်၏ ကွယ်ရာမှာဖြစ်စေ၊ ရှေ့မှာဖြစ်စေ အလုပ်ကိုပုံမှန်အတိုင်း ကြိုးစားသည်။ ဖားသူသည် အလုပ်ရှင်ရှေ့မှာသာ ပင်ပန်းအောင်လုပ်ပြပြီး အလုပ်ရှင်ကွယ်ရာတွင် ဘာမျှ မလုပ်ဘဲ နေသူဖြစ်သည်။
ထိုသူမျိုးသည် အကဲမခတ်တက်သော အလုပ်ရှင်အချို့ကြောင့် ခေါင်းဆောင်ဘဝရောက်လာသော်လည်း လျှပ်စီးလက်သလိုခဏသာဖြစ်သည်။ ထိုသူမျိုးလုပ်ရပ်က အားကျစရာမဟုတ်။ ရှောင်ရှားစရာဖြစ်သည်။
အလုပ်ရှင်စိတ်မွေးသောသူသည် အလုပ်ရှင်ဘဝသို့ ရောက်ရပေသည်။
ဦးစိုးနိုင်သည် သာမန်အလုပ်သမားဘဝမှ အလုပ်သမားများကို အုပ်ချုပ်ရသူဖြစ်လာသည်။
ထိုထက် နှစ်ကြာလာသောအခါ သူဌေး၏ မန်နေဂျာဖြစ်လာသည်။
ထိုမှတစ်ဖန် အလုပ်ရှင်သူဌေးသည် တရုတ်ပြည်သို့ အပြီးပြန်သွားသောအခါ ဦးစိုးနိုင်ကို ကျောက်တွင်းကြီးတစ်တွင်းကို လွှဲအပ်ခဲ့လေသည်။
ဦးစိုးနိုင်သည် မိမိပတ်ဝန်းကျင်၌ တက်နိုင်သမျှ လှူဒါန်းလေ့ရှိသည်။
ဥပမာအားဖြင့် ...
ကျောက်တွင်းမှ အလုပ်သမားများ နေထိုင်မကောင်းဖြစ်လျှင် သူ့အိတ်ထဲမှ စိုက်ထုတ်ကုသပေးသည်။ သူက ထိုသို့လုပ်ပြသောကြောင့် နောက်တော့ အလုပ်ရှင်တရုတ်သူဌေးကလည်း မနေသာတော့ဘဲ စိုက်ထုတ်ကုသပေးသော အလေ့ကို ရရှိသွားခဲ့သည်။
◑◑◑
" ငယ်ရွယ်စဉ်က ရည်မှန်းချက် "
လူတိုင်းတွင် ရည်မှန်းချက်ကိုယ်စီထားရှိကြသည်။ ကျောက်တူးသမားမောင်စိုးနိုင်သည်လည်း ရည်မှန်းချက်ထားရှိသူဖြစ်သည်။
သူ၏ ရည်မှန်းချက်က...
( တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဗုဒ္ဓစေတီတော်တစ်ဆူကို ရတနာကျောက်စိမ်းများဖြင့် တည်းထားကိုးကွယ်နိုင်စေရန် ) ဖြစ်သည်။
◑◑◑
"မတ္တာစေတနာစိတ်"
တစ်ခါက ဦးစိုးနိုင်သည် ခရီးသွားရင်း စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
ခွေးမကြီးတစ်ကောင်နှင့် ခွေးလေးသုံးကောင်တို့သည် အစာရေစာပြတ်ပြီး ချုံပုတ်ထဲတွင် ခွေလဲနေကြသည်။ အိမ်မှာ မမွေးချင်သဖြင့် ခွေးမကြီးနှင့်ခွေးကလေးသုံးကောင်ပါ တောထဲလာပစ်ထားရာ လူနေအိမ်များမရှိသဖြင့် အစာရေစာပြတ်ကာ လဲကျနေကြခြင်းဖြစ်သည်။
ယခုအချိန်တွင် အစာတစ်နပ်လောက်သာ စားရပါက လူနေအိမ်များရှိသောနေရာသို့ သူတို့သားအမိတစ်တွေ သွားနိုင်ကြမည်ဖြစ်သည်။
ဦးစိုးနိုင်သည် ဖြစ်ပေါ်လာသော သဒ္ဒါ တရားကြောင့် ကားပေါ်သို့ အမြန်ပြေးကာ ကျွေးမွေးစရာများကို ရှာကြည့်သည်။ မည်သည့်အစာကိုမျှမတွေ့ရ။
မျက်စေ့တစ်ဆုံး လှမ်းမျှော်ကြည့်သော်လည်း အိမ်ခြေရာခြေမပြောနဲ့ တဲ့တစ်လုံးပင်မတွေ့ရပေ။ ကျွေးမွေးချင်သော မေတ္တာစေတနာသည် ပြင်းထန်နေပြီဖြစ်သောကြောင့် အပင်ထက်မှ ဖက်သန့်သန့်များကိုခူးကာ ခွေးများရှေ့တွင် ဖြန့်ခင်းချလိုက်သည်။
◑◑◑
" ခွေးများကိုအန်ကျွေးသော ကရုဏာရှင် "
အရိုးပေါ်အရေတင်ဖြစ်ကာ ချိနဲ့နေသောခွေးမကြီးနှင့် ခွေးကလေးသုံးကောင်သည် ဦးစိုးနိုင်ကို ရန်သူလား၊ မိတ်ဆွေလားဟု မခွဲခြားနိုင်သောအကြည့်ဖြင့် လှမ်းကြည့်နေကြသည်။ ရန်သူဖြစ်နေပါက ထွက်ပြေးနိုင်စွမ်း မရှိတော့ပြီဖြစ်သဖြင့် အသေခံဖို့ရာသာရှိပေလိမ့်မည်။
ဦးစိုးနိုင်သည် သူ၏အာခေါင်ကို လက်ညိုးဖြင့်ထိုးကာ အသင့်ချထားသော ဖက်ရွက်ကြီးပေါ်သို့ အန်ချလိုက်သည်။
ခွေးမကြီးနှင့် ခွေးကလေးသုံးကောင်သည် အတင်းထိုးဟပ်စားလိုက်ကြရာ ခဏနှင့် ကုန်သွားသည်။ အစာရေစာပြတ်နေကြသော သူတို့ဝမ်းဗိုက်များသည် တစ်ကြိမ်စားရရုံနှင့် မတင်းတိမ်နိုင်ကြပေ။ ထို့ကြောင့် သူတို့၏မျက်လုံးလေးစုံက ဦးစိုးနိုင်၏ မျက်နှာကို တစ်ပြိုင်တည်းစိုက်ကြည့်နေကြသည်။
ထိုအဖြစ်ကို ရိပ်မိသွားသော ဦးစိုးနိုင်က ဒုတိယအကြိမ်အန်ချပြီး ကျွေးလိုက်ပြန်သည်။ ထိုအချိန်တွင်လည်း မိသားစုလေးကောင် အလုအယှက်စားကြရာခဏနှင့် ကုန်သွားပြန်သည်။ ထိုကြောင့် တတိယအကြိမ် အာခေါင်ကိုလက်ညှိုးထိုးအန်ချလိုက်ပြန်ရာ ခွေးလေးကောင်စားကြပြန်သည်။ ဤအကြိမ်စားရာတွင် က္ကနြေ္ဒရသွားသည်။ အလုအယက်မဟုတ်တော့။ ထို့ကြောင့် သူတို့အားရတင်းတိမ်သွားပြီကို ဦးစိုးနိုင်ရိပ်မိသွားသည်။ သူ့ဝမ်းထဲတွင်လည်း စားထားသောထမင်းများ တစ်စေ့မျှမကျန်တော့ပေ။ နောက်ဆုံးအကြိမ် အန်ရာတွင် ပင်ပန်းလွန်းသဖြင့် သွေးစအနည်းငယ်ပင် ပါလာသည်။
◑◑◑
" စေတနာ အကျိုးပေး "
ထိုသို့ စေတနာသဒ္ဒါတရားထက်သန်သော ဦးစိုးနိုင်၏ လုပ်ငန်းများသည် တစ်ရှိန်ထိုးအောင်မြင်လာခဲ့သည်။ သူပိုင်သော ကျောက်စိမ်းတွင်းမှ မထင်မှတ်ဘဲ ပတ္တမြားများပင်ထွက်လာသဖြင့် စီးပွားရေးမှာ ထောင်တက်လာခဲ့သည်။
ဦးစိုးနိုင်၏ ဘာသာရေးနှင့် ပတ်သက်သော အလှူများမှာ သိန်းပေါင်းသောင်းနှင့်ချီ၍ရှိသည်။ ဦးစိုးနိုင်သည် လူမှုရေးနှင့်ပတ်သက်သော နေရာများတွင်ထိရောက်စွာ လှူဒါန်းတက်သူဖြစ်သည်။
မြန်မာနိုင်ငံအတွက် မဖြစ်မနေလိုအပ်နေသောလမ်းများ၊ တံတားများကို တက်အားသမျှ လှူဒါန်းနေသည်မှာလည်း သိန်းထောင်ဂဏန်းထက်မနည်းပေ။
◑◑◑
" ( ၄၁ )လမ်း အလှူရှင် "
မန္တလေး မြို့ရှိ စိန်ပန်းဘက်သို့ တိုက်ရိုက်ပေါက်သော
( ၄၁ )လမ်း လမ်းမကြီးကို ဦးစိုးနိုင်က သိန်းတစ်ရာ မတည်ပြီးလှူဒါန်းခဲ့ခြင်းဖြစ်သည်။
သူ၏ လူမှုရေးဒါနများစွာအနက် အတုယူလေးစားကြည်ညိုအားကျဖွယ် ဒါနတစ်ခုကို ဖော်ပြပေးပါဦးမည်။
စစ်ကိုင်းမြို့နယ်တွင် အလွန်ဆင်းရဲနွမ်းပါးသော "နောက်ကြည့်ကျွန်း" အမည်ရှိ ရွာကလေးတစ်ရွာရှိသည်။ ထိုရွာလေးသည် ပစ္စည်းဥစ္စာသာမက ကိုယ်ကျင့်သီလ စာရိတ္တပါ ဆင်းရဲသောရွာကလေးဖြစ်သည်။
အဆုံးအမများကိုပေးမည့် ဆရာ/ဘုန်းတော်ကြီးကျောင်းသည် ရွာတွင်မရှိ။ နှစ်အတန်က မြစ်ရေတိုက်စားပြီး ကမ်းပါးများပြိုကျရာ သူတို့ရွာဦးကျောင်းနှင့်စေတီများ ရေထဲပါသွားခြင်းကြောင့်ဖြစ်သည်။ သူတို့အားကိုးတကြီးလုပ်ကိုင် စားသောက်နေသော လယ်ယာကိုင်းကျွန်းများသည် ကမ်းပြိုသည့်ထဲပါသွားသဖြင့် ဘာသာရေး၊ စီးပွားရေး၊ လူမှူရေးအားလုံး အောက်တန်းကျသွားတော့သည်။
ကိုယ်ပိုင်လယ်ယာများမရှိတော့သဖြင့် တခြားရွာမှလယ်များ၊ ကိုင်းများသို့ နေ့စဉ်ဝင်လုပ်ဖို့ ကြိုးစားကြသော်လည်း ကရုဏာထားပြီးခိုင်းမည့်လူကမရှိ။
သမ္မာအာဇီဝနည်းဖြင့် စားသောက်ရန်မလွယ်သောအခါ ခိုးဝှက်စားသောက်သော အဆင့်သို့ရောက်လာကြတော့သည်။
နောက်ကြည့်ရွာသားများသည် ခိုးဝှက်သောအလုပ်မှတစ်ပါး တခြားမည်သည့်အလုပ်မျှမလုပ်တော့။
ထို့အတွက်ကြောင့် ပတ်ဝန်းကျင်ရှိရွာများ ဒုက္ခရောက်လာရာ မြို့နယ်အတွင်းရှိ ရဲများစုဖွဲ့ပြီး ထိုရွာထဲမှ အိမ်ထောင်ဦးစီး အမျိုးသား( ၃၁ )ယောက်ကို ဖမ်းဆီး၍ ထောင်ချလိုက်ရသည်။
မိသားစုချင်းကိုယ်ချင်းစာသော ဦးစိုးနိုင်သည် ကျန်ရစ်ခဲ့သော လူမမယ်ကလေးငယ်များ၏ အခြေအနေကိုလေ့လာရန် ထိုရွာသို့ ညအချိန်ဝင်ရောက်ကြည့်ရှုခဲ့သည်။ သူ၏ တွေ့မြင်ခံစားချက်များကို မေတ္တာရှင်ရွှေပြည်သာဆရာတော်အား ဦးစိုးနိုင်က...
" ဆရာတော်ဘုရား - တပည့်တော်ဘဝမှာ ဒီလောက်ဆင်းရဲဒုက္ခရောက်နေတဲ့ရွာမျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး၊ အိမ်တွေကိုကြည့်လိုက်ရင် ယိုင်နဲ့နေတဲ့ သက်ကယ်မိုး၊ ထရံကာလေးတွေချည်းပဲ၊ တချို့အိမ်လေးတွေဆိုရင် အကာအခင်းတောင်မရှိဘူး၊ လူမမယ် ကလေးငယ်လေးတွေဟာ မြေကြီးပေါ်မှာ ဒီအတိုင်းအိပ်နေကြတယ်၊
" တချို့ကလေးတွေက အင်္ကျီပဲပါတယ်၊ ဘောင်းဘီမပါဘူး၊ တချို့ကလေးတွေကတော့ ဘောင်းဘီရော၊ အင်္ကျီရော ဘာမှမပါဘူး၊ ကိုယ်လုံးတီးလေးတွေနဲ့ ဒီအတိုင်းပဲ အိပ်နေကြတယ်၊ တပည့်တော်စိတ်မကောင်းလွန်းလို့ မျက်ရည်တောင်ကျမိတယ်၊ စုစုပေါင်းကလေး( ၄၇ )ယောက်လုံးကို တပည့်တော်ရဲ့သားသမီးအဖြစ်မွေးစားလိုက်တယ်၊ အခု ရန်ကုန်မှာ သီးသန့်တိုက်နဲ့ထားပြီး ပညာသင်ပေးနေပါတယ် "
ကျန်ခဲ့တဲ့ မိခင်နဲ့ အရွယ်ရောက်ပြီးကလေးတွေအတွက်လည်း လစဉ် ဆန်( ၆ )ပြည်နဲ့ ငွေငါးထောင် ပို့ပေးနေပါတယ် "
◑◑◑
" ကုသိုလ်တရားကို အမြန်လုပ်ဖြစ်နေခြင်းအကြောင်း "
" ငါအမြဲတမ်းသေနိုင်တယ် ဆိုတဲ့ မရဏာနုဿ
တိဘာဝနာကို တပည့်တော့် နေ့တိုင်းပွားများပါတယ်၊ သေခြင်းတရားကို အမြဲပွားများတဲ့အတွက်
တပည့်တော်ခံစားရတဲ့ လက်တွေ့ကကောင်းကျိုးတွေကတော့ ကုသိုလ်တရားကို အချိန်မဆွဲဘဲ ချက်ချင်းလုပ်ဖြစ်ပါတယ်၊
အကုသိုလ် ဒုစရိုက်အလုပ်များကို ကြံလည်းမကြံ၊ ပြောလည်းမပြော၊ လုပ်လည်းမလုပ်ဖြစ်တော့ပါဘူး၊ ပြီးတော့ သေရမှာလည်း လုံးလုံးကြောက်စိတ် မရှိတော့ပါဘူး၊ တပည့်တော်များ ရုတ်တရက် သေဆုံးသွားရင် ဒီကလေး( ၄၇ )ယောက်အတွက် ရင်လေးစရာကောင်းပါတယ်၊
ကျန်ခဲ့တဲ့ သားမယားတွေက တပည့်တော်စိတ်မျိုးမရှိရင် သူတို့လေးတွေအားလုံး ဒုက္ခရရောက်ကြမှာပါ၊
အစိုးရိမ်ဆုံးကတော့ သူခိုးသူဝှက်ဘဝကို ပြန်ရောက်သွားမှာကိုပါပဲ၊ တပည့်တော် ဒီကလေးတွေ မွေးစားတဲ့ရည်ရွယ်ချက်က ဒီရွာမှာ သူခိုးမျိုးဆက်တွေ ပြတ်သွားစေချင်လို့ပါပဲ၊ ဒါကြောင့် ဒီကလေးတွေအတွက် ဘဏ်မှာသိန်းငါးရာ ကြိုတင်အပ်နှံပေးထားပါတယ်၊ တပည့်တော် ရုတ်တရက်သေသွားရင်တောင် ဒီသိန်းငါးရာက သူတို့လေးတွေရဲ့ ဘဝခရီးကို အောင်မြင်အောင်ဆောင်ကြဉ်းပေးသွားဖို့ပါ၊
ဒီရွာသူရွာသားတွေ ကိုယ်ကျင့်သီလပျက်သွားကြတာဟာ တရားမနာလို့ပါပဲ၊ သူတို့ဟာအမည်ခံအားဖြင့် ဗုဒ္ဓဘာသာတွေဖြစ်ပေမယ့် ဗုဒ္ဓတရားတွေကို တစ်ခါမှ မကြားဖူးကြပါဘူး၊ ဒါကြောင့်လည်း သီလပျက်ကုန်တာပါ၊
" အခု တပည့်တော် သူတို့ရွာမှာ ဆရာတော်စုံပင့်ပြီး တရားပွဲကြီးတွေ ကျင်းပဖို့ ကြိုးစားနေပါတယ်ဘုရား၊ ပုထုဇဉ်တွေဟာ တရားဆိုတဲ့ မီးပူအမြဲပေးနေမှ စိတ်ဓာတ်ပျော့ပြောင်းပြီး သူတော်ကောင်း ဖြစ်ကြတာပါ၊ တရားနဲ့ဝေးသွားတာနဲ့ စိတ်တွေဟာ မာကျောခက်ထန်ပြီး မသူတော်ဘဝ ပြန်ရောက်သွားတက်ပါတယ်၊
အဲဒါကြောင့် သူတို့ရွာမှာ ဘုန်းကြီးကျောင်းတည်ထောင်ပေးဖို့ မြေကွက်ဝယ်ပြီးပါပြီ၊ ဟောတက်ပြောတက်တဲ့ ဆရာတော်တစ်ပါးပါးကို တောင်းပန်ပြီးပင့်ရမှာပဲ ဘုရား "
◑◑◑
" ဦးစိုးနိုင်၏ အလှူဒါနအချို့ "
စစ်ကိုင်းတိုင်းအတွင်း ဘာသာရေး၊ လူမူရေးနှစ်ရပ်ပေါင်း သိန်းကိုးထောင်ကျော် လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။ ဝမ်းမြောက်နုမော သာဓုခေါ်နိုင်ရန် ဖော်ပြလိုက်ပါသည်။
( မအူပင်ကျေးရွာတွင် ပြု့လုပ်ခဲ့သော အလှူဒါနများ )
------------------------------------------
( က ) ငတက်ပြားတည်ထားကိုးကွယ်ခဲ့သော စေတီတော်အား ကျပ်သိန်း( ၆၀၀) အကုန်အကျခံ၍ ပြု့ပြင်မွန်းမံခြင်း။
( ခ ) အစိုးရအလယ်တန်းကျောင်း နှစ်ထပ်ဆောင်တစ်ဆောင် ဆောက်လုပ်ရာတွင် ကျပ်သိန်း( ၂၀ ) ပါဝင်လှူဒါန်းခြင်း။
( ဂ ) သောက်သုံးရေအတွက် ရေးတွင်းတစ်တွင်း တူးပေးခြင်း။
( ဃ ) အလျားပေ( ၁၀၀၀ )၊ အနံ ( ၂၅ )ပေရှိသော ရွာလယ်လမ်းမကြီးအား ကျပ်သိန်း( ၄၀ ) အကုန်အကျခံ၍ ကျောက်ချောလမ်းခင်းပေးခြင်း။
( ညောင်တုန်းရွာတွင် ပြု့လုပ်ခဲ့သော အလှူဒါနများ )
--------------------------------------------
( က ) အစိုးရအလယ်တန်းကျောင်း နှစ်ထပ်ဆောင် ဆောက်လုပ်ရာတွင် ကျပ်သိန်း (၃၀) အကုန်အကျခံ၍ လှူဒါန်းခြင်း။
( ခ ) စစ်ကိုင်းမြို့နယ် ကျေးရွာများ၏ အရှေ့ဘက်အခြမ်း၊ အနောက်ဘက်အခြမ်း ဖြတ်သန်းသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ကျေးရွာအလယ်ရှိ ချောင်းအား ကျပ်သိန်း( ၂၅၀ ) ကျော်တန် ကွန်ကရစ်တံတားကြီး ဆောက်လုပ်လှူဒါန်းခြင်း။
( ဂ ) အထက်ပါ အစိုးရအလယ်တန်းကျောင်း၏ ရှေ့ဘက်ကပ်လျက် ရှိသော ချောင်းကူးတံတားအတွက် သံပေါင်များ ကျပ်သိန်း( ၂၀ )ဖိုး လှူဒါန်းခြင်း။
( သဗြူးကျေးရွာတွင် ပြု့လုပ်သော အလှူဒါနများ)
--------------------------------------------
( က ) ကျေးရွာအနောက်ဘက်ရှိချောင်းအားဖြတ်၍ အနံ( ၈ )ပေ၊ အလျားပေ( ၅၀ ) ရှိသော ကွန်ကရစ်တိုင် သစ်သားတံတားတစ်စင်းကို ကျပ်သိန်း( ၅၅ ) အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းခြင်း။
( ခ ) ထိုကျေးရွာနေလူငယ်တစ်ဦးတွင် စွဲကပ်နေသော ရေဖျဉ်းရောဂါကို ကျပ်( ၁၅ )သိန်း အကုန်အကျခံ၍ ပျောက်ကင်းအောင် ကုသပေးခြင်း။
( ကြွယ်လူးကျေးရွာတွင်ပြု့ခဲ့သော ဒါနများ )
---------------------------------------------
( က ) အလျားပေ( ၅၀၀ )၊ အနံ( ၁၀ )ပေရှိ၊ ရွာလယ်လမ်းမကြီးအား ကျပ်သိန်း( ၅၀ ) အကုန်ခံ၍ ကျောက်ချောလမ်းခင်းပေးခြင်း။
( ခ ) ရွာအနောက်ဘက်ရှိ အလျားပေ( ၃၀ )၊ အနံ( ၆ )ပေ၊ အမြင့်ပေ( ၂၀ ) ရှိ ချောင်းကူးတံတားအား ကျပ်သိန်း( ၃၀ ) အကုန်အကျခံ၍ လှူဒါန်းခြင်း။
စစ်ကိုင်းမြို့နယ် မိုးကြိုးရေရွာ ရွာဦးကျောင်းဆရာတော်ကြီး ခံစားနေရသော သွေးကင်ဆာရောဂါ ကုသရန်အတွက် ကျပ်သိန်း( ၅၀ )။
စစ်ကိုင်းမြို့၊ သံဃာတော်နှင့် သီလရှင်များအား အလှူငွေနှင့် နဝကမ္မများကပ်လှူခြင်း ကျပ်သိန်း( ၈၀ )။
စစ်ကိုင်းမြို့၊ ဆင်များရှင်ဘုရားအနီးရှိ ဒေါက်တာမေချိုချိုအေး မျက်စိအထူးကုဆေးခန်းတွင် ငွေကြေးမတက်နိုင်သည့် ဆင်းရဲသားလူနာများအတွက် ပထမအကြိမ် ကျပ်သိန်း( ၂၀ )။
စစ်ကိုင်းမြို့၊ ဂမွန်းကျေရွာ တွဲဖက်အခြေခံပညာအထက်တန်းကျောင်း ပြု့ပြင်ဆောက်လုပ်ရန်အတွက် ကျပ်( ၁၅ )သိန်း။
မုံရွာမြို့၊ ဗောဓိတစ်ထောင်ရပ်တော်မူဘုရားကြီး တည်ရန်အတွက် အလှူတော်ငွေကျပ်သိန်း( ၅၀၀ )။
မုံရွာမြို့၊ ဧသုဝတီသီလရှင် စာသင်တိုက်အား ဆန်နှင့် လစဉ်အလှူငွေ သိန်း( ၃၀ )။
အထက်ပါကျောင်းတိုက်မှ မြစ်ကြီးနားသို့ ခွဲထွက်သွားသော သီလရှင်ကျောင်းအတွက် အလှူငွေကျပ် သိန်း( ၅၀ )။
စစ်ကိုင်းမြို့နယ်၊ အင်းတော်မြို့နယ် ဂျုံးဂျုံးကျကျေးရွာ ဘုန်းတော်ကြီးကျောင်းတည်ဆောက်ရန်အတွက် အလှူငွေ( ၂၁ )သိန်း။
စစ်ကိုင်းမြို့နယ်၊ နောက်ကြည့်ကျွန်းရွာ၌ ဘုန်းကြီးကျောင်းဆောင်နှင့် ပြစ်ဒဏ်ကျခံ၍ ပြန်လွတ်လာသည့် ရွာသား( ၃၈ )ဦးအား ဒုလ္လဘရဟန်းခံပြီး တရားအားထုတ်နိုင်စေရန် စီစဉ်ဆောင်ရွက်မှုများဖြစ်ကြသည်။
ဦးစိုးနိုင် + ဒေါ်အေးအေးခိုင်
( အေးအေးခိုင် - ကျောက်စိမ်းကုမ္ပဏီ )
မှတ်ချက်/
ဦးစိုးနိုင်၏ အထက်ပါ လှူဒါန်းမှုစာရင်းနှင့် လှူဒါန်းမှုတန်ဖိုးသည် ( ၂၀၀၉ ) ခုနှစ်ကဖြစ်သည်။
◑◑◑
" ကမ္ဘာသိအလှူတော် "
မန္တလေး တိုင်း၊ အမရပူရမြို့နယ်
မြစ်ငယ် - စစ်ကိုင်းဖြတ်လမ်း၊ ဆင်ရွာမြင်းမူကျေးရွာအနီး၌ တည်ထားတော်မူလေသော ကမ္ဘာပထမဦးဆုံး
" ဝေယောစန ကျောက်စိမ်းစေတီတော် " ကြီးကို ယခုနှစ် ဇွန်လ( ၅ )ရက်နေ့က ထီတော်တင်လှူနိုင်ခဲ့သည်။
စေတီတော်တွင်...
ပါရမီဆယ်ပါး ကျောက်စိမ်းစာလုံးများ။
ပန်းတင်ခုံနံရံအထက်တွင် အောင်ခြင်းရှစ်ပါးအောင်တော်မူခန်းများ။
ဇာတ်တော်ကြီးဆယ်ဘွဲ့။
မုခ်ဦးလေးမုခ်ရှိ တံကဲဝဲယာတို့တွင်...
မဟာဗောဓိညောင်ပင် ပုံသဏ္ဍန် ကျောက်စိမ်းရုပ်ပုံတို့ကို ကပ်လှူထားသည်။
ငှက်ပျောဖူးကြီးမှာ အမြင့်ရှစ်ပေ၊ ခြောက်လက်မရှိပြီး အေအဆင့်ရှိသော ကျောက်စိမ်းပြားများဖြင့် ပြု့လုပ်ထားသည်။
အလှူရှင်ဦးစိုးနိုင် ကိုယ်တိုင်ပင် စေတီတော်ကြီး၏ ဒီဇိုင်းများနှင့် ပန်းပုပုံများကို ပုံဖော်စီမံခံခွဲကပ်လှူထားပါသည်။
စေတီတော်ကြီးအား ငွေကျပ်သိန်းပေါင်း တစ်သိန်းလေးသောင်းကျော်အထိ ကုန်ကျခံ၍ တည်ထားကိုးကွယ်ခဲ့လေသောကြောင့် ဦးစိုးနိုင်အား လူသိများလာခဲ့ပါတော့သည်။
◑◑◑
စာညွန်း/ ဆရာတော်မေတ္တာရှင်ရွှေပြည်သာ ၏
" လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက် "
၂၀၀၉ ခုနှစ်၊ အောက်တိုဘာလထုတ်။
ဒီမိုကရေစီတူဒေး သတင်းစာ။
SKY NET ရုပ်သံ။

No comments:

Post a Comment