Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 8, 2015

ဒီရွေးကောက်ပွဲလည်း နှစ်ကိုယ့်တစ်စိတ်ကတဲ့ ရွေးကောက်ပွဲ။ ၂၅ ရာခိုင်နှုန်း သေချာနေတဲ့ တပ်မတော်နဲ့ အစိမ်းရောင်ကြံ့ဖွံ့နဲ့ နှစ်ကိုယ့်တစ်စိတ် ပေါင်းကနေတာပေါ့

ဇာဂနာနှင့် တွေ့ဆုံခြင်း
By
အေးသူစံ

နိုင်ငံရေးအကျဉ်းသားဟောင်းလူရွှင်တော်ဇာဂနာမှာ စစ်အုပ် ချုပ်ရေးအလွန် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငါးနှစ်တစ် ကြိမ်ရွေးကောက်ပွဲများ ပုံမှန်ကျင်းပတော့မည့်အချိန်တွင် နိုင်ငံရေးဖြတ်သန်းမှုအားကောင်းခဲ့သည့် ၎င်းကို လွှတ်တော်အတွင်း နိုင်ငံရေး (သို့မဟုတ်) အစိုးရအဖွဲ့ အတွင်း ၀င်ရောက်တာဝန်ယူမည် ဟု ခန့်မှန်းမှုများရှိခဲ့ပြီး ၎င်းထံသို့ ကမ်းလှမ်းမှုအချို့ရှိခဲ့သော်လည်း အနုပညာအလုပ်ကိုသာ လုပ်ကိုင်မည်ဟု ၎င်း၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ယခု ၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တပတ်နှစ်ပတ်ကျော်ကျော်သာလိုတော့ချိန်တွင် ၁၉၈၈ မှစ၍ မြန်မာ့နိုင်ငံရေးလှုပ်ရှားရုန်းကန်မှုတစ်လျှောက်လုံး ခေတ်အဆက်ဆက်အာဏာရှင်အစိုးရကို ဝေဖန်ခြင်း၊ ပြက်လုံးထုတ်ခြင်း၊ သရော်ခြင်းတို့ကြောင့် မကြာခဏဆိုသ လို ထောင်ဒဏ်နှစ်ရှည်လများ ကျခံခဲ့ရသည့် လူရွှင်တော် ဇာဂနာအား မျက်မှောက်မြန်မာ့နိုင်ငံရေးရာများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ပထမဆုံးအနေနဲ့ လက်ရှိကိုယ် စားလှယ်လောင်းတွေရဲ့ မဲဆွယ် စည်းရုံးမှုတွေမှာ ကတိတွေဖော ဖောသီသီပေးတာနဲ့ ပတ်သက်လို့ ဦးသူရဘယ်လိုမြင်မိပါသလဲ။

သေချာတာကတော့ မြန်မာ ပြည်နိုင်ငံရေးလောကမှာ စာအုပ် တစ်အုပ်လွှမ်းမိုးတယ်။ အဲဒီစာ အုပ်က How to win an election?ဆိုတဲ့ စာအုပ်။ လွန်ခဲ့တဲ့ တစ်နှစ် ခွဲ ၂ နှစ်လောက်က မြန်မာပြည်ကိုရောက်လာတယ်။ ဒါက ဟိုးတုန်း ကတည်းကရှိပြီးသား။ ဆော့ခရေးတီးတို့ ၊ ပလေတိုတို့ရဲ့ ဂိုက် (လမ်းညွှန်ချက်)တွေကို ပြန်ပေါင်းထုပ်ပြီး ထွက်လာတာ။ အခုဒီရွေးကောက်ပွဲမှာ USDP ရော၊ NLD ရော၊ ကိုယ်စားလှယ်လောင်းတွေရော ဒီစာအုပ်ထဲကအတိုင်း အများစုလိုက်လုပ်နေတာ။ ဥပမာ စက်ဘီးစီးပြီးထွက်ကြတာ၊ သီချင်းဆိုပြီး ဟောကြတာ။ ခုနကပြောတဲ့ Promise တွေ။ အဲဒီစာအုပ်ထဲမှာလည်း Promise တွေပေးခိုင်းတယ်။ ဒါ ပေမဲ့ စိုးရိမ်စရာကောင်းတာက ကတိထက်ဖြားယောင်းတာကို ကြောက်တာ။ ကျွန်တော်တို့မြင်နေကြတာက ဒံပေါက်ထုပ်တစ်ထုပ်၊ တီရှပ်တစ်ထည်တို့ ဒါပဲမြင်တယ်။ ကျွန်တော်တို့ မမြင်နိုင်တဲ့ဟာတွေရှိတယ်။ ဘီလီယံနဲ့ ချီပြီး ထုတ်သုံးနေတဲ့ ပါတီတွေရှိတယ်။ တကယ်ပြန်စဉ်းစားကြည့်ရင် စည်းရုံးရေးစင်ရှေ့ကို ရောက်လာတဲ့လူက တစ်နိုင်ငံလုံးရဲ့ ၃၀ ရာ ခိုင်နှုန်းတောင်မရှိဘူး။ တစ်နိုင်ငံလုံးရဲ့ ၇၀ ရာခိုင်နှုန်းမဲပေးခွင့်ရှိသူဟာ သူတို့အိမ်တွေမှာ သူတို့ အလုပ်သူတို့လုပ်နေတာ။ အဲဒီလို လူတွေဆီကို ရောက်နေတဲ့ ပိုက်ဆံတွေက ဘီလီယံနဲ့ ချီနေတယ်။ အဲဒီလို မဲဆွယ်တာကို ပိုကြောက်တယ်။ အဲဒီနည်းကို သုံးတဲ့သူတွေရှိနေတော့ အဲဒီနည်းနဲ့ ရသွားခဲ့ရင် ကြောက်စရာကောင်းတယ်။ ကျွန်တော်တော့ အန္တရာယ်တစ်ခုလို့ပဲ မြင်တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီက လာမယ့်ရွေးကောက်ပွဲမှာ ၉၀ ရွေးကောက်ပွဲတုန်းကလိုပဲ အပြတ်အသတ်အနိုင်ရသွားနိုင် မယ့် အနေအထားမျိုး ဖြစ်လာနိုင် ပါသလား။

တစ်ခါတလေ ကိုယ့်ရှေ့ မှာ လူအုပ်စုကြီးကိုတွေ့ရရင်၊ မြင် ရရင်နိုင်ပြီ ထင်တယ်။ ကျွန်တော် တို့လည်း ၈၈ တုန်းက လူအုပ်စုကို မြင်တော့ နိုင်ပြီထင်ခဲ့တယ်။ ဒါပေမဲ့ မနိုင်ခဲ့ပါဘူး။ ၂၀၀၇ တုန်းက လည်း ကျွန်တော်တို့ လူအုပ်စုကို မြင်တယ်။ လူက စုမိလာတဲ့အခါ အင်အားကြီးလို့ ထင်သွားတယ်။ အဲဒါ စိတ္တဗေဒနည်းအရတော့ ဒါအဖြေအစစ်အမှန်မဟုတ်ဘူး။ NLD က ၅၁ ရာခိုင်နှုန်းရမှသာ အစိုးရဖွဲ့လို့ရမယ်။ ရရင်ပြဿနာ မရှိဘူး။ မရရင်ပြဿနာရှိလာပြီ။ ထို့နည်းတူ USDP ကျတော့ ၂၆ ရာခိုင်နှုန်းရရင် အိုကေပြီလို့ သူတို့ပါးစပ်က ထုတ်ပြောတယ်။ ဘာလို့ဆို သူတို့က တပ်မတော်ထိုင်ခုံကို ယူထားပြီးသားဆိုတော့ ၂၆ ကို ၂၅ နဲ့ပေါင်းရင် ၅၁ ဖြစ်သွားပြီ။ ဒါဆို ရင် တိုင်းရင်းသားပါတီတွေကို ထည့်မတွက်တော့ဘူးလား။ ရခိုင် ဆို အင်မတန်အင်အားကောင်း တယ်။ ရှမ်းမှာဆို ကျားဖြူနဲ့ ကျား ခေါင်းက အင်မတန်အင်အား ကောင်းတယ်။ အဲဒီနေရာတွေမှာ NLD နဲ့ USDP တို့က နိုင်ပါ့မလား။ ကျွန်တော်တို့ တော်တော်တော့ စဉ်းစားရမယ်။ ပြည်ပမဲက ဘယ် အတိုင်းအတာအထိ ရမယ်ဆိုတာ မသေချာသေးဘူး။ အဲဒီတော့ အ ပြတ်အသတ်နိုင်ဖို့ တော်တော် ခက်ခက်ခဲခဲပြိုင်ရမယ်။ ရန်ကုန် တိုင်းမှာ ၄၄ နေရာစလုံး နိုင်နိုင် တယ်။ မန္တလေးမှာ ၂၀ နေရာစလုံး နိုင်နိုင်တယ်။ ၆၄ နေရာစလုံးရမယ်။ ဟုတ်ပြီ။ ကျန်တဲ့နေရာတွေ နိုင်နိုင်မလားလို့မေးရင် ကျွန်တော်အာမမခံနိုင်ဘူး။ ကျွန်တော် ကိုယ့်စကားကိုယ်တာဝန်ယူပြီးပြောရရင် NLD ၅၁ ရာခိုင်နှုန်းစလုံးနိုင်ဖို့ မလွယ်ဘူး။

သမာသမတ်ကျကျပြောရ ရင် ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားပါတီတွေကိုလည်း ကြည့်ရ မယ်။ သူ့နယ်မှာသူအုပ်ချုပ်ချင် မှာပဲ။ အဲဒီမှာ ထပ်စိုးရိမ်တာက ညွန့်ပေါင်းအစိုးရဖြစ်သွားမလား။ ညွန့်ပေါင်းဖြစ်လာရင်တော့ သေ ချာသွားတာက ဗီတိုအာဏာသည် တပ်မတော်မှာသာရှိတော့တယ်။ အဲဒီတော့ တပ်မတော်ကသာ လွှတ်တော်ကြီးကို ခြယ်လှယ်သွားနိုင်လိမ့်မယ်။ တပ်ကို ပေါင်းနိုင်တဲ့ စည်းရုံးနိုင်တဲ့သူက ဆရာကြီး လုပ်တော့မှာပဲ။ နောက်တစ်ချက် က ကျွန်တော်တို့ တစ်ခါတလေ လျှော့တွက်တာတွေရှိတယ်။ စစ် တုရင်ခုံပေါ်မှာ အားလုံးမထင် မှတ်တဲ့အရပ်ကို ခုန်နိုင်တာ မြင်း တစ်ကောင်ပဲရှိတယ်။ ဖျက်မြင်း လို့လည်း ပြောကြတယ်။ အဲဒီမြင်း က သူရဦးရွှေမန်းပဲ။ ဖြစ်နိုင်ခြေတွေကို အကုန်တွေးကြည့်တော့ ပြည်နယ်တွေ အားကောင်းလာမယ်။ NLD လည်း လုံလောက်တဲ့ ခုံမရနိုင်ဘူး။ ထိုနည်းတူ USDP လည်းမရဘူး။ သို့သော် ကိန်းသေထားရမှာက တပ်မတော်။ ၂၅ ရာခိုင်နှုန်းက ဘယ်လိုမှ ရှောင်မရတဲ့ ဗီတို။ တပ်ကိုစည်းရုံးနိုင်တဲ့ ပါတီခုံရမှာပဲ။ ညွန့်ပေါင်းတော့ ကျွန်တော်မကြိုက်ဘူး။ ၅၈ ခုနှစ်တုန်းကလို အိမ်စောင့်အစိုးရဆိုတာ တက်လာရင်တပ်က ၀င်လာမှာကြောက်တယ်။

ပြည်ခိုင်ဖြိုးအကွဲအပြဲဟာ ဇာတ် ညွှန်းဆိုပြီး ဦးအပါအ၀င် နိုင်ငံရေးလေ့လာသူတချို့က တစ်လျှောက် လုံးပြောလာတယ်။ ဒါပေမဲ့ ဦးရွှေ မန်းဥက္ကဋ္ဌရာထူးနေရာက ဖယ် ရှားခံလိုက်ရတဲ့နောက်ပိုင်းမှာ ဒီ အကွဲအပြဲဟာ အမှန်တကယ်ဖြစ် လာတယ်လို့ ယူဆမှုလည်းရှိလာ ခဲ့ပါတယ်။ ဦးသူရက ဘာကြောင့် အခုထိ ဒါကို ဇာတ်ညွှန်းလို့ ယုံ ကြည်နေတာပါလဲ။

သေချာတာက အရပ်သား အချင်းချင်းချစ်တာထက် သူတို့ အချင်းချင်းချစ်တာ ပိုတယ်။ အဲဒီ လူတွေက ခွဲရစိတ်ရတာခက်တယ်။ ခုတင်ချင်းကပ်လျက်အိပ်ခဲ့တဲ့သူ တွေ။ အသက်ချင်းတောင်ပေး ထားတာ။ တစ်ခါတစ်ရံမှာ နိုင်ငံ ရေးကို နိုင်ငံရေးလိုပဲ စဉ်းစားစေ ချင်တယ်။ အရေးကြီးတာ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးအနေအထား ကိုပဲ ကြည့်သင့်တာ။ ဦးရွှေမန်း သည် NLD နဲ့ နည်းနည်းနီးကပ် တယ်ဆိုရင် လူတွေအကုန်လုံး အာရုံလှည့်စားလို့ရနိုင်တာ။ ဒီ မြင်းလေးတစ်ကောင် ခုန်လိုက် တာနဲ့ အကုန်ခါယမ်းသွားတာ။ အရင်ကတည်းက ဦးသိန်းစိန်က ဦးရွှေမန်းနောက်မှာပဲ ရပ်ရတာ။ အဲဒါကို ဦးရွှေမန်းကို နာယကပေး ပြီး ဦးသိန်းစိန်ကို သမ္မတပေးလိုက်ခြင်းနဲ့ ကျောင်းတော်က ရန်စရှိ သယောင်ယောင်လုပ်လိုက်တာ။ အဲဒါ ဇွန်ဇူးရဲ့ နည်းဗျူဟာပဲ။ တကယ်ပြောရင် 'Art of War' ဒါ ဦးသန်းရွှေလုပ်ခဲ့တာ။ ဒီနှစ်ယောက်မတည့်သလိုဖြစ်မှ လူစိတ်ဝင်စား မှာ။ မတည့်သလိုဖြစ်အောင်လုပ် ရင်း ဒီလိုသန်းခေါင်ယံအာဏာ သိမ်းပွဲလေးတစ်ပွဲလောက် ရွေး ကောက်ပွဲမတိုင်ခင် ရွှေ့လိုက် မယ်လုပ်တော့ ကျွန်တော်တို့ အ တိုက်အခံဘက်က လူတွေပါယမ်း သွားတာ။ အန်တီ့ခရီးစဉ်ပါ ရပ် သွားတာ။ ဦးရွှေမန်းကိုပဲ သနားရ တော့မလိုလို၊ တကယ်တော့ အ တူတူပဲ။ အခု ဦးရွှေမန်းက အရာ ကျသွားလို့လား။ ဥက္ကဋ္ဌကြီး၊ နာယ ကကြီးပဲ။ NCA လက်မှတ်ရေးထိုးပွဲ တုန်းကလည်း သူတို့တွေချစ်ချစ် ခင်ခင် ဟီးဟီးဟားဟားပဲလုပ်နေ တာပဲ။ ဦးဌေးဦးကလည်း ဦးရွှေ မန်းကို ကျော်ပြီး လမ်းတောင်ကျော်မလျှောက်ရှာဘူး။ ကျွန်တော်တို့ မြင်နေတာပဲ။ သေချာတာက ဘာမှဖြစ်မသွားဘူး။ သို့သော် အများပြည်သူက အဲဒါကို မြင်မနေဘူး။ သူ (ဦးရွှေမန်း)ဘယ်လိုမှ Depression မရှိဘူး။ သူ့လှုပ်ရှားမှုက ပိုတောင်အရှိန်ကောင်းသွားသေးတယ်။ ထိုနည်းတူ သူရဦးအောင်ကိုပါ ပျောက်သွားတာ။ ဒါပေမဲ့ ဦးအောင်ကို ဟိုနေ့က သူတို့ရုံးချုပ်အစည်းအဝေးမှာတောင်ပါနေတာပဲ။ သူတို့ကစားကွက်မှာ မျောမသွားဖို့ပဲ။ သူ (ဦးရွှေမန်း)က အရေးကြုံရင် ထုတ်သုံးဖို့ အကောင်းဆုံး Piece တစ်ခုပဲ။

ရွေးကောက်ပွဲမှာ NLD သာ ခုံနေ ရာအများစုနိုင်ခဲ့မယ်ဆိုရင် NLD က တင်မယ့် ဒုသမ္မတလောင်းဟာ ဘယ်သူလို့ ထင်ပါသလဲ။

ကျွန်တော်ကိုယ်တိုင်ကို ဘာ ဖြေရမှန်းမသိဘူး။ သူလည်း ထုတ်မပြနိုင်ဘူး။ ထားပါတော့။ ဦးဝင်း ထိန်ပေါ့။ ဦးဝင်းထိန်ဟာ အသက် အရွယ်နဲ့ ကျန်းမာရေးအရ မဖြစ် နိုင်ဘူးဆိုရင် အခု ဦးတင်ဦးတောင် ခရီးစဉ်တွေဖျက်ရပြီ။ ကျန်းမာ ရေးမကောင်းတဲ့အတွက် ကျွန် တော်စဉ်းစားကြည့်တာ မတွေ့ ဘူး။ ဒါပေမဲ့ ဒီနေ့အထိ NLD က ဒါကို တိတိလင်းလင်းမပြောဘူး။ အဲဒီလိုကို မှန်းထားတဲ့သူ မှန်းထားပုံမရှိဘူး ထင်တယ်။ အန်တီကိုယ် တိုင်က သူကိုယ်တိုင်မဖြစ်နိုင်ဘူး ဆိုတာ သိတယ်။ ဒါပေမဲ့ ဘယ်သူ ရှိလဲဆိုတော့လည်း မရှိပြန်ဘူး။ အဲဒါကြောင့် အဲဒီအချက်က တစ် ဖက်က ထိုးနှက်စရာလိုဖြစ်လာ တာပေါ့။ တစ်ဖက်က ပါတီကျ တော့ ကျွန်တော်တို့ဆီမှာ ဘယ် သူရှိပါတယ်ပြောနိုင်တယ်။ အ ကုန်ရှိတယ် သူတို့မှာက။ သူတို့ပါ တီဥက္ကဋ္ဌ ဦးသိန်းစိန်လည်း ဖြစ်နိုင်တယ်။ ဦးဌေးဦးလည်း ဖြစ်တယ်။ ဦးတင်နိုင်သိန်းလည်း ဖြစ်နိုင် တယ်။ တင်ချင်တာ တင်လို့ရ တယ်။ တပ်မတော်ကလည်း တင် မယ့်သူတွေရှိနေတယ်။ သူတို့နှစ် ဖွဲ့စလုံးမှာ လုပ်ပိုင်ခွင့်ရှိနေတယ်။ အခုတွေ့နေရတဲ့ NLD ကိုယ်စား လှယ်အားလုံးထဲမှာလည်း ဒုတိယ သမ္မတနေရာကို Candidate အ ဖြစ်နဲ့ အမည်စာရင်းတင်သွင်းနိုင် တဲ့ လူမတွေ့ဘူး။ အားလုံးစိတ် ၀င်စားစရာကောင်းနေတာက အဲ ဒါပဲ။

တကယ်လို့ ပြည်ခိုင်ဖြိုးက သာ ဆက်ပြီးအာဏာရပြီး ဦးသိန်း စိန်သာ သမ္မတထပ်ဖြစ်လာမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေ က ဘာတွေဆက်ဖြစ်လာနိုင်လဲ။

အစိုးရဘက်ခြမ်းမှာလည်း ကျွန်တော်သိသလောက်တော့ အခုလောလောဆယ် Phase 1 ပဲလို့ ပြောနေတုန်း။ အခုချိန်ထိ ပြောနေတုန်း။ ကျွန်တော်တို့က Phase 2, 3 လာဦးမယ့် သဘော တွေမြင်နေရတယ်။ အခု ဖြေ လျှော့တဲ့အဆင့်ပဲရှိသေးတယ်။ 2 ကျမှ Democratic Transition ကိုစမှာ။ သဘောအားဖြင့်တော့ USDP ဗျူဟာအရ ဦးသိန်းစိန်ပဲ ဆက်ပြီး အစိုးရအဖွဲ့ဆက်လုပ်ဦး မယ့်အမြင်ကို မြင်တယ်။ ကျွန် တော်တို့ ဘယ်လောက်ပဲ ခါးသီး တယ်ပြောပြော နောက်ဆုံး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လက် ခံလိုက်ရတာပဲ။ ကျွန်တော်တို့တင်မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်လည်း ၂၀၁၂ မှာ ဒါကို ကျမ်းကျိန်ပြီး သွားခဲ့ရတာပဲ။ဘယ်လောက်ပဲ ခါးသီးတယ်ပြော ပြော ၁၉၉၀ ရွေးကောက်ပွဲရလဒ် လည်း အလိုအလျောက်လေးပဲ ပယ်ဖျက်လိုက်ရတာပဲ။ ပိုဆိုးတာ က ၄၆၃ ကို လက်မှတ်ဝိုင်းထိုး လိုက်ရတာ။ ၄၃၆ မပြင်လည်း (ရွေးကောက်ပွဲ)၀င်မယ်ဆိုတော့ လည်း ဒါကို ခါးသီးစွာနဲ့ လက်ခံ လိုက်ရတာပဲ။ ကျွန်တော်တို့က လက်မှတ်ထိုးခဲ့တာ ရူးသလိုလို၊ ပေါသလိုလိုနဲ့ ကမ်ပိန်းလုပ်ပေး တာလည်း ရှက်စရာဖြစ်တယ်။ ကျွန်တော်တို့ ဘယ်လောက်ပဲ ခါး သီးသီး၊ ဘယ်လောက်ပဲရွံ့ရှာရှာ အဖြစ်မှန်အတိုင်း လက်ခံရမယ် ဆိုရင်တော့ သူတို့ပြန်လာလိမ့် မယ်။ သူတို့ နည်းမျိုးစုံနဲ့ ပြင်ဆင် ထားကြတယ်။ နည်းမျိုးစုံနဲ့ရ အောင် လုပ်မှာ။ အဲဒီဇာတ်ညွှန်း က ဘယ်လောက်ပဲမုန်းတီး သူတို့ ပြန်ရောက်လာမှာ ၇၅ ရာခိုင်နှုန်း လောက်ပဲ။

တကယ်လို့ ဒီချုပ်က အပြတ်အ သတ်နိုင်လို့ အစိုးရသာ ဖွဲ့ခွင့်ရခဲ့ မယ်ဆိုရင် အာဏာလွှဲပြောင်းမှု နဲ့ ဖြတ်သန်းရမယ့် နိုင်ငံရေးအနေ အထားက ညင်သာချောမွေ့မှုရှိ နိုင်ပါသလား။

တကယ်လို့သာ တွေးကြည့်ရင်တော့ အဲဒါကတော့ ချောချောမွေ့မွေ့ဖြစ်မှာပါ။ လက်ခံနိုင်လောက်အောင်တော့ အားလုံး ၀ိုင်းလုပ်ရမယ်။ Landslide နိုင်နိုင်တဲ့ NLD က လူတွေပိုပြီး သတိ ထားရမယ်။ ကျွန်တော်တို့ တိုင်း ပြည်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်က မစဉ်းစားချင်တော့ဘူး။ ကိုယ့်ဘ၀ရပ်တည်ရေးအတွက် လုပ်နေရ တာကိုး။ အဲဒီလိုလူအများစုရှိနေ တယ်။ အဲဒါကြောင့် ဟစ်တလာ ပေါ်လာတာ။ ဟစ်တလာဟာ အဲဒီလူအများစုကိုသုံးပြီး Nationalist (အမျိုးသားရေးဝါဒီ)ဖြစ်လာတာ။ ဒီမှာ အဲဒီလိုအမျိုးသားရေးဝါဒီ တွေ ပေါ်လာမှာကို ကြောက်တာ။ ကျွန်တော်ဘယ်သူ့မှမစော်ကား ပါဘူး။ ဘာသာရေးအရ အဲဒီလို Nationalist တွေထောင် တက် လာတာ။ ထိုနည်းတူ တိုင်းရင်း သားတွေထဲမှာလည်း Nationalist တွေရှိလာတယ်။ အခု မဲဆွယ်ပွဲ တချို့မှာ ပြောနေတာတွေက တော်တော်ကိုအစွန်းရောက်ပြီး Nationalist ဆန်ဆန်ပြောနေတာ တွေတွေ့ရတယ်။ ဒါကိုအကြောင်းပြပြီးတော့ တစ်ခုခုဆိုရင် ပြည် ထောင်စုကြီး ပြိုကွဲပါလိမ့်မယ်ဆို ပြီးတော့ သူတို့ထက်ပိုပြီး ဆရာကျတဲ့သူတွေက အချိန်မရွေးဝင်သွား နိုင်တယ်။ ဘယ်ပြဿနာမဆို သေနတ်နဲ့ ဖြေရှင်းမယ့်လူတွေက နောက်ဆုံးကျတော့ ဆရာကြီး တွေ။ သူတို့က စကားမပြောဘူး။ ပြောင်းလဲချိန်တန်ပြီတို့၊ ပြောင်းလဲချိန်မတန်ဘူးလို့ကို မသိဘူး။ ပြောင်းလဲတယ်ဆိုရင် သေနတ် ပြောင်းလဲပြီး ၀င်လာမှာ။ အဲဒီလူ တွေကို ကြောက်တယ်။ ကျွန် တော်တို့ Constitution အရကို ၀င်လာနိုင်တယ်။ NLD အကုန်နိုင်ရင်လည်း ညင်ညင်သာသာဖြစ် လာဖို့က တပ်မတော်ကိုတော့ ကိန်းသေထားပြီးတော့ စည်းရုံးဖို့ လိုတယ်။ အဲဒါကတော့ NLD ဘက်မှာ ပရိယာယ်ရှိမယ်လို့ ကျွန် တော်ထင်ပါတယ်။ တကယ်လို့ အန်တီ့စကားကို အကုန်နားထောင်ပြီးလုပ်ရင်တော့ ပြေလည်မယ်။ အဲဒီလို မဟုတ်ဘဲ ဟိုအစထောင် ဒီအစထောင်ဆိုရင်တော့ (သေ နတ်)ပြောင်းတွေ လဲသွားလိမ့် မယ်။

အခုရွေးကောက်ပွဲနီးလာတာနဲ့ အမျှ တပ်၊ အစိုးရနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ကို အပုပ်ချနာ မည်ဖျက်တယ်ဆိုတဲ့ အကောင့် တွေကို အီလက်ထရွန်နစ်ဆက် သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ အ ရေးယူမှုတွေရှိလာတာဟာ လက် ရှိအစိုးရအနေနဲ့ ဘယ်လိုခြေလှမ်း နေတယ်လို့ ထင်ပါသလဲ။

ကျွန်တော်အဲဒါပွဲတွေမှာ လည်း ပြောတယ်။ ဂျာနယ်တွေ မှာလည်း ဆောင်းပါးရေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အင် တာနက်သုံးလို့ ၁၅ နှစ်သုံးခါနဲ့ ၄၅ နှစ်ချခံထားရတာ။ အခုအဲဒီပုဒ်မ ကို ဖျက်ထားသလားဆိုတော့ မ ဖျက်သေးဘူး။ တစ်ဝက်လျှော့ ထားတာ။ ခုနစ်နှစ်ကျန်သေး တယ်။ သတိထားကြပါလို့ ပြော တယ်။ မြန်မာစာတတ်တဲ့ ၀န် ထမ်းကို ဖေ့စ်ဘွတ်ခ်က ခန့်တယ် ဆိုတော့ ဘာလို့ခန့်လဲလို့ လူတွေ က တွေးတယ်။ ဒါပေမဲ့ ကျွန်တော်က ဒါကိုသံသယ၀င်လို့ အရမ်းကာရောမရေးကြနဲ့ သတိထားကြပါ လို့ ကျွန်တော်ပြောတယ်။ လုပ် လိမ့်မယ်လို့ ထင်တယ်။ ထင်တဲ့ အတိုင်းလုပ်တယ်။ တစ်ဖက် တည်း မလုပ်ဘူး။ နှစ်ဖက်လုပ် တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုရှုတ်ချတဲ့ ကန်ကြီးထောင့်ကလူကို လုပ်တယ်။ တကယ်တော့ အဲဒီ ကိစ္စတွေက အဲဒီလူတွေက စတာ မဟုတ်ဘူး။ တကယ်စတဲ့လူတွေ က ပျောက်ကုန်တယ်။ ကျွန်တော် တို့ဆီမှာ အဲဒီပြဿနာပဲ။ ထူးထူး ခြားခြား ဒီရက်ပိုင်းမှာဆို ၁၇ ယောက် အကောင့်နာမည်ပြောင်း သွားတယ်။ အစိုးရကို တရစပ်စော်နေတဲ့လူတွေ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အင်္ကျီနဲ့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ထဘီကို လုပ်တယ်ဆိုတဲ့ ချစ်သမီးဆိုတာ မတိုင်ခင် တစ်ယောက်လုပ်ထား ပြီးသား။ အဲဒီလူက ပျောက်သွား တယ်။ အဲဒီလူက ထိုင်းကလူ။ သူ က ထိုင်းလာလိုက်၊ ဧရာဝတီတိုင်းကိုလာလိုက်လုပ်တယ်။ ပြီးရင် ထိုင်းပြန်ရောက်ရင် အဲဒါမျိုးတွေ ရေးတယ်။ ဟောနောက်တခြား နာမည်ပြောင်းလိုက်ပြန်ရော။ သူ တို့တွေဟာ သူ့လူကိုယ့်ဘက်သားများ ၀င်လုပ်နေလားဆိုတာ သတိ ထားရတယ်။ ဒီလိုလှည့်စားမှုတွေ ကို အပြစ်မရှိတဲ့ Innocent ဖြစ် တဲ့ လူတွေ ချစ်သမီးတို့ ခံလိုက်ရ တာမျိုးဖြစ်နေမလား ကျွန်တော့် စိတ်ထဲမကောင်းဘူး။ လုပ် တုန်းက စလုပ်တဲ့သူတွေ တာဝန် ယူရမှာပေါ့။ သူတို့ထွက်ပြော လေ။ သူတို့ တခြားနိုင်ငံမှာနေနေ တာပဲ။ ဒီဘက်က လူတွေလည်း မတရားရေးနေတာပဲ။ အန်တီ့ကို ရေးနေတာ။ အခုနမူနာအားဖြင့် ကန်ကြီးထောင့်ကလူကို ဖမ်းပြတယ်။ တော်ပါတော့ မလုပ်ကြပါနဲ့တော့လို့ နှစ်ဖက်စလုံးကို တောင်းပန်ချင်တယ်။ နောက်ထပ်ရွေးကောက်ပွဲပြီးရင် ပိုများလာနိုင်သေးတယ်။ မေ့နေမှာစိုးလို့။ မတ်လ ၃၀ ကျမှ အာဏာလွှဲမှာပါ။ အာဏာမလွှဲသေးဘူး။ ခဏနေကြပါဦး။ လွှဲတာကလည်း တော်ကြာနေ ဘယ်ဘက်လက်နဲ့ ညာဘက်လက်လွှဲတာဆိုရင် ပိုတောင်ခံရဦးမယ်။

၂၀၁၂ နောက်ပိုင်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ နိုင်ငံရေးခြေလှမ်း တွေအပေါ်မှာ ဦးသူရအနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။

သူ့အပေါ် မြင်တဲ့အမြင်က တော့ မပြောင်းလဲပါဘူး။ ဒါပေမဲ့ အန်တီ့အသက်အရွယ်က ကြီးလာ ပြီ။ အသက် (၇၀)ဆိုတာ မြန်မာ့ ဓလေ့ဆိုရင် အမေအိုကြီးပေါ့။ သူ့ကိုဘာလို့ အဲဒီလောက်အပင်ပန်း ခံခိုင်းနေတာလဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ တခြားလူတွေမရှိ ကြတော့ဘူးလား။ သူ့ကို တအား သနားနေတယ်။ ကိုယ်လည်း ဒီ တာဝန်သွားမယူနိုင်တဲ့အတွက် မကျေနပ်ပါဘူး။ အန်တီမှမလုပ် ရင် NLD က တစ်ထောင်ကုန်သောကိုယ်စားလှယ်တွေကို မေးချင် တယ်။ ခင်ဗျားတို့ ခြေတွေ၊ လက် တွေ၊ ပါးစပ်တွေမရှိကြဘူးလား။ တော်ကြာ ရခိုင်ကပြန်တာမကြာ ဘူး။ ဒီမနက် တာချီလိတ်သွားရ ပြန်ပြီ။ ဒီလောက်လုပ်လာတဲ့အခါ မှာ ပင်ပန်းလာရင် အမှားပါနိုင် တယ်။ အချိန်မရွေးကိုယ့်ကိုယ် ကိုယ်ဘယ်လောက် ကျန်းမာ တယ်ပြောပြော ပြဿနာတက် လာနိုင်တယ်။ အဲဒီကျဘယ်လို လုပ်ကြမလဲ။ ကျွန်တော်တို့တိုင်း ပြည်မှာ ဒီမိုကရက်တစ်အိုင်ကွန် က အန်တီတစ်ယောက်တည်းရှိ တယ်။ ဒီတာဝန်ကို လွှဲပြောင်းယူ ဖို့အတွက် တကယ်လို့ တစ် ယောက်တည်းမနိုင်ရင် တွဲယူကြ ပေါ့။ အန်တီ့အားကို တစ်ယောက်တည်းနဲ့ဘယ်နိုင်မလဲ။ သူ့လောက်လည်း နိုင်ငံတကာဖစ်ဂါရှိတဲ့ သူမှမရှိတာ။ အဲဒီလို ဘာလို့မလုပ်နိုင် ကြလဲဆိုတဲ့ မချိတင်ကဲစိတ်နဲ့ ကိုယ့်အမေတစ်ယောက်လိုသ ဘောထားလို့ သူလဲသွားမှာ စိုးရိမ်တယ်။ အန်တီကတော့ သူ့ရဲ့ ခေါင်းမာတဲ့ဆုံးဖြတ်ချက်နဲ့ နိုဝင် ဘာ ၆ ရက်နေ့အထိကို မနားတမ်းအလုပ်လုပ်ဦးမယ်လို့ ထင်တယ်။

ကာကွယ်ရေးဦးစီးချုပ်က ရွေး ကောက်ပွဲကော်မရှင်ရဲ့ အတည် ပြုချက်အတိုင်း ရလဒ်ကိုလက်ခံ မယ်လို့ ပြောတဲ့ သူ့သဘောထား ကို ယုံကြည်နိုင်ပါသလား။

သူပြောတာတကယ်ပဲဖြစ်ပါ လိမ့်မယ်။ ဒါပေမဲ့ တခြားတစ် ဖက်မှာကျတော့ တပ်ကလူတွေ ကို ဟိုတုန်းက သုံးယောက်ပေါင်း လို့ ဆယ်တန်းမအောင်ဘူးလို့ ပြောခဲ့ကြတယ်။ အခု အဲဒီလိုမ ဟုတ်တော့ဘူး။ အဲဒါကို နည်း နည်းလေးသတိပြုဖို့လိုလာပြီ။ ဒီ ဘက်နောက်ပိုင်းမှ သူတို့ဘက်က အများကြီးပြုပြင်သွားခဲ့ပြီ။ ဒီပလို မေစီလည်း နားလည်၊ နိုင်ငံတကာဆက်ဆံရေးလည်း နားလည်၊ Communication လည်း သိပ်ကောင်း။ ဘယ်လိုလူတွေကို ဘယ်လိုပေါင်းရမလဲသိသွားပြီ။ ရွေးကောက်ပွဲလုပ်ဖို့ ခြောက်လလောက်လိုတော့မှ စာနယ်ဇင်းကောင်စီကိုခေါ်ပြီး စကားပြောတာမျိုးတို့၊ အဲဒီလူတွေနဲ့လည်း တည့်အောင် ပေါင်းလိုက်တာပဲ။ စည်းရုံးရေးလည်း နားလည်တယ်။ သူတို့မှာ မမြင်နိုင်တဲ့ မျှော်မှန်းထားပြီးသား လမ်းတွေရှိတယ်။ တပ်မတော်သည် ကိန်းသေဖြစ်တဲ့အတွက် ဘာလာလာဒေါင်းတယ်။ ဒါကြောင့် ကျွန်တော်တို့လက်ခံပါတယ်လို့ ပြောလို့ရတာပေါ့။ သူတို့ကသာမပေါင်းချင်ဘူးဆိုရင် NLD လည်း ခုံမရတော့ဘူး။ USDP လည်းမရနိုင်ဘူး။ အားလုံးထဲမှာ ပြိုင်စရာမလိုဘဲနိုင်နေတာက သူတို့ပဲ။ သူပြောတဲ့စကားထဲမှာလည်း သူတို့လုပ်တာမဟုတ်ဘူး။ ရွေးကောက်ပွဲကော်မရှင်က လက်ခံရင်လို့ သူက စကားခံထားပြီးသား။ ဦးတင်အေးကိုလွှဲထားတာ။ ဦးတင်အေးလည်း Same Boat ပဲ။ ဗိုလ်ချုပ်ကြီးပဲလေ။

အခုရွေးကောက်ပွဲကိုကော ဦးသူရက ဘယ်လိုပြက်လုံးထုတ်ချင် လဲ။

ကျွန်တော်အမှန်တိုင်းပြော ရင် ရွေးကောက်ပွဲအကြောင်း ခေါင်းထဲပြက်လုံးမထွက်ဘူး။ ဘာသွားစိတ်ကူးရလဲဆိုတော့ ကျွန် တော်တို့အရင်တုန်းက နှစ်ကိုယ့် တစ်စိတ်ကကြသလိုပေါ့။ တစ် ခြမ်းက ယောက်ျား၊ တစ်ခြမ်းက မိန်းမပေါ့။ ဒီဘက်ကဖက်လိုက် ဟိုဘက်ကပြန်ဖက်နဲ့ တစ်ယောက်တည်းက လုပ်ပြတော့ လူတွေက ရယ်ကြတာပေါ့။ ဒီရွေးကောက်ပွဲ လည်း နှစ်ကိုယ့်တစ်စိတ်ကတဲ့ ရွေးကောက်ပွဲ။ ဒီဘက်တစ်ခြမ်း က ၂၅ ရာခိုင်နှုန်းသေချာနေတဲ့ တပ်မတော်နဲ့ ဒီဘက်ခြမ်းက အစိမ်းရောင်ကြံ့ဖွံ့နဲ့ နှစ်ကိုယ့် တစ်စိတ်ပေါင်း ကနေတာပေါ့။
On
Fri, 2015-10-23 06:30
Issue No.
No.895 Friday, October 23, 2015
ကျေးဇူးတင်ပါတယ်။

ဇာဂနာ(ခ) ဦးသူရကို ၄င်း၏ Home ရုံးခန်းတွင်တွေ့ရစဉ်
ဓာတ်ပုံ-အေးသူစံ

No comments:

Post a Comment