Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 14, 2015

ဦးသိန်းစိန်ရဲ့ အကြံပေး၊ ဦးနေဇင်လတ်ရဲ့ အမျိုးသားတိုးတက်ရေးပါတီရဲ့ လာရာ၊လားရာ


၂၀၁၃ ခုနှစ် ထီလာအရေးအခင်းတွေ အပြီးမှာ အမေရိကန်မှာနေထိုင်တဲ့ ဆရာတော် ဦးရာဝိက က ကြံ့ခိုင်ရေးအရေခွံကိုလဲဖို့ အမျိုးသားရေးပါတီတခုပေါ်လာတော့မယ်လို့ ပြောခဲ့ပါတယ်။
ပညာရှိများ တွေးကြည့်ရင်ပြေးကြည့်တာထက် မှန်တယ်ဆိုတဲ့အတိုင်း ၂ နှစ်အကြာမှာ ဦးသိန်းစိန်ရဲ့ အကြံပေး၊ ဦးနေဇင်လတ်ရဲ့ အမျိုးသားတိုးတက်ရေးပါတီပေါ်လာပါတယ်။ ဦးရာဝိကရဲ့ အဆိုကို အားဖြည့်သွားတာက မဘသအဖွဲ့ဦးစီးတဲ့ သုဝဏပွဲမှာ တပါတီလုံးတက်ပြီး ထောက်ခံလိုက်တယ်လို့ ဦးနေဇင်လတ်ကိုယ်တိုင် ပြောသွားတာပါပဲ။

ထီလာအရေးအခင်းတွေ အပြီးမှာပဲ ကျွန်မအိမ်ကို ဒေါ်ယုယုခိုင်ရောက်လာပါတယ်။ မိတ်ဖြစ်ဆွေဖြစ်လာလည်တယ်လို့ပဲ ထင်ခဲ့တာပါ။ ဒေါ်စုကို Landslide မနိုင်စေချင်ဘူးလို့ ပြောသွားပါတယ်။ ဖွဘုတ်ပေါ်မှာ စာရေးကောင်းတဲ့သူတွေ၊ နာမည်ကြီး၊ လူကြိုက်များတဲ့လူငယ်တွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ သိမ်းသွင်းယူကြတယ်ဆိုတာကိုလည်း နောက်ပိုင်းသိလာပါတယ်။ ဒေါ်ယုယုခိုင်ဟာ အမျိုးသားတိုးတက်ရေးပါတီ အမတ်လောင်းအဖြစ်နဲ့ ကော့မှူးမှာ ဒေါ်စုနဲ့ ယှဉ်ပြိုင်ရာမှာ မဲ ၅၀၀ ကျော်သာရရှိပြီး ရှူံးနိမ့်ခဲ့ပါတယ်။

ဒီပါတီရဲ့ လာရာလမ်းကြောင်းကို ကြည့်ရင် ၂၀၁၂ ၀န်းကျင်မှာပဲ သတင်းစာမှာ နိုင်ငံရေးသင်တန်းတခုကြော်ငြာကို တွေ့ပါတယ်။ ဆရာကြီး ဦးမြင့်အပါအ၀င် အငြိမ်းစား သံအမတ်ကြီးတွေ၊ အရာရှိဟောင်းကြီးတွေကိုယ်တိုင် နိုင်ငံခြားဆက်ဆံရေးကအစ သင်ပေးမယ်၊ သင်တန်းကာလ ၃ လဖြစ်ပြီး အခမဲ့တက်ရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံရေးပါတီဝင် အတော်များများနဲ့ စိတ်ဝင်စားသူတွေ တက်ရောက်ကြပါတယ်။ ဒီသင်တန်းဟာ ဦးနေဇင်လတ်ဦးစီးတယ်ဆိုတာကိုတော့ ၂၀၁၄ လောက်ရောက်မှပဲ ထောင်ကျော်မွေးထုတ်ပြီးပြီလို့ ကိုယ်တိုင်ရေးသားချက်အရ သိရပါတယ်။

သင်တန်းကြော်ငြာမှာ Cambridge က ကျောင်းတကျောင်းရဲ့ အသိအမှတ်ပြု ဆိုတဲ့ စာသားပါဝင်နေတဲ့အတွက် နိုင်ငံရပ်ခြားနေ သိနားလည်သူတွေက ဒါဟာ အတုကြီးဖြစ်ကြောင်း ထောက်ပြကြပါတယ်။ ငွေပေးရင် ဒေါက်တာဘွဲ့တောင် ရနိုင်တဲ့ အင်တာနက်ခေတ်မှာ Cambridge က ပေါပေါပဲပဲ ကျောင်းတကျောင်းလို့ ထင်ခဲ့မိပါတယ်။ မဟုတ်ပါဘူး။ အမေရိကန်မှာ နေထိုင်တဲ့ ကိုမင်းမြတ်မောင်ရဲ့ ရှာဖွေဖော်ထုတ်မှုကြောင့် ရန်ကုန်မြို့၊ အောင်ဆန်းကွင်းလိပ်စာနဲ့ မလေးရှားကုမ္မဏီတခုက လုပ်ပေးထားတဲ့ Cambridge နာမည်ခံထားတဲ့ website အတုဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ website မှာ အင်္ဂလန်ဘုရင်မရဲ့ လက်နက်တိုက်ဓါတ်ပုံကို ကျောင်းအဖြစ်နဲ့ သုံးထားတာဖြစ်ပါတယ်။

ဒီကျောင်းကထွက်တဲ့ နိုင်ငံရေးသင်တန်းဆင်းတွေနဲ့ ပါတီစတင်ဖွဲ့စည်းတဲ့အခါ ဦးနေဇင်လတ်က နာယကအဖြစ်ပါဝင်မယ်လို့ ကြေငြာခဲ့ပါတယ်။ ဥက္ကဌအဖြစ် ပထမပိုင်းမှာ ဦးသိန်းစိန်ကို မှန်းထားပုံရပါတယ်။ လော်ဘီတယောက်က အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ၁၀ % ၊ ကြံ့ခိုင်ရေးပါတီအနေနဲ့ ၁၆ %၊ တပ်မတော်သား ၂၅ % ပေါင်းလိုက်ရင် အစိုးရဖွဲ့လို့ရပြီလို့ ရေးသားခဲ့ပါတယ်။ အခုမှစပြီးထောင်တဲ့ ပါတီတခုအတွက် ၁၀% ဆိုတာ ရည်မှန်းချက်မြင့်လွန်းရာရောက်ပါတယ်။ ဒါကို ဆွဲတင်နိုင်တဲ့ ပြယုဒ်က ဦးသိန်းစိန်ကလွဲလို့ တခြားမရှိပါဘူး။

ကံမကောင်းအကြောင်းမလှစွာပဲ ကြံ့ခိုင်ရေးပါတီမှာ ဟိုးလေးတကြော်အာဏာလုပွဲဖြစ်ပါတယ်။ ဦးသိန်းစိန်ကို ဥက္ကဌ ပြန်တင်ပြီး ဦးရွှေမန်းကို ဖြုတ်ချခဲ့ပါတယ်။ ကြံ့ခိုင်ရေးရဲ့ ပိုင်ဆိုင်မှုကလည်း နည်းမှမနည်းတာကိုး။ ငါးစိမ်းပြန်ရသွားလို့ ငါးကင် အပစ်ခံလိုက်ရတဲ့ အမျိုးသားတိုးတက်ရေးပါတီမှာ ဦးနေဇင်လတ်က ဥက္ကဌဖြစ်လာပါတယ်။

ပါတီရဲ့ ကြွေးကြော်သံက အာဏာသည်ပါတီဧ။် ပန်းတိုင်မဖြစ်စေရ။ မျိုးဆက်သစ်လူငယ်များဧ။် အနာဂတ်သည်သာ ပါတီဧ။်ပန်းတိုင်ဖြစ်စေရမည် လို့ ဆိုပါတယ်။
အာဏာအတွက်မှမဟုတ်ရင် နိုင်ငံရေးပါတီထောင်စရာမလိုပါဘူး။ ဆေးကျောင်းသားတယောက်ရဲ့ ရည်မှန်းချက်က ဆရာဝန်ဘွဲ့ရရေးဖြစ်သလိုပဲ နိုင်ငံရေးပါတီဆိုတာ အစိုးရဖြစ်ဖို့၊ အာဏာရဖို့ပါပဲ။ လူငယ်တွေအတွက်ဆိုရင် ပရဟိတဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေ ထောင်နေလည်း ဖြစ်တာပါပဲ။
နားထောင်လို့ကောင်းပေမဲ့ ယုတ္တိမရှိပါ။

အင်ဒိုနီးရှားနမူနာကိုကြည့်ရင် အကူးအပြောင်းမှာ အမျိုးသားရေးပါတီတွေ၊ အစွန်းရောက်ပါတီတွေ အားကောင်းခဲ့ပေမဲ့ အချိန်ကြာလို့ လူထုရဲ့ နိုင်ငံရေးရေချိန်တက်လာတာနဲ့အမျှ ဘာသာရေးနဲ့ နိုင်ငံရေး ခွဲခြားထားတဲ့ လမ်းကြောင်းကိုပဲ ပြည်သူတွေကိုယ်တိုင် ရွေးချယ်လာကြတာကို တွေ့ရပါတယ်။ ဘာသာရေးနဲ့အုပ်ချုပ်တဲ့ နိုင်ငံတွေ မထွန်းကားဘူးဆိုတာ အီရန်၊ သီရိလင်္ကာတို့ကိုကြည့်ရင် သိနိုင်ပါတယ်။
လတ်တလော ရွေးကောက်ပွဲရလဒ်ကိုကြည့်ရင်လည်း မြန်မာပြည်မှာ ဘာသာရေးနဲ့ သွေးထိုးမဲဆွယ်မှုဟာ ထင်သလောက်မပေါက်ဘူးဆိုတာ တွေ့ရပါတယ်။

ပညာတတ်တွေ၊ နိုင်ငံရေးသင်တန်းဆင်းတွေနဲ့ ဖွဲ့စည်းထားပါတယ်ဆိုတဲ့ အမျိုးသားတိုးတက်ရေးပါတီဟာ ဒီအချက်တွေကို မသိဘူးဆိုရင် ရှက်စရာကောင်းပါတယ်။ သိသိကြီးနဲ့ မဲရအောင်၊ နားမလည်တဲ့သူတွေကြိုက်အောင်ပြောတာဆိုရင်လည်း ရှက်စရာကောင်းတာပါပဲ။

၂၀၁၀ မတိုင်ခင်ကလို မဟုတ်ပဲ နိုင်ငံရေးကို Professional လုပ်ဖို့ စိတ်ဝင်စားလာတဲ့လူငယ်တွေ၊ ငါတို့လည်း ဒီနိုင်ငံမှာ သမ္မတဖြစ်နိုင်တယ်လို့ မျှော်လင့်ချက်ပေါ်လာတဲ့ လူငယ်တွေအနေနဲ့ ပါတီတခုကို ရွေးချယ်ရာမှာ အိမ်ထောင်ဖက်ရွေးတာထက်ပိုပြီး သတိကြီးကြီးထားဖို့ လိုအပ်ပါတယ်။

ပါတီတခုရဲ့ လာရာ၊ လားရာကို သေသေချာချာ မသိပဲ ယုံမှတ်လို့ ပုံအပ်မိရင် ကိုယ့်ရဲ့ နိုင်ငံရေးအနာဂတ်တခုလုံးကို ကိုယ့်ဘာသာ အသေသတ်မိတတ်ပါတယ်။
ချင့်ချိန်ဖို့ပါ။
Thanda Win

No comments:

Post a Comment