Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 12, 2015

ထရမ့္ပ္သည္ အေမရိကန္ သမၼတ ျဖစ္လာႏိုင္ဖြယ္ မရွိဟု အိုဘားမား မွတ္ခ်က္ျပဳ

ဘီလ်ံနာ သူေဌးႀကီး ေဒၚနယ္လ္ ထရမ့္ပ္ အေနျဖင့္ မိမိ၏ အေမရိကန္ သမၼတ ရာထူးကို ဆက္ခံႏုိင္လိမ့္မည္ဟု အေၾကာင္းမျမင္ေၾကာင္း ဘာရတ္ အိုဘားမားက မွတ္ခ်က္ျပဳ ေျပာၾကားလုိက္သည္။


ဒီမိုကရက္ ပါတီမွ ေရြးေကာက္ခံရၿပီး သမၼတ ျဖစ္လာသည့္ အိုဘားမားက ၿပိဳင္ဘက္ ရီပတ္ဘလစ္ကန္ ပါတီ၏ ေရြးေကာက္ပြဲဝင္ သမၼတေလာင္း ရာထူးအတြက္ ေရပန္းစားေနသည့္ ထရမ့္ပ္သည္ အိမ္ျဖဴေတာ္သို႔ ေရာက္လာႏုိင္ေျခ မရွိဟု ႐ႈျမင္ေနသည္။ ထရမ့္ပ္သည္ ယခင္က အိုဘားမားအေပၚ ေဝဖန္တိုက္ခိုက္မႈမ်ား ရွိခဲ့ဖူးၿပီး ေရြးေကာက္ပြဲႀကိဳကာလ ပါတီ၏ သမၼတေလာင္းျဖစ္ေရး ယွဥ္ၿပိဳင္ေနမႈတြင္လည္း အျငင္းပြားစရာ စကားမ်ားစြာ ေျပာဆိုခဲ့သူ ျဖစ္သည္။

ထရမ့္ပ္၏ အျငင္းပြားဖြယ္ ေျပာဆိုမႈမ်ားတြင္ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထုိင္မႈမ်ားကို တားဆီးေရးႏွင့္ ပတ္သက္သည့္ စိတ္ကူး တစ္ခုလည္း အပါအဝင္ ျဖစ္သည္။ ၎က မိမိ သမၼတ ျဖစ္လာလွ်င္ အေမရိကန္ႏွင့္ မကၠဆီကို ႏုိင္ငံၾကား နယ္နိမိတ္တေလွ်ာက္ တံတိုင္းခတ္ရန္ႏွင့္ အေမရိကန္ ပိုင္နက္ထဲ ေရာက္ရွိေနၿပီျဖစ္သည့္ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူ ၁၁ သန္းကို နယ္ႏွင္ရန္ လုပ္ေဆာင္သြားမည္ဟု ေျပာၾကားခဲ့သည္။

မည္သို႔ပင္ျဖစ္ေစ ထရမ့္ပ္သည္ လူအေတာ္မ်ားမ်ား ပါဝင္ယွဥ္ၿပိဳင္သည့္ ရီပတ္ဘလစ္ကန္ သမၼတေလာင္း ေနရာအတြက္ ေရပန္းအစားဆံုးအျဖစ္ ရပ္တည္ေနေၾကာင္း မၾကာေသးမီက ေကာက္ခံသည့္ စစ္တမ္းမ်ား၌ ေဖာ္ထုတ္ ေတြ႕ရွိရသည္။ CBS၏ 60 Minutes ႐ုပ္ျမင္သံၾကား အစီအစဥ္တြင္ အိုဘားမားက အိမ္ၿခံေျမ လုပ္ငန္းရွင္ ဘီလီယံနာ သူေဌးႀကီး ထရမ့္ပ္သည္ မိမိ၏ ေနရာကို ဆက္ခံႏုိင္လိမ့္မည္ဟု မယံုၾကည္ေၾကာင္း မွတ္ခ်က္ေပးသြားသည္။

“ရီပတ္ဘလစ္ကန္ ပါတီက ဘယ္အရာကို ဆန္႔က်င္ရမယ္၊ ဘယ္အရာကို အတိုက္အခံ ျပဳရမယ္ ဆိုတာကို ခုိင္ခုိင္မာမာ ေရြးမထုတ္ႏုိင္ေသးတဲ့ ကာလမ်ိဳးမွာ သူက လူေတြ အာ႐ံုစိုက္လာေအာင္ အေကာင္းဆံုး လုပ္ျပႏုိင္ခဲ့သူပါ။ ခင္ဗ်ားတို႔ သိလား။ သူက ေခတ္ေဟာင္းက ႐ုပ္ျမင္သံၾကား အစီအစဥ္မွဴး တစ္ေယာက္လုိပါပဲ။ မဲဆြယ္လႈပ္ရွားမႈ အေစာပိုင္း အဆင့္မွာ သူ႔ကို လူေတြ ေတာ္ေတာ္မ်ားမ်ား အာ႐ံုစိုက္ေနၾကတာကို မအံ့ဩပါဘူး”ဟု အိုဘားမားက ဆိုသည္။

ေရြးေကာက္ပြဲႀကိဳ လႈပ္ရွားမႈမ်ား အရွိန္ေကာင္းလာခ်ိန္တြင္ ထရမ့္ပ္အေနျဖင့္ တိမ္ျမဳပ္သြားႏုိင္ဖြယ္ ရွိ၊ မရွိ ေမးျမန္းသည့္အခါ အိုဘားမားက “ဒါကေတာ့ ေလ့လာသူေတြ ေကာက္ခ်က္ခ်ဖို႔ပဲ ကၽြန္ေတာ္ ခ်န္ထားလိုက္ပါမယ္။ ဒါေပမဲ့ သူဟာ အဆံုးသတ္မွာ အေမရိကန္ ျပည္ေထာင္စုရဲ႕ သမၼတ ျဖစ္လာမယ္လုိ႔ေတာ့ ကၽြန္ေတာ္ မထင္ဘူး”ဟု ေျဖၾကားခဲ့သည္။

 အိုဘားမားက ၎၏ ဒီမိုကရက္တစ္ပါတီဘက္မွ ယွဥ္ၿပိဳင္မည့္ သမၼတေလာင္းမ်ားႏွင့္ ပတ္သက္၍လည္း မွတ္ခ်က္စကားမ်ား ေျပာဆိုခဲ့ေသးသည္။ အိုဘားမား၏ သမၼတသက္တမ္း ပထမ ေလးႏွစ္တြင္ ႏုိင္ငံျခားေရး ဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးသည့္ ဟီလာရီ ကလင္တန္သည္ ကိုယ္ပိုင္အီးေမးလ္ ဆာဗာကို အသံုးျပဳခဲ့သည့္အတြက္ ႏုိင္ငံေတာ္ လံုၿခံဳေရးကို ထိပါးေစေၾကာင္း စြပ္စြဲမႈမ်ားႏွင့္ ရင္ဆိုင္ေနရသူ ျဖစ္သည္။

အိုဘားမားက “သူက အမွားတစ္ခု လုပ္မိခဲ့တယ္။ ဒါကိုလည္း သူကိုယ္တုိင္ သေဘာေပါက္ထားပါၿပီ။ ႏုိင္ငံေရးမွာ ဒါကို အထပ္ထပ္ ေထာက္ျပၿပီး အသံုးခ်တာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး”ဟု ဆိုသည္။ ၎က လက္ရွိ ဒုတိယ သမၼတ ဂ်ိဳးဘုိင္ဒန္ႏွင့္ ပတ္သက္၍လည္း ခ်ီးက်ဴးစကား ေျပာခဲ့သည္။ “သူက အေမရိကန္ သမိုင္းမွာ အေကာင္းဆံုး ဒုတိယ သမၼတတစ္ေယာက္ ျဖစ္ပါလိမ့္မယ္။ အစည္းအေဝးတိုင္းမွာ သမၼတ ေဘးနားမွာထိုင္ၿပီး ကိစၥေပါင္းစံုနဲ႔ လံုးေထြး အလုပ္မ်ားေနေပမယ့္ အားလံုးၿပီးသြားရင္ ဘုိင္ဒန္ဟာ သူလုပ္ခဲ့သမွ်ဟာ သိပ္ေကာင္းတယ္ ဆိုတာကို ေတြးၿပီး ေက်နပ္ေနႏိုင္မယ္ဆုိတာ ေသခ်ာတယ္”ဟု အိုဘားမားက မွတ္ခ်က္ျပဳခဲ့သည္။

 အေမရိကန္၏ ဖြဲ႕စည္းပံုအရ သမၼတသက္တမ္း ႏွစ္ႀကိမ္ဆက္ ထမ္းေဆာင္ၿပီးျဖစ္သည့္ အိုဘားမားသည္ ေရြးေကာက္ပြဲတြင္ ပါဝင္ခြင့္ မရွိေတာ့ေခ်။ အကယ္၍ ဖြဲ႕စည္းပံုကသာ ခြင့္ျပဳလွ်င္ တတိယသက္တမ္းအတြက္ ပါဝင္ ယွဥ္ၿပိဳင္လိုျခင္း ရွိမရွိ ေမးျမန္းရာ အိုဘားမားက “ဆႏၵရွိပါတယ္”ဟု ႐ိုး႐ိုးရွင္းရွင္းပင္ ဝန္ခံခဲ့သည္။

၎က အိမ္ျဖဴေတာ္တြင္ ဆက္ရွိေနမည့္ လက္က်န္ ၁၅ လစာ သက္တမ္းႏွင့္ ပတ္သက္၍ ခ်ိဳၿမိန္ျခင္းႏွင့္ ခါးသီးျခင္းတို႔ကို ေရာႁပြမ္းခံစားေနမိေၾကာင္းလည္း ဆိုသည္။ “အေမရိကန္ ျပည္ေထာင္စုရဲ႕ သမၼတအျဖစ္ေတာ့ ကၽြန္ေတာ္ အၿမဲတမ္း တာဝန္ယူခ်င္တာေပါ့။ တစ္ဖက္က ျပန္ၾကည့္ရင္လည္း ကၽြန္ေတာ့္ သမၼတ သက္တမ္းမွာ ၿပီးေျမာက္ ေအာင္ျမင္ခဲ့တဲ့ အရာေတြအတြက္ အၿမဲတမ္း ဂုဏ္ယူေနမွာပါ။ ဒါေပမဲ့လည္း အဆံုးမွာေတာ့ ကၽြန္ေတာ္ ထြက္သြားရမယ့္ အခ်ိန္က ေရာက္လာမွာပဲေလ”ဟု အိုဘားမားက ေျပာၾကားသြားသည္။

_Ref: Reuters
........................
ထရမ့်ပ်သည် အမေရိကန် သမ္မတ ဖြစ်လာနိုင်ဖွယ် မရှိဟု အိုဘားမား မှတ်ချက်ပြု

On  Mon, 2015-10-12 17:37Issue No.No.884 Monday, October 12, 2015

ဘီလျံနာ သူဌေးကြီး ဒေါ်နယ်လ် ထရမ့်ပ် အနေဖြင့် မိမိ၏ အမေရိကန် သမ္မတ ရာထူးကို ဆက်ခံနိုင်လိမ့်မည်ဟု အကြောင်းမမြင်ကြောင်း ဘာရတ် အိုဘားမားက မှတ်ချက်ပြု ပြောကြားလိုက်သည်။


ဒီမိုကရက် ပါတီမှ ရွေးကောက်ခံရပြီး သမ္မတ ဖြစ်လာသည့် အိုဘားမားက ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီ၏ ရွေးကောက်ပွဲဝင် သမ္မတလောင်း ရာထူးအတွက် ရေပန်းစားနေသည့် ထရမ့်ပ်သည် အိမ်ဖြူတော်သို့ ရောက်လာနိုင်ခြေ မရှိဟု ရှုမြင်နေသည်။ ထရမ့်ပ်သည် ယခင်က အိုဘားမားအပေါ် ဝေဖန်တိုက်ခိုက်မှုများ ရှိခဲ့ဖူးပြီး ရွေးကောက်ပွဲကြိုကာလ ပါတီ၏ သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေမှုတွင်လည်း အငြင်းပွားစရာ စကားများစွာ ပြောဆိုခဲ့သူ ဖြစ်သည်။

ထရမ့်ပ်၏ အငြင်းပွားဖွယ် ပြောဆိုမှုများတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများကို တားဆီးရေးနှင့် ပတ်သက်သည့် စိတ်ကူး တစ်ခုလည်း အပါအဝင် ဖြစ်သည်။ ၎င်းက မိမိ သမ္မတ ဖြစ်လာလျှင် အမေရိကန်နှင့် မက္ကဆီကို နိုင်ငံကြား နယ်နိမိတ်တလျှောက် တံတိုင်းခတ်ရန်နှင့် အမေရိကန် ပိုင်နက်ထဲ ရောက်ရှိနေပြီဖြစ်သည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၁ သန်းကို နယ်နှင်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ထရမ့်ပ်သည် လူအတော်များများ ပါဝင်ယှဉ်ပြိုင်သည့် ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာအတွက် ရေပန်းအစားဆုံးအဖြစ် ရပ်တည်နေကြောင်း မကြာသေးမီက ကောက်ခံသည့် စစ်တမ်းများ၌ ဖော်ထုတ် တွေ့ရှိရသည်။ CBS၏ 60 Minutes ရုပ်မြင်သံကြား အစီအစဉ်တွင် အိုဘားမားက အိမ်ခြံမြေ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး ထရမ့်ပ်သည် မိမိ၏ နေရာကို ဆက်ခံနိုင်လိမ့်မည်ဟု မယုံကြည်ကြောင်း မှတ်ချက်ပေးသွားသည်။

“ရီပတ်ဘလစ်ကန် ပါတီက ဘယ်အရာကို ဆန့်ကျင်ရမယ်၊ ဘယ်အရာကို အတိုက်အခံ ပြုရမယ် ဆိုတာကို ခိုင်ခိုင်မာမာ ရွေးမထုတ်နိုင်သေးတဲ့ ကာလမျိုးမှာ သူက လူတွေ အာရုံစိုက်လာအောင် အကောင်းဆုံး လုပ်ပြနိုင်ခဲ့သူပါ။ ခင်ဗျားတို့ သိလား။ သူက ခေတ်ဟောင်းက ရုပ်မြင်သံကြား အစီအစဉ်မှူး တစ်ယောက်လိုပါပဲ။ မဲဆွယ်လှုပ်ရှားမှု အစောပိုင်း အဆင့်မှာ သူ့ကို လူတွေ တော်တော်များများ အာရုံစိုက်နေကြတာကို မအံ့ဩပါဘူး”ဟု အိုဘားမားက ဆိုသည်။

ရွေးကောက်ပွဲကြို လှုပ်ရှားမှုများ အရှိန်ကောင်းလာချိန်တွင် ထရမ့်ပ်အနေဖြင့် တိမ်မြုပ်သွားနိုင်ဖွယ် ရှိ၊ မရှိ မေးမြန်းသည့်အခါ အိုဘားမားက “ဒါကတော့ လေ့လာသူတွေ ကောက်ချက်ချဖို့ပဲ ကျွန်တော် ချန်ထားလိုက်ပါမယ်။ ဒါပေမဲ့ သူဟာ အဆုံးသတ်မှာ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ ဖြစ်လာမယ်လို့တော့ ကျွန်တော် မထင်ဘူး”ဟု ဖြေကြားခဲ့သည်။

 အိုဘားမားက ၎င်း၏ ဒီမိုကရက်တစ်ပါတီဘက်မှ ယှဉ်ပြိုင်မည့် သမ္မတလောင်းများနှင့် ပတ်သက်၍လည်း မှတ်ချက်စကားများ ပြောဆိုခဲ့သေးသည်။ အိုဘားမား၏ သမ္မတသက်တမ်း ပထမ လေးနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည့် ဟီလာရီ ကလင်တန်သည် ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အသုံးပြုခဲ့သည့်အတွက် နိုင်ငံတော် လုံခြုံရေးကို ထိပါးစေကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသူ ဖြစ်သည်။

အိုဘားမားက “သူက အမှားတစ်ခု လုပ်မိခဲ့တယ်။ ဒါကိုလည်း သူကိုယ်တိုင် သဘောပေါက်ထားပါပြီ။ နိုင်ငံရေးမှာ ဒါကို အထပ်ထပ် ထောက်ပြပြီး အသုံးချတာမျိုးတော့ မဖြစ်သင့်ပါဘူး”ဟု ဆိုသည်။ ၎င်းက လက်ရှိ ဒုတိယ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ပတ်သက်၍လည်း ချီးကျူးစကား ပြောခဲ့သည်။ “သူက အမေရိကန် သမိုင်းမှာ အကောင်းဆုံး ဒုတိယ သမ္မတတစ်ယောက် ဖြစ်ပါလိမ့်မယ်။ အစည်းအဝေးတိုင်းမှာ သမ္မတ ဘေးနားမှာထိုင်ပြီး ကိစ္စပေါင်းစုံနဲ့ လုံးထွေး အလုပ်များနေပေမယ့် အားလုံးပြီးသွားရင် ဘိုင်ဒန်ဟာ သူလုပ်ခဲ့သမျှဟာ သိပ်ကောင်းတယ် ဆိုတာကို တွေးပြီး ကျေနပ်နေနိုင်မယ်ဆိုတာ သေချာတယ်”ဟု အိုဘားမားက မှတ်ချက်ပြုခဲ့သည်။

 အမေရိကန်၏ ဖွဲ့စည်းပုံအရ သမ္မတသက်တမ်း နှစ်ကြိမ်ဆက် ထမ်းဆောင်ပြီးဖြစ်သည့် အိုဘားမားသည် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရှိတော့ချေ။ အကယ်၍ ဖွဲ့စည်းပုံကသာ ခွင့်ပြုလျှင် တတိယသက်တမ်းအတွက် ပါဝင် ယှဉ်ပြိုင်လိုခြင်း ရှိမရှိ မေးမြန်းရာ အိုဘားမားက “ဆန္ဒရှိပါတယ်”ဟု ရိုးရိုးရှင်းရှင်းပင် ဝန်ခံခဲ့သည်။

၎င်းက အိမ်ဖြူတော်တွင် ဆက်ရှိနေမည့် လက်ကျန် ၁၅ လစာ သက်တမ်းနှင့် ပတ်သက်၍ ချိုမြိန်ခြင်းနှင့် ခါးသီးခြင်းတို့ကို ရောပြွမ်းခံစားနေမိကြောင်းလည်း ဆိုသည်။ “အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတအဖြစ်တော့ ကျွန်တော် အမြဲတမ်း တာဝန်ယူချင်တာပေါ့။ တစ်ဖက်က ပြန်ကြည့်ရင်လည်း ကျွန်တော့် သမ္မတ သက်တမ်းမှာ ပြီးမြောက် အောင်မြင်ခဲ့တဲ့ အရာတွေအတွက် အမြဲတမ်း ဂုဏ်ယူနေမှာပါ။ ဒါပေမဲ့လည်း အဆုံးမှာတော့ ကျွန်တော် ထွက်သွားရမယ့် အချိန်က ရောက်လာမှာပဲလေ”ဟု အိုဘားမားက ပြောကြားသွားသည်။

_Ref: Reuters
http://7daydaily.com/story/48482

No comments:

Post a Comment