Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 12, 2015

အမျိုးသမီးတွေ အန္တရာယ်ကင်းစေဖို့ လူငယ် အင်ဂျင်နီယာ ၅ဦး တီထွင်တဲ့ Safer လည်ဆွဲ




အမျိုးသမီးတွေ အကြမ်းဖက် ခံရတဲ့ ဘေးအန္တရာယ် ကင်းဝေးစေရေး အတွက် အိန္ဒိယနိုင်ငံက လူငယ် အင်ဂျင်နီယာ ၅ဦးဟာ Safer ဆိုတဲ့ လည်ဆွဲကို တီထွင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆နေ့က အိန္ဒိယနိုင်ငံ ဒေလီမြို့က ကားတစ်စင်းပေါ်မှာ အသက်(၂၃)နှစ် အရွယ် ကျောင်းသူ တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု ခံခဲ့ရပြီး ၁၃ရက်အကြာမှာ ကွယ်လွန်သွားခဲ့တာနဲ့ ပတ်သက်ပြီး စိတ်ထိခိုက်ခဲ့ရတဲ့ မြို့ပြ အင်ဂျင်နီယာ ကျောင်းသား ဘာထရာက အမျိုးသမီးတွေရဲ့ဘ၀ လုံခြုံ စိတ်ချရဖို့ အတွက် စတင် ကြိုးပမ်းခဲ့ရာကနေ Safer လည်ဆွဲ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ဘာထရာဟာ သူ့ရဲ့ ငယ်သူငယ်ချင်း ကာပီကို အမျိုးသမီးတွေ လုံခြုံရေး အတွက် တစ်ခုခု တီထွင်ချင်တယ်လို့ ပြောခဲ့ပြီးတဲ့နောက် ကာပီက သူ့ရဲ့ကောလိပ်ကျောင်းက သူငယ်ချင်း သုံးယောက်နဲ့ အတူ ငါးယောက်ပေါင်းပြီး Leaf ဆိုတဲ့ အဖွဲ့အစည်း တစ်ခု ထူထောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ ငါးယောက်ဟာ အမျိုးသမီးတွေ အတွက် တစ်ခုခု တီထွင်ပေးမလို့ စဉ်းစားခဲ့ကြပါတယ်။

''ကိုင်လိုက်တာနဲ့ ကျင်သွားမယ့် ဂျက်ကက် အင်္ကျီ ထွင်ဖို့ ကျွန်တော်တို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ဒီအပူချိန်နဲ့ဆို ဘယ်အမျိုးသမီးကများ ဂျက်ကက် အင်္ကျီ ၀တ်မလဲလို့ တွေးမိခဲ့တယ်။ အကြံအစည် အမျိုးမျိုး ထုတ်ခဲ့ပြီးနောက်မှာ အမျိုးသမီးတွေက ကျောက်မျက် ရတနာ ၀တ်ဆင်ရတာ နှစ်သက်ကြတယ်လို့ တွေးမိခဲ့တယ်။ အဲဒီအတွက်ပဲ လှပတဲ့ ဒီလည်ဆွဲ မွေးဖွားလာခဲ့တာပါ'' လို့ ဘာထရာက ပြောပါတယ်။

ဒီလည်ဆွဲကို နီလာ အပြာရောင်၊ မြစိမ်းရောင်၊ မဟူရာရောင်ဆိုတဲ့ အရောင်(၃)မျိုး ထုတ်လုပ်ထားပြီး ကျောက်မျက်တွေကို စတီး ကွပ်ထားပါတယ်။ အဲဒီလည်ဆွဲရဲ့ အနောက်ဘက်ခြမ်းမှာ သေးငယ်တဲ့ တြိဂံပုံ ချစ်ပ်ပြား ပါဝင်ပြီး ဘေးအန္တရာယ် ကြုံတွေ့ရတဲ့အခါ ချစ်ပ်ပြားကို နှစ်ချက် နှိပ်တာနဲ့ ဆက်သွယ်ရေး app ကို ချိတ်ဆက်ပေးမှာပါ။

အဲဒီ app က ကိုယ်မှတ်ပေးထားတဲ့ အုပ်ထိန်းသူ၊ စောင့်ရှောက်သူတွေ ရဲ့ဖုန်းတွေကို အချက်ပြပေးမှာဖြစ်ပြီး ကိုယ်ရှိတဲ့ တည်နေရာနဲ့ လှုပ်ရှားမှုတွေကို ဂူးဂဲလ် မြေပုံပေါ် ညွန်ပြပေးမှာပါ။ Safer လည်ဆွဲကို ၁၅မိနစ် ဒါမှမဟုတ် မိနစ် ၂၀လောက် အားသွင်းထားရင် ၁၀ရက် အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ နောက်ပိုင်းမှာ ဈေးကွက်ထဲ ရောက်လာမယ့် Safer လည်ဆွဲအတွက် ရောင်းဈေး အမေရိကန် ဒေါ်လာ ၅၃ ဒေါ်လာ သတ်မှတ်ထားပြီး ကြိုတင် မှာယူမယ် ဆိုရင်တော့ အမေရိကန် ဒေါ်လာ ၄၀ ကျသင့်မယ်လို့ သိရပါတယ်။

Safer လည်ဆွဲဟာ သူ့အရင်က ပေါ်ပေါက်ခဲ့တဲ့ အမျိုးသမီးကိုင် သေနတ်၊ လျှပ်စစ်ဓာတ်လွှတ်တဲ့ ဘရာစီယာ၊ ငရုပ်မှုန့် ဖြန်းဆေးဘူးတို့ထက် လူထု ထောက်ခံမှု ပိုရခဲ့ပါတယ်။ ဒါ့အပြင် လူငယ် အင်ဂျင်နီယာ ငါးဦးပေါင်းပြီး ဖွဲ့စည်းထားတဲ့ Leaf အဖွဲ့ဟာ Safer လည်ဆွဲ တီထွင် ဖန်တီးမှု ကြောင့် ဂုဏ်သတင်း ကြီးမားတဲ့ Lockheed Martin National Innovation Award အပါအ၀င် ဆုပေါင်းများစွာ ရရှိခဲ့ပြီး ယခုလ နောက်ပိုင်းမှာလည်း အိန္ဒိယရဲ့ အတော်ဆုံး တီထွင် ဖန်တီးသူ ၁၀ဦး စာရင်းဝင်လို့ ဆီလီကွန် တောင်ကြားက ဂုဏ်ပြုပွဲကို တက်ရောက်ခွင့်ရဦးမှာပါ။

Ref : dailymail
Nz (ရိုးရာလေး)

No comments:

Post a Comment