Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 11, 2015

DVB Debate တင်ဆက်သူ မျိုးသာထက်ရဲ့ status

ဒေါ်အောင်ဆန်းစုကြည်သာ မြန်မာပြည်ကို အုပ်ချုပ်ရင် အခုထက် အများကြီး ကောင်းသွားမယ်လို့ ပြည်သူအများစုက ယုံကြည်ကြတယ်။ လက်ရှိအာဏာပိုင်တွေနဲ့ပေါင်းပြီး ခွင်တည့်နေတဲ့ သူတွေ၊ အချောင်စားသာနေကြတဲ့ သူတွေကတော့ ကလိကလိဖြစ်မှာပေါ့လေ။ အဲဒီလို ဖြစ်နေတာတွေကိုလည်း ဖေ့စ်ဘုတ်မှာ ဖတ်ပြီး တွေ့နေရလို့ပါ။ အနိမ့်ဆုံးတော့ ပြည်သူအများစုက ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်အုပ်ချုပ်စီမံခန့်ခွဲဖို့ အလှည့်ပေးချင်တယ်။ ဒါကို နိုဝင်ဘာ ၈ မှာ အတိအလင်း ပြဆိုခဲ့တာပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး သွားမယ်လို့ အကြိမ်ကြိမ် အထပ်ထပ်ပြောတော့လည်း လူတွေက ခေါင်းညိတ်ကြတာပဲ၊ ကောင်းတယ်၊ လုပ်ပေါ့ဆိုတာမျိုးပဲ ပြောကြပါတယ်။ အခုဆို ပြင်ဖို့ဆင်ဖို့တောင် တွေ့ဖို့လုပ်နေပါပြီ။ မြန်မာတွေအတွက် မြန်မာပြည် တစ်ရက်ပိုမြန်ပြီး တိုးတက်ဖွံ့ဖြိုးလေ ကောင်းလေပါပဲ၊ ခုနပြောသလို အခု အနေအစားချောင်ပြီး နောက်ဆို အားလုံး တန်းညီ အခွင့်အရေး ဖြစ်သွားရင် အချောင်မရတော့မှာကို စိုးထိတ်နေသူတွေကတော့ ကလိတိတိ ရိတိတိ လုပ်ကြပြီပေါ့။
အနိမ့်ဆုံးတော့ ရပ်ကွက်ထဲက အုပ်ချုပ်ရေးမှူးတွေ ဟိုပါတီကမို့လို့ ဒီပါတီကမို့လို့ဆိုပြီး လူဝါးဝလို့ မရတော့ဘူး၊ လမ်းမှူးတွေ ဘာကြေးညာကြေး ကောက်လို့ မရတော့ဘူး၊ ရပ်ကွက်ပိုင်နေရာတွေကို သူ့အမေလင်ပိုင်သလို နေရာယူတာ၊ ငှားစားတာ လုပ်လို့ မရတော့ဘူး။ ရပ်ကွက်ရုံးကို ရပ်ကွက်စာရေးက တက်နေတာမျိုးတွေ မရတော့ဘူး။ ပြည်သူတွေက နိုင်ငံသားအခွင့်ရေးအတွက် ပြောင်ပြောင်းတင်းတင်း ပြောကြတော့မယ်၊ ဘယ်သူ့မှ ကြောက်စရာ မလိုတော့ဘူး။ အကုန်လုံးက ပွင့်လင်းမြင်သာရလိမ့်မယ်၊ မလိမ့်တပတ် လုပ်ခွင့်မရတော့ဘူး။
ပြည်သူ့ကိုယ်စားလှယ်တွေဆိုလည်း အခုလက်ရှိဖြစ်နေသလို မတွေ့ရဲမပြောရဲ (တချို့လည်း ကြည့်ကိုမကြည့်ချင်တာ) မဖြစ်တော့ဘဲ တစ်ခုခု မဟုတ်တာလုပ်တယ်လို့ ခံစားရရင် ဒါမှမဟုတ် သူတို့တာဝန် မကျေဘူးလို့ ခံစားရရင် မဲဆန္ဒရှင်ပြည်သူတွေက ကိုယ်စားလှယ်ရုံးရှိရာကို သွားပြီး ``ဟေ့လူ... ခင်ဗျားကို ကျုပ်တို့ မဲထည့်ခဲ့တာ၊ ခင်ဗျားလုပ်တာ အလုပ်မဟုတ်ဘူး၊ ခင်ဗျား ဘာလုပ်နေသလဲ`` စသဖြင့် ချဲတာတွေ၊ မေးတာတွေ လုပ်လို့ ရလာရမယ်။ ပြည်သူ့ကိုယ်စားလှယ်ဆိုရင် ကိုယ်ကျိုးမရှာဘဲ ပြည်သူ့အတွက် လုပ်ရလိမ့်မယ်။
နောင်ငါးနှစ်မှာ လွှတ်တော် ဘာလုပ်နေသလဲ၊ အစိုးရ ဘာလုပ်နေသလဲ၊ တရားစီရင်ရေး ဘယ်လောက်မျှတသလဲ မေးခွန်းပေါင်းများစွာကို ပြည်သူတွေက မေးလာတော့မယ်။ ပြည်သူတွေက အားလုံးကို ပွင့်ပွင့်လင်းလင်း သိပိုင်ခွင့် ရှိလာရမယ်။ အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်ရေးဟာ အလုပ်ဖြစ်ရမယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အခုထက်ထိ မှင်စွန်းနေဆဲ လက်သန်းလေးတွေဟာ မြန်မာပြည်ကြီးကို ပြောင်းလဲပစ်တော့မယ်။ ဘယ်လောက် ကျေနပ်စရာကောင်းသလဲ။ တွေးတိုင်းတွေးတိုင်း ကျွန်တော်တော့ ကျေနပ်တယ်။
Myo Tha Htet


No comments:

Post a Comment