Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 18, 2015

ကိုယ်တိုင်တီထွင်ထားသည့် နာရီကို ဗုံးအဖြစ် မှားယွင်းစွပ်စွဲ ဖမ်းဆီးခံရသည့် အမေရိကန် လူငယ်လေးကို ကျောင်းပြောင်းလိုက်ပြီဖြစ်ကြောင်း မိသားစုက အတည်ပြု ကြေညာခဲ့သည်။

တက္ကဆက်စ်ရှိ အာဗင်းတွင် နေထိုင်သော အာမက် မိုဟာမက်သည် ကိုယ်တိုင် တီထွင်ထားသည့် ဒီဂျစ်တယ် နာရီကို ကျောင်းသို့ ယူဆောင်ကာ အင်္ဂလိပ်စာ ဆရာမကို ပြသခဲ့သော်လည်း သူမက ဗုံးဟု အထင်မှားကာ ရဲများထံ တိုင်ကြားခဲ့သည်။ ယခုသီတင်းပတ် အစောပိုင်းက ဖြစ်ရပ်တွင် ရဲများက အာမက်ကို ဖမ်းဆီးခဲ့ပြီးမှ အထင်အမြင် လွဲခြင်းဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ ထို့နောက်တွင်မူ အာမက်၏ မိသားစုက မိမိ၏သားသည် မွတ်ဆလင်တစ်ဦး ဖြစ်နေသဖြင့် ကျောင်းက ယခုလို ဆက်ဆံခြင်းဟု ခံစားမိကြောင်း ဖွင့်ဟခဲ့သည်။
အာမက်၏ သတင်းကို မီဒီယာများက အကျယ်တဝင့် ဖော်ပြခဲ့ပြီးနောက် အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၊ Facebook ထူထောင်သူ မာ့ခ်ဇူကာဘက်နှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် အပါအဝင် နာမည်ကျော် ပုဂ္ဂိုလ်များက အသက် ၁၄ နှစ်အရွယ် လူငယ်လေးဘက်မှ ထောက်ခံရပ်တည်ခဲ့သည်။ အိုဘားမားက အာမက်ကို အိမ်ဖြူတော်သို့ အလည်အပတ် လာရောက်ရန်ပင် ဖိတ်ခေါ်ခဲ့သေးသည်။
အာမက်၏ ဖခင်ဖြစ်သူက သတင်းကြား၍ ရဲစခန်းသို့ ၎င်းလိုက်သွားချိန်တွင် သားဖြစ်သူကို လက်ထိပ်ခတ်လျက်သား တွေ့ရပြီး ၎င်း၏ နံဘေးတွင် ရဲငါးဦးက ဝန်းရံစစ်ဆေးနေကြောင်း သတင်းထောက်များထံ ပြောကြားခဲ့သည်။ အာမက်၏ ဖခင်သည် ဆူဒန်မှ အမေရိကန်သို့ ပြောင်းရွှေ့ အခြေချနေသူ ဖြစ်သည်။ 
အာမက်ကို ၎င်း၏ ကျောင်းက သုံးရက်ကြာ နားရက် ပေးထားသော်လည်း မိသားစုက အဆိုပါကျောင်းတွင် ပြန်မထားတော့ဟု ဆုံးဖြတ်လိုက်ကြောင်း စက်တင်ဘာ ၁၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။ လတ်တလောတွင် အာဗင်း ရဲတပ်ဖွဲ့သည် လူငယ်လေးကို ပြန်လွှတ်ပေးခဲ့သော်လည်း အာမက်၏ လက်လုပ် ဒီဂျစ်တယ် နာရီကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သိရသည်။
_Ref: CNN

No comments:

Post a Comment