Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 10, 2015

ရွေးကောက်ပွဲရှုံးတဲ့သူတွေအတွက် ပါမောက္ခတယောက်ရဲ့ ဇာတ်လမ်း


ရွေးကောက်ပွဲရှုံးတဲ့သူတွေအတွက် ပါမောက္ခတယောက်ရဲ့ ဇာတ်လမ်းလေးတခု ပြောပြချင်တယ်။
သူက မြောက်အတ္တလန်တစ် သဘောတူညီမှုအဖွဲ့ ( NATO ) ကို အထူးလေ့လာနေသူ၊ ကျွမ်းကျင်သူ ပညာရှင်တယောက်ပါ။
လွန်ခဲ့တဲ့ အနှစ် (၂၀) လောက်တုံးက ဆီးနိတ်ရွေးကောက်ပွဲတခုကို ဝင်ပြိုင်တယ်။
စာသင်တာလည်းကောင်း၊ ပညာကလည်း ( Ph.D ) က နှစ်ခု။ ဥပဓိရုပ်ကလည်း ကောင်းဆိုတော့ ကိုယ့်ဘာသာ ယုံကြည်မှုရှိတာပေါ့။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးပေါ်လစီ ကို တခုခုတော့ အားကောင်းအောင် လုပ်ပေးနိုင်ရဲ့ ပေါ့။

ဒါပေမယ့် သူ့ မိန်းမ က ရီပတ်ပလင်ကန်ပါတီ မဲဆွယ်ကန်ပိန်းကို ဦးဆောင်နေတဲ့ နိုင်ငံရေးသမား။ သူ့ ကို အကြံပေးတယ်။

“ မပြိုင်ပါနဲ့။ ဒီနှစ်မှာ လူတွေက ရီပတ်ပလင်ကန်ပါတီကိုမဲပေးပြီး အပြောင်းအလဲ လုပ်ချင်နေတာ။ သူတို့ ရဲ့ ကန်ပိန်းတွေက စံနစ်တကျ ကို အားကောင်းအောင် လုပ်နေတာ။ မင်းပြိုင်မဲ့နေရာမှာ ဝင်မယ့်သူကလည်း နိုင်ငံရေးအတွေ့ အကြုံ သိပ်ရှိတဲ့သူ” လို့ ဆိုတယ်။
အခြေအနေအရ ပါတီချင်းယှဉ်လည်း မနိုင်ဘူး။ အတွေ့ အကြုံချင်းအရလည်း မနိုင်နိုင်ဘူး လို့ ဆိုတယ်။

ဒါပေမယ့် သူက ဝင်ပြိုင်တာပါပဲ။

“ သိလား။ ရွေးကောက်ပွဲမှာ ငါ ဘယ်နှစ်မဲရတယ် ထင်သလဲ ”
“ ငါ့ သမီးတွေက ငါ့ကို အားနာလို့ ထည့်တဲ့ သုံးမဲ ပဲ ရတယ်။ ဒါပေမယ့် ငါ့မှာ ခံစားချက်သိပ်ကောင်းတယ်။ ငါ့ နိုင်ငံက ဆိုဗီယက်ပြည်ထောင်စု လို မဟုတ်ဘူး။
ဒီမိုကရေစီ ရဲ့ အသီးအပွင့်ကို မြင်ရတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ဘာပဲဖြစ်ဖြစ် ငါဟာ အင်အားကြီးတယ် ဆိုတဲ့သူတယောက် ကို စိန်ခေါ် ယှဉ်ပြိုင်ခဲ့တယ် ဆိုတဲ့ သမိုင်းပဲ” တဲ့။

သူ့ မျက်လုံးတွေက အဲ့ဒီ အကြောင်းတွေကို ပြောရင် အရောင်လက်ပြီး ပြုံးနေတာပဲ။
စဉ်းစားကြည့်လိုက်တော့ သူစာသင်နေရတဲ့ ဘဝက နိုင်ငံရေးသမားတယောက်ထက်တောင် အောင်မြင်နေသေးတယ်။

တကယ်တော့ ပညာတတ်တယောက်အတွက် ရွေးကောက်ပွဲဆိုတာ အတွေ့ အကြုံတခု၊ အချိုးအကွေ့ တခုပါ။ ဘဝဆိုတာ အလှည့်အပြောင်းတွေ အများကြီးပါ။
အခွင့်အရေးတခုလွဲခဲ့ရင် နောက်ထပ်အခွင့်အရေးတခု နဲ့ ကြုံအုံးမှာပါပဲ။
တိုင်းပြည်အပေါ် စေတနာရှိတဲ့သူတွေကို သမိုင်းက ငြင်ဆန်လို့ မရပါဘူး။

တိန့်ရှောင်ဖိန် ဆိုရင် မော်စီတုံး ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကာလတုံးက အဖမ်းခံခဲ့ရသေးတာပဲ။ ဒါပေမယ့် နောက်တော့လည်း သူ့ ကို နေရာပြန်ပေးရတာပါပဲ။

တကယ့်နိုင်ငံရေးသမားတွေဆိုတာ အတက်အကျတွေကို ခံနိုင်ရည်စွမ်းရှိသူတွေပါ။

ရှုံးနိမ့်နေသူတွေ အပေါ်

“ မတူရင် မတု နဲ့။ ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံ ရှိမှာပေါ့ ” လို့ မှတ်ချက်ချနေတာတွေကိုလည်း တုန့် ပြန်မနေပါနဲ့ ။
သူတို့ က သူတို့ ရဲ့ ပညာအဆင့်အတန်း၊ မိသားစု အဆင့်အတန်းအရ၊ ပြောကြတာလို့ ပဲ နားလည်ပေးလိုက်ပါ။ အောင်မြင်ရင် ကျဆုံးသူအပေါ် ပျက်ရယ်ပြုလိုက်မယ် ဆိုတဲ့ သူနဲ့ သွားယှဉ်ပြောလိုက်ရင် ကိုယ်ပါ အဆင့်အတန်းနိမ့်သူ ဖြစ်သွားမှာပေါ့။
ဘာမှ မသိသေးတဲ့ ခေတ်ကြီးကို စမ်းတဝါးဝါးသွားနေစဉ်မှာ မိတ်ဆွေစစ်ပဲ လိုတာမဟုတ်လား။

ဘာပဲဖြစ်ဖြစ်၊ သိပ်အင်အားကြီးမားတယ် ဆိုတဲ့သူတွေကို စိန်ခေါ် ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးသမားအဖြစ် အသိအမှတ်ပြုနေမယ်။
တိုင်းပြည်ရဲ့ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စတွေကိုဆက်လက် လုပ်ဆောင်ကြရအုံးမယ်။
Aung Moe Win
8 November at 22:19

No comments:

Post a Comment