Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 12, 2015

စီးပွားရေးတစ်ဖက် သီချင်းတွေတစ်ဖက်နဲ့ ဘ၀ကို ယုံကြည်ချက်နှစ်ခုနဲ့လျှောက်လှမ်းနေတဲ့ နေ၀င်း (Snare)




ဖြတ်သန်းလာတဲ့ ဂီတသက်တမ်း ၁၅ နှစ်ထဲမှာ ၂၀၁၀ မှ စပြီး သူတို့ရဲ့ကြိုးစားမှုတွေအရာထင်လာသလို ပရိသတ်နဲ့လွန်စွာမှ အပေးအယူတည့်လှတဲ့ Rapper က တော့ နေ၀င်းပဲဖြစ်ပါတယ်။ တစ်ဖက်ကလဲ သီချင်း၊ တစ်ဖက်ကလဲ OMG ဆိုတဲ့ အောင်မြင်နေတဲ့ ဖက်ရှင်ဆိုင်ကို အစပြုထားပြီးဖြစ်ပြီး သူရှေ့ဆက်လျှောက်မဲ့ ဂီတလမ်းကြောင်းနဲ့ ဆက်စပ်နေတဲ့ OMG ဆိုတဲ့ ဖက်ရှင်ဆိုင်အကြောင်းကို ပြောဆိုမေးမြန်းဖြစ်တဲ့အခါ
-အရင်ဦးဆုံး လှည်းတန်းစင်တာမှာ OMG ဆိုင်ခွဲအသစ် ထပ်ဖွင့်ဖြစ်ပုံလေးကို ပြောပြပေးပါဦး။
ကျွန်တော် ဒီဆိုင်လေးကို စဖွင့်ဖြစ်တာက ရှင်းရှင်းပြောရရင် ဆိုင်ခွဲဖွင့်ချင်နေတာကကြာပြီ။ နေရာကောင်းကလဲ မတွေ့တော့ ရှာနေရင်းနဲ့ပဲ အခုလှည်းတန်းစင်တာကိုတွေ့တော့ ဒီနေရာကိုလဲကြိုက်တယ်။ ဒီနေရာဟာ လူငယ်တွေအများဆုံး ရှိတဲ့နေရာထဲမှာလဲ ပါဝင်တယ်။ ဒီနေရာက လူတွေ ကျွန်တော်တို့ဆီလာမယ်ဆိုရင် Traffic နဲ့ဆိုတော့ လာရတာ နည်းနည်းလဲခက်တယ်။ အဲ့ဒါနဲ့လူငယ်တွေ လာဝယ်ရလဲ အဆင်ပြေအောင် ဒီစင်တာမှာ ဆိုင်ခွဲအနေနဲ့စဖွင့်ဖြစ်တာပါ။ ဒီဆိုင်လေး စဖွင့်ဖို့ကို တော်တော်လေးလဲ အရှိန်ယူရတယ်။ ၃လပိုင်းကတည်းက စဖွင့်မယ်။ ဖွင့်မယ်နဲ့ စင်တာကလဲ မဖွင့်တော့ ရက်ရွှေ့ရင်းရွှေ့ရင်းနဲ့ ဒီလကျမှ လှည်းတန်းစင်တာ ဖွင့်ပွဲနဲ့တစ်ခါတည်း Official ဖွင့်ဖြစ်သွားတာပေါ့။
-လက်ရှိ ဂီတပိုင်းမှာရော ဘယ်လို ဆက် Run ဖြစ်နေလဲ။
၁၀လပိုင်းကျရင် Snare ရဲ့ One Man Show DVD ထွက်ဖို့ရှိတယ်။ ပြီးရင် အဲ့ဒီထဲမှာ သီချင်းအသစ်၎ပုဒ်ကို အမ်တီဗီရိုက်ပြီး ထည့်ပေးထားတယ်။ အဲ့ဒီခွေထွက်ပြီး ၂လလောက်အကြာမှာတော့ Snare တတိယအခွေ ထွက်ပါမယ်။
-နောက်တက်တဲ့ ဟစ်ဟော့လမ်းကြောင်းပေါ်က ဂီတမျိုးဆက်သစ်လူငယ်တွေအပေါ် အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။
ကျွန်တော့အမြင်ပြောရရင် နောက်တက်လူငယ်တွေကစောက်ရမ်း Fresh ဖြစ်တယ်လို့ပြောရမလိုပါပဲ။ လူငယ်ပီသတယ်။ မိုက်တယ်။ ကျွန်တော်ကတော့ တကယ်မိုက်တဲ့ ကောင်တွေကို တော့ Welcome ပဲ။ မိုက်ချင်ယောင်ဆောင်တဲ့ကောင်တွေ ကိုတော့ ကျွန်တော် ကတော့ No ပဲ။ ကျွန်တော်အသစ်နဲ့တွဲဆိုတယ်ဆိုတာက ကျွန်တော်တို့တုန်းကလဲဗျာ ဘယ်သူမှတော့တွဲမဆိုဘူး။ ကျွန်တော်တို့အလှည့်ကျတော့လဲ ကျွန်တော်တို့က တွဲဆိုပါတယ်။ ဒါပေမဲ့ လူတိုင်းနဲ့တော့ တွဲမဆိုပါဘူး။ ကျွန်တော်တို့နဲ့ခင်တဲ့ တကယ်ညီလိုအစ်ကိုလိုခင်တဲ့ သူတွေနဲ့ပဲကျွန်တော်တို့တွဲဆိုပါတယ်။
-ဖြတ်သန်းလာခဲ့တဲ့ ဂီတသက်တမ်းအနေနဲ့ကရော။
၁၅ နှစ်ရှိပါပြီ။
-၁၅ ရှိပြီဆိုပေမဲ့ အခုနောက်ပိုင်းမှာမှ ပိုပြီး အောင်မြင်လာတယ်။ ပိုပြီးလူသိလာတယ့် အပိုင်းလေးကိုလဲသိချင်ပါတယ်။
ကျွန်တော်တို့ ၂၀၀၀ ခုနှစ်လောက်ကတည်းက သီချင်းလုပ်ခဲ့တာ ၂၀၁၀ မှ First Album ထွက်နိုင်ပါတယ်။ Underground မှာ ၁၀ နှစ်လောက်ကြာပါတယ်။ ပြီးတော့မှ အခု ၂၀၁၀ နောက်ပိုင်းမှာ ဆက်လျှောက်တဲ့ ဂီတလမ်းက ပိုပြီးအဆင်ပြေလာတယ်။ ချောမွေ့လာတယ်။ ကျွန်တော်တို့ဖောက်ချင်တဲ့လမ်းတွေဖောက်ချလိုက်ရင် အကုန်ပွင့်ထွက်သွားပါတယ်။
-အခုလက်ရှိမှာ နယ်ရှိုးတွေရော လက်ခံထားတာရှိဦးမလား။
နယ်ရှိုးတွေတော့ရှိပါတယ်။ ကျွန်တော်တို့ကိုယ်ပိုင်ရှိုးတွေလဲ အများကြီးရှိပါတယ်။ ကျွန်တော်တို့ Frenzo Production အနေနဲ့ရှိုးတွေလဲရှိပါတယ်။ နောက် ဘိုဘိုနဲ့လဲ ရှိုးတွေရှိပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကြီးကရေကြီးနေတဲ့အတွက် ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေပွဲတွေဆိုပေးဖြစ်နေပါတယ်။ နောက်ပိုင်းပွင့်လင်းရာသီထဲရောက်လာရင်တော့ ရှိုးပွဲတွေပြန်စလာမှာပါ။
-ဂီတဖက်နဲ့ စီးပွားရေးဖက်ကို ဘယ်လိုမျိုး အချိန်မျှပြီးလုပ်ဖြစ်နေလဲ။
အခုက လှည်းတန်းက ဆိုင်ကဖွင့်စဆိုတော့ ဖွင့်ရက်ပိုင်းက နည်းနည်း အလုပ်ရှုပ်တယ်။ ကျန်တဲ့ရက်ကတော့ အပန်းမကြီးပါဘူး။ ကျွန်တော်က ကျွန်တော်ကြိုက်တဲ့သူတွေ၊ ကျွန်တော်ကြိုက်တဲ့ အဆိုတော်တွေကမ္ဘာပေါ်မှာ အများကြီးရှိပါတယ်။ သူတို့ကို ကျွန်တော်ကလေ့လာနေရင်းနဲ့ကို သူတို့ဝတ်တဲ့အ၀တ်အစားတွေကိုလေ့လာစရာ မလိုပဲအမြဲတမ်းရနေပါတယ်။ ကျွန်တော့အတွက်က ထပ်ပြီးလေ့လာစရာ သိပ်မရှိပါဘူး။ လုပ်ရင်းကိုင်ရင်းနဲ့ပဲ နားလည်လာတာပဲ။ သွားနေတဲ့ လမ်းကြောင်းကလဲ တူနေတဲ့အတွက် အပန်းတော့မကြီးပါဘူး။ ဒါပေမဲ့ဒီဇိုင်းတွေ ဘာတွေလုပ်တဲ့ အခါကျရင်တော့ နည်းနည်းပါးပါး အချိန်ပေးရတာပေါ့။
-စလုပ်ကာစမှာ ထိုးမတက်သွားပေမဲ့ နောက်ပိုင်းမှာ အောင်မြင်လာတဲ့အပေါ် ပြန်လည်သုံးသပ်မိတဲ့ သုံးသပ်ချက်ကရော ဘယ်လိုရှိလဲ။
ကျွန်တော်ထင်တာတော့ ဘကြီးဖြိုးနဲ့ဦးနေ၀င်း ဒီဗီဒီလေးထွက်လိုက်တော့ ကျွန်တော်တို့ကိုမသိတဲ့သူတွေက ပိုသိသွားတယ်။ ကြိုက်တဲ့သူတွေက ပိုကြိုက်သွားတယ်။ ကျွန်တော်တို့ရဲ့ကြိုးစား အားထုတ်မှုကို သူတို့အသိအမှတ်ပြုတယ်။ Snare ကလာရင် အချဉ်တော့မဟုတ်ဘူးဆိုတာကို သူတို့လက်ခံသွားတယ်။ ကျွန်တော်အဲ့ဒါလေးကိုကြိုက်ပါတယ်။ အဲ့ဒါကြောင့်သူတို့လဲဒီနှစ်ပိုင်းမှာ ကျွန်တော်တို့ကို ပိုပြီးအားပေးလာတယ်။ ကျွန်တော်တို့ ရှိုးဆိုတဲ့အခါ ပရိသတ်က ကျွန်တော်တို့အကြောင်းကို သိပါတယ်။ ရှိုးပွဲကြီးတစ်ခုလုံးကငြိမ်ရင်ငြိမ်နေမယ်။ ကျွန်တော်တို့ရောက်သွားရင်တော့ ဗြောင်းကိုသတ်သွားတာပဲ။
-ရှိုးပွဲတိုင်းမှာ ပရိသတ်အားလုံးကို ထိန်းချုပ်နိုင်တာကရော ဘာကြောင့်များလဲ။
ထိန်းချုပ်နိုင်တာတော့ မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့စိတ်ရောကိုယ်ရော တကယ်နှစ်ပြီးတော့ သီဆိုတယ်။ ကျွန်တော်တို့တကယ်ကို အားသွန်ခွန်စိုက်ဆိုတာပါ။ အရမ်းလဲ ပင်ပန်းပါတယ်။ ဒါကိုလဲ ပရိသတ်ကြီးသိမှာပါ။ အဲ့ဒါကလဲ ပရိသတ်နဲ့ကျွန်တော်တို့ရဲ့ကြားက နားလည်မှုလို့ပဲ ကျွန်တော်ကတော့ထင်ပါတယ်။
-ဆံပင်ပုံစံကရော ပြန်ပြောင်းထားတာလား။
ဟုတ်ကဲ့။ သင်္ကြန်မတိုင်ခင်ကရွှေရောင် နည်းနည်းလုပ်ထားပါတယ်။ အခုကတော့ ရွှေရောင်နဲ့ကနည်းနည်း ကလပ်တယ်လို့ထင်လို့ အနက်ပဲပြန်လုပ်ထားတာပါ။
-အားလုံးက အားကျရတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကဘယ်လိုရှိလဲ။
ကျွန်တော်တို့နှစ်ယောက်ကတော့ တက်ညီလက်ညီနဲ့ အလုပ်လုပ်တယ်။ ပရိသတ်တွေကလဲ ကျွန်တော်တို့ကို အားကျကြတယ်။ သူတို့တွေလဲ အဲ့ဒီလိုမျိုးနေကြထိုင်ကြတယ်။ အဲ့ဒီအတွက် ကျွန်တော်ကျေနပ်ပါတယ်ခ င်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အေးအေးဆေးဆေးနေတာကို ပရိသတ်တွေသိတဲ့အတွက် ကျွန်တော်ကျေနပ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်နှာဗူးမကျဘူးပေါ့ဗျာ။
-သူ့ကို ရွေးချယ်ဖြစ်တာကရော ဘယ်လိုအကြောင်းအရာတွေကြောင့်လဲ။
ဒါကတော့ တချို့ဟာလေးတွေကတော့ Top Secret လေးတွေတော့ရှိတာပေါ့။
-ဆက်ပြီးလုပ်သွားမဲ့ ဂီတလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ရော ပရိသတ်ကိုဘာပြောချင်သေးလဲ။
ကျွန်တော်တို့မှာ သီချင်းတွေလဲ အများကြီးထွက်ဖို့ရှိတယ်။ အခွေတွေလဲ အများကြီးထွက်ဖို့ရှိတယ်။ ပြီးတော့ G Family အခွေတွေလဲထွက်ဖို့ရှိတယ်။ ကျွန်တော်တို့အုပ်စု တစ်စုလုံးက အလုပ်တွေကို အမြဲတမ်းလုပ်နေပါတယ်။ နှောင့်နှေးသွားရင်လဲ အကြောင်းရှိပါတယ်။ အလဟသနှောင့်နှေးတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ plan တွေလဲ ရှိပါတယ်။ မကြာခင်အချိန်အတွင်းမှာတောက်လျှောက် ကိုမြင်ရမှာပါ။ အမြဲအားပေးနေတဲ့ ပရိသတ်ကြီးကို အရမ်းကျေးဇူးတင်တယ်။ G Family အကျီင်္တွေဆို ချလိုက်တာနဲ့ကုန်တယ်။ သူတို့တွေက အခွေဆိုလဲ ၀ယ်တယ်။အားပေးတယ်။ အင်္ကျီဆိုင်ဖွင့်တော့လဲ ၀ယ်တယ်။ အားပေးတယ်။ သူတို့ပေးတဲ့မေတ္တာတွေနဲ့ ကျွန်တော်တို့ အခုလို ရပ်တည်နေနိုင်တာပါ။ ပရိသတ်ကြီးကို အများကြီးကျေးဇူးတင်ပါတယ် ခင်ဗျ။
http://www.trend.com.mm/2015/09/11/hip-hop-7634

No comments:

Post a Comment